ဒီရက်အတွင်း အတွေးတစ်ခုကိုပဲ တွေးမိနေပါတယ်..ကျွန်တော်တို့ဘ၀တွေကို အပြောင်းလဲကြီးပြောင်းလဲသွားနိုင်မယ့် အဆုံးအဖြတ်တွေကို သိပ်ပျော်ရွှင်နေချိန်နဲ့ သိပ်စိတ်ညစ်နေတဲ့အချိန်တွေမှာ မလုပ်သင့်ဘူးဆိုတာပါပဲ..အဲဒီအချိန်မျိုးတွေမှာ ဆုံးဖြတ်လုပ်ကိုင်ခဲ့တဲ့ အလုပ်အများစုဟာ မှားယွင်းတဲ့လမ်း ဒါမှမဟုတ် စိတ်မချမ်းသာစေတဲ့ အဖြစ်တွေကိုပဲ ရလာစေတယ်လို့ ကျွန်တော်ခံစားမိတယ်.. သိပ်ပျော်နေတာပဲဖြစ်ဖြစ် သိပ်စိတ်ညစ်နေတာပဲဖြစ်ဖြစ် လက်ရှိအနေအထား ၊ တကယ်ဖြစ်နိုင်တဲ့ အနေအထားကနေ ဝေးကွာနေတာပဲလေ..ကျွန်တော်အပါအ၀င် ကျွန်တော့်ပတ်ဝန်းကျင်က လူအများစု တစ်ခုခုလုပ်ရင်း စိတ်ညစ်တယ်လို့ အသည်းအသန်ညည်းလာပြီဆိုတဲ့အခါ မေးကြည့်ရင် အဲဒီအလုပ်တွေကို သိပ်ပျော်တဲ့အချိန် ဒါမှမဟုတ် သိပ်စိတ်ညစ်တဲ့အချိန်မှာ ဆုံးဖြတ်လုပ်ကိုင်ခဲ့တာတွေ ဖြစ်နေတတ်တယ်.. အလုပ်အကိုင်ရွေးချယ်တာကအစ အိမ်ထောင်ပြုတာက အဆုံးပေါ့.. တစ်ခါတစ်လေဆို တကယ့်သေးသေးမွှားမွှားကိစ္စလေးတွေကိုတောင်မှ သိပ်စိတ်ညစ်-သိပ်ပျော်တဲ့အချိန်မှာ ဆုံးဖြတ်လုပ်ကိုင်လိုက်ရင်း စိတ်ညစ်စရာတွေပေါ်လာတတ်တာလည်း ဖြစ်နေတတ်သေးတယ်လို့ ကျွန်တော်မြင်မိတယ်...

ကျွန်တော်လေးစားရတဲ့ သူတွေရှိတယ်.. တစ်ယောက်က ကျွန်တော့်ဆရာတစ်ယောက်ပါ.. ကွန်ပျူတာ field ထဲကိုရောက်တော့ သင်တန်းတွေတက်ဖြစ်တယ်.. အဲဒီမှာ ကျွန်တော်တို့ ဆရာနဲ့သင်ရပါတယ်.. စာသင်ကောင်းလွန်းသူမဟုတ်ပေမယ့် စိတ်ဝင်စားအောင်တော့ ပြောတတ်ပါတယ်.. သူ့အနေအထားနဲ့ ကျွန်တော်တို့အနေအထားနဲ့ ပညာချင်းသိပ်ကွာပေမယ့် ကျွန်တော်တို့ကို ဆရာအမြဲပြောတဲ့စကားတစ်ခုရှိပါတယ်.. စာများများဖတ်ပါ.. မင်းတို့တွေ ဆရာ့ထက်တောင် တော်သွားပါလိမ့်မယ်တဲ့.. ဒါက ဆရာ့ရင်ထဲကလာတဲ့စကားမှန်း ဆရာ့ဆီမှာ စာသင်နေတဲ့ ကျွန်တော်တို့ခံစားနားလည်နိုင်ပါတယ်.. ကျွန်တော်တို့ကို စာသင်တဲ့ကာလတလျှောက်လုံး နှိမ်တဲ့စကား၊ အထက်စီးကြီးနဲ့ပြောတဲ့စကား တစ်ခွန်းတစ်လေမှ ဆရာ့နှုတ်က မထွက်ခဲ့ပါဘူး.. ပညာတတ်မာန ဆရာ့ဆီမှာရှိမယ်ဆိုတာ ကျွန်တော်မငြင်းပေမယ့် မာန်မာနမထောင်လွှားတတ်တာ ၊ သူတစ်ပါးကိုမချိုးနှိမ်တတ်တာကြောင့် ဆရာ့ကို ကျွန်တော်လေးစားပါတယ်..

တစ်ယောက်က ဆယ်တန်းမှာကတည်းက ခင်ခဲ့တဲ့ သူငယ်ချင်းပါ.. သူ့အဖေနဲ့ အမေက ဆရာဝန်တွေဖြစ်သလို သူကိုယ်တိုင်လည်း ဆရာဝန်ပါ.. သူဆေးကျောင်းတက်နေဆဲမှာ သူညည်းခဲ့တဲ့စကားတစ်ခွန်းကို မှတ်မိနေပါသေးတယ်.. အဲဒီစကားကြောင့်လည်း သူ့ကို ကျွန်တော်လေးစားမိတာပါ.. သူ့အဖေနဲ့အမေနှစ်ယောက်လုံးက မြန်မာပြည်မှာ မရှိပါဘူး.. တခြားနိုင်ငံကတက္ကသိုလ်တစ်ခုမှာ ဆရာလုပ်နေကြပါတယ်.. သူ့အဖေအမေရဲ့ မိတ်ဆွေတွေရယ် ကျွန်တော်တို့ရဲ့ဆရာတွေရယ် သူနဲ့ ပြန်တွေ့တိုင်း သူ့အကြောင်းကို အဓိကထားမမေးဘဲ သူ့အဖေအကြောင်းကိုသာ တခုတ်တရမေးကြတဲ့အတွက် သူခံပြင်းပါသတဲ့.. ဘယ်နေရာမှာမဆို သူ့အဖေရဲ့သမီးတစ်ယောက်အနေနဲ့ပဲ ဆက်ဆံခံရတာကို သူမကျေနပ်နိုင်ပါဘူး.. သူ့အဖေရဲ့အရိပ်ကလွတ်ချင်ပါသတဲ့.. သူ့ကို “သူ” အဖြစ်သာ ခင်မင်ဆက်ဆံစေချင်ပြီး သူ့အဖေရဲ့သမီးအဖြစ်နဲ့ ပြောဆိုခင်မင်ကြတာကို သဘောမကျနိုင်ပါဘူးတဲ့.. သူ့အဖေရဲ့ အရှိန်အ၀ါကိုမခိုချင်တဲ့ သမီးတစ်ယောက်အဖြစ် သူ့ကို ကျွန်တော်လေးစားရပါတယ်.. စိန်နားကပ်ရောင်နဲ့ ပါးမပြောင်ချင်တဲ့စိတ်ဓါတ်လို့ ကင်ပွန်းတပ်ချင်ပါတယ်…

တစ်ယောက်က သူငယ်ချင်းတစ်ယောက်ပါ.. လူချင်းအရမ်းရင်းနှီးတဲ့သူမဟုတ်ပေမယ့် သူ့ရဲ့အရည်အချင်းတွေကြောင့် ကျွန်တော်လေးစားခဲ့ရတဲ့သူတစ်ယောက်ပါ.. သူဆယ်တန်းအောင်တော့ ဆေးကျောင်းတက်ခွင့်ရပေမယ့် အိမ်နဲ့အတိုက်အခံလုပ်ပြီး ကွန်ပျူတာကျောင်းကိုတက်ခဲ့တဲ့ သူ့ရဲ့စိတ်ဓါတ်ပြတ်သားမှုကို ကျွန်တော်အားကျမိတဲ့အကြောင်း ပြောတဲ့အခါ.. တစ်ချို့ယောက်ျားများစွာလို ကိုယ့်ကိုအထင်ကြီးသထက် ကြီးအောင်လုပ်တဲ့စကားမျိုးမပြောဘဲ ဒီလိုဆုံးဖြတ်ချက်ကြီးနဲ့ ကျောင်းတက်ရတာသိပ်ကို စိတ်ပင်ပန်းတယ်ဆိုတဲ့အကြောင်း ၊ တစ်ပါးသူတွေလို စိတ်လွတ်ကိုယ်လွတ် ပျော်လို့မရတဲ့အကြောင်း သူ့စိတ်ထဲရှိတဲ့အတိုင်း ညည်းညည်းညူညူပြောခဲ့တာကို ကျွန်တော်အမှတ်ရမိပါသေးတယ်.. ကိုယ့်ကိုအထင်ကြီးသူကို အထင်ကြီးသထက်ကြီးအောင် မလုပ်ဘဲ သူ့ဘ၀မှာ စိတ်ပျက်စရာအစိတ်အပိုင်းတွေရှိတဲ့အကြောင်း အမှန်ကိုပြောပြခဲ့တဲ့အတွက် သူ့ကိုလေးစားရပါတယ်..

တစ်ယောက်ကတော့ သူငယ်ချင်းပါပဲ.. ငယ်ငယ်ကဆို မျက်နှာချင်းမဆိုင်လိုက်နဲ့ ဆိုင်တာနဲ့ ရန်ချည်းဖြစ်ခဲ့ပြီး မတည့်ခဲ့တဲ့ ၊ မိဘတွေနယ်အပြောင်းအရွှေ့ကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကျော်ကွဲသွားခဲ့တဲ့ သူငယ်ချင်းပါ.. လူချင်းမတွေ့တာ အတော်ကြာပါပြီ.. ခုချိန်ထိလည်း ပြန်မတွေ့နိုင်သေးပေမယ့် မိမိယုံကြည်ရာမှာ တသတ်မတ်တည်း ရပ်တည်တတ်တဲ့သူ ၊ အလုပ်လုပ်ရာမှာ လူထက် “မူ”ကိုဦးစားပေးလုပ်ကိုင်တတ်သူအဖြစ် လူသတင်းလူချင်းဆောင်လို့ အဝေးစကားတွေအရရော.. သူ့ရဲ့ ဖိုရမ်ပေါ်က“စာ”တွေအရပါ ကျွန်တော် လေးစားရသူတစ်ယောက်ပါ..

ကျွန်တော်သူတို့ကိုလေးစားအားကျတဲ့အတွက် သူတို့လိုအရည်အချင်းမျိုးကို ရချင်မိတယ်.. သူတို့လိုစိတ်ဓါတ် အရည်အချင်းမျိုးကို ကိုယ့်ဆီမှာ အပြည့်အ၀ဖြစ်ခွင့်မရတောင် တစ်စိတ်တစ်ပိုင်းဖြစ်ထွန်းလာအောင် ကြိုးစားနေမိတာအမှန်ပါပဲ.. အနည်းဆုံးတော့ စိန်နားကပ်ရောင်နဲ့ ပါးမပြောင်တတ်တဲ့သူမျိုး ဖြစ်အောင်ကြိုးစားမိပါတယ်.. တခြားအရည်အချင်းတွေတော့ စုတုန်း တုတုန်းပါပဲ..

ဆယ်တန်းတုန်းက ဆရာတစ်ယောက်ပြောတဲ့စကားကို အမှတ်ရမိပါသေးတယ်.. စိတ်ဆိုးစိတ်နာစရာဆိုရင် သောင်ပြင်မှာရေးတဲ့စာလိုပဲ ဖြစ်ပါစေတဲ့.. ကျောက်ထက်မှာရေးတဲ့စာမျိုး မဖြစ်ပါစေနဲ့ တဲ့.. ကျောက်ထက်အက္ခရာတင်တဲ့စာမျိုး ဖြစ်စေမယ်ဆိုရင် ကိုယ်နဲ့ ပတ်သက်ခဲ့တဲ့သူအတွက်တော့မသိဘူး.. ကိုယ့်အတွက်တော့ အင်မတန်စိတ်ပင်ပန်းရတယ်ဆိုတဲ့အကြောင်း ဒီရက်တွေမှာ ကိုယ့်ကိုယ်ကိုယ် ကျွန်တော်ပြန်သတိပေးဖြစ်နေပါတယ်...

ကျောင်းပျော်ရက်များထဲက တစ်ရက်ဆီကပေါ့.. အဲဒီရက်မှာ ကျွန်တော်တို့အတန်းထက် စီနီယာကျတဲ့အတန်းက ကျောင်းမှာနှုတ်ဆက်ပွဲလုပ်ဖို့ ဆိုင်းပြင်းနေတဲ့ရက်ပါ.. သူတို့ပွဲမှာ တခြားအတန်းတွေကိုပါ အဆိုအကတွေနဲ့ ပါစေချင်တယ်.. ဒီတော့ အစည်းအဝေးထိုင်ကြ ညှိနှိုင်းကြပေါ့.. အစည်းအဝေးထိုင်တဲ့ထဲတော့ ကျွန်တော်မပါပါဘူး.. ဒါပေမယ့် ကျွန်တော်တို့အတန်းက တေးသရုပ်ဖော်လုပ်ပေးစေချင်တယ်လို့ သူတို့ဘက်ကတောင်းဆိုတဲ့အချိန်မှာ အစည်းအဝေးကို ကျွန်တော်သွားရပါတယ်.. ကျွန်တော်တို့အတန်းက လူနည်းနည်းလေးရယ်.. အဲဒီလူနည်းနည်းလေးမှာမှ အဆိုအကတွေနဲ့ပတ်သက်ရင်းနှီးတဲ့သူက ပိုနည်းတယ်.. အဲဒီပိုနည်းတဲ့လူနည်းစုမှာ ကျွန်တော်က ပါနေတယ်.. ပြောရရင် အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်ကအတန်းကိုယ်စားပြု တေးသရုပ်ဖော်အတွက် တာဝန်ယူရတဲ့သူဖြစ်သွားပါရော.. သုံးလေးခါငြင်းကြည့်ပေမယ့် သူတို့ဘက်ကလည်း တောင်းတောင်းပန်ပန်နဲ့ ပွဲဖြစ်စေချင်တဲ့အကြောင်း ပြောလာ.. ပြီးတော့ ဒိထက်အတင်းကာရောငြင်းရင်လည်း ကိုယ်က ခေါင်းရှောင်ရာကျမယ်.. အမှန်က ကျွန်တော်တို့အတန်းကို ခေါင်းရှောင်တယ်လို့ အပြောမခံချင်တာပါ.. သူတို့ကလည်း ဖြစ်အောင်လုပ်ပေးပါဆိုတာနဲ့ တာဝန်ယူခဲ့ရတယ်..

ဖြစ်ချင်တော့ ကျွန်တော်လုပ်ဖူးတဲ့ တေးသရုပ်ဖော်က မိန်းကလေး နှစ်ယောက်သုံးယောက်နဲ့ ယောက်ျားလေးတစ်ယောက် လိုပါတယ်.. မိန်းကလေးက ရှာရင်မခက်ပေမယ့် (ကျွန်တော်တို့ကျောင်းက မိန်းကလေးများတဲ့ကျောင်းလေ).. ယောက်ျားလေးဦးရေနည်းတဲ့အထဲက အဆိုအက၀ါသနာပါ.. စင်ပေါ်လည်းတက်ရဲတဲ့ ယောက်ျားလေးက ရှာဖို့သိပ်ခက်ပါတယ်… ကျွန်တော်တို့အဖွဲ့ထဲမှာ အဆိုအက၀ါသနာပါတဲ့ သူငယ်ချင်းကောင်လေးကလည်း ခရီးထွက်သွားပါတယ်.. တစ်ဖွဲ့လုံးမှာမှ ယောက်ျားလေးနှစ်ယောက်ရှိတဲ့ အတွက် ကျန်ခဲ့တဲ့သူငယ်ချင်းကောင်လေးကို တေးသရုပ်ဖော်မှာပါဝင်ဖို့ တိုက်တွန်းရပါတော့တယ်..

သူက လူတစ်မျိုးပါ.. စကားကပ်သလို ပြောရဆိုရလည်း အင်မတန်လက်ပေါက်ကပ်တဲ့လူ.. ပြီးတော့ အဲဒီအချိန်က စာသင်ခန်းတနေရာမှာ သူအိပ်နေလို့ နှိုးပြီးခေါ်ပြောရတယ်.. ခရီးထွက်သွားတဲ့ သူငယ်ချင်းပြန်လာတာ အချိန်မမီရင် သူ့ကိုတေးသရုပ်ဖော်မှာ ပါစေချင်တဲ့အကြောင်း ကျွန်တော်က ပြောဖြစ်ပါတယ်.. သူကလည်း သူ့ရပ်သူ့ရွာ ဘုရားပွဲတွေမှာ ခေသူမဟုတ်ဆိုတာကို ကျွန်တော်တို့က သိထားလေတော့ သူ စိတ်မပါ ပါလာအောင် ပြောဖြစ်ပါတယ်.. သူကူညီပေးလိမ့်မယ်လို့လည်း စိတ်ထဲမှာမျှော်လင့်ထားမိပါတယ်..

ဒါပေမယ့် သူနဲ့ အပြန်အလှန်ပြောကြရင်း သူက သူမလုပ်ပေးနိုင်ဘူးလို့ပြောတော့ ကျွန်တော်ကလည်း မလုပ်လို့မဖြစ်ဘူးဟာ.. ငါတာဝန်ယူခဲ့ရတာမို့ ကူညီပေးပါလို့ ပြောဖြစ်တယ်.. အဲဒီအခါ သူပြန်ပြောလိုက်တဲ့စကားက ကျွန်တော့်ရင်ဝကို ဆောင့်ကန်လိုက်သလိုပဲ.. နင်ကတာဝန်တွေစွတ်ယူခဲ့တာကိုးတဲ့.. ကျွန်တော် ထောင်းခနဲဆို ဒေါသထွက်သွားတယ်.. သူနဲ့စကားပြောနေရင်းက ဆတ်ခနဲထ,ရပ်ဖြစ်သွားပြီး “မကူညီပေးချင်နေဟာ” လို့ ပြောပြီးတော့ စာသင်ခန်းထဲဝင်သွားလိုက်တယ်.. (ကျွန်တော် တအားစိတ်ဆိုးသွားတာကို ကိုယ့်ကိုယ်ကိုယ် ထိန်းလိုက်ချင်တဲ့အတွက်ပါ )

အဲဒါ သူပြောတဲ့စကားကို ကျွန်တော်က ချဲ့တွေးမိသွားလို့လေ.. တာဝန်တွေစွတ်ယူခဲ့တာကိုး ဆိုတဲ့ သူ့စကားက ကျွန်တော်ကပဲ ငမ်းငမ်းတက်နေရာလိုချင်လွန်းလို့၊ တာဝန်ယူချင်လွန်းလို့ ယူခဲ့တာဆိုတဲ့သဘောကို သက်ရောက်သွားသလို ကျွန်တော်ခံစားလိုက်ရပါတယ်.. အမှန်က မနိုင်ဘဲတာဝန်ယူခဲ့မိတာကို သူက ဆိုလိုတာပါ.. (ဒါပေမယ့် ဒီအတွေးမှန်ကို နောက်ပိုင်းမှ ကျွန်တော်တွေးနိုင်ခဲ့တယ်).. အဲဒီအချိန်ကတော့ ကျွန်တော်ကိုယ်တိုင် စိတ်တွေရှုပ် တာဝန်ပိနေတဲ့အချိန်မှာ အကူအညီမပေးတဲ့အပြင် အပြစ်တင်စကားပြောတဲ့ ကျွန်တော့်သူငယ်ချင်းကို ကျွန်တော်သာ ယောက်ျားလေးဖြစ်ရင် လက်သီးနဲ့ဆွဲထိုးပစ်မိလောက်တဲ့အထိ စိတ်တိုခဲ့ရတယ်..

သူငယ်ချင်းကွယ်ရာ စာသင်ခန်းထဲရောက်တော့လည်း ဒေါသသိပ်ထွက်လို့ အသားတဆတ်ဆတ်တုန်လာပြီး ကြာရှည်မနေနိုင်ဘူး.. ဒါနဲ့ အပြင်ပြန်ထွက်ပြီး နင်ခုနက ပြောတဲ့စကား ခုချက်ချင်းပြန်ရုပ်သိမ်းပေးလို့ သူငယ်ချင်းကို ကျွန်တော်တောင်းဆိုခဲ့တယ်.. သူမှားပါတယ်လို့ ပြောခိုင်းတာမဟုတ်ပါဘူး.. အစည်းအဝေးမှာ ကျွန်တော်ကြုံခဲ့ရတဲ့အနေအထားကို သူမသိလို့ ဒီလိုပြောတာပဲလို့ နားလည်ပေးနိုင်ပေမယ့် သူ့စကားကို ကျွန်တော့်စိတ်ကူးနဲ့ကျွန်တော် ချဲ့တွေးပြီး ဆတ်ဆတ်ခါနာနေခဲ့တာ အမှန်ပါပဲ.. အဲဒါကြောင့် ကျွန်တော်နာတဲ့စကားကို ပြန်ရုပ်သိမ်းခိုင်းတာပါ..

ဒါကိုမှ ကိုယ်တော်က အကင်းမပါးဘဲ ဒီစကားကို ထပ်ပြောပြန်တာနဲ့ ဒေါသထွက်လွန်းမက ထွက်လာတဲ့ကျွန်တော်ဟာ ရှိုက်ကြီးတငင်ငိုချလိုက်မိတယ်.. အဲဒီအခါမှ ကျွန်တော့်သူငယ်ချင်းလည်း မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်.. အားနာသွားပုံရပြီး ကျွန်တော်တို့နားက ထွက်သွားပါတော့တယ်.. တေးသရုပ်ဖော်လည်း မလုပ်ဖြစ်လိုက်ပါဘူး.. (စတိတ်ပေါ်တက်မယ့် ယောက်ျားလေးရှာမရလို့..) အဲဒီအဖြစ်ကို ခုချိန်မှာ ပြန်တွေးကြည့်တော့ ဘာမဟုတ်တဲ့စကားလေးကို ချဲ့တွေးမိတဲ့ကျွန်တော်သာ စိတ်ပင်ပန်းခဲ့ရတယ်ဆိုတာလေး မြင်မိတယ်.. အတွေးမှန်ဖို့က သိပ်ကိုအရေးကြီးပါလားနော်.. ကျွန်တော့်သူငယ်ချင်းနဲ့ ကျွန်တော်တော့ သုံးလေးရက်စိတ်ကောက်ပြီး ပြန်ခေါ်ဖြစ်တယ်.. ခုချိန်ထိ အခင်အမင်မပျက်.. ရန်ဖြစ်လိုက်ပြန်တည့်လိုက်နဲ့.. ပြောမနာဆိုမနာ သူငယ်ချင်းတွေအဖြစ် ဆက်လက်ခင်မင်နေဆဲပါပဲ...

မနက်ဖြန် အာဇာနည်နေ့ပါ.. အာဇာနည်နေ့နဲ့ပတ်သက်ပြီး အမှတ်တရ စာတစ်ခုခုရေးချင်လို့ ဒီစာကို ရေးပါတယ်.. ကျွန်တော်တို့ငယ်ငယ်က အာဇာနည်နေ့ဆိုရင် အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားတဲ့အချိန်မှာ ရေဒီယိုကနေ ဥသြဆွဲတဲ့အသံ လွှင့်ပေးပါတယ်.. ခုတော့ အဲဒီဥသြဆွဲသံကို မကြားရတာကြာပေါ့လေ.. ပြီးတော့ ကျွန်တော်တို့ အလယ်တန်းကျောင်းသူလောက်ထိ အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွေလုပ်တယ်.. ပြိုင်ပွဲမလုပ်ရင်တောင် အတန်းတွင်းမှာ အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးတွေ ရေးရပါတယ်.. မှတ်မှတ်ရရ ကျွန်တော် ငါးတန်းနှစ်တုန်းက “အာဇာနည်နေ့ ” အထိမ်းအမှတ်စာစီစာကုံးကို မရေးတတ်လို့ ငိုတဲ့အတွက် အမေကရေးပေးရတာ မှတ်မိပါသေးတယ်.. ခုချိန်ပြန်တွေးမိရင် ရှက်ပြုံးပြုံးမိပါတယ်..

ခုခေတ်ကလေးတွေ အဲလို ရှက်ပြုံးပြုံးဖြစ်မယ့် အဖြစ်မျိုး မဖြစ်လာနိုင်တော့ဘူး.. တော်တော်များများက အာဇာနည်နေ့ ဆိုတာကို မေ့ကုန်ပြီ.. သိတဲ့ကလေးတွေကလည်း အာဇာနည်နေ့ဆိုတာ မြန်မာပြည်ရဲ့ တရားဝင်ရုံးပိတ်ရက်တွေထဲက တစ်ရက် ၊ ကျောင်းပိတ်ရက်တစ်ရက်ဆိုတာလောက်ပဲ သိကြတော့တယ်.. အာဇာနည်နေ့ရဲ့ အနှစ်သာရ ပျောက်ဆုံးနေတာ ကြာပါပြီ.. အာဇာနည်နေ့ကို အပေါ်ယံအပ,ယိက သဘောကလွဲလို့ ရင်ထဲအသည်းထဲက အလေးအမြတ်ပြုမှုတွေ ပျောက်မှန်းမသိ ပျောက်နေတာကြာလှပါပြီ.. ဒါပေမယ့် သတိတရ အလေးအမြတ်ပြုနေတဲ့သူတွေ အနည်းနဲ့အများတော့ ရှိနေပါသေးတယ်..

သေသူတွေက သွားနှင့်ပြီ.. ရှင်သူတွေက လွမ်းရပြီ.. လွမ်းနေရုံနဲ့ ပြီးသင့်ပါသလား.. သေသူကိုအလေးအမြတ်ပြုတယ်ဆိုတဲ့သဘောနဲ့ သူ့ ဂူသင်္ချိုင်းမှာ ပန်းခွေချရုံ ၊ မြက်ရှင်းပေးရုံနဲ့ လုံလောက်ပါသလား.. သေသူတွေ မသေခင်က မျှော်မှန်းခဲ့တဲ့ အနာဂတ်ကို ကျွန်တော်တို့ ရနေပြီလားလို့ တွေးကြည့်မိတယ်... မရသေး မရောက်သေးတဲ့ ကျဆုံးသူတွေရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖြစ်ဖို့ ကြိုးစားရဦးမယ်ဆိုတဲ့အတွေးပဲ ရလာပါသေးတယ်..

လက်ဖက်ရည်ကို စသောက်ဖူးတာ ၅ တန်းကျောင်းသူဘ၀က ထင်ပါရဲ့.. မှတ်မှတ်ရရ ရွှေပေါ်ကျွန်းကိုသွားမယ့် မနက်ခင်း ကားဂိတ်မှာ လက်ဖက်ရည်ဆိုင်ထိုင်ကြရင်း သောက်ဖြစ်သွားတာ... လက်ဖက်ရည်တစ်ခွက်နဲ့တင် ဘာမှ ထပ်မစားနိုင်တော့ဘဲ ရင်ပြည့်သွားပါတယ်.. ဗိုက်ပြည့်တာမဟုတ်ဘူး.. ဗိုက်ကဟာပြီး ရင်ဘတ်ထဲကနေ တစ်ခုခုက ဆီးခံထားသလိုလိုပဲ.. ကားစီးပြီးတော့ သိပ်မကြာဘူး အန်ပါလေရော.. လေတွေချည်းအန်တာ..လူကလည်း မောသွားတယ်.. အဲဒီကတည်းက လက်ဖက်ရည်သောက်ဖို့ ကြောက်သွားတယ်...

တက္ကသိုလ်တက်ရတော့ ကျွန်တော်နဲ့ အရင်းနှီးဆုံးတွဲတဲ့သူငယ်ချင်းက လက်ဖက်ရည်သိပ်ကြိုက်ပါတယ်.. သူကြိုက်တာက ဖန်ချို.. ကျွန်တော်တစ်ခါမှ မြည်းမကြည့်ခဲ့ဖူးဘူး.. သူနဲ့အတူ ကန်တင်းမှာထိုင်တိုင်း ကျွန်တော်သောက်ဖြစ်တာက ကော်ဖီပါ.. ကော်ဖီကိုကြိုက်လို့လားဆိုတော့ အကြိုက်ကြီးမဟုတ်ပါဘူး.. ဒါပေမယ့် လက်ဖက်ရည်နဲ့စာရင် ကော်ဖီကို သောက်လို့ရသေးတယ်.. ကော်ဖီသက်သက်ကို သောက်ရတာထက် ကော်ဖီနဲ့ နွားနို့ရောသောက်ရတဲ့အရသာကို ပိုကြိုက်ပါတယ်.. နွားနို့ချည်းပဲသောက်ရင် ညှီစော်နံတယ်..ကော်ဖီသက်သက်ချည်းသောက်ရင်လည်း အရသာပေါ့သလိုပဲ.. အဲဒီတော့ နွားနို့ရဲ့ညှီနံ့ကို ကော်ဖီနံ့နဲ့ဖျောက်ပြီး ကော်ဖီရဲ့ပေါ့နေတဲ့အရသာကို နွားနို့အရသာရောလိုက်တယ်.. ဒါပေမယ့် စွဲစွဲမြဲမြဲသောက်ဖြစ်တဲ့ ၊ မသောက်ရရင် မနေနိုင်တဲ့ထဲမှာ ကော်ဖီ ၊လက်ဖက်ရည်၊နွားနို့ တစ်ခုမှ မပါပါဘူး.. အဲလိုပြောလို့ စွဲစွဲမြဲမြဲ မသောက်ရ မစားရရင် မနေနိုင်တဲ့ အရည်တစ်ခုခု ၊ အစားအသောက်တစ်ခုခုရှိလားဆိုရင် ကျွန်တော့်မှာ အဲဒီအကျင့်မရှိပါဘူး.. ကြိုက်တာတော့ကြိုက်တယ်.. မစားရရင် မသောက်ရရင် စိတ္တဇဖြစ်လောက်အောင်စွဲတဲ့ အကြိုက်မျိုး အစားအသောက်တွေပေါ်မှာ မဖြစ်ပါဘူး.. ကဲ လက်ဖက်ရည်အကြောင်းလေး ပြန်ဆက်ရေးပါ့မယ်..

တက္ကသိုလ်တက်တဲ့တလျှောက်လုံး လက်ဖက်ရည်သောက်ဖြစ်ခဲ့တယ်ဆိုရင်တောင် တစ်ခွက်နှစ်ခွက်အပြင် မပိုဘူးလို့ ကျွန်တော်ထင်တယ်.. တစ်ခါတုန်းက ထိုင်းနဲ့မြန်မာ ဘောလုံးပွဲကို ကျွန်တော်နဲ့ လက်ဖက်ရည်ကြိုက်တဲ့သူငယ်ချင်း လက်ဖက်ရည်တစ်ခွက်ကြေးလောင်းကြတယ်.. မြန်မာဘက်က နိုင်ခြေနည်းပေမယ့် မြန်မာဘက်ကပဲ ကျွန်တော်နေတယ်.. ကျွန်တော့်သူငယ်ချင်းကတော့ ထိုင်းဘက်ကပဲ.. သူက နိုင်ချင်သူကိုး..ကျွန်တော်ကတော့ မဟုတ်ဘူး.. နိုင်ခြေမရှိပေမယ့် ကိုယ့်အသင်းဘက်ကပဲ အားရပါးရ အားပေးချင်တယ်.. တစ်ဘက်အသင်းကို ဆဲစရာရှိ ပြောစရရှိရင် ပျစ်ပျစ်နှစ်နှစ်ပဲ ပြောပစ်ချင်တယ်.. အဲလိုပြောဖို့ဆိုတာကလည်း ကိုယ့်အသင်းကို နိုင်စေချင်မှသာ အားပါးတရပြောပစ်နိုင်တာလို့ ကျွန်တော်က ခံယူတာ.. အဲဒီပွဲမှာ မြန်မာရှုံးသွားခဲ့တယ်.. လူကျွံဘောနဲ့ဝင်သွားတဲ့ဂိုးကို ထိုင်းကရသွားတာမို့လေ.. သုံးဂိုးသွင်းတာမှ နှစ်ဂိုးက လူကျွံနေတာ.. ဒါနဲ့ပဲ ကျွန်တော်ရှုံးရောဆိုပါတော့.. ကျွန်တော့်သူငယ်ချင်းကို လက်ဖက်ရည်လိုက်တိုက်ရတယ်.. ကျွန်တော်ကတော့ ကိုယ်ရှုံးပေမယ့် ပြုံးပြုံးပဲ... လူကျွံဘောနဲ့ဂိုးရတာ အထင်မကြီးပေါင်လို့ သူငယ်ချင်းကို လက်ဖက်ရည်တိုက်ရင်း အထက်စီးလေနဲ့ ပြောဖြစ်ခဲ့သေးတယ်.. ဒါ အလောင်းအစားလုပ်ရင်းရှုံးလို့ တိုက်ဖြစ်ခဲ့တဲ့ လက်ဖက်ရည်တစ်ခွက် အကြောင်းပေါ့...

အရင်တလောက သောက်ဖြစ်ခဲ့တဲ့ လက်ဖက်ရည်တစ်ခွက်အကြောင်းလည်း ပြောရပါဦးမယ်.. ကျွန်တော့်ဆီကို ဧည့်သည်လာတယ်.. အဲဒီဧည့်သည်ကလည်း လက်ဖက်ရည်ကို ရေသောက်သလို သောက်တဲ့သူ..သိပ်ကြိုက်တယ်ပေါ့.. ဒါနဲ့ လက်ဖက်ရည်ဆိုင်မှာ လိုက်ဧည့်ခံ.. အန်တီဘာသောက်မလဲမေးပြီး စားပွဲထိုးကိုမှာမလို့လုပ်တော့ လက်ဖက်ရည်ကို ဘယ်လိုမှာရမှန်း ကျွန်တော်မသိဘူး.. ဧည့်သည်အန်တီက သူ့အတွက်ပုံမှန်တစ်ခွက်မှာတာနဲ့ ကျွန်တော်လည်း ကျွန်တော့်အတွက် ပုံမှန်တစ်ခွက် မှာလိုက်ပါတယ်.. အဲဒီနေ့က ဧည့်သည်အန်တီနဲ့စကားပြောရင်း ကိုယ့်အဖြစ်ကို ရယ်ချင်ပက်ကျိ ဖြစ်နေမိတယ်.. ငါ့နှယ် လက်ဖက်ရည်လေးတောင် မမှာတတ်ဘူးလို့.. ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေ့က လက်ဖက်ရည်ကို အရသာခံပြီး သောက်ဖြစ်ခဲ့ပါတယ်.. လက်ဖက်ရည်ကို ပထမဆုံးအရသာခံသောက်ဖြစ်ခဲ့တာပဲ.. သူ့ရဲ့အရသာကိုလည်း နည်းနည်းသဘောကျမိတယ်.. ဒါပေမယ့် စွဲလောက်အောင်ကြီးတော့ မဟုတ်ပါဘူး.. ကျွန်တော်နဲ့ မတည့်ဘူးလေ..

မနေ့ကလား ...မနေ့တွေက များလွန်းတော့ ဘယ်နေ့မှန်း သေချာမသိတော့ဘူး.. မနေ့များစွာထဲက မနေ့တစ်နေ့ကပေါ့ .. လပေါင်းများစွာ ရက်ပေါင်းများစွာ ကျွန်တော် မေ့ထားခဲ့တဲ့.. သြော်..မဟုတ်ပါဘူး.. မေ့ခဲ့တာမဟုတ်ဘူး.. တကယ့်အဖြစ်ကို ကျွန်တော်မတွေးမိခဲ့တာ.. သိပြီးသားကိစ္စတစ်ခုရဲ့ နောက်ဆက်တွဲတကယ့်အဖြစ်ကို ဆက်မတွေးမိခဲ့တာ.. ဆက်မတွေးမိလို့ မတုန်လှုပ်မိခဲ့တဲ့ ကိစ္စတစ်ခုရဲ့ နောက်ဆက်တွဲကို ကျွန်တော် ဖျတ်ခနဲတွေးမိလိုက်ရတယ်.. တုန်လှုပ်သွားခဲ့ရတယ်.. ဒီလိုပဲ လပေါင်းများစွာ ရက်ပေါင်းများစွာ.. ကျွန်တော်မျှော်လင့်ထားခဲ့တဲ့ မျှော်လင့်ချက်လေးတစ်ခု ရေပေါ်မှာရေးတဲ့အရုပ်လို ဖြစ်သွားခဲ့တာ.. အဲဒီအဖြစ်လေးကြောင့် ဟင်းလင်းပြင်ထဲမှာ လွင့်မျောရသလို မှီတွယ်စရာနေရာမရှိ တစ်ညနဲ့တစ်ရက်တိတိ စိတ်ထဲရင်ထဲမှာ လစ်ဟာသွားရတာ.. ညခင်းဘက် အိမ်အပြန်လမ်းပေါ်မှာ တလောကလုံးမှာ ကျွန်တော်တစ်ယောက်တည်းဖြစ်သွားတဲ့ မှီတွယ်ရာမဲ့သိမ်ငယ်တဲ့ ခံစားချက်က ကျွန်တော့်ရဲ့ မနေ့များစွာထဲက မနေ့တစ်နေ့မှာ ဖြစ်ပျက်သွားခဲ့ပါတယ်.. ဒါ လွမ်းစရာလား..နည်းနည်းတော့ လွမ်းဆွတ်ဖို့ကောင်းသလိုပဲ..ဒါ တုန်လှုပ်စရာလား..နည်းနည်းတော့ တုန်လှုပ်ဖို့ကောင်းသလိုပဲ.. အဲဒီတုန်လှုပ်မိခြင်းရဲ့ အကျိုးရလဒ်အဖြစ် မဖြစ်နိုင်တာကို ကျွန်တော်မမျှော်မှန်းဖြစ်တော့တာ... အဖြစ်မှန်နဲ့အနီးစပ်ဆုံးကို မြင်အောင်ကြိုးစားလိုက်မိတာ..အဲဒါကို လက်ခံနိုင်အောင်ကြိုးစားနေမိတာတွေ ကျွန်တော့်ရဲ့ မနေ့များစွာထဲက မနေ့တစ်နေ့မှာ ဖြစ်ပျက်သွားလေရဲ့.....

ကျွန်တော် အလုပ်နည်းနည်းရှုပ်နေတယ်..ဖိုရမ်လည်း ကောင်းကောင်း မရေးနိုင်..ဘလော့ဂ်ကို လည်း အတူတူပဲ.. ကျွန်တော်အလုပ်ရှုပ်တော့ ခင်ရာမင်ရာ နီးစပ်ပတ်သက်ရာလူတွေလည်း အငြိမ်မနေရပြန်ဘူး.. ကျွန်တော်မေးသမျှ စိတ်ရှည်လက်ရှည် ဖြေကြရပြန်ရော.. မေးရင်းမှားရင်း ပြင်ရင်းနဲ့ ကျွန်တော်လိုချင်တာကို ရလာပါတယ်.. အဲဒီအတွက် ဖြေပေးသူတွေကို ကျေးဇူးသိပ်တင်တာပဲ.. ကျွန်တော့်မှာ ဒီလိုသူငယ်ချင်းတွေ ရှိနေတဲ့အတွက် ကံကောင်းတယ်လို့ပြောရပါမယ်.. ဒါပေမယ့် ကျွန်တော့်အလုပ်က မပြီးဆုံးသေး မအောင်မြင်သေးပါဘူး..ဆက်ပြီးလုပ်ရပါဦးမယ်.. ဘယ်လောက်အောင်မြင်မှာလဲဆိုတာကို ကျွန်တော်မသိနိုင်သေးပါဘူး.. သူများအတွက် ဘာမှမဖြစ်လောက်ပေမယ့် ကျွန်တော့်အတွက်တော့ နည်းနည်းအရေးကြီးတယ်.. ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုနိုင်မယ့် အလုပ်မို့ပါ.. ဒီလောက်လွယ်လွယ်လေးကိုတောင် မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တော့ ကွဲပြီပဲ... နောက်ထပ်အလုပ်တွေကို ဆက်လုပ်ဖို့ ယုံကြည်ချက်ရှိတော့မယ် မထင်ဘူး... အဲဒါကြောင့် ခုချိန်မှာ ကျွန်တော့်အလုပ်ကို အာရုံစိုက်ရမယ်..

ဇော်ဂျီဖောင့်ကို စမ်းကြည့်ထားတယ်..ရ-မရတော့ မသိဘူး..ရရင်တော့ ကိုမောင်လှကို ကျေးဇူးတင်ရမယ်..ကျွန်တော့်ဘာသာဆို ဘာမှမှ မလုပ်တတ်တာ..

အခါတစ်ရာပြုံးပြသူ တစ်ခါယောင်ပြီးအမဲ့မှာ
ကြင်နာသူဘ၀ အပျက်ခံတာ....

စိုင်းထီးဆိုင်ရဲ့ ကွတ်ခိုင်က ဇာတ်လမ်းတစ်ပုဒ်” ဆိုတဲ့ သီချင်းထဲက စာသားလေးပါ.. အဲဒီသီချင်းကို ကျွန်တော် တစ်ခါမှ မကြားဖူးမိဘူး.. စိုင်းထီးဆိုင်ရဲ့ သီချင်းအဟောင်းတွေကို ပြန်နားထောင်ဖြစ်မှ ကြားဖူးတာ... သံစဉ်မဆန်းကြယ်ဘူး.. ဆိုပုံမဆန်းကြယ်ဘူး.. ဇာတ်လမ်းကလည်း မဆန်းကြယ်ဘူး.. ဒါပေမယ့် သီချင်းကိုနားထောင်ကြည့်ရင် သီချင်းတဲက ကွတ်ခိုင်သူလေးကို သနားလာ ချစ်လာတာအမှန်ပဲ.. ဒီသီချင်းကို ဘယ်သူရေးလဲ ကျွန်တော်မသိပေမယ့် ကျွန်တော့်ကိုဆွဲဆောင်နိုင်တာ စာသားလေး နှစ်ကြောင်းပါ..

အခါတစ်ရာခေါင်းယမ်းသူ တစ်ခါယောင်ပြီး အညိတ်မှာ ကြင်နာသူဘ၀ အရယူတာ” ဆိုတဲ့စာသားနဲ့ အပေါ်မှာရေးခဲ့တဲ့ စာသားလေးပါ.. စာသားလေးတွေက လှတယ်.. အဓိပ္ပါယ်လည်း ပြည့်နေလေရဲ့.. ကဗျာဆန်တဲ့သီချင်းတစ်ပုဒ်ပါ..

အဲဒီသီချင်းကိုနားထောင်ရင်း ကျွန်တော်တို့ဘ၀တွေနဲ့ ယှဉ်တွေးမိပါတယ်.. သမီးရည်းစား အချစ်ကိစ္စကိုတင်မကပါဘူး..မြောက်မြားစွာသော အချစ်အမျိုးအစားတွေကို အဲဒီစာသားလေးရဲ့အဓိပ္ပာယ်နဲ့ ချိန်ထိုးတွေးဆမိပါတယ်...

အခါတစ်ရာပြုံးပြသူ တစ်ခါယောင်ပြီးအမဲ့မှာ ကြင်နာသူဘ၀ အပျက်ခံတဲ့သူတွေ ဘယ်နစ်ယောက်များရှိနေသလဲနော်.. ကြင်နာသူဘ၀မဟုတ်ပေမယ့် ချစ်သူခင်သူတွေဘ၀ရော တစ်ခါလေးမဲ့မိရုံနဲ့ သူတို့တွေကြားမှာရှိတဲ့ ရင်းနှီးခင်မင်မှုတွေ ချစ်ခင်မှုတွေ ဘယ်နစ်ယောက်များ ကျေပျက်ခံကြသလဲ ဆိုတာကို တွေးမိပါရဲ့.. တစ်သက်လုံးမွေးလာတဲ့ကြက် တစ်မနက်တည်းနဲ့သတ်လိုက်သလိုဖြစ်တယ်ဆိုတာမျိုးပေါ့...

ဒီသီချင်းလေးကိုနားထောင်ပြီးတော့ တစ်သက်လုံးထားခဲ့တဲ့ ကိုယ့်စေတနာတွေကိုလည်း ကိုယ့်မျက်နှာတစ်ချက်ပျက်သွားရုံနဲ့ အပြစ်ပယ်ခံလိုက်ရမှာ စိုးမိတယ်.. နောက်တစ်ခုက တစ်ပါးသူ ကိုယ့်အပေါ်ကောင်းသမျှ သူ စိတ်အခန့်မသင့်လို့ တစ်ချက်မဲ့တာလေးနဲ့ မချေမိပါစေနဲ့လို့ ဆန္ဒဖြစ်မိပါရဲ့ ....

လူဆိုတာ ကိုယ့်အကြောင်းကိုယ် မသိဆုံးဆိုတဲ့ စကားလေးက ကျွန်တော့်အတွက်တော့ မှန်နေတယ်..

ခုတလော စိုင်းထီးဆိုင်သီချင်းတွေ နားထောင်ဖြစ်တယ်.. သုံးတန်း ၊လေးတန်းလောက်တုန်းက အိမ်မှာအမြဲလိုလိုနားထောင်ဖြစ်ခဲ့တဲ့ သူ့ရဲ့ အကောင်းဆုံးတေး (၁)၊(၂)၊(၃)၊(၄) က သီချင်းတွေပါ.. နားမထောင်ရတာကြာပြီမို့လားမပြောတတ်ဘူး.. နားထောင်လို့ အရသာတစ်မျိုးရှိနေတယ်.. တစ်ချို့သီချင်းတွေကို တစ်ပိုင်းတစ်စပဲသိတယ်.. ဒီသီချင်းနားမထောင်ဖူးဘူးလို့တွေးနေတုန်း သီချင်းတစ်ဝက်လောက်ရောက်တော့မှ ဒီသီချင်းငါသိတယ်လို့ သတိရပြန်တယ်..

စိုင်းထီးဆိုင်သီချင်းတွေကို စိုင်းထီးဆိုင်ဆိုတာမကြိုက်ဘူး.. သူများပြန်ဆိုရင်ကြိုက်တယ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့စကားကို အမှတ်ရမိပါတယ်.. စိုင်းထီးဆိုင်သီချင်းတွေကို စိုးသူ ၊ ရင်ဂို၊ ဆောင်းဦးလှိုင်+စည်သူလွင်+အဲလက်စ် ၊ ဘိုဖြူတို့ ပြန်ဆိုခဲ့ကြဖူးတယ်.. ကျွန်တော့်သူငယ်ချင်းကတော့ ရင်ဂိုဆိုတာကို ပိုကြိုက်ပါသတဲ့.. စိုးသူပြန်ဆိုတာတော့ နားထောင်လို့ တကယ်မကောင်းတာပါ.. ကျွန်တော်က စိုးသူမကြိုက်တာလည်း ပါမယ်ထင်ပါရဲ့..

အရင်တုန်းကဆို ကျွန်တော်လည်း ကျွန်တော့်သူငယ်ချင်းလိုပါပဲ.. စိုင်းထီးဆိုင်သီချင်းတွေကို စိုင်းထီးဆိုင်ဆိုရင် သိပ်မကြိုက်ဘူး.. ဘိုဖြူဆိုတာကို ပိုကြိုက်တယ်.. ဘာလို့ မကြိုက်တာလဲ ကိုယ့်ဖာသာကိုယ် မသိခဲ့ဘူး.. ဘိုဖြူရဲ့ ပြည့်စုံပါစေ သီချင်းခွေထွက်လာတော့မှ ဘိုဖြူသီချင်းတွေကိုနားထောင်ရင်း စိုင်းထီးဆိုင်နဲ့ ဘိုဖြူ့ အသံ ကွာခြားချက်တွေကို သိလာတယ်..သူတို့နှစ်ယောက်ရဲ့အသံ ဘယ်လိုကွာတယ်ဆိုတာကို သတိထားမိပြီးတဲ့နောက် ကျွန်တော် ဘယ်အဆိုတော်မျိုးရဲ့အသံကို သဘောကျမိတာလဲဆိုတာကိုပါ သတိထားမိလာတယ်..

ကျွန်တော်က အဆိုတော်ဆိုရင် သံပြတ်နဲ့ဆိုတဲ့အသံကို သိပ်မကြိုက်တတ်ဘူး.. ရင်ဂိုတို့ ဘိုဖြူတို့ အာဇာနည်တို့လို ဆွဲဆွဲငင်ငင်ဆိုနိုင်တဲ့ အသံချိုချိုတွေကို ပိုကြိုက်တယ်ဆိုတာကို ကိုယ့်ဖာသာ သိလာတယ်.. အဲဒီ အသံမျိုးကို ညာသံလို့ခေါ်မလားနော်..

စိုင်းထီးဆိုင်နဲ့ဘိုဖြူ အသံဆင်တူပြီး ဘိုဖြူကိုပိုကြိုက်မိတဲ့အချက်က ဘာကြောင့်ဆိုတာ ကျွန်တော်သိသွားတယ်.. ဘိုဖြူ့အသံက သီချင်းကို အသံချိုနဲ့ ဆွဲငင်ဆိုနိုင်တဲ့အသံမျိုးမို့ ကြိုက်မိတာ.. စိုင်းထီးဆိုင်ကျတော့ အသံပြတ်နဲ့ မို့ မကြိုက်တာလို့ အဖြေထွက်လာတယ်.. ဒါကြောင့် ပြောကြတာနေမှာပါပဲ...လူဆိုတာ ကိုယ့်အကြောင်းကိုယ် မသိဆုံးလို့...

ခုတော့လည်း စိုင်းထီးဆိုင်အသံကို တစ်မျိုးကြိုက်မိသလို ဘိုဖြူ့အသံကိုလည်း တစ်မျိုးကြိုက်မိတာပါပဲ..

ခုလောလောဆယ် ခပ်တိုးတိုလေးညည်းမိတဲ့သီချင်းက....

မျှော်နေသူနဲ့ ..ပြန်ချင်သူနဲ့ မတွေ့သမျှကွယ်.. အနေကြာသွားရင်..စိတ်ပြောင်းမှာကို ရင်လေးတယ်.. ချစ်တဲ့..မင်းတစ်ယောက်..ကြင်နာသူ မရှိနှင့်စေဖို့ရယ် ချယ်ရီပင်အောက်..နောက်တစ်ခေါက်ပြန်တွေ့တဲ့အထိကွယ်..


 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews