သူငယ်ချင်း အမျိုးအစား ဘယ်နစ်မျိုးလောက်ရှိမလဲလို့ အမျိုးအစား ခွဲခြားကြည့်မိတယ်.. ကျွန်တော့်ဘ၀မှာ သူငယ်ချင်းအမျိုးအစား တော်တော်များများကို ကြုံခဲ့ဖူးတယ်..

စာသင်သားဘ၀တုန်းကဆို တစ်ချို့သူငယ်ချင်းက သူငယ်ချင်းလို့တောင် မပြောနိုင်တဲ့ အတန်းဖော်သာသာ.. သိသလားဆိုတော့လည်း သူ့အကြောင်းကို ထဲထဲဝင်ဝင်မသိ.. မသိဘူးလားဆိုတော့လည်း သူစာတော်တာ.. သူစာညံ့တာ.. အတန်းထဲမှာ သူ့ကို တခြားသူတွေက ဘယ်လိုသဘောထားတာ.. သူက တခြားသူတွေနဲ့ ဆက်ဆံရေးကို ကိုယ့်မျက်စိရှေ့ မြင်ဖူး ကြားဖူးနေတာ.. ဒါမျိုးသူငယ်ချင်းတွေလည်း ရှိတတ်ပါရဲ့..

တစ်ချို့သူငယ်ချင်းတွေကျတော့ တွေ့တွေ့ချင်းခင်ခဲ့ပြီး တစ်ယောက်အကြောင်း တစ်ယောက်သိလိုက်ချိန်မှာ ဆက်မပေါင်းဖြစ်တော့တဲ့ သူငယ်ချင်းမျိုး.. အဲလိုသူငယ်ချင်းမျိုးကျတော့ တစ်ချို့တလေက တစ်ခုခု အဆင်မပြေဖြစ်ပြီး ဆက်မပေါင်းဖြစ်တော့တာမျိုးဖြစ်တတ်တယ်.. အဲဒီအမျိုးအစားမှာပဲ နောက်တစ်မျိုးကတော့ လူချင်းသာ တပူးတွဲတွဲမခင်မင်ဖြစ်တာ.. မေးထူးခေါ်ပြော တွေ့ရင်နှုတ်ဆက်တဲ့ သူငယ်ချင်းမျိုးပေါ့.. တစ်ချို့သူငယ်ချင်းတွေက တွေ့တွေ့ချင်းတုန်းက အရမ်းခင်ခဲ့သလို နောက်ပိုင်း တစ်ယောက်အကြောင်း တစ်ယောက်သိသွားတော့လည်း ပိုတိုးပြီးခင်ရတဲ့သူငယ်ချင်းမျိုး.. အဲလိုသူငယ်ချင်းမျိုးရတာ သိပ်ကံကောင်းတယ် ဆိုရပါမယ်.. နေရာတိုင်းမှာ အယူအဆတူ စိတ်တူကိုယ်တူမဟုတ်ရင်တောင် အခြေခံသဘောထားလေးတွေ တူနေတဲ့သူငယ်ချင်းမျိုးပေါ့.. ဥပမာ သူများကို ကူညီတတ်တဲ့နေရာမှာ မတွန့်မဆုတ်ကူညီချင်တဲ့စိတ်မျိုးရှိတာချင်း တူတာမျိုးပေါ့..

နောက်တစ်မျိုးကတော့ တွေ့တွေ့ချင်းတုန်းကလည်း ခင်တယ်.. နောက်နှစ်တော်တော်များများမှာလည်း စိတ်တူကိုယ်တူရှိတယ်ထင်ပြီးပေါင်းတယ်.. ဒါပေမယ့် အကြောင်းကိစ္စတစ်ခုခုနဲ့ သူ့စိတ်သူ့သဘောမှန်ကို ဘွားခနဲသိလိုက်ရပြီး အဲဒီစိတ်ကလည်း ကိုယ်မကြိုက်တဲ့စိတ်သဘောမျိုးဖြစ်နေတော့ ဆက်ပေါင်းလို့မရတော့တဲ့ သူငယ်ချင်းမျိုး..

နောက်သူငယ်ချင်းတစ်မျိုးကျတော့ တွေ့တွေ့ချင်းတော့ မျက်နှာကြောမတည့်.. ရန်ဖြစ်.. ဒါမှမဟုတ် စကားများ.. ဒီလိုနဲ့နေလာရာ တစ်ယောက်နဲ့တစ်ယောက် ခင်မင်တွယ်တာရတဲ့သူငယ်ချင်း ဖြစ်လာတာမျိုးပါ.. ကျွန်တော့်ဘ၀မှာ အများဆုံးကြုံခဲ့ရတဲ့ သူငယ်ချင်းအမျိုးအစားပေါ့.. ပုံမှန်အားဖြင့် အဲဒီသူတွေဟာ ကျွန်တော်နဲ့ အယူအဆတူ ၊ စရိုက်တူ ၊ ပုံစံတူ.. အပြောအဆိုအနေအထိုင်ပါ တူနေတဲ့ လူတွေဖြစ်နေတတ်ပါတယ်.. ကိုယ်လိုလူချင်းတွေ့တဲ့အချိန် ကိုယ့်ပုံစံကို ကိုယ်မသိတဲ့အနေအထားမှာ ကိုယ်လိုလူမျိုးကို ချက်ချင်းလက်ခံရ ခက်သွားတာမျိုး ဖြစ်ကောင်းဖြစ်မယ်လို့ တွေးမိပါတယ်.. ကျွန်တော့်ရဲ့ အရင်းနှီးဆုံးဖြစ်လာတဲ့ သူငယ်ချင်းအများစုဟာ အဲလိုပုံစံနဲ့ သူငယ်ချင်းတွေပါ.. ယောက်ျားလေး သူငယ်ချင်းရော.. မိန်းကလေးသူငယ်ချင်းရောပါပဲ.. အယူအဆတွေ အမြဲတမ်းတိုက်ဆိုင်နေတယ်ရယ် မဟုတ်ပေမယ့် မတိုက်ဆိုင်တဲ့အခါတိုင်းမှာ စိတ်ရှိလက်ရှိ ငြင်းခုန်ပြောဆိုဖြစ်တဲ့ သူငယ်ချင်းမျိုးပေါ့.. အမြင်လည်းကတ်တယ်.. ချစ်လည်းချစ်တယ်ဆိုတဲ့ သူငယ်ချင်းအမျိုးအစားပါ..

ဘယ်လိုသူငယ်ချင်းမျိုးတွေနဲ့ ကြုံခဲ့သည်ဖြစ်စေ.. စတိတ်ကျောင်းသူ ကျောင်းသားဘ၀တွေ မဟုတ်တော့ရင် သူငယ်ချင်းအမျိုးအစားနှစ်မျိုးပဲ ခွဲနိုင်ပါတော့တယ်.. ကျောင်းမှာတွေ့ အလုပ်မှာတွေ့ပြီး ကိုယ်ကျင်လည်နေတဲ့ ပတ်ဝန်းကျင်ရဲ့အငွေ့အသက်ကို အတူနားလည်ဖော် သူငယ်ချင်းမျိုး-လုပ်ဖော်ကိုင်ဖက်မျိုးရယ်.. အရင်က ခင်မင်လက်စရှိလို့ အခင်အမင်မပျက် သူငယ်ချင်းဆက်ဖြစ်နေတယ်.. ဒါပေမယ့် ကိုယ့်ဘ၀ ကိုယ့်ပတ်ဝန်းကျင်မှာ အတူရှိမနေ ၊ ကိုယ့်ဘ၀ပတ်ဝန်းကျင်အငွေ့အသက်ကို အတူမခံစားနိုင်၊ နားမလည်နိုင်တော့တဲ့ သူငယ်ချင်းမျိုးရယ်လို့ နှစ်မျိုးနှစ်စားပဲ ထွက်လာပါတော့တယ်..

တက္ကသိုလ်ကျောင်းတော်တော်များများ၊ မတူတဲ့အလုပ်နေရာတော်တော်များများမှာ သူငယ်ချင်းရှိတဲ့အတွက် ကိုယ့်ဘ၀ကို ကိုယ့်လိုနားလည်မခံစားနိုင်တဲ့ သူငယ်ချင်းမျိုးလည်း ကျွန်တော့်မှာမနည်းပါဘူး.. တစ်ဖက်ကတွေးကြည့်ရင် သူ့ဘ၀ကို သူ့လို ကျွန်တော်မခံစားနိုင်တဲ့သူငယ်ချင်းမျိုးပေါ့.. အဲလိုသူငယ်ချင်းမျိုးနဲ့ဆုံရတဲ့အခါ စကားဝိုင်းမှာ သူ့ဘ၀ထဲကျင်လည်ဖော် သူငယ်ချင်းမျိုးလည်း သူနဲ့အတူ ပါလာမယ်ဆိုရင် သူတို့ချင်းသာ နောက်ပြောင်ရယ်မောနေတာ၊ သူတို့စကားဝိုင်းထဲ ကိုယ်ဝင်လို့မရတော့တာ ၊ ကိုယ်ဝင်ပြောရင်လည်း ကိုယ့်သူငယ်ချင်းက အမှတ်မထားတော့တာမျိုးက ကျွန်တော့်စိတ်ကို တော်တော်ထိခိုက်စေပါတယ်.. အဲလိုမျိုး စိတ်ထိခိုက်သွားပြီးမှသာ သူတို့တွေက ကျင်လည်ရာဘ၀ချင်းတူတဲ့သူတွေ.. ကိုယ်နဲ့ အနေအထားမတူဘူးဆိုတာ ပြန်တွေးယူပြီး စိတ်ဖြေရပါတယ်.. အထူးသဖြင့် အဲဒီသူငယ်ချင်းတွေက ကျွန်တော့်စိတ်ထဲ အလေးအနက်ထားပြီး ခင်မင်ရတဲ့သူတွေဖြစ်နေခဲ့ရင် ပိုပြီးခံစားရတယ်.. အဲဒီအတွက် ကိုယ့်ရဲ့ဘယ်သူငယ်ချင်းမျိုးကိုမှ ကျွန်တော်စိတ်ထိခိုက်တဲ့အနေအထားမျိုးကို မကြုံရအောင် သူငယ်ချင်းနဲ့ဆုံတဲ့အခါတိုင်း ဖန်တီးနေဖြစ်တာ အဆိုးထဲက အကောင်းတစ်ခုလို့ ဆိုနိုင်မယ် ထင်ပါရဲ့လေ..

ခင်မင်သော်လည်း အတူနောက်ပြောင်ရယ်မောခွင့်မရသော သူငယ်ချင်းများစွာအတွက် အမှတ်တရ စာစုပါ..

တောင်ပေါ်ကအိမ်လေးဆီပြန်ချင်တယ်.. အိမ်ပြန်ပြီးအနားယူချင်တယ်.. ဒီရက်ပိုင်းမှာ စိတ်ရောလူပါသိပ်ပင်ပန်းတာပဲ.. စာရေးမယ်ဆိုလည်း ခေါင်းထဲမှာ ဘာမှမရှိဘူး.. ရုံးမှာအိပ်ခွင့် မရှိတော့ဘူး.. ဒီညနေ ရုံးအလာ ဓါတ်လှေကားအတက် တစ်ထပ်နဲ့တစ်ထပ်အကြားမှာ မီးပျက်သွားလို့ ၃ မိနစ် ၊ ၄ မိနစ်လောက် ဓါတ်လှေကားထဲပိတ်မိနေသေးတယ်.. ချွေးကိုပျံသွားတာပဲ.. ရုံးရောက်တော့လည်း ရောက်ကတည်းက စာသင်တာ ရုံးဆင်းတဲ့အထိ မနားလိုက်ရဘူး..

ကျွန်တော့်သူငယ်ချင်း ညီမလေးတစ်ယောက်က ကျွန်တော့်ကို ပြောပါတယ်.. အစ်မက စာရေးတာတော်တော်ဝါသနာပါတာပဲ.. စကားပြောစရာလူ အနားမှာရှိတာတောင် စကားမပြောဘဲနဲ့ ကွန်ပျူတာနဲ့မျက်နှာအပ်ပြီး စာချည်းရေးနေတယ်တဲ့.. သူ့စကားကိုကြားတော့ ကျွန်တော်ဟက်ဟက်ပက်ပက် ရယ်မိပါတယ်.. သူပြောမှပဲ ကိုယ့်ကိုယ်ကိုယ် သတိထားမိပါတော့တယ်.. ကျွန်တော်နဲ့ လူချင်းမဆုံဖြစ်တော့တဲ့ သူငယ်ချင်းတွေနဲ့ဆို လူချင်းဆုံတဲ့အခါ ဖုန်းပြောတဲ့အခါ သူတို့ပြောတာသာ နားထောင်ဖြစ်ပြီး ကိုယ်က စကားသိပ်မပြောဖြစ်ပါဘူး.. ဒါပေမယ့် စာရေးဆက်သွယ်ရင်တော့ ကျွန်တော်က စာရှည်ကြီးတွေ ရေးပို့လေ့ရှိပါတယ်.. သူတို့နဲ့လူချင်းတွေ့တဲ့အချိန် မပြောဖြစ်တဲ့စကားတွေ စာထဲမှာ စိတ်ရှည်လက်ရှည်ရေးပြီး ပြောဖြစ်ပါတယ်.. G-Talk မှာ သူငယ်ချင်းနဲ့ ပြောကြတဲ့အခါတောင် စာရိုက်ပြီးပြောရင် ကျွန်တော့်မှာ ပြောစရာသိပ်များပါတယ်.. ဒါပေမယ့် အသံနဲ့ပြောရရင် ပြောစရာစကားရှားသွားတယ်.. သိပ်မပြောဖြစ်တော့ဘူး.. ဒါဟာ ကျွန်တော့်ရဲ့ ကြောင်ကွက်တစ်ခုလား.. ဘယ်လိုစိတ်အစွဲအလမ်းလည်း မပြောတတ်ပါဘူး.. ပုထုဇ္ဇနော ဥမ္မတ္တကော - လူတွေဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ရူးနေတယ်လို့ ဘုရားဟောဖူးတယ် မှတ်တာပဲ... ဆင်ခြေပေးကြည့်တာပါ..း)

မှတ်ပုံတင်လုပ်ဖို့ကြိုးစားနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စကားလေးတွေပါ.. သူက အိန္ဒိယနွယ်အမျိုးသမီး.. ပြီးတော့ သူ့ရဲ့အဘိုးမှာ ဇနီးနှစ်ယောက်ရှိတယ်.. သူ့အဘွားက အဘိုးရဲ့ဇနီးအငယ်.. မှတ်ပုံတင်မရှိလို့ ဒုက္ခရောက်တဲ့အကြောင်း စီကာပတ်ကုံး သူပြောသွားတာလေးတွေက ရယ်လည်းရယ်ရသလို မောလည်းမောရပါတယ်.. သူပြောတာက ဒီလိုဒီလို..


ညီအစ်မနှစ်ယောက်ရှိတာ နှစ်ယောက်လုံးမှာ မှတ်ပုံတင်မရှိဘူး.. ဗမာလူမျိုးမဟုတ်တော့ မှတ်ပုံတင်လုပ်ရခက်တယ်.. အဖေနဲ့အမေကွဲတော့ အဖေ့ဘက်က အဘိုးအဘွားနဲ့ပတ်သက်တဲ့ ကိုယ်ရေးအချက်အလက်တွေက အဖေ့ဆီပါသွားရော.. သွားယူမယ်ဆိုတော့လည်း အဖေနဲ့တွေ့ရင်သတ်မယ်လို့ အမေကကြိမ်းထားတော့ သွားမယူရဲဘူး.. အဖေမရှိတော့ အမေကပဲ ကုန်သည်လုပ်ဈေးရောင်းကျွေးတယ်.. ခရီးလည်းခဏခဏထွက်ရတယ်.. ငယ်ငယ်ကဆို အမေခရီးထွက်ရင် လိုက်သွားချင်တာ တအား.. အမေကလည်း လိုက်ခဲ့ဖို့ခေါ်တယ်.. မှတ်ပုံတင်မရှိတော့ အိမ်မှာနေခဲ့ရတယ်.. ဟော အမေနေမကောင်းလို့ ညီအစ်မနှစ်ယောက် အမေ့အလုပ်ကို ၀င်လုပ်မယ်ဆိုတော့လည်း မှတ်ပုံတင်မရှိတာနဲ့ပဲ အမေကနေမကောင်းရက်နဲ့ ခရီးထွက်သွားရရော... အဘိုးရဲ့ဇနီးအကြီး အဘွားဆီမှာလည်း အဘိုးနဲ့ပတ်သက်တဲ့ ကိုယ်ရေးအချက်အလက်တွေအရှိသား.. ဒါပေမယ့် ရုံးပြင်ကန္နားနဲ့ပတ်သက်ရမှာစိုးလို့လားမပြောတတ်ဘူး.. လုံးဝကို အိမ်အလာမခံတာ.. ကျွန်မလည်း အိမ်ထောင်ကျပြန်တော့.. ယောက်ျားယူပြီး ၄-၅ လလောက်ရှိတဲ့အခါ ယောက်ျားက အလုပ်ကိစ္စနဲ့ ခရီးထွက်ရတယ်.. အဲဒီခရီးကို ဟန်းနီးမွန်းသဘောနဲ့ လင်မယားအတူတူသွားချင်တာအရမ်းပဲ.. ဒါပေမယ့် မှတ်ပုံတင်မရှိတော့ နင်ပဲသွားလိုက်ပါတော့ဆိုပြီး ယောက်ျားကို တစ်ယောက်တည်းလွှတ်လိုက်ရတယ်.. မှတ်ပုံတင်ရရင်တော့လား.. ခရီးကို မနားတမ်းထွက်လိုက်ဦးမှာ..
တဲ့..
သူ့စကားကိုနားထောင်ပြီး မှတ်ပုံတင် မှတ်ပုံတင်လို့သာ ညည်းလိုက်ချင်ပါတယ်..ခရီးအသွားအလာလုပ် တစ်ရပ်တစ်ရွာမှာ ညအိပ်ညနေ နေတော့လည်း မှတ်ပုံတင်မရှိလို့ မရ.. မှတ်ပုံတင်မရှိတော့လည်း ရှိအောင် အဆင်ပြေပြေလုပ်မပေးချင်... လူပြက်တွေ ပြက်လုံးထုတ်တာ သွားသတိရတယ်.. သစ်ပင်တွေစိုက်စိုက်ဆိုလို့ စိုက်လိုက်ရ.. ခုတ်ခုတ်ဆိုလို့ ခုတ်လိုက်ရ.. ကိုယ်ကမနေနိုင်လို့ ကြားက၀င်ပြောတော့ စိုက်တာတစ်ဖွဲ့.. ခုတ်တာတစ်ဖွဲ့..လို့ ပြန်ပြောတယ်..ဆိုတဲ့ ပြက်လုံးလေးပါ..အဲဒီရုံးက တချို့ဝန်ထမ်းတွေဟာ တစ်ခါတလေတော်တော် စိတ်ပျက်စရာကောင်းပါတယ်.. မြန်မာပြည်မှာနေပြီး အင်းလေးကန်ဆိုတာ မသိ.. အင်းသားဆိုတာမသိ.. အင်းသားဆိုတာမရှိဘူး.. ရှမ်းပဲရှိတယ်လို့ ပြောတဲ့သူကပြော.. သုခ.. သူတို့ပါးစပ်ထဲမှာ ရှိရာသာ လူမျိုးနာမည်လျှောက်တပ်ရင်တော့ တစ်မိသားစုထဲမှာ လူမျိုးပေါင်းစုံဖြစ်နေတော့မှာပဲလို့ တွေးမိပါရဲ့..ပြီးတော့ ၀န်ထမ်းတွေနယ်အပြောင်းနဲ့ ကိုယ်တာဝန်ကျရာနေရာမှာ ကိုယ့်သားသမီးကို မှတ်ပုံတင်လုပ်ပေးထားကြည့်.. အဲဒီလူတော့ ဒုက္ခလှလှတွေ့ပြီလို့သာ မှတ်လိုက်တော့ .. အသိ ဆရာတစ်ယောက်ဆို သူ့သားအတွက် ၁၈ နှစ်ပြည့် မှတ်ပုံတင်လုပ်ပေးဖို့ကို သူတာဝန်ကျခဲ့ဖူးတဲ့ ပြည်အထိ ပြန်ပြီး မှတ်ပုံတင်ရုံးက စာ သွားယူရတယ်.. အဲဒီစနစ်က မှတ်ပုံတင်လုပ်မယ့်သူတွေကို အလကားနှိပ်စက်တဲ့စနစ်လို့ပဲ မြင်တယ်.. င်္ထေ ဆိုတာဘာလုပ်ဖို့ထားတာလဲ.. ဟိုဘက်ရုံးက အချက်အလက်ကို ဒီဘက်ရုံးအ၀င်ပြဖို့အတွက် တစ်နယ်ကနေ တစ်နယ် အပန်းတကြီးသွားဖို့လိုလို့လား.. ရုံးမှာ င်္ထေ လေးတောင် မထားနိုင်ဘူးလားမသိ.. ဟိုရောက်တော့ ဘာမှလည်းမဟုတ်ဘူး.. ဒီဘက်ရုံးကပါလာတဲ့ ထောက်ခံစာပြ.. ပြီးရင် ကိုယ်နဲ့ဆိုင်တဲ့အချက်အလက်တွေကို စာအိတ်နဲ့ပေးလိုက်တာပဲ.. အဲဒါသွားယူတာတောင် ကံမကောင်းရင် ဟောက်စားလုပ်ချင်တဲ့သူတွေနဲ့တွေ့တတ်သေး.. ဘာမှလည်းမဟုတ်.. ဆရာကြီးဝင်လုပ်ချင်တဲ့သူ အလကားနေရင်း ၀င်နွှာချင်တဲ့သူတွေများနေတယ်.. စိတ်ပျက်စရာကောင်းပါတယ်.. သြော်..မှတ်ပုံတင် မှတ်ပုံတင်...

ရင်ရဲ့သစ္စာ

သတိရရုံလေးပဲ..ရပေးပါ
ငါ့ကို....
မလွမ်းလိုက်ပါနဲ့...
တမ်းတခြင်းတွေနဲ့
ပူလောင်နေမှာ စိုးလို့ ပါ....။

စာအုပ်ပုံထဲ အတော်ကြာအိပ်ပျော်နေတဲ့ ဆရာကံချွန်ရဲ့စာအုပ်ဟောင်းလေးကို ပြန်ဖတ်မိပါတယ်..အပျိုစင်တို့သိသင့်သမျှ(၂) စာအုပ်ပါ.. ဆရာ့စာအုပ်တွေက တစ်ခေါက်ဖတ်ဖူးပြီးသားပေမယ့် တစ်ခါဖတ်လိုက်တိုင်း အတွေးသစ်တစ်မျိုးရပါတယ်.. ပထမတစ်ခေါက်ဖတ်စဉ်က သိပ်အလေးမထားမိလိုက်တဲ့ အချက်တွေကို ဒုတိယတစ်ခေါက်ပြန်ဖတ်ချိန်မှာ တွေ့ရပါတယ်.. မိန်းကလေးတွေအလိမ္မာတိုးဖို့ အတွေးသွက်သွက် အရေးသွက်သွက် အချက်ကျကျ ဒက်ခနဲရေးပြတတ်တဲ့အတွက် ဆရာကံချွန်ရဲ့ ဆောင်းပါးအများစုဟာ ကျွန်တော့်အတွက်တော့ ဖတ်လို့မငြီးနိုင်ပါဘူး.. ဘယ်အချိန်ပြန်ဖတ်ဖတ် ဖတ်လို့လည်းကောင်း ဖတ်လည်းဖတ်သင့်တဲ့စာတွေပါ.. အိမ်နဲ့အနေဝေးတဲ့ ကျွန်တော့်အတွက် စာအုပ်သာလျှင် ကိုယ့်ကိုယ်ကိုယ် သတိပေးရာ လမ်းညွှန်ပြရာဖြစ်ပါတယ်..

ဆရာ့စာဖတ်ရင်းနဲ့ ကျွန်တော်သဘောကျတဲ့အချက်လေးတွေကို မှတ်သားမိပါတယ်.. ဆရာကတော့ မိန်းကလေးတွေကို အထူးသဖြင့် ရည်ရွယ်ပြီးရေးထားတာပါ..

လူဆိုတာ ကိုယ်လုပ်နေရတဲ့အလုပ်မှာ စိတ်ဝင်စားစရာအချက်တွေကိုရှာပြီး ကိုယ်လုပ်သမျှအကောင်းဆုံးဖြစ်အောင် ကြိုးစားသင့်ပါတယ်တဲ့.. အ၀တ်အစား ၊ အစားအသောက်ကို စိတ်ဝင်စားတဲ့သူတွေလည်း ၀တ်ဖို့ ၊ စားဖို့စိတ်ဝင်စားနေရုံနဲ့ ရပ်တန့်မနေဘဲ အဲဒါတွေနဲ့ပတ်သက်ရင် ကိုယ့်ဘ၀အတွက် ရပ်တည်နိုင်တဲ့အထိတတ်ကျွမ်းအောင် လုပ်ထားသင့်တယ်လို့ ရေးပြထားပါတယ်.. မိန်းကလေးတွေအတွက် စိတ်ဝင်စားစရာဆိုတာ ယောက်ျားတွေပဲ ရှိတာမဟုတ်ပါဘူးတဲ့.. နောက်တစ်ခုက အိမ်ထောင်ကျသွားပြီးရင်လည်း ကိုယ့်ဝင်ငွေအတွက်မဟုတ်တောင် ကိုယ့်သိက္ခာအတွက် အလုပ်အကိုင်တစ်ခုရှိသင့်ပါတယ်တဲ့.. အဓိကကတော့ ဘယ်အခြေအနေမျိုးရောက်ရောက်(အပျိုကြီးပဲနေနေ ၊ အိမ်ထောင်ပြုပြီး ဇိမ်နဲ့ပဲနေရနေရ) ကိုယ့်အစွမ်းအစတွေ တုံးမသွားအောင် ကြိုးစားဖို့လိုတဲ့အကြောင်း ပြောပြထားတာပါ..

ကျွန်တော်သဘောကျမိတဲ့ ဆရာ့စကားတစ်ခုက .. သိပိက်ုစိတ်ဓါတ်ကျတဲ့အခါ ထိုင်စိတ်ညစ်မနေဘဲ ခုလက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲကနေ လွတ်မြောက်အောင် ဘယ်လိုလုပ်မလဲဆိုတာကို အလေးပေးစဉ်းစားလိုက်ပါတဲ့.. ဒါဆိုရင် စိတ်ညစ်နေတာနဲ့ အချိန်မကုန်တော့ဘူးပေါ့.. အချိန်မကုန်တဲ့အပြင် စိတ်ဓါတ်အင်အားတွေလည်း မကုန်တော့ဘူးလို့ ဆက်စဉ်းစားမိပါတယ်..

နောက်.. သီတင်းကျွတ်လက်ဆောင်ဆိုတဲ့ ဆောင်းပါးလေးထဲမှာ.. “ချစ်သူနဲ့ကွေကွင်းရခြင်းသည် ဒုက္ခ” လို့အများစုက ပြောတတ်ကြတယ်.. အဲဒါကြောင့်လည်း မင်္ဂလာဆောင်ကြ အိမ်ထောင်ပြုကြတယ်.. ဒါပေမယ့် ချစ်သူနဲ့အတူနေရတဲ့အခါ သုခဖြစ်အောင် ကြိုတင်ပြင်ဆင်ထားဖို့ကိုကျတော့ မေ့ထားတတ်ကြပါတယ်တဲ့..

ဒီတစ်ပတ်မှာ မျှဝေပေးချင်တဲ့ စာအုပ်ထဲက စကားလက်ဆောင်လေးတွေပါ..

ကျွန်တော်ရေးတဲ့စာတွေဖတ်ဖူးတဲ့သူတွေ.. ကျွန်တော်နဲ့ စကားပြောဖူးသူတွေက ကျွန်တော့်ကို တော်တော်ရင့်ကျက်တယ်လို့ ထင်တတ်ကြပါတယ်... ရင့်ကျက်တယ်ဆိုရာမှာ ဘာကိုပြောတာလဲလို့ ကျွန်တော်စဉ်းစားမိတယ်.. လူတစ်ယောက်က သူ ရောက်နေတဲ့အသက်အရွယ်နဲ့စာရင် သူတွေးတဲ့အတွေး သူလုပ်နေတဲ့အလုပ်က သူ့ ထက်အသက်ကြီးသူတွေတွေးတတ် လုပ်တတ်သလိုဖြစ်နေတာကို ရင့်ကျက်တယ်လို့ ဆိုကြတာလား.. ဒါမှမဟုတ် သူ့ အသက်အရွယ်မှာ ရှိသင့်ရှိထိုက်တဲ့အတွေး ၊ ရှိသင့်ရှိထိုက်တဲ့ခံယူချက်တွေ၊ လုပ်ဆောင်ချက်တွေရှိနေတာကိုပဲ ရင့်ကျက်တယ်လို့ ဆိုနိုင်မှာလား.. ပြီးတော့ ရင့်ကျက်တယ်ဆိုတဲ့လူတွေဟာ နေရာတိုင်းမှာရော အချိန်တိုင်းမှာပါ ရင့်ကျက်နိုင်ကြပါသလား..

ကျွန်တော်ကတော့ အချိန်တိုင်း နေရာတိုင်းမှာ မရင့်ကျက်နိုင်သေးတာ သေချာပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်မကြုံဖူးတဲ့ ကိစ္စတွေ ကြုံလာရတဲ့အခါမှာ ရင့်ကျက်တဲ့စိတ်နဲ့ ဘယ်တော့မှ တည်တည်ငြိမ်ငြိမ် ရင်မဆိုင်နိုင်ခဲ့လို့ပါပဲ.. ရင့်ကျက်တဲ့အတွေးဆိုတာလည်း ကျွန်တော့်မှာ အမြဲတမ်းရှိမနေခဲ့ပါဘူး.. သတိလေးရှိနေတဲ့အချိန် အသိလေးကပ်နေတဲ့အချိန်မှာပဲ ကိုယ်ရင်ဆိုင်နေရတဲ့ အနေအထားနဲ့ သင့်တော်တဲ့အတွေးကို တွေးနိုင်ပါတယ်.. အဲဒါဟာ မရင့်ကျက်သေးလို့ ” လို့ သတ်မှတ်ရင် ကျွန်တော် မရင့်ကျက်သေးဘူးလို့ ကောက်ချက်ချရမှာပါပဲ..

ရင့်ကျက်တယ်ဆိုတာကို စဉ်းစားကြည့်တော့ တရားရိပ်သာဝင်ပြီးပြန်လာတဲ့သူတွေနဲ့ပတ်သက်ပြီး လူအများစု မှတ်ချက်ချတတ်ကြတာလေး ဘာမဆိုင် ညာမဆိုင် အမှတ်ရမိတယ်.. ရိပ်သာကပြန်လာပြီး ဒေါသကြီးနေရင် .. စိတ်ထိခိုက်လွယ်ရင် တရားလည်းလုပ်သေးရဲ့ ဒါမျိုးတွေဖြစ်သလားလို့ ကဲ့ရဲ့စကားဆိုတတ်ကြတာကိုပါ.. တကယ်တမ်းကျတော့ ဗုဒ္ဓဘာသာမှာသတ်မှတ်ထားတဲ့ သူတော်ကောင်းအဆင့်(စိတ်ရင့်ကျက်မှုအဆင့်)မှာ အောက်ဆုံးအဆင့်က သောတာပန်ဆိုရင်တောင် လောဘ၊ဒေါသမကင်းသေးပါဘူး.. သူတို့ ဟာ သာမန်လူတွေနဲ့ယှဉ်ရင် လောဘ၊ဒေါသဖြစ်ချိန်တိုသွားတာပဲရှိတယ်.. လုံးလုံးမဖြစ်တာ မဟုတ်ဘူးဆိုတာကို မှတ်သားဖူးပါတယ်..

သူတို့ တွေတောင်မှ သတိကပ်နေချိန်သာ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းနိုင်တာပါ.. ရင့်ကျက်သူလို့သာ သတ်မှတ်ခံရသေးတဲ့ သာမန်သူတွေကရော ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းကြီး ရင့်ကျက်တဲ့စိတ်နဲ့ ထိန်းသိမ်းနိုင်ပါ့မလားဆိုတာကို ကျွန်တော် သံသယ၀င်မိပါတယ်..တရားရိပ်သာကနေပြန်လာပြီး လောဘ၊ဒေါသ ကြီးနေတဲ့သူတွေကို အမရပူရမဟာဂန္ဓာရုံဆရာတော် တရားဟောတဲ့အထဲ ထည့်ပြောတာလေး အမှတ်ရမိတယ်.. လောဘဖြစ်စရာ ဒေါသဖြစ်စရာကြုံရင် သည်းခံလိုက်ပါ.. တရားရသွားလို့ သည်းခံတယ်ဆိုတာမျိုးမဟုတ်ဘဲ ကိုယ်အားထုတ်တဲ့တရားကို အားနာလို့ သည်းခံလိုက်ပါတဲ့.. အဲဒီတော့ ရင့်ကျက်တယ်လို့ ချီးမွမ်းခံရတဲ့သူတွေလည်း ကိုယ်ကလေးဆန်ချင်တဲ့နေရာမှာတောင် အချီးမွမ်းခံရတာလေးကို အားနာပြီး ရင့်ကျက်ကြည့်လိုက်ပါလို့ပဲ ကိုယ့်ကိုယ်ကိုယ် ပြောရတော့မယ် ထင်ပါရဲ့...

အငြိမ်းစားယူကြတဲ့အခါ..

အသက်ကြီးလာတဲ့အခါ (အသက် ၆၀ ၊ ၇၀ ထိ အသက်ရှည်ရှည်နေရတဲ့အခါ) စိတ်ဝင်တစားနဲ့ လုပ်စရာအလုပ်တစ်ခုရှိနေမှ ကောင်းမယ်လို့ ဒီရက်ပိုင်းမှာ ပိုတွေးမိနေပါတယ်.. အထူးသဖြင့် ၀န်ထမ်းလုပ်နေသူတွေပေါ့.. ကျွန်တော် သတိထားမိသမျှ ၀င်ငွေရတဲ့အလုပ်ကို မလုပ်တော့တဲ့ သက်ကြီးရွယ်အိုတွေမှာ ကိုယ့်ကိုယ်ကိုယ် လူရာမ၀င်တော့တဲ့ ခံစားချက်မျိုး ဖြစ်လွယ်ပါတယ်.. အတူနေအသက်ငယ်သူတွေက ပုံမှန်အတိုင်း အရင်ကလို ပြောဆိုဆက်ဆံနေရင်တောင်မှ သူတို့ကို အရေးမထားပစ်ပယ်တယ်ဆိုတဲ့ အမြင်မျိုး သူတို့မှာဖြစ်ဖို့ ပိုလွယ်ပါတယ်.. သူတို့တွေက လူကသာအလုပ်ကနေ အနားယူလိုက်တာသာရှိတာ.. သူတို့ရဲ့စိတ်တွေက အနားမှမယူနိုင်ကြဘူး.. သူတို့စိတ်ထဲမှာလည်း အရင်လို လုပ်စရာကိစ္စတွေ ထည့်ထားစဉ်းစားနေစရာ မရှိတော့ဘူး.. အရင်ကထက် ပိုပြီးအားလပ်နေတဲ့စိတ်က တောင်တွေးမြောက်တွေး ဖြစ်ဖို့ရာ ပိုလွယ်ပါတယ်.. ၀င်ငွေရတဲ့အလုပ်ကနေ အနားယူလိုက်တာနဲ့ ဘာသာရေးဘက်ကို လုံးဝနှစ်မြှုပ်လိုက်နိုင်တဲ့ သက်ကြီးတစ်ချို့အတွက်တော့ လုပ်စရာအလုပ်ရှိသွားတယ်လို့ ပြောရမှာပဲ.. စိတ်ကို ထိန်းတဲ့အလုပ်ပေါ့.. ဒါတောင်မှ သူတို့စိုက်လိုက်မတ်တပ် လုပ်ဖြစ်တဲ့အလုပ်က ၀ိပဿနာအလုပ်မဟုတ်ရင် စိတ်ကိုထိန်းနိုင်ဖို့ သိပ်မသေချာသေးဘူးလို့ ထင်ပါတယ်.. အငြိမ်းစားယူပြီး စိတ်မတည်ငြိမ်နိုင်တဲ့ အငြိမ်းစားတွေကိုကြည့်ပြီး အတွေးတွေပွားမိပြန်ပါတယ်..

ကျွန်တော်သာ ၀င်ငွေရတဲ့အလုပ် မလုပ်နိုင်တော့တဲ့ သက်ကြီးပိုင်းအထိ အသက်ရှည်မယ်ဆိုရင် ဘာလုပ်မလဲလို့ စဉ်းစားမိတယ်.. စာရေးစာဖတ်အလုပ်ကို ပိုလုပ်မယ်.. ပရဟိတလုပ်ငန်းတွေအတွက် ခုထက်ပိုပြီး အချိန်ပိုပေးမယ်..ပြီးတော့ ကိုယ်နဲ့အတူနေရတဲ့ လူငယ်တွေရဲ့ဘ၀ကို နားလည်ပေးနိုင်အောင် ကြိုးစားမယ်.. အထူးသဖြင့် သူတို့တွေရဲ့စိတ်ပေါ့.. သူတို့ရဲ့စိတ်တွေ အတွေးအခေါ်တွေ ခံယူချက်တွေ ရုန်းကန်နေရတဲ့အနေအထားတွေကို နားလည်အောင် ကြိုးစားနိုင်တာလည်း ကိုယ်ကအသက်ကြီးလာသလို စိတ်ပါကြီးရင့်လာဖို့ အခွင့်အရေးတစ်ခုလို့ ကျွန်တော်မြင်တယ်..ပြီးတော့ လူငယ်တွေကို နားလည်အောင် ကြိုးစားတဲ့သက်ကြီးတွေဟာ သက်ကြီးအသိုင်းအ၀ိုင်းမှာ ၀င်ဆံ့သလို လူငယ်အသိုင်းအ၀ိုင်းမှာလည်း အနည်းနဲ့အများ ၀င်ဆံ့နိုင်ပါလိမ့်မယ်..အဲဒီအခါ စိတ်ပျိုကိုယ်နုနိုင်တဲ့ အခွင့်အရေးပါရနိုင်တယ်..ပြီးတော့ ကိုယ့်အတွေးအခေါ်တွေကလည်း ဘယ်တော့မှ ခေတ်နောက်ကျကျန်တော့မှာ မဟုတ်ဘူးလို့ တွေးမိပါရဲ့.. ဘာရယ်မဟုတ်ပါဘူး.. ရောက်တက်ရာရာလေးတွေပါ..

မိတ်ဆွေတစ်ယောက်နဲ့ ပြောဖြစ်တာလေး ရေးပြချင်ပါတယ်.. လူတွေနဲ့ ဆက်ဆံတဲ့အခါ ဖွယ်ဖွယ်ရာရာ ဝေေ၀ဆာဆာ အပြောလေးတွေကိုသာ သဘောကျတတ်ပြီး စိတ်ရင်းအတိုင်း ခင်မင်ဆက်ဆံတဲ့ (ကိုယ်မှားနေတဲ့အခါ ကိုယ့်သဘောကို ဆန့်ကျင်ပြီး ပြောဆိုပြတတ်တဲ့ ) ကိုယ့်ကို အစစ်တွေချည်းသာ ပေးတတ်တဲ့သူမျိုးကို မကြိုက်တဲ့သူဟာ ဘယ်တော့မှ အစစ်မရပါဘူး.. သူတို့တွေဟာ အတုနဲ့သာ ထိုက်တန်တဲ့သူတွေပါလို့ ကျွန်တော့်မိတ်ဆွေက ပြောပါတယ်..

ဘ၀စာအုပ်ကြီးထဲက ကျွန်တော်ဖတ်လိုက်ရတဲ့ အကြောင်းအရာလေးတစ်ခုပေါ့.. အဲဒီအကြောင်းအရာလေးကို ကျွန်တော် ဆက်စဉ်းစားကြည့်မိတယ်.. ကျွန်တော်အပါအ၀င် လူအများစုက ချိုချိုသာသာပြောတာကို သဘောကျကြတယ်.. စိတ်ထဲကပါပါ မပါပါပြောတတ်တဲ့ အပြောချိုချိုလေးကိုပဲ ကြားချင်ကြတယ်.. အဲဒီအခါ ဘာဆက်ဖြစ်သလဲဆို ကိုယ့်ကောင်းရာကောင်းကြောင်း ကိုယ့်သဘောကို ဆန့်ကျင်ပြောတတ်တဲ့သူကို အနည်းနဲ့အများ ရှောင်ချင်လာပြီး ကိုယ့်အကြိုက်လိုက်ပြောတတ်သူကိုသာ သဘောကျချင်တယ်... သိသိသာသာကြီး မြှောက်ပြောတတ်တဲ့သူကိုသာ သဘောမကျချင်နေမယ်..မသိမသာနဲ့ အမှန်တစ်ဝက် အမှားတစ်ဝက် မြှောက်ပင့်ပြောတတ်သူတွေကိုတော့ အနည်းနဲ့အများ သဘောကျတတ်တယ်ဆိုပါတော့... အဲဒီအခါ ကိုယ့်ကို စိတ်ရင်းအမှန်နဲ့ ပြောပေမယ့် မချိုသာတဲ့စကားတွေကို နားထဲမ၀င်ချင်တော့ဘူး.. ချိုသာဝေဆာတာကိုပဲ လိုလားတဲ့အခါ အဲဒီသူဟာ အမှန်အကန်စကားတွေကြားဖို့ နည်းနည်း အလှမ်းဝေးသွားပါရော.. တစ်ခါတစ်လေ အမှန်ကို ထောက်ပြပြောဆိုခံရပေမယ့် နားဝင်မချိုလေတော့ အမှန်ကို ပြောပြတယ်မထင်.. ကိုယ့်ကို ကန့်လန့်တိုက် ပြောတယ်လို့သာ ထင်ပြီး နားဝင်အောင်ပြောတတ်သူရဲ့ စကားသာ နားထောင်မိတော့တယ်..

ကျွန်တော်ပြောတာ စကားချိုချိုပြောတတ်သူတွေကို အပြစ်တင်နေတာ မဟုတ်ပါဘူး.. ချိုချိုသာသာ ပြောတတ်ဆိုတတ်တာကို ကဲ့ရဲ့နေတာ မဟုတ်ပါဘူး... စိတ်ရင်းအမှန်(ကောင်းလည်းကောင်း မှန်လည်းမှန်တဲ့စိတ်ဓါတ်နဲ့ ) ပြောဆိုတဲ့အခါ ချိုချိုသာသာ ပြောဆိုနိုင်မယ်ဆိုရင် အကောင်းဆုံးပေါ့လေ.. ဒါပေမယ့် ကိုယ်ကအဲလိုဖြစ်အောင် နေသင့်တာဖြစ်ပြီး ကိုယ့်ကို စိတ်ရင်းအမှန်နဲ့ ပြောဆိုလာတဲ့သူတွေရဲ့စကားကို မချိုသာလို့ဆိုတဲ့သဘောနဲ့ ပစ်ပယ်ထားတာမျိုး အဲဒီလူကို အပြစ်တင်မိတာမျိုး မလုပ်မိအောင် ကိုယ့်ဘက်ကကြိုးစားရမယ်လို့ တွေးမိပါရဲ့..

အဖြေတစ်ခုကို ကျွန်တော်စောင့်နေရတယ်...တစ်လနီးပါး အချိန်ယူပြီးလုပ်ထားတဲ့ အလုပ်တစ်ခုရဲ့ အဖြေဟာ ဘယ်လိုဖြစ်လာမလဲဆိုပြီး ကျွန်တော်ရင်ခုန်နေမိပါတယ်.. ကိစ္စတစ်ခုပြီးပြတ်သွားလို့ စိတ်မောတာတစ်ခု ပျောက်သွားပေမယ့် အဲဒီကိစ္စရဲ့ နောက်ဆက်တွဲရလဒ်က ကျွန်တော့်ရင်ကို ပိုမောစေမလား.. မောသမျှတွေပြေစေမလားဆိုတာတော့ မသိနိုင်သေးပါဘူး..ဘယ်လိုရလဒ်မျိုးပဲဖြစ်ဖြစ် အဲလိုမျိုး ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်ရတဲ့အရသာကို ကျွန်တော်ကြိုက်တယ်.. ဒါကိုပဲ ဘ၀လို့ ကျွန်တော်ထင်မိတယ်..

ကျွန်တော်တို့ဘ၀မှာ အလုပ်တွေလုပ်ကြတယ်..ရည်မှန်းချက်တွေ ထားကြတယ်..ရည်မှန်းရာကို ရောက်အောင်သွားကြတယ်.. ရည်ရွယ်ရာကို ရောက်သူရောက်ပြီး မရောက်သေးတဲ့သူက မရောက်ကြဘူး.. တစ်ချို့ဆို ရည်ရွယ်ရာမရောက်လိုက်ဘဲ လက်ပြကျောခိုင်းသွားရတဲ့သူတွေလည်း ရှိတယ်..ဘာပဲဖြစ်ဖြစ် ဒေါက်တာမတင်ဝင်းရဲ့စာတစ်အုပ်ထဲမှာ ဖတ်ဖူးလိုက်သလို သေတာထက်သည်းတဲ့ပြဿနာမရှိဘူး ဆိုတဲ့စကားလေးကို ကျွန်တော် သိပ်သဘောကျမိပါတယ်..သေသွားရင် ကျွန်တော်တို့တွေ ဘယ်လောက်ကြီးပဲကြိုးစားချင် ကြိုးစားချင်..အားလုံးကို ထားခဲ့ရမှာ ..အဲဒါကြောင့် ရည်ရွယ်ရာရောက်အောင် ကြိုးပမ်းလို့ရနေသေးတာဟာ ကျွန်တော်တို့အတွက် ဆုလာဘ်တစ်ပါးလို့ ယူဆနိုင်ပါသေးတယ်..

ရည်ရွယ်ရာအတွက် ကြိုးပမ်းရင်းရလာတဲ့ ရင်ခုန်လှိုက်မောခြင်း ၊ ပင်ပန်းမောလျခြင်း ၊ စိတ်ဓါတ်ကျဆုံးခြင်း ၊ မျှော်လင့်အားတက်ခြင်းတွေ ကျွန်တော်ရဲ့နေ့ရက်တွေကို အသက်ဝင်စေပါတယ်.. အဲဒီနေ့ရက်တွေဟာ ကျွန်တော့်အတွက် ဘ၀ပါပဲ.. ကျွန်တော်ရှင်သန်နေတယ်ဆိုတာ ပြနိုင်တဲ့ အချိန်တွေပါပဲ.. အေးငြိမ်းငြိမ်သက်တဲ့ အောင်မြင်ရာအရပ်ကို ရောက်ရှိတဲ့ကာလတွေကိုလည်း ကျွန်တော်သဘောကျပါတယ်..ဒါပေမယ့် အဲဒီကာလဟာ ကျွန်တော့်အတွက် ရင်ခုန်ခြင်းကင်းတဲ့ အေးငြိမ်းရွှင်လန်းခြင်းကိုပဲ ပေးပါတယ်..ကျွန်တော်တမ်းတမိတာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ရင်ခုန်စရာနေ့ရက်တွေကိုပါ..

၂၀၀၇ နှစ်ဦးပိုင်းထိ ရေးဖြစ်ခဲ့တဲ့ လေပြေငယ် ကဗျာတွေဟာ ၁၈ ပုဒ်အရမှာ ပြီးသွားခဲ့ပါပြီ.. ဟိုအရင်ကထင်ခဲ့ဖူးတယ်.. မနှိုင်းကောင်းနှိုင်းကောင်း ဆရာဇော်ဂျီက ဗေဒါလမ်းကဗျာ (၄၁) ပုဒ်ကို သူ့တစ်သက်တာမှာ ရေးသွားခဲ့တယ်.. ကျွန်တော်ကလည်း လေပြေငယ်ကဗျာကို နံပတ်စဉ်အများကြီးနဲ့ တစ်သက်လုံးရေးသွားဖြစ်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် အထင်ရောက်ခဲ့ဖူးပါတယ်..

ခုတော့လည်း အဲဒီအတွေးတွေက အတိတ်မှာကျန်ခဲ့ပါပြီ... အရင် အတိတ်နေ့ရက်တွေတုန်းက လေပြေငယ်ကဗျာတွေဖတ်ရင် အဲဒီကဗျာတွေရေးစဉ်က ခံစားချက်ကို ပြန်ရပါတယ်.. ခုလေးတင်ပဲ လတ်လတ်ဆတ်ဆတ်ကြီး ဖြစ်သွားသလို ကဗျာဖတ်တိုင်း ပြန်ပြီးခံစားရတာပါ.. ခုတော့ ဒီကဗျာတွေက ခံစားချက်ကို ကိုယ်စားမပြုနိုင်တော့ပါဘူး.. အဖြစ်အပျက်တစ်ခုကိုပဲ ကိုယ်စားပြုနိုင်ပါတော့တယ်... ကျွန်တော့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ကိုယ်စားပြုပါတော့တယ်..

ကဗျာနဲ့ပတ်သက်တဲ့ ၊ လေပြေငယ်ကဗျာကိုဖတ်တိုင်းရတဲ့ ခံစားချက်ကတော့ လေပြေနဲ့အတူ ပါသွားခဲ့ပါပြီ..ကျွန်တော့်ဘ၀မှာ လေပြေလည်းချုပ်ငြိမ်း.. မုန်တိုင်းလည်းရုပ်သိမ်းသွားခဲ့ပြီ.ဆည်းလည်းသံကိုလည်း မကြားရတော့သလို ၀ါးရုံပျိုတွေလည်း မလှုပ်ခတ်တော့ပါဘူး... ပန်းစုံတောက လေပြေပုံပြင်တွေလည်း ဘယ်သူကမှ မပြောအားကြတော့ပါဘူး..ဒါကိုပဲ ဘ၀လို့ခေါ်တယ်ထင်ပါရဲ့.. ဖြစ်ချိန်တန်ဖြစ်သွားခဲ့ပြီး ပျက်ချိန်တန် ပျက်သွားခဲ့တော့တာလေ...

ကျိန်စာသင့်ရပ်ဝန်း (သို့) လေပြေငယ်-၁၈

လေပြေငယ်...
ကျိန်စာဆိုခဲ့ရော့လားကွယ်
ငါ့ရဲ့ရင်ရပ်ဝန်းခမျာ
ခုထိကို အေးရိပ်မရရှာဘူး...။

အရှေ့ရပ်ဆီ အသော့နှင်တဲ့မင်း
ချယ်ရီတွေနဲ့ဆော့ကစားရင်း
အရည်ပျော်နှင်းတွေကိုရော
ပိုအေးနေစေသလားနော်....။

မင်းသိ မသိ ငါမသိပေမယ့်..
မင်းအလိုမရှိတဲ့
စွန့်ပစ်ခံရပ်ဝန်းတစ်ခု
မျက်ရည်လည်းမစဲ လွမ်းမိုးလည်းသည်းနေဆဲပါ
ကျေပါတော့ လေပြေရာ....။

၂၀၀၇

အဆုံးသတ်ကို စတင်ခြင်း (သို့) လေပြေငယ်-၁၇

လေပြေငယ်....
လောကအနှံ့ ခြေဆန့်တော့မယ်ပေါ့ .....။

မထင်ခဲ့ဘူးကွယ်
မထင်ခဲ့ပါဘူး
ငါ့ရပ်ဝန်းမှာ
တိတ်တဆိတ် ငွေ့ရည်ဖွဲ့ ရဦးမယ်လို့
မထင်ထားခဲ့ဘူး .........။

တိတ်ဆိတ်သွားတဲ့ ဆည်းလည်းတွေ
ငြိမ်သက်သွားတဲ့ ရေအပြင်
ဆွံ့အ,သွားတဲ့ ၀ါးရုံပျို
................
................
ပြီးတော့
တစ်ကျော့ပြန် မုန်တိုင်းထဲ
မျော့မျော့ကျန်ခဲ့တဲ့ ငါ့နှလုံးသား
မျက်ရည်တွေနဲ့
နေရောင်မှာ တောက်ပစိုလက်နေရဲ့ .....။

သွားပါကွယ်
သွားပါတော့ ......
ချယ်ရီတောမှာ
ပျော်မောမယ့်ခြေလှမ်းသစ်တွေနဲ့
မင်းနယ်ပယ်ကို ချဲ့လိုက်ပါဦး
လေပြေငယ်.......။

၂၀၀၆

လေပြေငယ်-၁၆

လေပြေငယ်...
မင်းပေးမယ့် အိပ်မက်တွေကို
အနာဂတ်အတွက် လက်လွှတ်ခဲ့တဲ့....ငါ
အတိတ်ပြုစားချက်တွေ လဲ့လဲ့ပြေးတဲ့
ပစ္စုပ္ပန်ပါးစပ်ရာဇ၀င်ကနေ
မလွတ်မြောက်နိုင်သေးပါလား.....။

ရှေ့ဆက်မယ့် ခြေလှမ်းတွေ
ခပ်ကြော့ကြော့ ပြင်နေဆဲ...
ငါ့နောက်ကျောကနေ
လက်တွေနဲ့ ဖမ်းဆွဲထားကြတယ်
အတိတ်မှာပဲ ပျော်ဝင်လှည့်....”တဲ့.......။

သူတို့တွေ မသိကြပါဘူး..........။

မျှော်လင့်တိုင်းမောစေမယ့်
အိပ်မက်တွေ ပွေ့ပိုက်လို့
ခဏတဖြုတ်သဘောနဲ့
ခဏ ခဏ ရောက်လာတတ်တော့
ခဏ ခဏ ခံစားမိတာ
ခံစားသူ ငါ့အပြစ်လား...
ရောက်လာသူ မင်းအပြစ်လား....
မသိကြပါဘူးကွယ် ....။

လူတွေရဲ့ စွဲချက်နဲ့
ငါ... ပစ်..လဲမှာမဟုတ်ဘူး
ဒါပေမယ့်.....
အပြစ်”ပဲဖြစ်ဖြစ် အဖြစ်”ပဲဖြစ်ဖြစ်
သက်ဆိုင်သူက တစ်ယောက်တည်းမဟုတ်တာ
မင်းတော့..သိမယ်ထင်ပါရဲ့
လေပြေရယ် ................။

၂၀၀၆

လေပြေငယ်-၁၅

လေပြေငယ်...
ငါ .........
လက်လွှတ်လိုက်ပြီ
မက်မလိုလိုနဲ့
မိုးလင်းသွားတဲ့
မင်းပေးခဲ့ အိပ်မက်တွေကို..လေ.....။

ခုချိန်မှာတော့
မင်းအတွေးအပွေ့နဲ့
အိပ်သွားခဲ့တဲ့ အတ္တနဲ့မာနတွေ...
ဆိတ်ငြိမ်ခြင်းနဲ့ အသက်ဝင်တဲ့ငါ့ရပ်ဝန်းမှာ
ရှင်ပြန်လူးလွန့်လျက်.....
ပြီးတော့....
နောင်တတို့ကင်း လွတ်လပ်ပေါ့ပါးခြင်းတွေ စိုး ..မိုး...လျက်....။

ဘာပဲဖြစ်ဖြစ်
သေချာခြင်းတစ်ခုကလည်း
ငါ့အတွက်
အသေအချာရှိနေရဲ့
မင်းဟာ....
ငါ့အနာဂတ် မဟုတ်တော့ဘူး
လေပြေ.....။

၂၀၀၆

လေပြေငယ်-၁၄

လေပြေငယ် ...
အတိတ်ရဲ့ အရိပ်တွေထဲ
ခပ်မဆိတ်... ငါနေတတ်ခဲ့ပြီ ...။

မင်းပုံပြင်တွေ စီးမျောတဲ့
ပန်းစုံတောကိုလည်း
ငါ..မရောက်ဖြစ်တာ
ကြာပါပကော ....။

ခပ်သောသောနဲ့
ငါ့ကိုလှောင်တတ်တဲ့
ဝါးရုံပျိုတွေကလည်း
ဟို...အဝေးမှာပါပဲ....။

တစ်ခါတစ်ခါ ....
ပစ္စုပ္ပန်မှာ မပျော်ဝင်နိုင်သေးတဲ့ ..
ရင်ရပ်ဝန်းခမျာမှာ
မင်းအတွက်နေရာ...
ချန်ထားဆဲပါလား ...
လေပြေရယ် .......။

၂၀၀၆

လေပြေငယ်-၁၃


လေပြေငယ်...
ယဲ့ယဲ့ကျန်ဆဲ ငါ့အိပ်မက်တွေမှာ
မင်းနဲ့ကစားခွင့် မျှော်လင့်ခြင်းတွေက
ပြက်တစ်ခါ .. ပျောက်တစ်လှည့် .....။

ငွေ့ငွေ့ဖျော့ဖျော့
ခပ်လျော့လျော့ မင်းအတွေ့က
ရင်ရပ်ဝန်းမှာ အသော့နှင်နေဆဲ .....။

ခပ်သဲ့သဲ့နဲ့ မြမြသင်းတဲ့မင်းရနံ့က
ငါ့ရဲ့ဝင်သက်တွေမှာ တလျသသ ....။

ဟော....ကြည့်
ပျပျမွမွ ခပ်လွလွနဲ့ ...
ငါ့ရင်အရင်းဆီ
ဖွဖွနင်းဝင်လာတာက
အို ....ကွယ်
တမ်းတရခြင်းပါပဲလား ...
လေပြေရယ် ...............။


၂၀၀၄

အိပ်မက်မက်ရင်း မိုးလင်းတဲ့နေ့ (သို့ ) လေပြေငယ်-၁၂

လေပြေငယ်...
မကြေငြာဘဲ
ပြိုင်ပွဲက နှုတ်ထွက်တဲ့မင်း
ကြည်နူးခြင်းတွေ
“မပေးနိုင်တော့ဘူး...” တဲ့
ပန်းလေးတွေက ပြောကြတယ် .....။

အမည်မသိတဲ့ ရပ်ဝန်းနောက်
ကောက်ကောက်ပါအောင် လိုက်သွားဖို့
မင်း ... အသင့်ရှိနေပြီလား
“မသိတော့ဘူး ...” တဲ့
ငှက်လေးတွေက ပြောကြတယ် ......။

အိပ်မက်တွေပွေ့ ရင်းက
“မိုးလင်းပစ်တော့.....” တဲ့
တစ်ကြော့ပြန်မုန်တိုင်းထဲ
မောလျနေတဲ့ ငါ့နှလုံးသားက
ပြောနေတယ် .......။

ဒါပေမယ့်လေ ...
ဆင်ခြင်သိနဲ့ ချိန်ညှိခဲ့ရတဲ့
ငါ့အာရုံတွေမှာတော့ ....
မင်းရနံ့နဲ့ပဲ
မြေ့ ...မြေ့...လောင်မြိုက်ဆဲ...
ရှိ ... စေ...တော့.....
လေပြေရယ် .......။

၂၀၀၄

အိပ်မက်မှထမြောက်ပြီးနောက်(သို့ ) လေပြေငယ်-၁၁

လေပြေငယ် ...
လန့်နိုးခဲ့တယ် .....။

ပြီးတော့
စိန်အခေါ်မခံရဘဲ
ကစားရတဲ့ပွဲမှာ...
အရှုံးအထပ်ထပ်နဲ့ မင်သက်...
မမျှော်လင့်ခဲ့ပေမယ့်
ဒီအရှုံးနဲ့ပဲ ကျေနပ် ...။

ဒီလိုနဲ့ပဲ..
မုန်တိုင်းလည်းစဲ ကျီစယ်ဆဲမှာ
ဖြုန်းကနဲပေါ်လာတဲ့ လွင်ပြင်ထက် ...
ခြေရာချင်းထပ်ပါစေ
ဆက်ကစားကြစို့
လေပြေ ...။

၂၀၀၄

အိပ်မက်ဆန်သောအိပ်မက်(သို့) လေပြေငယ်-၁၀

လေပြေငယ် ...
ဖွလျလျ ထိခတ်လို့
မင်းရဲ့ ဖြစ်တည်မှုကို ပြခဲ့တယ်...။

ဒါပေမယ့်
အားပါးတရ ဆော့ကစားခွင့်တော့
မင်းမကမ်းလင့်ခဲ့ဘူးနော် ...
နေ့တစ်နေ့ကတော့ အရင်လိုစီးဆင်းဆဲ ...။

ဘာပဲဖြစ်ဖြစ်လေ ...
အိပ်မက်ဆန်တဲ့ပွဲမှာ
မုန်တိုင်းတို့ စဲသွားခဲ့ပြီလို့ ..
ထင်နေပါရစေ ...
လေပြေ............။

၂၀၀၄

နောင်တကိုကျွမ်းလောင်စေပြီးနောက် (သို့) လေပြေငယ်-၉

လေပြေငယ် ...
ခပ်သင်းသင်းမင်းရနံ့နဲ့
လောင်ကျွမ်းပစ်ခဲ့တယ်
ငါ့နောင်တတွေကို ....။

အကျီစားသန်ပေမယ့်
မင်းနဲ့ငါ ရန်မများခဲ့ပါဘူး
မင်းနဲ့ကစားခွင့်တွေ
ထပ်ရနိုးနိုးနဲ့ မျှော်ကိုးမိခဲ့ ....။

မထိတထိ မင်းအတွေ့မှာ
မသိတသိနဲ့
ခပ်လက်လက် ပျော်ဝင်ခဲ့မိတာလည်း
ကြာခဲ့ပြီလေ ......။

ခပ်ပါးပါးတွေးကြည့်ရင်
စောင့်ရတဲ့ ငါ့ဘဝ
ဇာတ်သိမ်းလှ..မလှ
ငါ..မသိရိုးအမှန်ပါ ...။

တစ်ခါတစ်လေဆို
မပြောဘဲသိမယ့် မင်းဆီက
မတောင်းဘဲပေးမယ့် အခွင့်တွေ
ရချင်နေမိတာတော့
နားလည်ပေးပါ ...
လေပြေရာ...........။

၂၀၀၄

ရနံ့နှင့်အတူ ထမြောက်ခွင့် (သို့) လေပြေငယ်-၈

လေပြေငယ် ...
ငါကြားခဲ့တယ်
ခပ်သော့သော့နှင်ခဲ့တဲ့
တိုးလျလျ မင်းရဲ့အသံကိုပေါ့ ....။

တောင်ရနံ့ တောရနံ့
ရေရနံ့ မီးရနံ့
မြေရနံ့ ပန်းရနံ့
......ရနံ့
......ရနံ့
......ရနံ့
ရနံ့စုံရောပြွမ်း
သွန်းဖွဲ့ခဲ့မင်းရနံ့က
ရင်ထဲကို ခပ်ရှရှဝင်ရောက်
မွှေနှောက်နိုင်ဆဲလေ.....။

တကယ်ဆိုရင် ..
မင်းပေးခဲ့တဲ့
ဖျော့တော့တော့ အထွေးအပွေ့နဲ့
ရှင်သန်ဆဲ ငါ့အိပ်မက်တွေမှာ ...
မင်းနဲ့ဆော့ကစားခွင့်တွေရေတွက်ရင်း ..
မင်းရဲ့ကျီစယ်သံတွေကြားက
နိုးထခွင့်တော့ ပေးသင့်ပြီထင်ရဲ့
လေပြေရယ် ..........။

၂၀၀၃

အစသစ်(သို့ ) လေပြေငယ်(၇)

လေပြေငယ်
မင်းရောက်ပြီနော် ..
ဒီတစ်ခါတော့ ..
တဒင်္ဂကစားခွင့်
ငါ..အသင့်ဆုပ်ကိုင်နိုင်ခဲ့ ...။

နုမြတဲ့ မင်းအတွေ့နဲ့
ကမ္ဘာဟာနောက်ပြန်လည်သွားတယ် ..
ရှင်းသန့်သန့် မင်းရနံ့နဲ့
ငါ့ ပစ္စုပ္ပန်ဟာ နုပျိုလျက်ပေါ့ ...။

မိုးဖြူတွေလည်း မစဲပဲ
တသည်းသည်းရွာရင်းက
လန်းဆတ်တဲ့ မင်းလက်ဆောင်တွေ ..
ငါ့အချိန်တိုင်းမှာ ပျံ့ နှံ့ တည်လို့ ..
တစ်သက်တာကစားခွင့်
မင်း...ပေးသင့်ပြီထင်ပါရဲ့
လေပြေရယ် ............။
၂၀၀၃ သြဂုတ်လ

မျှော်လင့်ခြင်း၏ အစွန်းတစ်ဘက်မှာ (သို့ ) လေပြေငယ်-၆


လေပြေငယ်
ငါရောက်ခဲ့တယ် ...
ကောင်းကင်လွင်ပြင်မှာ
တိမ်ဖြူဖြူတစ်အုပ်နဲ့
အချိန်လုပ်စကားဆိုနေမယ့်
မင်း .. ရှိရာ အရပ်ကိုပေါ့...။

ဒီတစ်ခါတော့...
မင်းနဲ့ကစားခွင့် သေချာအသင့်ရှိပြီဆိုတဲ့
အထင်တစ်ခွဲသားနဲ့...
မြေမထိခြေလှမ်းတွေ ငါလှမ်း
စိတ်ကူးနဲ့မျှော်မှန်း အပျော်တွေလွှမ်းခဲ့တာများ
မင်းသိရင် ရယ်မလားကွယ် ...။

တကယ်တမ်းကျတော့
ငါ့မှာ...
ငှက်ပြာတစ်သင်းနဲ့သာရင်ဆိုင်တွေ့
မင်းကတော့ ...
ခပ်အုပ်အုပ်ရယ်သံပြု
ငါ့ကို လျစ်လျှူ ရှုသွားပြန်တယ် ...။

အဲဒီအချိန်မှာ ...
သုတ်ကနဲထပျံတဲ့
အ၀ါရောင်ငှက်တစ်ကောင်ရဲ့
ခပ်စွေစွေအကြည့်ကြောင့်
ငါ့သတင်းစကား မင်းအပါးပြောကြားပေးမလားပေါ့ ........။

ငါဟာ ...
အိမ်ရှင်မဲ့နေရာမှာ
မင်းနဲ့ကစားခွင့်တွေရေတွက်ရင်း
ယုံကြည်အိပ်မက်တွေပြိုပျက်
အားငယ်မှုနွံအိုင်မှာ လှုပ်လေမြုပ်လေဖြစ်နေ..ဆဲ .
နာရီသံတွေက ငါ့အား
တီးတိုးစကားပြောကြားကြတယ်
“နိုးထလှည့်တော့ ကလေးရယ် ..
ဘ၀ဆိုတာ ကစားချိန်တွေနဲ့ချည်း
ဖွဲ့စည်းထားတာ မဟုတ်ဘူး
ကစားချိန်ကျ ကစားခွင့်ရ..ရစေမပေါ့ ” တဲ့ ....။

ဒီစကားတစ်ခု အားပြုလို့ရုန်းကာထ
မင်းနဲ့ကစားခွင့် မျှော်လင့်ချက်တွေခဏမြေမြှုပ် ...
ဘ၀သစ်ဆီလှမ်းရတော့မယ့် ငါလေ
စကားသဲ့သဲ့ ပြောခဲ့ပါရစေ....
ငါ့ဘ၀ရဲ့ ခဏငယ်တိုင်းမှာ
မင်းကို ...
ခပ်ဖွဖွ တ..သနေဦးမှာပါ ..
လေပြေရာ .................။

၂၀၀၃

မထင်မှတ်သော(သို့ ) လေပြေငယ်-၅

လေပြေငယ် ...
ကြာခဲ့ပြီနော်
ဒါပေမယ့်
မင်းအထွေးအပွေ့
ငွေ့ငွေ့ မက ကျန်ဆဲ ....
စိမ်းရှရှ မင်းရနံ့တွေလည်း
ငါ့အနားမှာ ရစ်ဝဲ...။

ကျီစားသန်သူ မင်းကတော့
လောကအနှံ့ ခြေဆန့်ရော့မယ် ...
မုန်တိုင်းရဲ့ ဒဏ် အလူးအလဲခံပြီး
လွတ်ကျသွားတဲ့ အိပ်မက်တွေနဲ့
လဲပြိုသူ ငါ့မှာသာ...
မင်းကို တမ်းတရဆဲပါလား ....။

ဒီအခါမှ..
ငါ့ရင်ထဲကိုဆင်း
စိတ်ခြေရင်းကိုအကြည့်..
အသိမှာ ဘွားကနဲတွေ့တာက
အိပ်မက်ဘုံတစ်ခု .....။

အလို......
လေပြေရယ်
လှိုင်လှိုင်လွှမ်းတဲ့ ရနံ့တွေက
စိမ်းစိမ်းရှရှ ............။

၂၀၀၃

လေပြေငယ်-၎

လေပြေငယ် ...
မင်းရောက်ရင်လေ
တေးသီတတ်တဲ့ ..ဆည်းလည်းရယ်
ယိမ်းကတတ်တဲ့ ..ပန်းလေးရယ်
တိုးတိုးရယ်တဲ့ ..၀ါးရုံပျိုရယ်
လှုပ်ခတ်သွားတဲ့ ..ရေပြင်ရယ်
. . . . . . . .
. . . . . . . .
. . . . . . . .
သူတို့ကို ...
ငါမေ့ထားခဲ့တယ်......။

သြော် ...
မင်းကစားဖော်
ငါတစ်ယောက်တည်းမှ..မဟုတ်ပဲရယ်လို့
တိတိပပ သတိရချိန်မှာတော့
မင်းနဲ့ကစားခွင့်ရနိုး
မျှော်ကိုးအိပ်မက်တွေကို လှုပ်ခါချ...
သွေးနားထင်ရောက် မြောက်ကြွကြွဖြစ်နေတဲ့
ငါ့ကိုယ်ငါ...
ခပ်ထေ့ထေ့ပြုံးရင်းက
သက်ပြင်းသဲ့သဲ့တော့ ချလိုက်မိတယ် ....။

ဒီအခါမှပဲ ..
မင်းပြုစားလို့ မြေကြီးဖြစ်သွားတဲ့
ငါ့နှလုံးသားကို ထွန်ယက် ...
အတွေးမျိုးစုံကြဲပက်ပြီး ...
ငါ့အဖြစ်မှန်ကို စေ့ငုမိတော့
တစ်ဖက်သတ်အတွေးအထင်နဲ့
မေ့မူးခဲ့တဲ့ .. ငါသာ
အပြစ်ရောက်သူ ဖြစ်နေပေါ့ ....
. . . . . . .
. . . . . . .
. . . . . . . . . ။

အဲဒီလို....
ပူလောင်တဲ့နောင်တတွေးတွေကြားက
လွတ်မြောက်ချင်တဲ့ ငါဟာ .......
ခွင့်လွှတ်ခြင်းတောင်ပံတစ်စုံကို အားယူရိုက်ခတ်
အလွမ်းရနံ့သင်းတဲ့ တမ်းတခြင်းနယ်ကိုဖြတ်လို့
အချစ်အမုန်းနဲ့ အပြစ်အရှုံးမတွက်တဲ့
ဥပေက္ခာရင်ခွင်မှာနားခိုရင်းနဲ့
မင်းကို ...
တိုးတိတ်ညင်သာ
ဖွဖွလေးတော့ ....
အမှတ်ရနေဦးမှာပါ
လေပြေရာ ........။

၂၀၀၂ စက်တင်ဘာ

လေပြေငယ်-၃

လေပြေငယ် ...
အလည်တစ်ခေါက်..
မင်းရောက်ခဲ့ပြန်ပြီနော် ....။

ဆိတ်ငြိမ်တဲ့ နှလုံးသားရင်ပြင်
လှိုင်းကြက်ခွပ်ထင်လို့ ...
မုန်တိုင်းကို စိုးရွံ့မိသေးတယ်
ဒါပေမယ့် ...
မင်းရဲ့ ကျီစယ်မှုအောက်
ဝေဒနာခါးတွေ ကြက်ပျောက် ငှက်ပျောက် ...
သူရဲကောင်းတစ်ယောက်လို
အထင်ရောက်လျက်က
ဝင့်ဝင့်ကြွားကြွား မင်းနဲ့ဆော့ကစားလို့ပေါ့...။

တကယ်တော့...
ငါ့အနားက
ရှောင်တခင် မင်းထွက်သွားမလား
တိတ်တိတ်လေးထိတ်နေမိတာ...
မင်းသိသားနဲ့ ...
လျစ်လျှူရှုဆဲလား
လေပြေရယ် .......။

၂၀၀၂ ဇူလိုင်

အချိန်ခါးခါး (သို့) လေပြေငယ်-၂

ရင်တွင်းရာသီဥတုဌာနမှ
မိုးလေ၀သ အထူးသတင်းကြေငြာချက်
“အမည်မသိ မုန်တိုင်းတစ်ခုသည်
နှလုံးသားရပ်ဝန်းတွင် ဗဟိုပြု၍
လွမ်းတမှုပင်လယ်သို့ ဦးတည်နေသည်...
မုန်တိုင်းကာလသည် ၂၀၀၂ ခု မတ်လလယ်တွင်စတင်ပြီး
မည်သည့်ကာလတွင် အဆုံးသတ်မည်မသိ....
တစ်နာရီလျှင် မိုင်(၁၅၀၀) နှုန်း တိုက်ခတ်နိုင်ပါသည်” .....။

သတင်းကြားကြားချင်း ကသုတ်ကရက်
ရွက်ရုပ်ကာ လှည့်မယ်ကြံတော့
ခရီးက လွန်ခဲ့ပြီ...။

ငါ့အသိမှာ သတိဆိုတဲ့အကာ
ဝတ်လစ်စားလစ်ဖြစ်ချိန်
အကျီစားသန်တဲ့ လေပြေငယ်
ပစ်ပြေးခဲ့တယ် .....။

ခုတော့လည်း
မုန်တိုင်းအတွေ့က ခါးသလိုလို...
ငါဟာ...
လွမ်းတမှုပင်လယ်အောက် နစ်မသွားအောင်ကြိုးစားဆဲ
အဆွေးလှိုင်းပုတ်လို့ အသည်းတွေက စပ်ဖျဉ်းဖျဉ်းနဲ့....
တစ်ခါတလေလည်း
နောင်တကျောက်ဆောင်တွေနဲ့ ဘွားကနဲတွေ့
ငါ့လှေလေးမပြိုအောင် အလွတ်ရှောင်ခဲ့ရတယ်...။

အချိန်ဆေးဆရာကတော့ ပြောရဲ့..
မုန်တိုင်းလွန်ရင် ငါ့ကို..
အတိတ်မေ့ဆေးတစ်ခွက်တိုက်မတဲ့...။

အတွေ့ခါးကို လွန်ချင်ပေမယ့်
လက်ကျန်ဆေးကိုတော့ ငါ..မသောက်ချင်ဘူး...
လေပြေရဲ့ အထွေးအပွေ့ ငါ..မမေ့ရက်ဘူး...
ဒီအတွေ့ ရဲ့ အလွန်မှာ ..မင်းရှိနေတာ...
ငါသိတယ်..
လေပြေငယ်.....။

၂၀၀၂

ကျောင်းမှာတုန်းက “လေပြေငယ်” ဆိုတဲ့ခေါင်းစဉ်နဲ့ ကဗျာမဟုတ်တဲ့ ကဗျာတွေကို ရေးခဲ့ဖူးပါတယ်.. ရေးခါစက နောက်ဆက်တွဲကဗျာတွေ ရေးဖို့မရည်ရွယ်ခဲ့ပါဘူး.. ကျောင်းမှာ ကဗျာစာအုပ်တွေထုတ်ကြတော့ သူငယ်ချင်းတွေက ကြိုက်တယ်ဆိုတာနဲ့ ဆက်ရေးဖြစ်ခဲ့ပါတယ်..ကာရန်မပါတဲ့ကဗျာတွေထဲမှာ ကျွန်တော် ပထမဦးဆုံးရေးဖြစ်ခဲ့တဲ့ ကဗျာပါ..ဒါပေမယ့် ကာရန်အလွတ်ချည်းပဲတော့ မဟုတ်ပါဘူး.. ဒီကဗျာတွေမှာ အဖြစ်အပျက်က မဆန်းသစ်ပေမယ့် စကားလုံးကို အဓိကထား ရေးဖြစ်ထားပါတယ်..ကျွန်တော့်ကဗျာတွေက မော်ဒန်လည်းမဟုတ်ပါဘူး.. ဘာရယ်လို့လည်း ကျွန်တော်မပြောတတ်ပါဘူး.. ကဗျာလို့တောင် ဆိုနိုင်ချင်မှ ဆိုနိုင်မယ့် ကျွန်တော်ရေးချင်တာ ရေးထားခဲ့တဲ့ စကားလုံးတွေပါပဲ..ဘာပဲဖြစ်ဖြစ် ကဗျာလို့ပဲ ထားလိုက်ပါတော့.. ဒီကဗျာတွေကို နေးတစ်မြန်မာဖိုရမ်မှာ To Breeze ဆိုတဲ့ နာမည်နဲ့ တော့ပစ်တင်ဖူးပါတယ်..၂၀၀၁ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ရေးဖြစ်ခဲ့တဲ့ ကဗျာတွေပါ.. ပုံပြင်တစ်ပုဒ်ကို ကိုယ်စားပြုပါတယ်..ကဗျာပုဒ်ရေတော်တော်များများမှာ သူနဲ့သက်ဆိုင်တဲ့ ခေါင်းစဉ်တစ်ခုစီ ရှိပါတယ်.. တစ်ချို့ကဗျာတွေက ခေါင်းစဉ်သပ်သပ် မပေးချင်တော့လို့ လေပြေငယ် နံပတ်ဘယ်လောက်လို့ပဲ ပေးတာမျိုးလည်း ရှိပါတယ်..ခံစားကြည့်ကြပါ..ကျွန်တော့်ဘ၀အတွက် အမှတ်တရကဗျာတွေပါ..

နားလည်ပြီး မျှော်လင့်ခြင်း (သို့) လေပြေငယ်-၁

လေပြေငယ် ...
မင်းဆော့ကစားချိန်...
ငါ..သိပ်ပျော်တယ်...
မင်းနဲ့အတူ ကြည်နူးဆွတ်ပျံ့စရာတွေ
ယီးလေ့ခို ပါတတ်လို့လေ...။

စကားလေးတစ်ခု ..
ကိုယ်ကြားဖူးရဲ့ ...
“ဘုရားသခင်က လူတစ်ယောက်ကို ဖျက်ဆီးချင်ရင်
အကောင်းဆုံးအရာတွေပေးသတဲ့” ...။

ငါ့အတွက် ...
အကောင်းဆုံးအရာကို ဆောင်ယူခဲ့တဲ့
လေပြေငယ် ...
မင်းဟာ...
မုန်တိုင်းတစ်ခု ...
အပါခေါ်ခဲ့မယ်ဆိုတာ
ငါ...တကယ်ကို သိနေခဲ့တာပါ ....။

ဘယ်လိုဖြစ်စေ ...
မင်းနောက်ကွယ်မှာ ..
ငါဟာ ...
ပျော်နေတဲ့နှလုံးသားလေး အမြဲပျော်အောင်ထားပြီး
မင်းရဲ့အဖော်ကို ကြည်နူးမှုအပြည့်နဲ့ ဧည့်ခံရင်း
မင်းနဲ့အတူ ဆော့ကစားခွင့်ကို...
မျှော်လင့်ဆဲပါ ...
လေပြေရာ .......။

၂၀၀၁ ခုနှစ်


 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews