ဆောင်းဦးနှင်းအလွန် နေ့ရက်များ..

တစ်နှစ်တာရဲ့အနားသတ်လ...
တစ်ပတ်လည်ဝဋ်ကြွေးတစ်ခုကို
ရှေးရှေးမနေ့တွေရဲ့ပျော်စရာအဖြစ်
အယောင်ဆောင်ပြီး ရောက်လာခဲ့...။

ဘယ်သူ့ကို အပြစ်တင်ရမလဲ
နည်းပညာလား ...
စပ်စုပွင့်လင်းတဲ့ ငါ့ကိုယ်ငါလား..
မတော်တဆတွေ အမှတ်တရဖြစ်ဖြစ်သွားတာကိုလား..
မထင်မှတ်တာတွေ ဖန်ဆင်းတတ်တဲ့ ကံဆိုတာလား
တိမ်းတိမ်းပွေပွေဖြစ်သွားတဲ့ ငါ့စိတ်ကိုလား...။

အငိုအလွမ်းခန်းတွေ များလှပြီ..
ကန့်လန့်ကာချလိုက်ပါတော့
တိတ်တဆိတ်နဲ့ ခပ်ကျိတ်ကျိတ်ငိုတတ်ချင်တယ်...။

နိုဝင်ဘာ ၁၈ ၂၀၀၇

ကျွန်တော်နေခဲ့ဖူးတဲ့ အောက်မြန်မာပြည်က မြို့လေးတစ်မြို့ကို သတိရတဲ့အနေနဲ့ ဒီပို့စ်ကိုရေးဖြစ်ပါတယ်.. ဒီနေ့ပဲ အဲဒီမြို့လေးမှာ တစ်အိမ်တည်းနေခဲ့ကြတဲ့ သူတွေနဲ့ ပြန်ဆုံခဲ့ရတယ်.. သူတို့တွေက မန္တလေးကို လာကြတာပါ.. လူချင်းမတွေ့ရတာ ၁၀စုနှစ်ကိုတော်တော်ကျော်နေပြီဆိုပေမယ့် ပြန်ဆုံတာနဲ့ အချင်းချင်း ချက်ချင်းမှတ်မိကြတယ်.. ပြီးတော့ စကားတွေပြောရတာလည်း အားမရနိုင်အောင်ကိုပဲ.. သူတို့ဆီမှာနေတုန်းက အဖြစ်အပျက်တွေ၊ လမ်းထဲကလူတွေကို နာမည်တွေ ဘယ်နားမှာနေတယ်ဆိုတာတွေပါ ကျွန်တော်က မှတ်မှတ်ရရမေးတဲ့အခါ သူတို့တွေ အံ့သြ၀မ်းသာကြပါတယ်.. သူတို့မြို့က ထွက်လာတော့ ကျွန်တော် အသက် ၁၀ နှစ်သာသာပဲရှိသေးတာ.. နှစ်နှစ်နီးပါးလောက်ပဲနေခဲ့တဲ့နေရာပေမယ့် အဲဒီမြို့က လူနဲ့ နေရာတော်တော်များများကို ကျွန်တော်မှတ်မိနေတာ မှတ်ဥာဏ်ကောင်းလွန်းလို့ပဲလား ၊ အဲဒီမြို့ကကို အမှတ်ရစရာ ဖြစ်နေလို့လားတော့ မပြောတတ်ပါဘူး..

မိတ်ဆွေဟောင်းနဲ့ ပြန်ဆုံဖြစ်တော့ မဆုံဖြစ်တဲ့ မိတ်ဆွေဟောင်းတွေအကြောင်း ပြောဖြစ်ကြတယ်.. ကျွန်တော့်သူငယ်ချင်းတစ်ချို့လည်း အိမ်ထောင်ကျကုန်ပြီ.. တစ်ချို့အသိတွေက သက်ရှိထင်ရှားမရှိကြတော့ဘူး.. ကျွန်တော်နေခဲ့တဲ့ကျောင်းက ဆရာမတွေလည်း တစ်ချို့က ခုထိအပျိုကြီး ၊ တစ်ချို့က သားသမီးဘယ်နစ်ယောက် .. ဘယ်ကိုရောက်နေတယ်.. တစ်လမ်းတည်းအတူနေ ကစားဖော်ကစားဖက် သူငယ်ချင်းတွေထဲက ဘယ်သူတွေတော့ ဘယ်လိုကြီးပွားနေပြီ.. ငယ်ငယ်က တာတေလန်အောင်ဆိုးခဲ့ပေမယ့် ခုချိန်မှာ သိပ်လိမ္မာပြီး အိမ်ကိုလုပ်ကျွေးနေပြီ.. တစ်ချို့သူငယ်ချင်းက နိုင်ငံရပ်ခြားမှာအလုပ်လုပ်နေတယ်.. စတဲ့စတဲ့ သတင်းတွေ ရခဲ့ပါတယ်..

ဆယ်စုနှစ်ကျော်ကျော်ဆိုတာ လူတစ်ယောက်ရဲ့ဘ၀ကို အများကြီး ပြောင်းလဲစေတာပဲလို့ တွေးမိပါရဲ့... ကိုယ်က လှုပ်ရှားရုန်းကန်နေရချိန်မှာ တစ်ချို့အသိတွေက တစ်သက်စာအနားယူသွားပြီ.. တစ်ချို့အသိတွေက ကိုယ့်ထက်ပိုပြီး ရုန်းကန်နေကြရတယ်.. အသက်ရှင်သရွေ့ ဆက်ပြီးရုန်းကန်ကြရဦးမယ်.. အဲသည်လူတွေထဲ ကျွန်တော်လည်း တစ်ယောက်အပါအ၀င်ပဲပေါ့..

လူတွေဆုံတွေ့ကြတယ်.. ခင်မင်ကြတယ်.. နောက် ကွဲကွာသွားကြတယ်.. ခဏကွဲတာရယ် ဘယ်တော့မှပြန်မတွေ့ခြင်းနဲ့ တစ်သက်လုံးကွဲတာရယ် နှစ်မျိုးပဲရှိမှာပါ..ဘယ်လိုပဲဖြစ်ဖြစ် ကွဲကွာသွားတဲ့ လူချင်းပြန်တွေ့တဲ့အချိန်မှာ အဲဒီသူတွေကို ၀မ်းသာအားရ နှုတ်ဆက်ပြောဆိုနိုင်တဲ့သူ .. ချစ်ချစ်ခင်ခင် ကြည်ကြည်ဖြူဖြူနဲ့ ပြောဆိုရယ်မောနိုင်တဲ့သူပဲ အမြဲဖြစ်ပါရစေလို့ ဆုတောင်းမိပါရဲ့..

ဆရာတော်ရှင်ဆန္ဒာဓိကရဲ့ “ဘယ်လောက်ဝေးဝေး နီးနီးလေး” ဆိုတဲ့ စာအုပ်လေးဖတ်ဖြစ်ပါတယ်.. အဲဒီထဲမှာ ရွှေဟင်္သာမင်းဇာတ်ထဲမှာ ဟင်္သာမင်းနဲ့ လူ့ပြည်ကမင်းတစ်ပါး မြင်မြင်ချင်းချစ်ခင် မိတ်ဆွေဖြစ်ကြတဲ့အကြောင်းကို ရေးပြထားပါတယ်.. ဗြဟ္မဒတ်မင်းနဲ့ ထင်ပါရဲ့.. (တိုင်းမသိ ဗာရာဏသီ.. မင်းမသိ ဗြဟ္မဒတ်လုပ်ချလိုက်ပြီ..ဟီးဟီး ).. ဗြဟ္မဒတ်မင်းကြီးက ရွှေဟင်္သာမင်းကို ချစ်လွန်းလို့ နေရပ်ကိုမပြန်ဘဲ နန်းတော်ထဲမှာ အပြီးနေဖို့ တောင်းပန်ပါတယ်.. အဲဒီမှာ ဟင်္သာမင်းပြန်ပြောတဲ့ စကားလေးကို သိပ်သဘောကျမိလို့ ဒီပို့စ်လေးကို ရေးဖြစ်တာပါ..

ရွှေဟင်္သာမင်းက ဘာပြောလဲဆိုတော့ “အရှင်မင်းကြီး တစ်ချို့လူတွေဟာ အချင်းချင်း မမြင်ဖူးဘဲနဲ့ သတင်းကြားရုံနဲ့တင် ချစ်ခင်မြတ်နိုးကြတယ်.. ဒါပေမယ့် လူချင်းတကယ်တွေ့တော့ မချစ်ခင်ဘူး.. တစ်ချို့တွေကျတော့ သတင်းကြားရုံနဲ့တင် ချစ်ခင်မြတ်နိုးကြသလို အချင်းချင်းဆုံတွေ့ကြတဲ့အခါလည်း ချစ်ခင်မြတ်နိုးကြတယ်.. ဒါပေမယ့် အတူနေဖန်များလာတဲ့အခါကျတော့ မချစ်ခင်နိုင်တော့ဘဲ အချင်းချင်း မုန်းသွားတတ်ပါတယ်.. အဲဒါကြောင့် အရှင်မင်းကြီးနန်းတော်မှာ အမြဲတမ်းမနေပါရစေနဲ့.. တွေ့ချင်တယ်ဆိုရင် တစ်လတစ်ခါဖြစ်စေ.. အချိန်အတန်ကြာမှ နန်းတော်ကို လာခဲ့ပါ့မယ်” လို့ ပြောပါတယ်..

အဲလိုစကားမျိုးကို ဦးအေးမောင်ရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးလိုက်ပါသေးတယ်.. မိတ်ဆွေသူငယ်ချင်းဆိုတာ အမြဲတမ်းဆုံတွေ့နေတာထက် လိုအပ်မှ ဆုံတွေ့တာမျိုးဟာ ချစ်ခြင်းကို ပိုရှည်စေတယ်လို့ ရေးထားတာလေးပါ.. သိပ်ကို ရင်းနှီးကျွမ်းဝင်လွန်းအားကြီးသွားရင် ခင်မင်တယ်ဆိုတဲ့ အကြောင်းနဲ့ တစ်ယောက်မှာရှိတဲ့ လေးစားစရာအချက်တွေကို သိပ်မမြင်တော့ဘဲ (ဒါမှမဟုတ် ) အလေးမထားတော့ဘဲ နေမိတတ်တယ်.. တစ်ခါတလေ မပြောသင့်မပြောအပ်တဲ့ စကားမျိုးလည်း ပြောမိတတ်တယ်.. အဲဒါနဲ့တင် မိတ်ပျက်တတ်တယ်ဆိုတဲ့ သဘောဖြစ်နိုင်ပါတယ်.. အမြဲတမ်းမှန်တဲ့အချက်မဟုတ်ပေမယ့် ယေဘုယျအားဖြင့် မှန်တယ်လို့ ကျွန်တော် ယူဆမိတယ်..

ကျွန်တော့်မှာ မိတ်ဆွေသူငယ်ချင်း အများကြီးရှိပါတယ်.. အဲဒီထဲမှာ အမြဲမပြတ်ဆုံတွေ့ရတယ်ဆိုတဲ့သူငယ်ချင်းမျိုးက သိပ်ရှားတယ်လို့ ပြောရမယ်.. အလုပ်အတူလုပ်ရတဲ့သူငယ်ချင်းမျိုးပဲ အများစုရှိမယ်ပေါ့.. ဒါပေမယ့် အလုပ်ရောက်ရင် သူ့အလုပ် ကိုယ့်အလုပ် လုပ်နေတာနဲ့ပဲ ရင်းနှီးတယ်ဆိုဦးတော့ အရမ်းကြီးအကျွမ်းတ၀င်ဖြစ်မလာတော့ဘူး.. ဒါကြောင့်များ အချင်းချင်းကြားမှာရှိတဲ့ ချစ်ခြင်းတွေ ရှည်ကြာနေတယ်ထင်ပါရဲ့..


 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews