ဆယ်တန်းနေတုန်းက အဆောင်မှာခင်ခဲ့တဲ့သူငယ်ချင်းတွေထဲမှာ ခုချိန်ထိကျွန်တော်နဲ့ အဆက်အသွယ်မပြတ်ဘဲ ဆက်ခင်နေတာ တစ်ယောက်ပဲရှိပါတော့တယ်.. အဲဒီသူငယ်ချင်းနဲ့ ကျွန်တော်က အဆောင်ကိုရောက်လာပြီးသိပ်မကြာဘူး အခင်မင်ဆုံးလိုဖြစ်သွားတယ်.. ဘာလို့လဲဆိုတော့ သူ့အရည်အချင်းတွေကို ကျွန်တော်သိပ်သဘောကျခဲ့သလို သူကလည်း ကျွန်တော့်ကို သိပ်သဘောကျခဲ့တာမို့ပါ.. သူ့ဘက်ကကြည့်ရင်ကျွန်တော်က ထူးဆန်းပြီး တွေ့နေကျမိန်းကလေးမျိုး မဟုတ်သလို သူ့ကိုလည်း ကျွန်တော်ကအဲလိုထင်ထားခဲ့တယ်.. သူကစာလည်းတော် ၊ ပေါင်းသင်းဆက်ဆံရေးလည်းကောင်းပါတယ်.. သူစိမ်းကို မကြောက်တတ်ဘဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအမြဲရှိတဲ့ မိန်းကလေးပါ.. ပြီးတော့ သူ့မိသားစုရဲ့ နေပုံထိုင်ပုံအရ.. ပွင့်လင်းတဲ့မိန်းကလေးပေါ့.. သူမကြိုက်ရင် မကြိုက်တာကို ပြောရဲတယ်..စိတ်ဆိုးတဲ့ပုံစံနဲ့မဟုတ်ဘူး .. သာမန်ပြောနေကျပုံစံနဲ့ပဲ..အဲဒီအချက်လေးကို ကျွန်တော် တော်တော်သဘောကျပါတယ်.. ဒါပေမယ့် အဲလိုမျိုးသူ့ကို အထင်ကြီးထားတာတွေများတော့ နောင်ကျ သူ့ချို့ယွင်းချက်တွေ့လာတဲ့အခါ ပြဿနာရှိလာပါတော့တယ်... ကျွန်တော်နဲ့သူ ခင်ပုံခင်နည်းက ..စားအတူ သွားအတူ စာကျက်အတူ စာသင်သွားတာတောင် အတူတူ.. စာသင်ခန်းထဲမှာလည်း အတူတူထိုင်ပါတယ်.. အချိန်တော်တော်များများမှာ နှစ်ယောက်အတူတူ ရှိနေတတ်တယ်.. ဆရာ၊ ဆရာမတွေရော တခြားအတန်းဖော်တွေကပါ ကျွန်တော့်ကိုမြင်ရင် သူ့ကိုလည်းမြင်ပြီးသားပဲ.. သူ့ကိုမြင်ရင် ကျွန်တော့်ကိုမြင်ပြီးသားပဲ.. အမြဲတမ်း နှစ်ယောက်အတူမြင်နေကျလိုကို ခင်ခဲ့ကြတာပါ.. အဲလိုခင်တာ ၄ လလောက်ကြာတော့ကျွန်တော့်ကို သူ ရှောင်လာပါတော့တယ်.. ဘေးက ဆရာ၊ဆရာမတွေရော သူငယ်ချင်းတွေကပါ.. နင်နဲ့ သူဘာဖြစ်ကြသလဲလို့ မေးကြတဲ့အထိ ရုပ်ပျက်ဆင်းပျက်နိုင်တာပါ.. သူ့ကို တခြားလူတွေကမေး-မမေးတော့ မသိဘူး.. ကျွန်တော့်ကိုလာမေးရင် ကိုယ်တိုင်ကလည်း ဘာကြောင့်သူအဲလိုနေနေမှန်း မသိတာအမှန်ပဲမို့ ဘာပြဿနာမှမဖြစ်ဘူးလို့ပဲဖြေရတာ တော်တော်စိတ်ဆင်းရဲပါတယ်..

အဲဒီအနေအထားကို သည်းမခံနိုင်တော့တဲ့တစ်ရက် စာသင်ချိန်အပြီးမှာ.. သူ့ကို ပြောစရာရှိတယ် မပြန်နဲ့ဦးပြောပြီး အတန်းထဲမှာ နှစ်ယောက်တည်းကျန်တော့မှ နင်.. ဘာလို့ ငါ့ကိုမခေါ်တာလဲ.. မေးတော့ .. ဒီအတိုင်းပါပဲ.. ဒီလိုကြီးမနေချင်လို့ပါတဲ့..နင်ကရော မနေ့က ငါ ကစားဖို့ခေါ်တော့ ဘာလို့လာမကစားသလဲတဲ့ (အဲ့ဒီအရင်ရက်က ကျောင်းပိတ်ရက်မို့ အဆောင်နေသူငယ်ချင်းတွေ စုကစားတဲ့အချိန်မှာ သူက ကျွန်တော့်ကို လာခေါ်ပါတယ်.. ကစားချင်စိတ်မရှိတာနဲ့ သူခေါ်တာလိုက်မသွားတာကို မေးတာပါ..အဲဒီတုန်းက သူမဟုတ်ဘဲ တခြားသူလာခေါ်လည်း လိုက်သွားဖြစ်မှာမဟုတ်ပါဘူး) ..ဒါပေမယ့် သူမေးတဲ့အချိန်မှာ ကျွန်တော် သူ့ကို တော်တော်စိတ်နာနေတာပါ ( စိတ်ဆိုးတာမဟုတ်ဘူး..စိတ်ဆိုးတာက ပြေသွားနိုင်တယ် စိတ်နာတာမပြေဘူး) အဲဒါကြောင့် အိုးရွဲ့ စလောင်းရွဲ့နဲ့ဖုံးတယ်ဆိုသလို ..နင်တောင် ငါ့ကို ခုလိုဆက်ဆံသေးတာပဲ ငါလည်း အဲလိုလုပ်ခွင့်ရှိတယ်လို့.. သူ့ကိုပြန်ပြောပစ်လိုက်တာနဲ့ သူနဲ့ကျွန်တော် အဲဒီကတည်းက လတော်တော်ကြာတဲ့အထိ တစ်ယောက်နဲ့ တစ်ယောက်စကားမပြောကြတော့ပါဘူး.. နောက်မှ ဆရာတစ်ယောက်က ပြန်ခေါ်ခိုင်းလို့ ကျွန်တော့်ကို သူလာခေါ်ပါတယ်..အရင်ကလောက် ဟက်ဟက်ပက်ပက်မရှိတော့တာ အမှန်ပါပဲ..

ဆယ်တန်းပြီးလို့ လူချင်းကွဲသွား စာအဆက်အသွယ်တွေလုပ်ဖြစ်တော့မှ ကျွန်တော်က စာရေးပြီးစကားနာထိုးလို့ သူဖြစ်ခဲ့တဲ့ သူ့အကြောင်းကို စာနဲ့ရှင်းပြပါတယ်.. အဲဒီကျမှ သူ့သဘောကို နားလည်လာပါတော့တယ်.. အရင်က သူ့ဘ၀မှာ ကျွန်တော်နဲ့ ခင်သလိုမျိုး သွားအတူ စားအတူ သူငယ်ချင်းမျိုး မရှိခဲ့ဖူးဘူး.. ကိစ္စတော်တော်များများကို ကိုယ်နဲ့အတူတူ လိုက်ပြီးလုပ်နေမယ့်လူမျိုး သူ့ဘေးမှာ မရှိခဲ့ဖူးတော့ ကြာလာတဲ့အခါ သူ့ဘေးမှာ အတူရှိနေတဲ့အနေအထားကို စိတ်ကျဉ်းကျပ်လာပါတယ်တဲ့... အဲဒီပြဿနာကို သူဖြေရှင်းလိုက်တဲ့ပုံစံက အရမ်းကိုကလေးဆန်နေခဲ့တာကြောင့် ဒီလိုတွေ ဖြစ်သွားတာပါ.. ကျွန်တော့်ကိုလည်း နင်က သိပ်ကိုစိတ်ကူးယဉ်တာကိုးလို့ မှတ်ချက်ပေးခဲ့ပါတယ်..

သူနဲ့အဲလိုပြဿနာဖြစ်လိုက်တာ ကျွန်တော့်အတွက် သင်ခန်းစာတွေရလိုက်ပါတယ် ..လူတိုင်းဟာ ပြောစရာမရှိအောင် ပြည့်စုံတဲ့သူတွေမဟုတ်ဘူးဆိုတာရယ်.. တစ်ဖက်သားဆီက အများကြီးမျှော်လင့်ထားလို့မရဘူးဆိုတာရယ်.. သူငယ်ချင်းတစ်ယောက်တည်းကို ပုံပြီးခင်မထားဖို့ရယ်... ဘယ်သူ့အပေါ်ပဲဖြစ်ဖြစ် သံယောဇဉ်သိပ်မကြီးဖို့ရယ်..အဲဒါတွေကို နားလည်လိုက်လို့ပါ.. အဲဒီပြဿနာရဲ့နောက်ဆက်တွဲရလဒ်က တက္ကသိုလ်တက်တဲ့အချိန်မှာ လူတော်တော်များများနဲ့ စကားပြောရဲလာ အပေါင်းအသင်းများအောင် နေတတ်လာတာပါ..အဆိုးထဲကအကောင်းဆိုပါတော့..

ကျွန်တော် ဆယ်တန်းတက်တော့ အဆောင်နေရတယ်.. ကျွန်တော်တို့တုန်းက fresher ပေမယ့် ကျောင်းတက်စရာမလိုဘဲ အပြင်ဖြေလုပ်ခွင့်ရှိပါတယ်.. အဲလိုလုပ်ခွင့်ရှိတာ ကျွန်တော်တို့နှစ် နောက်ဆုံးပဲ.. အဆောင်ကိုရောက်သွားတော့ ပထမဆုံးတစ်ညက နှစ်ယောက်အိပ်အခန်းလေးထဲမှာ ကျွန်တော်တစ်ယောက်တည်း.. ကိုယ်က ၀ီရိယကောင်းပြီး တစ်ရက်ကြို ရောက်တာဆိုတော့ အဆောင်သူက ကျွန်တော်တစ်ယောက်တည်း .. နောက်ရက်မှ ကျောင်းသူတွေရောက်လာ ကြပါတယ်..အဲဒီထဲမှာ ကောင်မလေးတစ်ယောက်က သွက်သွက်လက်လက်နဲ့ ကျောင်းသူသစ်အချင်းချင်းကို သူကစပြီး တစ်ခန်းဝင်တစ်ခန်းထွက် လိုက်မိတ်ဆက်ပါတယ်.. အဲဒီကတည်းက သူနဲ့ခင်ဖြစ်သွားတာ ခုချိန်ထိပဲဆိုပါတော့.. ငယ်သူငယ်ချင်းမဟုတ်ပေမယ့် အထက်တန်းကနေ ခုထိတောက်လျှောက်ခင်တဲ့သူငယ်ချင်း တွေထဲမှာ တစ်ယောက်အပါအ၀င်ပေါ့..

အဆောင်ဆိုပေမယ့် ကျွန်တော်တို့နှစ်မှ စဖွင့်တဲ့အဆောင်ဆိုတော့ အဆောင်နေကျောင်းသူ ဆယ်ယောက်ကျော်ကျော်လေးပဲရှိတယ် အားလုံးက ရင်းရင်းနှီးနှီးပါပဲ.. ဒါပေမယ့် အဆောင်နေသူတို့ ထုံးစံအတိုင်း ပြဿနာလေးတွေကတော့ အနည်းအကျဉ်းရှိကြတာပါပဲ.. အဆောင်နေတော့ မမြင်ဖူးတာတွေလည်း မြင်ရ..မကြားဖူးတာတွေလည်း ကြားရ မကြုံဖူးတာတွေလည်းကြုံရပါတယ်.. အများစုထင်ကြတာက ဆယ်တန်းကို အဆောင်နေပြီးဖြေရတာ သိပ်ကို ဇိမ်ကျတယ်.. သက်သာတယ်လို့ထင်ကြပါတယ်.. ကျွန်တော်ကတော့ အဲလို မမြင်ပါဘူး.. ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ ပြောတယ်.. အဆောင်နေရတာကလည်းဟယ်.. ကိုယ့်ပိုက်ဆံနဲ့ကိုယ်လာနေပြီး အမျိုးအိမ်မှာ ပိုက်ဆံမရှိလို့ မျက်နှာငယ်ငယ်နဲ့ကျောင်းလာတက်ရတဲ့ လူတွေလိုဖြစ်နေတယ်တဲ့..

ပြီးတော့ အဆောင်ကျောင်းသူတိုင်း ဖြစ်တတ်ကြတာက အိမ်လွမ်းနာကျတာပါပဲ.. ကျွန်တော်ကတော့ သိပ်မလွမ်းတတ်ခဲ့ဘူး.. ခေါင်းထဲမှာ.. ဒီတစ်နှစ် ဆယ်တန်းကို လွတ်လွတ်ကျွတ်ကျွတ် အောင်အောင်လုပ်နိုင်ရင် နောက်နှစ်ဆို အိမ်နဲ့ခွဲမနေရတော့ဘူးလို့ပဲ တွေးထားတော့ တခြားကျောင်းသူတွေလို မငိုဖြစ်ခဲ့ဘူး .. သူများနဲ့ ပြဿနာဖြစ်ရင်တော့ ငိုမိပါတယ်.. အဆောင်သူငယ်ချင်းတွေအကြောင်းကို.. ဆက်ရေးပါဦးမယ်..

ခုနစ်တန်းကနေ ကိုးတန်းအထိ ကျွန်တော်နေခဲ့တဲ့ကျောင်း အကြောင်းကို ဆက်ရေးပါဦးမယ် .. အဲဒီကျောင်းရှိတဲ့မြို့က ရှေးဟောင်းဘုရားတွေများသလို ဘုရားပွဲတွေကလည်း သီတင်းကျွတ်ပြီဆိုတာနဲ့ ရပ်ကွက်တွေမှာ သူ့အလှည့်နဲ့သူ လုပ်ပါတယ် အဲဒီမှာနေခဲ့တဲ့ လေးနှစ်မှာ တစ်နှစ်ပဲ ဘုရားဈေးကို ရောက်ဖူးပါတယ် .. ပွဲတွေဆို သိပ်မပျော်တတ်တာရယ် သွားရတာ အလှမ်းဝေးတာရယ် .. ကျောင်းလစ်ပြီး မသွားတတ်တာရယ်ကြောင့်ပါ မြို့ခံသူငယ်ချင်းတွေထဲမှာ ကျွန်တော်တို့အဖွဲ့ကို အတော်ခင်တဲ့ သူငယ်ချင်းရှိပါတယ်.. သူ့ပုံစံက မသိရင် ယောက်ျားလေးပါ ..မျက်နှာကအစ ၀တ်တာစားတာအဆုံး ယောက်ျားလေးပါပဲ .. အပေါင်းအသင်းကလည်း ယောက်ျားလေးတွေ များတယ် မိန်းကလေးတွေက ပါးစိပါးစပ်များ သူများအတင်းတွေပြောတတ်ကြလွန်းလို့တဲ့.. ကျွန်တော်တို့အဖွဲ့ကျတော့ ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးနေတတ်လို့ ခင်တာပါတဲ့ .. သူက ယောက်ျားလေးလိုနေတတ်ပေမယ့် ယောက်ျားလျာတော့ မဟုတ်ပါဘူး ကျွန်တော်တို့ အကူအညီလိုရင် သူပဲ ဒိုင်ခံကူညီပါတယ် ရည်းစားစကားလိုက်ပြောခံရရင် ဘယ်လိုနေရင် ရှောင်သွားလိမ့်မယ်ဆိုတာကအစ သူက သင်ပေးရတယ် .. ဘုရားပွဲရှိလို့ သူ့အိမ်မှာမုန့်လုပ်ရင်လည်း ကရိကထခံပြီးတော့ကို ကျောင်းထိယူလာကျွေးပါတယ်.. ကောက်ညင်းနဲ့ လုပ်တဲ့ စိန်ဖေကြီးမုန့်တို့ ဆနွင်းမကင်းတို့ အိမ်လုပ်မုန့်တွေပါ.. သူငယ်ချင်းတွေနဲ့ အလုအယက်ဝိုင်းစားခဲ့ကြလို့လားမသိ.. အတော်ကို စားလို့ကောင်းပါတယ်..

အဲဒီသူငယ်ချင်းလေးက ဘုရားပွဲဆိုရင် သူ့အိမ်ကိုလိုက်လည်ဖို့ အမြဲတမ်းခေါ်တယ် ဒါပေမယ့် .. ကျွန်တော်တို့လည်း လိုက်လည်မယ်ဆိုပြီး အဲဒီကနေ ပြောင်းခဲ့တဲ့အချိန်ထိ သူ့အိမ်ကို မရောက်ဖြစ်ခဲ့ပါဘူး.. အခုထိ အဲဒီမြို့မှာ သူရှိမှ ရှိသေးရဲ့လား.. နောက် ထူးထူးဆန်းဆန်းသူငယ်ချင်းတွေလည်း တွေ့ခဲ့ရပါသေးတယ်.. ကိုးတန်းမှာပါ.. သူငယ်ချင်းဆိုပေမယ့် အတန်းဖော်ဆိုရင် ပိုမှန်ပါလိမ့်မယ်.. သူတို့တွေက မိန်းကလေးတွေဖြစ်ပြီးတော့ ကျွန်တော်တို့သူငယ်ချင်းသုံးယောက်အဖွဲ့ကို ခင်လို့ဆိုပြီး စာအုပ်လက်ဆောင်လာပေး ပြက္ခဒိန်လက်ဆောင်တွေပေး .. စာအုပ်မှာလည်း လက်ကလေးလွှဲတာလေးကို ကြည့်ပြီး တကယ်စွဲ.. ခြေလှမ်းလေးလှမ်းတာလေးကို ကြည့်ပြီး ကိုယ်စွဲ .. ဘာညာဘာညာတွေ ရေးပေးတတ်ပါသေးတယ် .. မိန်းကလေးအချင်းချင်းဆိုတော့ ရင်မခုန်ပဲ ကျောချမ်းမိတယ် .. သူတို့ပုံစံကတော့ မိန်းကလေးစစ်စစ်တွေပါပဲ .. ဒါပေမယ့် အဲလိုလက်ဆောင်ပေးတာမျိုးတွေကလွဲပြီး ဘာမှတော့ မလုပ်ပါဘူး ..း)

နောက်ထပ်တစ်ခါ ပြောင်းနေရတဲ့ ကျောင်းက ရှေးဟောင်းမြို့တော် တစ်ခုနဲ့နီးတယ် .. ရှေးဟောင်းဘုရားတွေလည်း သိပ်များတယ် ကဗျာဆရာ၊ ရုပ်ရှင်မင်းသား တစ်ချို့ရဲ့ ဇာတိမြို့လို့လည်း ပြောနိုင်တယ်..

မြို့လေးကတော့ ခပ်သေးသေးပဲ .. တောင်နဲ့မြောက်ရှည်ပြီး ဟိုဟိုဒီဒီလျှောက်လိုက်တာနဲ့ မြို့အဆုံးကို ရောက်သွားရော .. အဲဒီမြို့နယ်မှာက ကျွန်တော်တို့တက်တဲ့ အထက်တန်းကျောင်းတစ်ကျောင်းပဲ ရှိတယ်.. မြို့နဲ့ခပ်လှမ်းလှမ်းရွာမှာတော့ အလယ်တန်း ကျောင်းရှိတယ်.. အဲဒီကျောင်းက ကျောင်းသားတွေ စာစီစာကုံးရေးတာ သိပ်တော်တယ်ဆိုပဲ.. ကျွန်တော်တက်ခဲ့ရတဲ့ကျောင်းတွေထဲမှာ ဒီမြို့လေးက အထက်တန်းကျောင်းဟာ အကြာဆုံးနေခဲ့ရတဲ့ကျောင်း ၊အဝေးဆုံးသွားရတဲ့ကျောင်းပါ.. (၁၀)မိုင်နီးပါး ဝေးတယ်ထင်ပါရဲ့ ကားနဲ့ သွားရတယ် ..

အဲဒီကို ရောက်ခါစက ကျွန်တော့်အဖေရဲ့ အလုပ်ကနေ ကျောင်းကား မစီစဉ်ပေးပါဘူး.. ကျောင်းသား ရှိတဲ့ဝန်ထမ်းတွေက မြို့ပေါ်နေကြတော့ ကျောင်းသားက အပြေးအလွှားရေမှ ကျွန်တော်တို့ မောင်နှမ နှစ်ယောက်တည်းပါ.. ဌါနကကျောင်းကားမပေးတော့ အဲဒီနားက ရွာတစ်ရွာကနေ မ.ထ.သ စီစဉ်ပေးတဲ့ ကျောင်းကားရှိပါတယ်.. ကျောင်းသားတစ်ယောက်ကို တစ်ကျပ်နဲ့ စီးခွင့်ပြုတယ် .. ပိုက်ဆံပေးစီးရတာဆိုတော့ အရင်တစ်နေရာမှာတုန်းက အကျဉ်းဦးစီးကျောင်းကားကို စီးရသလိုမျိုး မျက်နှာငယ်ပါဘူး ..

ဒါပေမယ့် နယ်သူစိမ်းကကျောင်းသားဆိုတော့ သူများ ဂရုပြုတာခံရပါတယ်.. ကိုယ့်အနေအထိုင်လည်း သိပ်ဂရုစိုက်ရတာပဲ .. မြို့ခံမိန်းကလေးတစ်ယောက် အနေအထိုင်မတတ်ရင် ဘာမှမပြောဘူး.. ကျွန်တော်တို့ဘက်က ကျောင်းသူတွေအနေအထိုင် မတတ်ရင် အဲဒီမြို့ကလူတွေက သိပ်ပြောကြတာ ...

ကျောင်းတက်လို့ ၃၊၄ လနေတော့ ကျောင်းသားလည်း တဖြည်းဖြည်းများလာတာနဲ့ ဌာနက ကျောင်းကားစီစဉ်ပေးပါတယ်.. မနက် ၇း၀၀ ဆို အိမ်ကထွက် ညနေ ၄း၀၀ ကျော်မှ အိမ်ကိုပြန်ရောက် .. အဲဒီအကျင့်က တက္ကသိုလ်တက်ရတော့ အံကိုက်ဖြစ်သွားရော.. သူများတွေလို ထူးပြီးမညည်းမိတော့ဘူး ကိုယ်က အိမ်နဲ့ အဝေးကြီးက ကျောင်းတွေကို တက်ခဲ့ရတော့လေ.. အကျင့်ဖြစ်သွားတော့တာ ..

ကျောင်းကို အစောဆုံးရောက်တာလည်း ကျွန်တော်တို့အုပ်စုတွေပဲ ဖြစ်နေတတ်ပါတယ်.. သူများတွေက မိုးရွာရင်ကျောင်းမလာဘူး ကျွန်တော်တို့က ကျောင်းကားနဲ့ဆိုတော့ မိုးရွာလည်း ကျောင်းကို ရောက်ရောက်သွားတတ်လို့ ကျောင်းက ဆရာတွေက ပြန်ပြန်လွှတ်တတ်ပါတယ် .. ဘာဖြစ်လို့လာတာလဲ မိုးဒီလောက်ရွာနေတာကိုလို့လည်း ပြောတတ်ပါသေးတယ်..

အဲဒီကျောင်းကိုရောက်တော့ အရင်ကျောင်းမှာလောက် ကျွန်တော် မစွာတော့ပါဘူး .. ဘာလို့လဲဆိုတော့ အရင်ကျောင်းက ကျောင်းသားတွေက ၀န်ထမ်းသားသမီးတွေများတယ်.. အပြောအဆို ယဉ်ကျေးတယ်ပေါ့လေ.. ရန်ဖြစ်ဦးတော့ တစ်ယောက်နဲ့ တစ်ယောက် မခံချင်အောင်ဆွပြီး ပြောတာဆိုတာကလွဲလို့ မဆဲတတ် မဆိုတတ်ပါဘူး.. ဒီကျောင်းကကျတော့ ကျောင်းသားတွေက ရွာကနေ လာတက်တဲ့လူတွေ များပါတယ်.. ရွာသားတွေက ရိုင်းတယ်လို့တော့ မဆိုလိုပါဘူး ယဉ်ကျေးတဲ့လူကတော့ ယဉ်ကျေးတာပါပဲ.. ဒါပေမယ့် အတန်းထဲမှာ နှုတ်တစွာစွာရှိတဲ့လူတွေကတော့ အပြောအဆို တော်တော် ကြမ်းပါတယ်.. ကျွန်တော်ကလည်း သူများကို ရိုင်းရိုင်းစိုင်းမပြောတတ် မဆဲတတ်သလို ကိုယ့်ကိုဆဲရင်လည်း စိတ်ဆိုးပါတယ်.. အဲဒီတော့ ဆဲတတ်သူတွေနဲ့ စကားမပြောဖြစ်အောင်၊ ထိပ်တိုက်မတွေ့အောင် နေရာက ကိုယ်လည်း အရင်ကလောက် မစွာတော့ပါဘူး.. ဒါတောင်မှ .. မှတ်မှတ်ရရ ကိုယ့်ကိစ္စမဟုတ်ဘဲ သူများကိစ္စကို မနေနိုင်မထိုင်နိုင် ၀င်ပြောမိလို့ အတန်းထဲက ကိုယ့်ထက် အသက်ကြီးတဲ့ မြို့ခံအတန်းဖော်နှစ်ယောက်နဲ့ စကားများရပါသေးတယ် .. ကျွန်တော်လည်း လူက ဒီကျောင်းကို မရောက်သေးဘူး.. နာမည်အရင်ရောက်နှင့်သူပါ.. အရင်ကျောင်းက ကျောင်းနှုတ်ပြီး ကျောင်းဖွင့်ဖွင့်ချင်း ဒီကျောင်းမှာ ကျောင်းအပ်ထားသူဆိုတော့ နာမည်ကကြီးနေရော.. တကယ်လည်းပြောင်းလာတဲ့အခါမှာ အတန်းထဲကလူတွေ ကျွန်တော့်ကို သတိထားမိနေပုံရပါတယ် .. ပြီးတော့ နောက်မှရောက်လာပြီး စာတွေက ရနေသူ.. အတန်းထဲမှာ စာတော်သူစာရင်း ၊ ဆရာချစ်တဲ့စာရင်းထဲပါနေတဲ့သူမို့ အမြင်ကပ်နေကြသလား မပြောတတ်ပါဘူး ... ဒါပေမယ့် နောက်ပိုင်းကျတော့ ကျွန်တော်နဲ့ စကားများခဲ့တဲ့လူတွေကပဲ ကိုယ့်အကျိုးကို လိုလားတဲ့သူတွေ ကိုယ့်ကိုချစ်လာတဲ့သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ် ..


 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews