အားလုံးပဲ Merry Christmas ပါ.. ခရစ်စ်မတ်စ်နေ့ဆိုတာ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး.. ဒါပေမယ့် တရားဝင်ရုံးပိတ်ရက်ဖြစ်တော့ ဒီဇင်ဘာရောက်ရင် ခရစ်စ်မတ်စ်နေ့ကို မျှော်ပါတယ်.. ဒီနှစ် ခရစ်စ်မတ်စ်ကတော့ ကျွန်တော့်အတွက် ပျော်ရွှင်စရာအမှတ်တရတွေ ယူလာတယ်.. ခရစ်စ်မတ်စ်နေ့ရုံး ပိတ်ရက်မှာ ကျွန်တော့်ချစ်သူရဲ့အမေ့ရွာကို သွားခဲ့တယ်.. ´´စစ်ပင်ဆိပ်´´တဲ့.. ခရစ်စ်မတ်စ်နေ့ မနက်အစောကြီး ငါးနာရီမှာ ချစ်သူတို့အိမ်ကနေ ချစ်သူရဲ့အဘိုး ၊ ချစ်သူ ၊ ချစ်သူရဲ့အစ်မတွေနဲ့အတူ
အောင်မင်္ဂလာကားဝင်းကို သွားကြတယ်.. ကားဝင်းကိုရောက်တော့ ´´၀င်း´´ ကားဂိတ်မှာ ကားလက်မှတ်ဖြတ်.. ပဲခူးထိထိုင်စီးရမယ်.. ကျွန်တော်တို့သွားချင်တဲ့ ဘုရားကြီးထိတော့ မတ်တပ်ရပ်စီးရမယ်.. ရပ်စီးရမှာက ၁၅ မိနစ်လောက်ဆိုတော့ အဆင်ပြေပါတယ်.. ကားပေါ်ရောက်မှ မနက်စာ ပေါက်စီတစ်ယောက်တစ်လုံး.. အဆာပြေပေါ့လေ..

ဘုရားကြီးကိုရောက်တော့ ဘုရားကြီးဈေးနားမှာ ထပ်စားကြတယ်.. ပြီးမှ ချစ်သူရဲ့အမေ့ရွာကို ဆိုင်ကယ်ကယ်ရီနဲ့ ဆက်သွား.. ချစ်သူနဲ့ကျွန်တော်က တစ်စီး.. စီးရတယ်.. ရွာကိုအရောက် ၁၀ မိနစ် သာသာလောက် မောင်းရတယ်.. ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရဲ့ဘေးမှာဆိုတော့ သွားရတာ လမ်းသာပါတယ်.. ကျွန်တော်တို့ဆိုင်ကယ်က အရင်ဆုံးရောက်တော့ နောက်ကလူတွေကို ဘုန်းကြီးကျောင်း အ၀င်ဝက ရပ်စောင့်နေတုန်း ချစ်သူရဲ့ညီ ထွက်ကြိုတယ်.. ထွက်ထွက်လာချင်း ဘယ်သူမှန်းမသိဘူး..
လူမှားနေရော... စွပ်ကျယ်ချိုင်းပြတ်နဲ့.. ဘုန်းကြီးကျောင်းသားစတိုင်နဲ့ဆိုတော့ ၀င်လေ..အထဲကို´´ဆိုတဲ့ အသံကြားမှ မှတ်မိတော့တာ.. ချစ်သူရဲ့ညီမလေးကလည်း ၀မ်းသာအားရ လှမ်းအော်နှုတ်ဆက်...
ကျောင်းထိုင်ဆရာတော်ကို ဖူးဖို့ ကျောင်းပေါ်တက်တော့ အလှူအတွက် ချက်ပြုတ်နေကြတဲ့ ချစ်သူရဲ့ဆွေမျိုးတွေလည်း ကျောင်းပေါ်ကို တက်လာကြတယ်.. ဆွေပြမျိုးပြလာကြတာ..ဆိုပြီး ချစ်သူရဲ့ညီမလေးက မိတ်ဆက်ပေးတော့ မျက်နှာကို ဘယ်နားသွားထားရမှန်းမသိအောင် ရှက်သွားပါတယ်..
နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်ကျဲကျဲနဲ့....(သိတယ်ဟုတ်..လူကြီးရှက်တော့ ရယ်...ဆိုတာ).. ရွာဦးကျောင်းဆရာတော်ကို ၀တ်ဖြည့်ပြီးတဲ့နောက် ဘုန်းကြီးကျောင်းဝင်းထဲပတ်ကြည့်..

ဘုန်းကြီးကျောင်းနဲ့ယှဉ်လျက်နေရာက ကုန်းပေါ်မှာ စေတီရှိတယ်... ကုန်းမြင့်ပေါ်မှာဆိုတော့ စေတီရင်ပြင်ကို
မရောက်ဖြစ်ခဲ့တော့ဘူး.. ပြီးတော့ ရွာထဲကို လည်ကြတယ်.. ချစ်သူရဲ့အစ်မ၀မ်းကွဲအိမ်မှာ လက်ဖက်တစ်ပန်း ကန်နဲ့ ၀ိုင်းဖွဲ့မိကြပြန်တယ်.. ဆွမ်းက ၁၀း၃၀ လောက်မှကပ်မယ်ဆိုတော့ နာရီဝက် တစ်နာရီတော့ လူငယ်တွေချည်း စကားပြောကြ.. ချစ်သူတို့မောင်နှမတွေ တစ်ယောက်တစ်ပေါက်ပြောကြဆိုကြတာ နားထောင်၊ လိုက်ပြော၊ လိုက်နောက်နဲ့.. အမှတ်ရစရာပါပဲ.. မနေ့က ကြိုရောက်နှင့်တဲ့ ချစ်သူရဲ့ညီက
ရွာကလူတွေကို သူ့အစ်ကို မိန်းမရသွားပြီလို့ပြောထားတာ.... သူကရှေ့ကပြော သူ့ညီမက နောက်ကနေ လိုက်ဖော်...တယ်တဲ့... ဘယ်လိုပဲဖြစ်ဖြစ် ရယ်ရယ်မောမောနဲ့ ပျော်စရာ စကားဝိုင်းတစ်ခုမှာ ပါဝင်ခဲ့ရတယ်.. ဆွမ်းကပ်ချိန်အမီ ကျောင်းကိုပြန်ပြီး ဆွမ်းကပ်ဖို့ပြင်ဆင်.. ဆွမ်းကပ်ကြ.. နေ့လည်စာစားကြ.. စားပြီးတရားနာ..
တရားနာပြီးတော့ ဘုန်းကြီးကျောင်းဝင်း အရိပ်ကောင်းတဲ့နေရာမှာ ချစ်သူရဲ့ညီနဲ့ ချစ်သူက ပိုက်ကျော်ခြင်းခတ်ကြတယ်.. ခြင်းကလည်း ခတ်ရတယ်ကိုမရှိဘူး... ကောက်နေရတာချည်းပဲ.. သူတို့နှစ်ယောက် ပိုက်ကျော်ခြင်းကနေ ၀ိုင်းခြင်းဖြစ်သွားကြတော့ ကျွန်တော်နဲ့ညီမလေးက
ကျောင်းသားတွေကစားတဲ့ ဘောလုံးယူပြီး ဘောလုံးကန်ကြ.. ဘောလုံးကန်ရတာ ပျင်းလာတော့
ခြင်းခတ်နေတဲ့ နှစ်ယောက်ကိုခေါ်ပြီး အဲဒီဘောလုံးနဲ့ ဘောလီဘောပုတ်ကြတယ်.. သိတဲ့အတိုင်း.. ကန်တဲ့ဘောလုံးကို ဘော်လီဘောလုပ်ပြီး ပုတ်တော့ လက်တွေက ဘယ်ခံနိုင်မှာတုန်း.. အရေးထဲ ဘောလုံးက ကွဲနေသေးတယ်... ကိုယ်ပေးဖို့ အလှည့်ရောက်တိုင်း ပိန်သွားတဲ့ဘောလုံးကို လက်နဲ့ ပြန်ပြန်ဖောင်း.. ပြီးမှ ပြန်ပေး.. အလုပ်ကိုဖြစ်လို့...

ဘောလုံးကန်နေကျ ချစ်သူကလည်း တစ်ဘက်ကလာတဲ့ဘောလုံး လက်နဲ့မဖမ်းဘဲ ခြေထောက်နဲ့ချည်း လှမ်းဖမ်းတယ်.. သူလည်း ဘောလီဘောတစ်ခါမှ မကစားဖူးဘူးလေ.. ကျွန်တော်လည်း အတူတူပဲ..
မကစားဖူးတော့ လက်အနေအထားမမှန်.. ညာလက်မဆစ် ဘောလုံးနဲ့ထိတော့ ချက်ချင်းရောင်တက်လာတယ်.. ၁၀ မှတ်ကြေး လေးပွဲလောက်ကစားလိုက်တဲ့အခါ လူတွေက ခြေကုန်လက်ပမ်းကျ.. ချစ်သူနဲ့ ကျွန်တော်က ပိုဆိုးပေါ့.. နှစ်ယောက်သားက ကွန်ပျူတာရှေ့မှာသာ ဒေါင်းတိမောင်းတိလေ.. ပြေးဟယ်လွှားဟယ် ကစားဟယ်ဆိုတော့ ခဏလှုပ်ရုံနဲ့ လူက ဟိုက်နေပြီ.. ပွဲလက်စသတ်တော့ ကျွန်တော်တို့ဘက်က
လေးပွဲလုံးအရှုံးပြ.. ရှုံးတဲ့သူ အအေးတိုက်ကြေးလောင်းထားပေမယ့် နိုင်တဲ့သူတွေတိုက်တဲ့အအေးပဲ လိုက်သောက်လိုက်တယ်.. :P

အအေးဆိုင်မှာ ရပ်ထားတဲ့ဆိုင်ကယ်မြင်တော့ လူကမနေနိုင်မထိုင်နိုင် တက်စီးဖို့လုပ်သေးတာ..
ဆိုင်ကယ်က နင်းနှိုးတာတောင် လုံးဝမနှိုးတော့တာနဲ့ စိတ်လျှော့လိုက်ရတယ်.. အအေးသောက်ပြီးတော့ ဘုန်းကြီးကျောင်းပြန်သွား.. ချစ်သူရဲ့အစ်မတွေက ရွာထဲသွားလည်ကြတယ်.. ကျောင်းပေါ်မှာ နားရင်းစကားပြောကြ.. ချစ်သူရဲ့အမျိုးတွေကတော့ ဆွမ်းမကပ်ခင်ကတည်းက ကောက်ညင်းထုပ် လုပ်နေကြတယ်.. အိမ်အပြန်လက်ဆောင်ပေါ့.. ကောက်ညင်းထုပ်ကျက်မှ ပြန်ရမယ်တဲ့.. ပြန်ဖို့ပြင်ကြတော့ ညနေ ၃း၀၀ .. ကောက်ညင်းထုပ်တွေလည်း အသင့်ဖြစ်ပြီပေါ့... ရွာဦးကျောင်းဆရာတော်ကတော့ ကျွန်တော့်ချစ်သူကို မိန့်လိုက်တယ်.. ခုလာပြတဲ့လူကို မှတ်ထားလိုက်ပြီ.. နောက်တစ်ယောက် မပြောင်းနဲ့တော့တဲ့.. ကားစောင့်ဖို့သွားကြတော့ အိမ်အပြန်ခြေလှမ်းတွေက အလာတုန်းကလောက် မမြန်တော့ဘူး.. (သဲရုန်းနေရလို့.. ;) ).. အမြန်လမ်းကနေစောင့်ပြီး ကားတားကြတာ တော်တော်နဲ့မရ.. ကားစောင့်ရင်း အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်.. သူငယ်ချင်းတွေကိုကြွားဖို့ရာ ကျွန်တော်လည်း ချစ်သူနဲ့တစ်ပုံတွဲရိုက်.. ကျွန်တော့် ချစ်သူခင်သူတွေဆီ ကျွန်တော်တို့နှစ်ယောက်ပုံကို
နောက်မှပို့ပေးလိုက်မယ်.. ရန်ကုန်ပြန်ဖို့ တွေ့တဲ့ကားတိုင်းတား.. တားသမျှကားကလည်း မရပ်ဘူးဗျာ..
နောက်ဆုံး ဘုရားဖူးကားတစ်ကားက တင်ခေါ်မှ ရန်ကုန်ပြန်ရတော့တယ်.. ကျေးဇူးအကြီးကြီးတင်ရပါ၏... ရန်ကုန်ပြန်ရောက်တော့ အဆောင်ပြန်ဖို့လူက ခြေကုန်လက်ပမ်းကျနေပြီ.. အစ်မတွေက အိမ်မှာပဲ အိပ်လိုက်တော့ဆိုတာနဲ့ ညစာထမင်းဝိုင်းကို ချစ်သူရဲ့မိသားစုနဲ့ လက်ဆုံစားဖြစ်ကြပြန်တယ်... ဒီလိုဒီလိုနဲ့..... 2011 ခရစ်စ်မတ်စ်ညလေးက သံယောဇဉ်ကြိုးအသစ်အသစ်တွေ ရစ်ပတ်နှောင်ဖွဲ့ .. မေတ္တာတေးတွေ လွင့်ပျံလျက်... ချစ်သူနဲ့အတူ အဘိုးကြီးအဘွားကြီးဖြစ်တဲ့အထိ မကြာခဏတမ်းတဖြစ်နေမယ့်
နေ့လေးတစ်နေ့ ပေါ့လေ.....

စစ်ကိုင်းဦးဖိုးသင်းရေးတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိနဲ့ကျော်ရင်မြင့်ရေးတဲ့ အရောင်သွေးစုံစုံ ဘ၀ဇာတ်ခုံ အဖုံဖုံ
စာအုပ်ဖတ်ဖြစ်ပါတယ်.. စစ်ကိုင်းဦးဖိုးသင်းရေးတဲ့စာတွေကို အရင်ကမဖတ်ဖူးပါဘူး.. လက်လှမ်းမမီခဲ့ဘူး ဆိုပါတော့.. သူ့စာအုပ်ကိုဖတ်ကြည့်မှ သူရေးတဲ့စာတွေအများကြီးရှိမှန်းသိရပါတယ်..သူ့ရဲ့စာရေးသားဟန်ကို
သဘောကျပါတယ်.. ပွင့်လင်းတယ်.. ဘုဂလန့်တော့နိုင်တယ်.. သူတို့ခေတ်ကပညာရေးကို သိရတယ်..
ဘုန်းကြီးကျောင်းမှာစာသင်ပြီး အဲဒီခေတ်က ခုနစ်တန်းကို ဘုန်းကြီးကျောင်းသား မောင်သင်းက စူးစမ်းစိတ်အင်မတန်ကြီးတာတွေ့ရပါတယ်.. ကိုယ်ငယ်ငယ်တုန်းကနဲ့များ ကွာပလို့ တွေးမိတယ်.. ကိုယ်သာသူ့နေရာမှာဆိုပညာတတ်-လူတစ်လုံးသူတစ်လုံး ဖြစ်လာဖို့ မလွယ်လှဘူး အောက်မေ့တယ်..
ဗိုလ်ချုပ်အောင်ဆန်းကလည်း ဦးဘိုးသင်းဆီကနေ နိုင်ငံရေးအကြံဥာဏ်တွေရခဲ့တယ်လို့ ခန့်မှန်းမိရတယ်..
ဦးခန္တီတန်ဆောင်းတွေဆောက်တာအပေါ်မှာ ဦးဘိုးသင်းရဲ့အမြင်က တစ်မျိုးပါ.. အင်္ဂလိပ်ခေတ်မှာ သူရေးတဲ့စာတွေဟာ နိုင်ငံရေးနဲ့ငြိတဲ့စာတွေဖြစ်လို့စာအုပ်အဖြစ်မထုတ်ဘဲ ကျောင်းသုံးဖတ်စာအုပ်အဖြစ် ပြဌာန်းဖို့ပဲ
သူလုပ်ခဲ့ပါသတဲ့... လွတ်လပ်ရေးရပြီးနောက်ပိုင်းခေတ်တွေမှာလည်း သူရေးတဲ့စာအုပ်တွေဟာ နိုင်ငံပြုပြင်ရေး စာအုပ်တွေပါပဲ.. ဒါပေမယ့် စာရေးတဲ့အလုပ်ကို သူ့အိမ်မှာ ဟင်းရွက်ကန်စွန်း စိုက်တဲ့အလုပ်လောက်
အားမရမိပါဘူးတဲ့.. စိုက်ထားတဲ့ဟင်းသီးဟင်းရွက်တွေဟာ စားချင်တဲ့သူရှိနေသေးတယ်.. စားတဲ့သူရှိနေတယ်..
ပြောရရင် စားသုံးသူက အကျိုးရတယ်ပေါ့... သူရေးတဲ့စာတွေကတော့ ဖတ်သင့်တဲ့သူတွေ(ဥပမာ-
စီးပွားရေးသမားတွေ) မဖတ်ဘဲ စာရေးချင်တဲ့သူတွေကသာ ဖတ်သလိုဖြစ်နေတဲ့အတွက် စားသုံးသူဆီ တကယ်မရောက်ဘူး.. စာဖတ်သူက သူ့စာအုပ်ကနေ အကျိုးမရတဲ့အတွက် စာရေးတဲ့အလုပ်ကို ဟင်းသီးဟင်းရွက်စိုက်တဲ့အလုပ်လောက် အားမရပါဘူးလို့ ပြောထားပါတယ်... စာရေးဖို့တောင် အားလျော့သွားသလိုပဲ.. :)

ကျော်ရင်မြင့်ရဲ့စာအုပ်ကတော့ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ နိုင်ငံရေးနဲ့ အနုပညာနယ်ပယ်မှာ ထင်ရှား-မထင်ရှား ကြိုးစားရုန်းကန်နေတဲ့ သူတွေရဲ့အကြောင်းကို ရေးထားတာပါ.. မစိုးရိမ်တိုက်အုပ်ဆရာတော်၊ ရဲတိုက်၊
လေထီးဒေါ်မြရင်၊ မုံရွာက သစ်ပင်စိုက်နေတဲ့သူအကြောင်း.... စသဖြင့် လူအများကြီးရဲ့ အကြောင်းကို ဆောင်းပါးတိုလေးတွေ ရေးထားတာပါ.. မဆိုးပါဘူးလို့ပြောရပါမယ်.. ဘ၀မှာရုန်းကန်နေရတာ
ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး ဆိုတဲ့အတွေးနဲ့ အားသစ်တွေဖြစ်နိုင်ပါတယ်..

ဒီရက်ပိုင်း ဧရာဝတီကိစ္စ ပွက်လာတော့ ချစ်သူနဲ့စကားပြောဖြစ်တဲ့အခါလည်း အဲဒီကိစ္စက ပါလာပြန်တယ်.. ကျွန်တော်တို့တွေနှစ်ယောက်လုံးကတော့ ဘယ်ဘက်ကမှ မဟုတ်ဘူး.. သူ့အတွေးကိုသူပြော.. ကိုယ့်အတွေးကိုယ်ပြောပေါ့.. ကျွန်တော့်အတွေးကတော့ မြစ်ကြီးတိမ်ကောသွားမလား.. သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမလားဆိုတဲ့အတွေးပေါ့.. (သစ်ပင်တွေကုန်နေတာတော့ ပြင်ဦးလွင်ဘက်က ရာသီဥတုကိုကြည့်ရင် တော်တော်သိသာပါတယ်.. ပြင်ဦးလွင်ဘက် သစ်ခုတ်ရောင်းတာနဲ့ ထုံးဖုတ်တာတွေကြောင့် အပင်တွေကုန်ပြီး တစ်နှစ်ထက်တစ်နှစ် သိသိသာသာပူလာတယ်.. ပြင်ဦးလွင်ဘက် အပင်ကုန်တာ ဧရာဝတီနဲ့တော့မဆိုင်ဘူးပေါ့လေ.. ဧရာဝတီကျမှ အသံတွေထွက်လာတာက သတင်းလွတ်လပ်ခွင့် နည်းနည်းရလာတာရယ်.. နိုင်ငံအလယ်ကနေဖြတ်စီးတဲ့မြစ်ဖြစ်နေတော့ ထိခိုက်ရင် တစ်နိုင်ငံလုံးနီးပါးဖြစ်နေမှာရယ်- ပျောက်သွားရင် အရမ်းသိသာမှာရယ်-ဆည်လာဆောက်မယ့်သူက တရုတ်ဖြစ်နေတာရယ်ကြောင့် ဒီလောက် အသံတွေထွက်လာတာလား တွေးမိပါတယ်..အင်းလေးကန်ကြီးသိသိသာသာရေခန်းတုန်းကတောင် ခဏတဖြုတ်လောက် ဖြစ်သွားကြတာဆိုတော့လေ.. ) အဲဒါကြောင့် မီဒီယာတွေ (ဂျာနယ်တွေ)ဘက်က ရေးသင့်တယ်..တင်ပြသင့်တယ်ဆိုတဲ့အတွေးပေါ့..

သူ့အတွေးကတော့ ဧရာဝတီကိစ္စ မီဒီယာအချင်းချင်း(နိုင်ငံပိုင်သတင်းစာနဲ့ ဂျာနယ်သမားတွေ) ပုဂ်ဂိုလ်ရေးထိခိုက်မပြောကြဘဲ အကျိုးဖြစ်အောင် ရေးကြစေချင်တယ်.. နိုင်ငံပိုင်သတင်းစာမှာရေးတဲ့သူက ဘယ်ရာထူး ဘယ်အဆင့်လဲလို့ ပြောထားတဲ့စာမျိုး ရေးတာဟာ ပုဂ်ဂိုလ်ရေးတိုက်ခိုက်တာပဲလို့ သူမြင်တယ်.. ဆည်ဆောက်လို့ မြစ်ပျောက်မယ်ဆိုရင် မပျောက်အောင်လုပ်ဖို့အတွက် တောင်းဆိုနိုင်ရမယ်.. တစ်ဘက်ကဆုံးရှုံးရင် အဲဒါကိုထေမိကာမိတဲ့အကျိုးအမြတ်တစ်ခုကို တောင်းဆိုတာမျိုး မီဒီယာတွေက လုပ်သင့်တယ်လို့ သူတွေးတယ်.. ရေးကြတဲ့အချိန်မှာ ပုဂ်ဂိုလ်တစ်ဦးတစ်ယောက်ကို ဦးတည်ပြောဆိုနေတာမျိုးထက် အကျိုးဖြစ်နိုင်တဲ့ဘက်ကို ဦးတည်ပြောဆိုတာမျိုး ပိုဖြစ်သင့်တယ်လို့ သူပြောတယ်... အကျိုးဖြစ်ထွန်းမယ့်စကားမျိုးတွေပဲ ဖြစ်စေချင်တာပေါ့လေ..

အဲဒီနေ့က ချစ်သူနဲ့စကားဝိုင်းက နောက်ဆုံးဘယ်လိုသိမ်းလဲဆိုတာ ဆက်ပြီးဖတ်ကြည့်ပါဦး..

သူကပြောတယ်.. ဗိုလ်ချုပ်အောင်ဆန်းကို သိပ်လေးစားပါတယ်တဲ့.. ဗိုလ်ချုပ်ကိုကြိုက်တဲ့အချက်တွေရှိသလို လုံးဝမကြိုက်တဲ့အချက်တွေလည်း ရှိပါသတဲ့.. သူဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးရအောင် ကြိုးစားတဲ့နေရာမှာ သူနဲ့အတူ အလုပ်လုပ်တဲ့သူတွေကို လုပ်ငန်းအကောင်အထည်ဖော်တဲ့နေရာမှာ စည်းရုံးသွားနိုင်တယ်.. ဦးပုက အင်္ဂလန်က အိမ်ရှေ့မင်းသားမြန်မာပြည်လာတဲ့သတင်းကို အင်္ဂလိပ်တွေက အမှောင်ချထားလို့ သူ့သတင်းစာကနေ မင်းသားနဲ့အိပ်ခဲ့တဲ့မိန်းမတွေက မင်းသားကို ဘယ်လိုလွမ်းနေကြောင်းသတင်းရေးပြီးဖွင့်ချတော့ ထောင်ထဲဝင်လိုက်ရတယ်.. အဲဒီအခါ ဗိုလ်ချုပ်က ကိုယ်လုပ်လိုက်တဲ့အလုပ်တစ်ခုက လွတ်လပ်ရေးရမယ့်အရေးကို တကယ်အထောက်အကူဖြစ်ရဲ့လားဆိုတာ တွေးသင့်တဲ့အကြောင်း ဦးပုကိုပြောသတဲ့.. ဦးပုကို အပြစ်တင်တဲ့စကားထက် အဲလိုလေးကောင်းကျိုးဆိုးပြစ်ကိုပြောပြလိုက်တဲ့အခါ လုပ်တဲ့သူကလည်း သူဘာဆက်လုပ်ရမယ်ဆိုတာ မြင်သွားတယ်ပေါ့.. ဗိုလ်ချုပ်ကို အဲလိုနေရာမျိုးတွေမှာ သဘောကျမိပါသတဲ့.. ဒါပေမယ့် လွတ်လပ်ရေးကိုအရယူဖို့ကြိုးပမ်းနေဆဲကာလ.. လွတ်လပ်ရေးရတာတောင် မမြင်သွားရလောက်အောင် ကိုယ့်အသက် ကိုယ့်လုံခြုံရေးထားဖို့ ပေါ့လျော့လွန်းတဲ့ဗိုလ်ချုပ်ကို သဘောမကျပါဘူးတဲ့... ဒါနဲ့ ကျွန်တော်က ဘာကောက်ပြောလိုက်လဲ ဆိုတော့.... အင်း.. အဲလိုအပြုအမူမျိုး ရှင်လည်းမကြိုက်ဘူး.. ကျွန်မလည်း မကြိုက်ဘူး.. သူများဆီမှာ ကိုယ်မကြိုက်တဲ့အချက်တွေ့လာရင် ကိုယ်လည်း အဲလိုမနေမိအောင် မလုပ်မိအောင်ရှောင်ပေါ့.. ကျန်းကျန်းမာမာအသက်ရှည်ရှည်နဲ့ ကိုယ့်ဘေးနားမှာကြာကြာနေနိုင်အောင် အလုပ်လုပ်ရင် ကျန်းမာရေးထိခိုက်လောက်အောင် မလုပ်ရဘူးလို့.. ကောက်ပြောလိုက်တာ.. ပြောလက်စ စကားတွေပြတ်ပြီး ကိုယ့်ကို ရယ်ကျဲကျဲနဲ့ ကြည့်နေလေရဲ့.. သိတယ်ဟုတ် .. ကျွန်တော်က စကားဖြတ်တာ သိပ်တော်တာ.. ဟီး.. အချိန်မကြည့် ဘာမကြည့်နဲ့ သူပြောချင်တာတွေ စွတ်ဆက်ပြောနေတာ ရပ်သွားရော.. သူလည်း ကျေနပ်သွားရော... ချစ်သူနဲ့ ဧရာဝတီအရေး..ဗိုလ်ချုပ်အကြောင်းပြောဖြစ်ခဲ့ကြတဲ့စကားဝိုင်းလေး ဒီနေရာမှာတင် လက်စသိမ်းသွားပါတယ်..

အသည်းကွဲရင်ခုန်ညနေ

အစိမ်းရောင်နေ့စွဲ
ပန်းရင့်ရင့် ရုတ်တရက်ပြောင်းမယ်
ဘယ်သူထင်ပါ့မလဲ…။

ဖြတ်ဖူးတဲ့ညနေခင်းတွေများပေမယ့်
ဒီညနေလောက် ပန်းသွေးမကြွယ်ဘူး...။

အစိမ်းက ပန်းရောင်မှာ အကွက်ဖော်လာတာမဟုတ်
ပန်းရောင်က အင်အားများများနဲ့ လာကွက်ကြားတာ…။

အဲလို..အဲလို အသည်းကွဲရင်းရင်ခုန်…
ဒီအရသာများ ရဖူးကြရဲ့လား…။

လွတ်ကျတဲ့အိပ်မက်ဟောင်းပဲ တတမ်းတတဖြစ်တတ်သူတွေ
ကန့်ကွက်မယ့် ရင်ခုန်ခြင်းမျိုး…။

အရှုံးမှာ အိပ်ပျော်သူတွေ
မနှစ်မြို့မယ့် ရင်ခုန်ခြင်းမျိုး…။

ဒဏ်ရာတွေနဲ့ပျော်မယ့်သူတွေ
မလိုလားမယ့် ရင်ခုန်ခြင်းမျိုး….။

အပစ်ခံဘ၀ ဂုဏ်ယူသူတွေ
အားမပေးမယ့် ရင်ခုန်ခြင်းမျိုး…။

ဒီလိုရင်ခုန်ခြင်းမျိုး…
၂၀၁၁ နွေတစ်နေ့မှာ
ကျွန်တော်ရခဲ့ဖူးပါရဲ့….။

နွေနှင်း

[Zawgyi]
၄၅ ဘတ်စ်ပေါ်မှာ....


(၆.၈.၂၀၁၁)

[Unicode]
၄၅ ဘတ်စ်ပေါ်မှာ....

တစ်ရက်က.. ချစ်သူနဲ့ မြို့ထဲသွားဖြစ်ကြတယ်... လိုအပ်တာလေးတွေဝယ်ခြမ်းပြီး ပြန်ခဲ့တယ်.. အင်းစိန်လမ်းပေါ်ပြေးတဲ့ ၄၅ ဘတ်စ် နဲ့ပေါ့.. ကားပေါ်တက်ခါစက ထိုင်ခုံမရဘူး.. နှစ်ယောက်လုံး မတ်တပ်ရပ်စီးရတယ်.. ကျွန်တော်တို့ နှစ်ယောက် ကားပေါ်မှာ စကားမပြောဖြစ်ကြပါဘူး.. တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်.. ပြုံးလိုက်.. ပြောင်ပြလိုက်နဲ့.. တစ်ချက်မှာ သူက ကျွန်တော့်ကို မရယ်မပြုံးမျက်နှာနဲ့ ခပ်တည်တည်ကြည့်ပါတယ်.. အဲဒီအကြည့်တွေပါပဲ.. စတွေ့တွေ့ ချင်း သူ့ကို ရင်ခုန်သွားရတဲ့ အကြည့်တွေပေါ့.. ခုလည်း ဆုံခါစကအတိုင်း သူ့အကြည့်တွေက ရင်ခုန်ရပါတယ်.. ရင်ခုန်လို့ကောင်းနေတဲ့အချိန်လေးမှာ ထိုင်ဖို့ ထိုင်ခုံရရော.. ဒါနဲ့ သူက အတွင်းဘက်ထိုင်.. ကျွန်တော်က အပြင်ဘက်မှာထိုင်တယ်.. အဲလိုထိုင်ထိုင်ပြီးလိုက်ချင်းပဲ ကျွန်တော်က သူ့ နားနားကပ်ပြီး တိုးတိုးလေးပြောလိုက်ပါတယ်.. အကြည့်တွေက အရမ်းရင်ခုန်ဖို့ကောင်းတာပဲ..လို့... သူက ပြုံးပါတယ်.. သွားပေါ်အောင်ပြုံးလိုက်တဲ့သူ့ ပုံစံက သူ့ကို ပိုချစ်စရာကောင်းစေတယ်.. ကျွန်တော်လည်း သူပြုံးတာကိုပဲ သဘောတကျနဲ့ ကြည့်နေလိုက်တယ်.. အဲလိုကြည့်လေ သူက ပြုံးလေပဲ.. သူ့ပုံစံက ရှက်ပြီးခဏခဏပြုံးနေတဲ့ပုံစံပါ.. ကျွန်တော်ကလည်း အဲဒီပုံစံကို သဘောတကျဖြစ်.. ဒါနဲ့ ကားပေါ်ကဆင်းတော့ ခဏခဏပြုံးရတဲ့အကြောင်းကို မေးဖြစ်ပါတယ်.. သူက စူသလို ပြုံးသလိုမျက်နှာပေးနဲ့ကြည့်ပြီး ကားပေါ်မှာ အဲဒီစကားကို ဘာလို့အကျယ်ကြီးပြောလိုက်တာလဲတဲ့.. ဟယ်.. ကိုယ့်အသံကိုတောင် ကိုယ်သေချာပြန်မကြားနိုင်တဲ့လေသံနဲ့ တိုးတိုးလေးပြောလိုက်တာပါလို့.. ဘာဖြစ်လို့လဲဆိုပြီး အံ့သြတကြီးပြန်မေးလိုက်တော့.. ပြောလိုက်တဲ့အချိန်က ဘတ်စ်က ခဏအရပ်.. အသံအားလုံးလည်း တိတ်သွားတာ.. အဲအချိန်ကြီးပြောချလိုက်တော့ အသံက အကျယ်ကြီးထွက်သွားတာတဲ့.. ရှေ့ ခုံကအဒေါ်ကြီးကရော ၊ နောက်ခုံကလူကရော ၊ ဟိုဘက်ဘေးတန်းကလူတွေကရော လှည့်ကြည့်ပြီး ပြုံးကြတာ မမြင်လိုက်ဘူးမလားတဲ့.. ဟိုက် သေပြီဆရာ.. အဲဒါကြောင့် ကိုယ်တော်က ရှက်ပြီး ခဏခဏပြုံးနေတော့တာကိုး.. ကိုယ်ကလည်း သူပြောပြောလိုက်ချင်းကတော့ မျက်နှာတောင် ဘယ်နားသွားထားလိုက်ရမှန်းမသိ ရှက်သွားတယ်.. ဒါပေမယ့် ခပ်တည်တည်ပဲ.. ပြောတုန်းကပြောခဲ့ပြီးပြီ.. ဘာလုပ်လို့ရတော့မှလဲနော်.. ဟိဟိ.. မျက်နှာကတော့ ခပ်ပြောင်ပြောင်ပဲ..

(၆.၈.၂၀၁၁)

အပျင်းကြီးပြီး ဘလော့မှာစာရေးမတင်ရတာတောင်ကြာပြီ.. မနေ့ကတော့ အလုပ်ကအစ်ကိုတစ်ယောက် ကျွန်တော့်ဘလော့ဝင်ဖတ်ပြီး နွေနှင်း စာရေးပါလားလို့ ပြောလာတော့ ဘလော့မှာစာပြန်ရေးချင်တဲ့စိတ် ဖြစ်လာတယ်.. ကျွန်တော့်ဘလော့ကလည်း ကိုယ်ရေးချင်တာရေးတဲ့ဘလော့ဆိုတော့ကာ ဖတ်သူခပ်နည်းနည်းပါပဲ.. စာရေးဖို့ရာ အရင်လိုတိုက်တိုက် တွန်းတွန်းပြောမယ့်သူနည်းသွားတာလည်းပါ.. ကိုယ်တိုင်ကလည်း စာရေးချင်စိတ်ပျောက်ပျောက်နေတာလည်းပါလို့ စာမရေးဘဲ ကဗျာတွေပဲ ရေးနေခဲ့တာ.. ဘလော့ရေးဖို့ ကျော်ရခွရတာတွေလည်း မလုပ်ချင်တော့တာလည်း ပါတာပေါ့လေ.. အရင်လိုမျိုး blogspot လေးပြန်ဖွင့်ပေးရင် ကောင်းလေစွ...

ဒီမနက်ခင်းမှာ ကျွန်တော့်ဘ၀အတွက် ထူးခြားဖြစ်စဉ်လေးတစ်ခုဖြစ်တယ်... ကျွန်တော့်ဘ၀ထဲက အရေးကြီးတဲ့လူနှစ်ယောက်ကို လူချင်းဆုံပေးဖြစ်တာပါ.. တစ်ယောက်က ကျွန်တော့်အဖေ-တစ်ယောက်က ကျွန်တော့်ရဲ့သူပါ.. အဖေက ဟိုအရင်တစ်ပတ် ကျွန်တော်အိမ်ကိုမှာလိုက်တဲ့ပစ္စည်းတွေ ကားဂိတ်မှာရွေးပြီး လာပို့ပေးတယ်.. ပစ္စည်းတွေက ချစ်သူနဲ့ ကျွန်တော် အတူစိတ်ကူးအကောင်အထည်ဖော်မယ့်အလုပ်မှာ လိုတဲ့ပစ္စည်းတွေ.. ဆိုတော့ ကျွန်တော်တို့အလုပ်လုပ်မယ့်ရုံးခန်းကိုပဲ ပို့ရတယ်.. သူက အဲဒီကနေစောင့်ပေါ့.. ကျွန်တော်က အဖေ့ကားအလာစောင့်ပြီး ခေါ်သွားတယ်.. အဖေနဲ့မိတ်ဆက်ပေးတော့ ကျွန်တော့်ရဲ့သူအနေနဲ့ မဟုတ်သေးပါဘူး.. ကျွန်တော်နဲ့ အလုပ်အတူတူလုပ်မယ့်သူအဖြစ်ပဲ ခုလောလောဆယ် ပေးသိထားတယ်.. အမေ့ကို အသိပေးပြီးသားဖြစ်ပေမယ့်  အဖေ့ကိုတော့ အသိမပေးဖြစ်သေးဘူး.. အဖေစိတ်ထိခိုက်မလားလို့ တွေးလို့ပါ.. အမေတွေနဲ့စာရင် အဖေတွေက သမီးတွေကို ပိုနှမြောတတ်ကြတယ်မလား.. ငယ်ငယ်က ကျွန်တော့်ကိုကြိုက်တဲ့လူတွေ အိမ်ကိုလာလည်တဲ့အခါ ကိုယ့်သမီးကိုကြိုက်လို့လာနေမှန်း မသိခင်က အဖေက အေးအေးဆေးဆေးစကားပြောနိုင် နှုတ်ဆက်နိုင်ပေမယ့် ကိုယ့်သမီးကိုကြိုက်နေမှန်းလည်းသိရော မျက်နှာကြီးသုန်မှုန်ပြီး နှုတ်ဆက်စကားတောင် ကောင်းကောင်းမပြောနိုင်တာကို အမှတ်ရမိပါတယ်..

ဒီမနက်ခင်းမှာ မိတ်ဆက်ပေးတော့ အဖေကလည်း သူ့ကိုယ်သူမိတ်ဆက်ရင်း ထုံးစံအတိုင်း စပ်မိစပ်ရာတွေပြောကြဆိုကြ.. ဆုံတွေ့ချိန်က ဆယ့်ငါးမိနစ်လောက်ပေမယ့် အဖေက စကားစမပြတ်နိုင်ဘူး.. သူတစ်ယောက်တည်း ဒိုင်ခံပြောတတ်တဲ့အဖေ့ရဲ့အကျင့်ကိုသိထားလို့ ရုံးကလည်းသွားရဦးမယ်ဆိုတော့ ကျွန်တော်ကပဲ မြန်မြန်စကားစ၀င်ဖြတ်ပြီး ထွက်ရပါတယ်.. တကယ်လို့များ ကျွန်တော့်ရဲ့သူကို ချစ်သူအနေနဲ့မိတ်ဆက်ပေးရင် မနက်ခင်းကလို အဖေက သူ့ကိုစကားတွေပြောနေပါ့မလား.. ဘယ်အချိန်မှာ အဖေနဲ့သူ့ကို ပွင့်ပွင့်လင်းလင်း မိတ်ဆက်ပေးရမလဲ .. ကျွန်တော် မတွေးနိုင်သေးပါဘူး..ကျွန်တော့်အတွက် တကယ်ကို sensitive ဖြစ်ရတဲ့ကိစ္စတစ်ခုပါပဲ...

ချစ်သူတွေဖြစ်ကြတဲ့နေ့

အဲဒီနေ့...
ချစ်သူတွေ ဖြစ်ကြတဲ့နေ့....။


အသွားတုန်းက

သူ့လက်မောင်းကိုဆွဲ

ပေတရာလမ်းဟိုဘက်

အပြေးအလွှား ဖြတ်ကူးခဲ့ရ...။


အပြန်ခါကျ...

တစ်ယောက်လက် တစ်ယောက်တွဲ

ပေတရာလမ်းတစ်ဘက်

ရောက်မှန်းမသိ ရောက်ခဲ့ကြ.....။


ကန်သာယာနား

ချစ်စကားမဟုတ်တဲ့ ချစ်စကားချိုတွေ

အပြုံးချင်းဖလှယ်ရင်း..

သက်ပြင်းဖွဖွရှိုက်ရင်း..

ကြယ်တွေကိုကြည့်ရင်း..
ပုံပြင်တွေ နားထောင်ရင်း..

ဂစ်တာသံမှာ စီးမျောရင်း..

ကံကြမ္မာကို အံ့သြရင်း..
ဒီနေ့နဲ့ မနက်ဖြန်အတွက်

အိပ်မက်တွေ ပီပြင်စေဖို့ အားအင်တွေရှိခဲ့...။


အဲဒီနေ့ပဲလေ...

ချစ်သူတွေ ဖြစ်ကြတဲ့နေ့ပေါ့....။

နွေနှင်း(gcc-mdy)

ချစ်သူ

အကြည့်တစ်ချက်...
စကားတစ်ခွန်း...
အပြုံးတစ်ပွင့်...
အပြုအမူတစ်ခုတစ်လေနဲ့တင်..

ရီစေ..ငိုစေ..
မျှော်လင့်စေ.. ကျဆုံးစေ..
ကြည်နူးစေ.. သွေးပျက်စေနိုင်သူ..

အဲဒါ... ချစ်သူ.....။

22nd April 2011
7:25 pm

သူ ....
အဝေးကြီးထွက်သွားမှာလည်း

အတွေးနဲ့တင်ကြောက်တယ်..။
ဘယ်တော့မှ လွတ်ထွက်မသွားအောင်

သူ့လက်တွေ တင်းတင်းဆုပ်ထားဆိုတော့လည်း
သတ္တိက နည်းနေပြန်ရော....။

ဒီလိုနဲ့ပဲ...
ကိုယ့်ရဲ့ချစ်တတ်တဲ့စိတ်လေး
ဆုံးရှုံးလိုက်ရတော့မယ် ထင်ရဲ့....။


22nd April 2011
7:55 pm

ရိုးစင်းသော အတ္ထုပ္ပတ္ထိ

ငါ..
လဲကျခဲ့ဖူးတယ်။
ထူမတ်ခဲ့ဖူးတယ်။


ယိုင်နဲ့ခဲ့ဖူးတယ်။
ခိုင်မတ်ခဲ့ဖူးတယ်။

ငိုရှိုက်ခဲ့ဖူးတယ်...

ငိုရှိုက်နေတတ်ဆဲလည်း ဖြစ်တယ်။


ရယ်မောခဲ့ဖူးတယ်..
ရယ်မောနေတတ်ဆဲလည်း ဖြစ်တယ်။

ချစ်ဖူး မုန်းဖူးတယ်...

ချစ်တတ် မုန်းတတ်နေဆဲလည်း ဖြစ်တယ်။

မျှော်လင့်ခဲ့ဖူးတယ်..
မျှော်လင့်နေတတ်ဆဲလည်း ဖြစ်တယ်။

အချစ်-အမုန်းနဲ့ အပြစ်-အရှုံး
သူများတွေလိုပဲ ကြုံရတယ်...
ထူးမခြားတဲ့စုတ်ချက်နဲ့ ငါ့အတ္ထုပ္ပတ္တိက သာမန်ပါပဲ...။


22nd April 2011
11:30 pm

တစ်သက်မှာတစ်ခါ

တစ်သက်မှာတစ်ခါ...
တိမ်တွေနဲ့ကစား
လေနဲ့ လမ်းသလား

ကောင်းကင်ပြာ နောက်ခံထား
အိပ်မက်တွေ ပုံဖော်ဖို့ အိပ်မက်ခဲ့ဖူးပြီ ...။

တစ်သက်မှာတစ်ခါ...

သွေ့ခြောက်ပူလောင်
ရေယောင်ဆောင်တဲ့ တံလျှပ်တွေထဲ

အိပ်မက်ဆဲ အိပ်မက်တွေ ပျောက်ကွယ်ခဲ့ဖူးပြီ...။

တစ်သက်မှာတစ်ခါ...

တင်သည့်ချစ်ကြွေး
မပြေသေးသရွေ့
နှလုံးသွေးခင်း လည်စင်းဆပ်မည်

ဒီဘ၀ ဒီမျှ....
ကြေစေတော့လေ....။



၆ ရက်၊ ဧပြီ ၂၀၁၁
ညနေ ၆း၄၃

မြင်တယ်
ဒါပေမယ့်... ဖမ်းဆုပ်လို့မရဘူး...။

သိတယ်
ဒါပေမယ့်...ဆွဲကိုင်ပြလို့မရဘူး...။

ကြားတယ်
ဒါပေမယ့်...ဘာသာပြန်လို့မရဘူး..။

အမြင်-အသိ-အကြား
အားလုံးပေါင်းပုံဖော်တဲ့အခါ
ဒါ...အချစ်ဆိုတာတဲ့လေ....။

နွေနှင်း

ဒီတစ်ပတ်ဖတ်မိတဲ့ထဲက သဘောကျမိတာလေး မျှဝေတာပါ..
ခင်မောင်ညို(ဘောဂဗေဒ)ရေးတဲ့ ပတ်ဝန်းကျင်က စီးပွားရေး..
ဆိုတဲ့စာအုပ်ထဲကပါ..
**********************************************
ဝေဖန်သူတွေက အိမ်ထောင်ရေးဈေးကွက်ကို
ဘောဂဗေဒအမြင်ဖြင့်ကြည့်ရာတွင် အရေးကြီးသည့် အချက်တွေ ကျန်နေသည်ဟု
တွက်ကြသည်။ အောင်မြင်သော မိသားစုများတွင် အရေးပါသည့် တာဝန်ယူမှုကျန်နေပြီး
ရုပ်ပိုင်းဆိုင်ရာစဉ်းစားမှုများနှင့် မသက်ဆိုင်ဟု ဆိုကြသည်။
တာဝန်ယူမှု၏ နှစ်ဦးနှစ်ဘက်ဆက်ဆံရေးတွင် အရေးကြီးခြင်းသည်
အိမ်ပိုင်ရှင်နှင့် ဆက်ဆံရပုံမျိုး ဖြစ်သည်။
မြို့အသစ်တစ်မြို့သို့ပြောင်းရပြီး အိမ်ခန်းတစ်ခန်းလိုအပ်သည် ဆိုပါစို့။
မန်ချက်စတာလိုမြို့ကြီးတွေရောက်နေလျှင် ထောင်ချီပြီးရှိနေသော
အိမ်ခန်းတွေကို လိုက်မကြည့်နိုင်။ စာရင်းကိုကြည့်ပြီး အချို့ကိုသာ
သွားကြည့်သည်။ ဈေးနှုန်း၊ အသုံးအဆောင်၊ နေရာနှင့် အခြားမိမိ
စိတ်ဝင်စားသည့် ကိစ္စတွေ လိုက်ကြည့်မည်။ ရှာရင်းရှာရင်း အလွန်သဘောကျသည့်
အခန်းတစ်ခန်း ကို တွေ့မည်။ တစ်နေရာရာတွင် ထိုတိုက်ခန်းထက်ပိုကောင်းမည့်
တိုက်ခန်းတစ်ခန်းရှိနေသည်ကို သိသော်လည်း ရှာဖွေရန်အချိန်မရ။
လက်ရှိတိုက်ခန်းကို ရွေးလိုက်မည်။
ဆုံးဖြတ်ချက်ချပြီးလျှင် တိုက်ခန်းပိုင်ရှင်နှင့် သဘောတူညီချက်တစ်ခု
ပြုလုပ်ရမည်။ တစ်လလောက်လာနေပြီး နောက်တစ်လတွင် ရွှေ့ရမည့်အဖြစ်မျိုး
မဖြစ်လို။ ခန်းဆီးတွေဝယ်ရမည်။ ပန်းချီကားတွေချိတ်ရမည်။
တယ်လီဖုန်းတပ်ရမည်။ စောစောစီးစီးအိမ်ပြောင်းခိုင်းလျှင်
ရင်းနှီးမြှုပ်နှံ ထားသမျှ အလဟဿဖြစ်မည်။ နေရာအသစ်တစ်ခုကိုလည်း
ပြန်ရှာရဦးမည်။
အိမ်ပိုင်ရှင်ကလည်း အခုငှါး၊ အခုပြန်ထွက်သွားကာ
နောက်ထပ်အိမ်ငှါးတစ်ယောက် ထပ်ရှာရသည့် ဒုက္ခကိုမခံလို။ ကြော်ငြာထည့်ရ၊
အိမ်လာကြည့်သူတွေကို လိုက်ပြရ၊ ယခုအိမ်ငှါး လောက်ပင် တည်ငြိမ်မှုရှိပုံမရ။
ယုံကြည်စရာမကောင်းသည့်သူတွေကို ဆက်ဆံရဦးမည်။
ကိုယ်က ပိုကောင်းသည့်အိမ်တွေရှိနေကြောင်းသိသလို အိမ်ရှင်ကလည်း
ပိုကောင်းသည့် အိမ်ငှားတွေရှိကြောင်းသိသော်လည်း ထိုအခွင့်အလမ်းတွေကို
နှစ်ဘက်စလုံးက စွန့်လွှတ်ကာ သဘောတူညီမှု တာဝန်ယူမှုတစ်ခုပြုလုပ်ရန်
စိတ်ပါဝင်စားနေကြသည်။ ထို့ကြောင့် အခြားပို၍ ဆွဲဆောင်မှုရှိသော
နည်းလမ်းတွေနောက် မလိုက်ပါစေနိုင်သည့် အငှားစာချုပ်တစ်ခု လက်မှတ်ရေး
ထိုးကြမည်။ စာချုပ်သက်တမ်းမစေ့မီ ထွက်သွားလျှင် ကျန်လတွေအတွက်ပါ ပေးရမည်။
အိမ်ရှင်ကလည်း ကိုယ့်ကို နှင်ချ၍မရ။
အငှားစာချုပ်ကို တာဝန်ယူကတိပြု လက်မှတ်ရေးထိုးခြင်းသည်
အိမ်ခန်းတစ်ခန်းအတွက် အိမ်ငှားက ပေးလိုသည့်နှုန်းကို မြင့်စေပြီး
အိမ်ရှင်လိုချင်သည့်နှုန်းကို လျော့စေသည်။ စာချုပ်ဖြင့် နှစ်ဦးနှစ်ဘက်
ကတိပြုမထားပါက တန်ဖိုးရှိသော ဖလှယ်မှု၊ရောင်းဝယ်မှုတွေ ဖြစ်ထွန်းတော့မည်
မဟုတ်။ အငှားစာချုပ်သည် အခြားတန်ဖိုးရှိသည့် ရွေးချယ်စရာတွေကို
တားဆီးလိုက်ခြင်းဖြစ်သည်။ ထိုသို့တားဆီးရန်လည်း
လက်မှတ်ထိုးသူနှစ်ဦးစလုံးက လိုလားကြသည်။
အိမ်ထောင်ဖက်ရှာဖွေရာတွင်လည်း အလားတူ တာဝန်ယူမှု၊ ကတိပြုမှုတွေနှင့်
ကြုံရသည်။ အိမ်ထောင်ဖက်တစ်ယောက်လိုချင်သည်။ သို့သော် မည်သူနှင့်
အိမ်ထောင်ပြုရပြုရ ဆိုသော သဘောတော့မဟုတ်။ ချိန်းဆိုကာ
တွဲသွားတွဲလာလုပ်ပြီးနောက် သူ့အကြောင်း ကိုယ့်အကြောင်း အတော်အတန်သိသည်။
သူ့အနေအထား၊ သူ့ကိုယ်ကျင့်၊ သူ့ဓလေ့၊ သူ့ဝါသနာ၊ လုပ်ငန်းနှင့်
လူမှုရေးကျွမ်းကျင်မှု စသည်တို့ကို သိရသည်။ ကိုယ်တွေ့ကြုံရသည့်သူတွေ
အများအပြားထဲက တစ်ယောက်ကို အလေးပိုသည်။ တစ်ဖက်ကလည်း ကိုယ်လိုခံစားမိသည်။
ကံလည်းကြုံသည်။ နှစ်ယောက်စလုံး ရှေ့တစ်လှမ်းတက်လိုသည်။
ဆက်ဆံရေးတစ်ခုအတွက် စတင် ရင်းနှီးမြှုပ်နှံလိုကြသည်။ လက်ထပ်လို၊
အိမ်ဝယ်လို၊ ကလေးရလိုသည်။ ရေရှည်ဆက်ဆံရေးမျိုးကို မလိုလားလျှင်
ထိုအဆင့်တွေသည် အဓိပ္ပာယ်မရှိ။
တစ်စုံတစ်ရာမှားယွင်းချွတ်ချော်သွားခဲ့လျှင် ဘာဖြစ်မည်နည်း။
မိမိအိမ်ထောင်ဖက်သည် မည်သို့ဖြစ်ရမည်ဟု တစ်ဖက်သား၏စိတ်ထဲတွင်
မြင်ထားသော်လည်း ကိုယ့်ထက် ထိုစံချိန်စံညွှန်းနှင့် နီးစပ်သူတစ်ယောက်ယောက်
ရှိနိုင်သည်။ ထိုပုဂ္ဂိုလ် ရုတ်တရက်ပေါ်လာလိုက်လျှင် သို့မဟုတ်
တစ်ယောက်ယောက် မကျန်းမမာဖြစ်လျှင် ဘာလုပ်ကြမည်နည်း။ အိမ်ရှင်နှင့်
အိမ်ငှားကဲ့သို့ပင် အနာဂတ်ရွေးချယ်စရာတွေကို နှစ်ဦးနှစ်ဘက်စလုံးက
ပိတ်ဆို့ကာဆီးကာ လက်ရှိအခြေအနေကို တာဝန်ယူကြ ကတိပြုကြရန်
စိတ်ဝင်စားကြသည်။
လက်ထပ်စာချုပ်သည် လိုအပ်သည့်တာဝန်ယူမှုကို ရရှိရန်ကြိုးစားသည့်
နည်းတစ်နည်း ဖြစ်သည်။ သေသေချာချာစဉ်းစားကြည့်လျှင် ဥပဒေအရချုပ်ဆိုသော
စာချုပ်တစ်ခုသည် နှစ်ဘက်စလုံးက လိုချင်သည့် တာဝန်ယူမှု၊ ကတိပြုမှုမျိုးကို
ဖန်တီးရေးအတွက် သင့်လျော်ခြင်းမရှိ။ အလွန်တင်းကျပ်သော သတ်မှတ်ချက်များသည်
ကိုယ်နှင့်မပေါင်းလိုတော့သောသူကို ဇွတ်ထိန်းထား နိုင်ရုံမျှသာ
တတ်နိုင်သည်။ နှစ်ဘက်စလုံး မူလကမျှော်လင့်ခဲ့သော
ရည်မှန်းချက်ပန်းတိုင်တွေကို မရနိုင်။
ဥပဒေကြောင်းအရ ချုပ်ဆိုသော စာချုပ်ကို မြတ်နိုးမှုဖြင့် အားဖြည့်မှသာ
ပိုမိုပီပြင်သော တာဝန်ယူမှုကို ဖြစ်စေနိုင်သည်။ ပို၍ကြင်နာတတ်၊ ကြွယ်ဝ၊
ချစ်စရာကောင်း၊ ရုပ်ချောသောသူ တွေ့ရ၍လည်း စိတ်ပြောင်းစရာမရှိ။
ကိုယ့်အိမ်ထောင်ဖက်ကို တွယ်တာသူတစ်ယောက်သည် အသစ်တွေမရှာလိုတော့။
ဘယ်လောက်အခြေအနေကောင်းကောင်း အခွင့်အလမ်းသစ်တွေ မမက်တော့။
အချစ်သည်စိတ်ချရသည်ဟု မဆိုလိုပါ။
နာမည်ကျော်မင်းသားမင်းသမီးတစ်ယောက်နှင့် မိမိ၏အိမ်ထောင်ဖက်
ညစာထွက်စားလျှင် နည်းနည်းမှစိတ်မပူသည့်သူ ရှိမည်မဟုတ်ပါ။ သို့သော်
စင်းလုံးချောမဖြစ်သည့်တိုင် အများအားဖြင့် သူတစ်ပါးနှင့်ဆက်ဆံရာ၌
သ၀န်တိုစရာ၊ စိတ်မချစရာ မရှိတတ်။
စိတ်ပိုင်းဆိုင်ရာခံစားတာဝန်ယူမှုသည် အခြားပိုကောင်းသော
အခွင့်အလမ်းများကို ပိတ်ပစ်နိုင်သော်လည်း အကျိုးကျေးဇူးတွေရှိနေသည်။
စရိတ်အကျိုးကျေးဇူးရှုထောင့်မှ အချစ်ကို တွက်ကြည့်လျှင်လည်း
တန်ဖိုးရှိသည်။ ပို၍ သင့်တော်သူတစ်ယောက် ဖြစ်စေနိုင်သော ရင်းနှီးမြှုပ်
ဖြစ်သည်။ သို့သော် နေရာတကာ စရိတ်တွေ၊ အကျိုးကျေးဇူးတွေချည်း
လိုက်တွက်မနေလျှင် အကောင်းဆုံးဖြစ်သည်။
နေရာတကာဈေးတွက်လိုက်တွက်နေလျှင် မိမိ၏အိမ်ထောင်ရေးကို အခြားသူတွေလောက်
စိတ်ကျေနပ်မှု ရမည်မဟုတ်ပေ။ စိတ်ပညာရှင်တွေက အိမ်ထောင်ရေး၏
အကောင်းအဆိုးကို စဉ်းစားခိုင်းလျှင် အကျိုးထက် အပြစ်ဖြစ်ရန်က
အလားအလာပိုများသည်။ ကိုယ်ရေးကိုယ်တာ ဆက်ဆံမှုကိစ္စမျိုးကို ဤကဲ့သို့
အမြဲတွေး၍မဖြစ်။
ခင်မောင်ညို (ဘောဂဗေဒ)
ပတ်ဝန်းကျင်ကစီးပွားရေး.. စာအုပ်မှ (နှာ - ၂၃၄)

အဟောင်းတွေချည်း..
အထပ်ထပ်
အသစ်အသစ်.. ထပ်မဖြစ်
တစ်ယောက်တည်းလည်း မဟုတ်
ကဲ......
ရှေ့ဆက်ဖို့ ဘယ်လိုလဲ.....။

ကျွန်မချစ်သူ

သူက ကျွန်မချစ်သူ။ ဆံပင်ကြမ်းကြမ်းတွေက ခပ်မြန်မြန် ရှည်တတ်တယ်။ အရောင်ကလည်း ခဏခဏပြောင်းတတ်သေး။ မျက်ခုံးအစုံက ခပ်ပြေပြေကွေးပြီး ထင်းထင်းလေးတွေ။ ဘယ်မျက်ခုံးရဲ့အစ..အပေါ်နားမှာ မှဲ့ရှင်လေး တစ်လုံးရှိလေရဲ့။ မျက်ရစ်သေးသေးနဲ့ ခပ်မို့မို့၊ ခပ်ကျဉ်းကျဉ်းမျက်လုံးတွေကို စိပ်စိပ်ရှည်ရှည် မျက်တောင်တွေက ၀န်းရံထားတယ်။ အဲဒီမျက်တောင်တွေပါပဲ။ သူ့ခန္ဓာကိုယ်ပေါ်မှာ ကျွန်မ မနာလိုအဖြစ်ရဆုံး အရာတွေပါ။ သူ့အကြည့်ကလား။ ဟင့်အင်း။ မပြောချင်ပါဘူး။
ငယ်ငယ်က ကျွန်မကြည့်မရတဲ့ အတန်းဖော်ရဲ့အကြည့်နဲ့တူလို့။ သူ့ဆီမှာ ကျွန်မမကြိုက်ဆုံးအရာပေါ့။ ဒါပေမယ့်..ဒါပေမယ့်လည်း။ အဲဒီအကြည့်တွေကပဲ နှလုံးသားပေါက်အောင် ကြည့်နိုင်ပါရဲ့။

သူ့အကြောင်း ဘာတွေဆက်ပြောရမှာပါလိမ့်။ ပြောချင်တာတွေ သိပ်များနေတယ်။ ကိုယ့်ချစ်သူအကြောင်းဆိုတာ ပြောလို့မကုန်နိုင်တဲ့အကြောင်းပါ။ ပြောလို့ကုန်သွားတောင် ပြောပြီးသားတွေ
အထပ်ထပ်ပြောနေချင်တဲ့အကြောင်းဆိုလည်း ဟုတ်တယ်။ ဒီစကားကိုကြားရင် သူပြုံးပါလိမ့်မယ်။

တစ်ခုခုကိုသဘောကျရင်ဖြစ်ဖြစ်၊ တစ်ခုခုကို နာနာကျင်ကျင်နဲ့ (ဒါမှမဟုတ်) နှစ်နှစ်ခြိုက်ခြိုက်နဲ့ သဘောပေါက်သွားရင်ဖြစ်ဖြစ် (ဒါမှမဟုတ်) သိပ်စိတ်လှုပ်ရှားရင်ပဲဖြစ်ဖြစ် သူပြုံးတတ်တယ်။ ပြုံးတဲ့အခါ
နှုတ်ခမ်းစွန်းလေးနှစ်ဘက် အပေါ်တွန့်ကွေးသွားတဲ့ပုံက သိပ်ချစ်စရာကောင်းတယ်။ အဲဒီအပြုံးပါပဲ။ ကျွန်မသဘောအကျဆုံး၊ အနှစ်ခြိုက်ဆုံး သူ့ရဲ့လက်ဆောင်ပါ။ သူကလည်း ပြောဖူးပါတယ်။ လောကကို ဒီအပြုံးလေးတစ်ခုပဲ ပေးနိုင်ပါသေးတယ်တဲ့။ သူ့အပြုံးက ကျွန်မစိတ်ကို အလှုပ်ကိုင်နိုင်ဆုံး အဆွဲဆောင်နိုင်ဆုံး
ဆိုတဲ့အကြောင်း သူ့ကို ရိုးရိုးသားသား ပြောပြဖြစ်ပါတယ်။ ဒီစကားကိုကြားရင် သူ ပြုံးပါလိမ့်ဦးမယ်။ သဘောကျလို့ပြုံးတဲ့အပြုံးပေါ့။ အဲလို..နှစ်လိုစရာအပြုံးနဲ့ သူ့မျက်နှာပြည့်ပြည့်ကို လည်ပင်းညောင်းပါစေ၊
တစ်နေကုန်ပဲ မော့ကြည့်ရ ကြည့်ရ။ ကြည့်နေချင်ပါတယ်။

တစ်ခါတစ်ခါလည်း အဲဒီသူ့ကိုပဲ အမြင်ကပ်မိသေးတယ်။ သူနဲ့ တစ်နေရာရာကို အတူသွားရတဲ့အချိန်တွေမှာပေါ့။ ခပ်သွက်သွက်လှမ်းတဲ့ သူ့ခြေလှမ်းကို မီအောင်လိုက်ရတာများ.. မှောက်လဲတော့မတတ်။ ဒေါက်မြင့်စီးထားမိရင် ပိုဆိုး။ လူချင်းကွဲသွားမှာစိုးလို့ လူကြားသူကြားထဲ သူ့လက်မောင်းလိုက်ဆွဲ လျှောက်ရတယ်။ သူလမ်းလျှောက်တာ အဖေ့လိုပဲ။ သိပ်မြန်တယ်လို့ ပြောတိုင်း အမေက သဘောတကျနဲ့ပြုံးတတ်ပါတယ်။ ကျွန်မအဖေရော၊ အဘိုး(အမေ့အဖေ)ပါ လမ်းလျှောက်မြန်ကြတဲ့သူတွေကိုနော်။

အဲလို…စိတ်မြန်လက်မြန်ရှိလွန်းတဲ့ ကျွန်မချစ်သူကို အမေက ချစ်ရှာတယ်။ သူနဲ့အမေ အကြိမ်များများ မဆုံဖူးပေမယ့်.. ကျွန်မအမေရဲ့အချစ်တွေ သူ သိမ်းကြုံးယူထားပါတယ်။ သူစိတ်ချမ်းသာအောင်ထားပါ..ဆိုတဲ့ အမေ့စကားက သက်သေပါပဲ။ သမီးကားအဖျား သမီးချစ်သူက အရင်းဖြစ်နေပေါ့။ မနာလိုပါဘူးလို့ပြောရင် သူပြုံးပါဦးမယ်။ ပိုင်ပိုင်နိုင်နိုင်ရှိလွန်းတဲ့ ခပ်လွင်လွင်အသံနဲ့ အသံထွက်အောင် သူရယ်ပါဦးမယ်။ ဘ၀င်ကိုင်တဲ့အကြည့်နဲ့ ကျွန်မကို ကြည့်ပါလိမ့်ဦးမယ်။ အဲဒီသူပါပဲ။ ကျွန်မချစ်သူဆိုတာလေ။

ဗုဒ္ဓနဲ့ ကျန်းကျားပေါက်

မကောင်းမှုရှောင်
ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား။
ဗုဒ္ဓရဲ့အဆုံးအမပါ။ ဒါလေးကိုမြင်တိုင်း ပေါင်ချိန်ဇာတ်လမ်းတွဲထဲက
ကျန်းအမတ်ကြီးသား ကျန်းကျားပေါက်ကို သတိရမိပါတယ်။ သူများပစ္စည်းလုယူ၊
သူများအိမ်ထောင်ပြစ်မှား၊ မတရားတာမှန်သမျှ အကုန်လုပ်လို့ နောက်ဆုံးမှာ
ကျားခေါင်းဓါးစက်အောက် အသက်ပေးလိုက်ရတဲ့သူပါ။ သူမသေခင်
ပေါင်ချိန်နဲ့စကားပြောတဲ့အခန်းက တကယ်ကို အတွေးပွားစေပါတယ်။
ဆယ်တန်းအောင်ပြီးစအချိန်က ကြည့်ခဲ့ရပေမယ့် ခုထိမှတ်မိနေပါတယ်။

ကျန်းကျားပေါက်ဟာ ငယ်ငယ်ကတည်းက ဘယ်အရာက မကောင်းမှု-ဘယ်အရာက ကောင်းမှုလို့
သင်ကြားမခံခဲ့ရတဲ့အတွက် သူလုပ်သမျှအရာအားလုံးဟာအကောင်းလို့
ထင်နေခဲ့ပါသတဲ့။ နောင်တတွေနဲ့ ငိုပြီးပြောတဲ့စကားပါ။ ဗုဒ္ဓရဲ့စကားနဲ့
ကျန်းကျားပေါက်ရဲ့စကား ဆက်စပ်မိတော့ မကောင်းမှုကိုရှောင်ဖို့အတွက်
မကောင်းမှုဆိုတာဘာလဲသိဖို့ လိုအပ်နေသေးတယ် ဆိုတာ ဖျတ်ခနဲမြင်လိုက်မိတယ်။
သိမှပဲ ရှောင်နိုင်မှာကိုနော်။ ရှောင်ရမယ့်အရာလို့သိအောင်လုပ်ဖို့
အများကြီးလိုအပ်တယ်။ ပြီးတော့ သူတော်ကောင်းတွေသတ်မှတ်တဲ့ မကောင်းမှုနဲ့
သာမန်လူ့ဘောင်ထဲမှာသတ်မှတ်ထားတဲ့ မကောင်းမှုဆိုတာလည်း အဟပ်ကွာနေဦးမှာပါ။

မကောင်းမှုလုပ်မိတာနဲ့ပတ်သက်လို့ အပြစ်ဘယ်လိုခံစားရမလဲဆိုတာ
တရားစခန်းတစ်ခုက ဆရာတော်ကို မေးခဲ့ဖူးတယ်။ မီးဖုတ်ထားတဲ့သံတုံးရဲရဲဟာ
ပူတယ်လို့ သိထားတဲ့သူအတွက် မဖြစ်မနေကိုင်ရမယ်ဆိုရင်တောင်
သတိနဲ့ကိုင်ဖြစ်မှာမို့ ပူမှန်းမသိဘဲကိုင်တဲ့သူထက်စာရင် သိသူက
သက်သာမယ်လို့ နာယူခဲ့ဖူးပါတယ်။ ဒါပေမယ့် အပြစ်ကိုပေးဆပ်ရမှာချင်းတော့
သိပ်မကွာတဲ့အတွက် သိသိနဲ့ဖြစ်စေ၊ မသိဘဲနဲ့ဖြစ်စေ မကောင်းမှုကို
မလုပ်သင့်ဘူးလို့ မှတ်သားခဲ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခု ဖြတ်သန်းခဲ့ရတဲ့နှစ်တွေက အတွေ့အကြုံအရ
လူတွေသတ်မှတ်ထားတဲ့ဥပဒေနဲ့ အရေးယူလို့မရတဲ့ မကောင်းမှုတွေအတွက်
သဘာဝဥပဒေဆိုတာ ရှိနေတဲ့အကြောင်း သိလာရပါတယ်။ အဲဒီဥပဒေကတော့ မကောင်းမှုကို
သေးသေးလေးပဲဖြစ်ပါစေ ကိုယ့်ရဲ့စေတနာအလျောက်
တုံ့ပြန်အကျိုးပေးတတ်တဲ့အကြောင်းလည်း ကျေကျေနပ်နပ်လက်ခံမိတဲ့အတွက်
လူဖြစ်ရတာတန်တယ်လို့ တွေးမိနေပါတယ်။

(နွေနှင်း)

--
http://NwaiHninn.blogspot.com/


 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews