ဒီတစ်ပတ်ဖတ်မိတဲ့ထဲက သဘောကျမိတာလေး မျှဝေတာပါ..
ခင်မောင်ညို(ဘောဂဗေဒ)ရေးတဲ့ ပတ်ဝန်းကျင်က စီးပွားရေး..
ဆိုတဲ့စာအုပ်ထဲကပါ..
**********************************************
ဝေဖန်သူတွေက အိမ်ထောင်ရေးဈေးကွက်ကို
ဘောဂဗေဒအမြင်ဖြင့်ကြည့်ရာတွင် အရေးကြီးသည့် အချက်တွေ ကျန်နေသည်ဟု
တွက်ကြသည်။ အောင်မြင်သော မိသားစုများတွင် အရေးပါသည့် တာဝန်ယူမှုကျန်နေပြီး
ရုပ်ပိုင်းဆိုင်ရာစဉ်းစားမှုများနှင့် မသက်ဆိုင်ဟု ဆိုကြသည်။
တာဝန်ယူမှု၏ နှစ်ဦးနှစ်ဘက်ဆက်ဆံရေးတွင် အရေးကြီးခြင်းသည်
အိမ်ပိုင်ရှင်နှင့် ဆက်ဆံရပုံမျိုး ဖြစ်သည်။
မြို့အသစ်တစ်မြို့သို့ပြောင်းရပြီး အိမ်ခန်းတစ်ခန်းလိုအပ်သည် ဆိုပါစို့။
မန်ချက်စတာလိုမြို့ကြီးတွေရောက်နေလျှင် ထောင်ချီပြီးရှိနေသော
အိမ်ခန်းတွေကို လိုက်မကြည့်နိုင်။ စာရင်းကိုကြည့်ပြီး အချို့ကိုသာ
သွားကြည့်သည်။ ဈေးနှုန်း၊ အသုံးအဆောင်၊ နေရာနှင့် အခြားမိမိ
စိတ်ဝင်စားသည့် ကိစ္စတွေ လိုက်ကြည့်မည်။ ရှာရင်းရှာရင်း အလွန်သဘောကျသည့်
အခန်းတစ်ခန်း ကို တွေ့မည်။ တစ်နေရာရာတွင် ထိုတိုက်ခန်းထက်ပိုကောင်းမည့်
တိုက်ခန်းတစ်ခန်းရှိနေသည်ကို သိသော်လည်း ရှာဖွေရန်အချိန်မရ။
လက်ရှိတိုက်ခန်းကို ရွေးလိုက်မည်။
ဆုံးဖြတ်ချက်ချပြီးလျှင် တိုက်ခန်းပိုင်ရှင်နှင့် သဘောတူညီချက်တစ်ခု
ပြုလုပ်ရမည်။ တစ်လလောက်လာနေပြီး နောက်တစ်လတွင် ရွှေ့ရမည့်အဖြစ်မျိုး
မဖြစ်လို။ ခန်းဆီးတွေဝယ်ရမည်။ ပန်းချီကားတွေချိတ်ရမည်။
တယ်လီဖုန်းတပ်ရမည်။ စောစောစီးစီးအိမ်ပြောင်းခိုင်းလျှင်
ရင်းနှီးမြှုပ်နှံ ထားသမျှ အလဟဿဖြစ်မည်။ နေရာအသစ်တစ်ခုကိုလည်း
ပြန်ရှာရဦးမည်။
အိမ်ပိုင်ရှင်ကလည်း အခုငှါး၊ အခုပြန်ထွက်သွားကာ
နောက်ထပ်အိမ်ငှါးတစ်ယောက် ထပ်ရှာရသည့် ဒုက္ခကိုမခံလို။ ကြော်ငြာထည့်ရ၊
အိမ်လာကြည့်သူတွေကို လိုက်ပြရ၊ ယခုအိမ်ငှါး လောက်ပင် တည်ငြိမ်မှုရှိပုံမရ။
ယုံကြည်စရာမကောင်းသည့်သူတွေကို ဆက်ဆံရဦးမည်။
ကိုယ်က ပိုကောင်းသည့်အိမ်တွေရှိနေကြောင်းသိသလို အိမ်ရှင်ကလည်း
ပိုကောင်းသည့် အိမ်ငှားတွေရှိကြောင်းသိသော်လည်း ထိုအခွင့်အလမ်းတွေကို
နှစ်ဘက်စလုံးက စွန့်လွှတ်ကာ သဘောတူညီမှု တာဝန်ယူမှုတစ်ခုပြုလုပ်ရန်
စိတ်ပါဝင်စားနေကြသည်။ ထို့ကြောင့် အခြားပို၍ ဆွဲဆောင်မှုရှိသော
နည်းလမ်းတွေနောက် မလိုက်ပါစေနိုင်သည့် အငှားစာချုပ်တစ်ခု လက်မှတ်ရေး
ထိုးကြမည်။ စာချုပ်သက်တမ်းမစေ့မီ ထွက်သွားလျှင် ကျန်လတွေအတွက်ပါ ပေးရမည်။
အိမ်ရှင်ကလည်း ကိုယ့်ကို နှင်ချ၍မရ။
အငှားစာချုပ်ကို တာဝန်ယူကတိပြု လက်မှတ်ရေးထိုးခြင်းသည်
အိမ်ခန်းတစ်ခန်းအတွက် အိမ်ငှားက ပေးလိုသည့်နှုန်းကို မြင့်စေပြီး
အိမ်ရှင်လိုချင်သည့်နှုန်းကို လျော့စေသည်။ စာချုပ်ဖြင့် နှစ်ဦးနှစ်ဘက်
ကတိပြုမထားပါက တန်ဖိုးရှိသော ဖလှယ်မှု၊ရောင်းဝယ်မှုတွေ ဖြစ်ထွန်းတော့မည်
မဟုတ်။ အငှားစာချုပ်သည် အခြားတန်ဖိုးရှိသည့် ရွေးချယ်စရာတွေကို
တားဆီးလိုက်ခြင်းဖြစ်သည်။ ထိုသို့တားဆီးရန်လည်း
လက်မှတ်ထိုးသူနှစ်ဦးစလုံးက လိုလားကြသည်။
အိမ်ထောင်ဖက်ရှာဖွေရာတွင်လည်း အလားတူ တာဝန်ယူမှု၊ ကတိပြုမှုတွေနှင့်
ကြုံရသည်။ အိမ်ထောင်ဖက်တစ်ယောက်လိုချင်သည်။ သို့သော် မည်သူနှင့်
အိမ်ထောင်ပြုရပြုရ ဆိုသော သဘောတော့မဟုတ်။ ချိန်းဆိုကာ
တွဲသွားတွဲလာလုပ်ပြီးနောက် သူ့အကြောင်း ကိုယ့်အကြောင်း အတော်အတန်သိသည်။
သူ့အနေအထား၊ သူ့ကိုယ်ကျင့်၊ သူ့ဓလေ့၊ သူ့ဝါသနာ၊ လုပ်ငန်းနှင့်
လူမှုရေးကျွမ်းကျင်မှု စသည်တို့ကို သိရသည်။ ကိုယ်တွေ့ကြုံရသည့်သူတွေ
အများအပြားထဲက တစ်ယောက်ကို အလေးပိုသည်။ တစ်ဖက်ကလည်း ကိုယ်လိုခံစားမိသည်။
ကံလည်းကြုံသည်။ နှစ်ယောက်စလုံး ရှေ့တစ်လှမ်းတက်လိုသည်။
ဆက်ဆံရေးတစ်ခုအတွက် စတင် ရင်းနှီးမြှုပ်နှံလိုကြသည်။ လက်ထပ်လို၊
အိမ်ဝယ်လို၊ ကလေးရလိုသည်။ ရေရှည်ဆက်ဆံရေးမျိုးကို မလိုလားလျှင်
ထိုအဆင့်တွေသည် အဓိပ္ပာယ်မရှိ။
တစ်စုံတစ်ရာမှားယွင်းချွတ်ချော်သွားခဲ့လျှင် ဘာဖြစ်မည်နည်း။
မိမိအိမ်ထောင်ဖက်သည် မည်သို့ဖြစ်ရမည်ဟု တစ်ဖက်သား၏စိတ်ထဲတွင်
မြင်ထားသော်လည်း ကိုယ့်ထက် ထိုစံချိန်စံညွှန်းနှင့် နီးစပ်သူတစ်ယောက်ယောက်
ရှိနိုင်သည်။ ထိုပုဂ္ဂိုလ် ရုတ်တရက်ပေါ်လာလိုက်လျှင် သို့မဟုတ်
တစ်ယောက်ယောက် မကျန်းမမာဖြစ်လျှင် ဘာလုပ်ကြမည်နည်း။ အိမ်ရှင်နှင့်
အိမ်ငှားကဲ့သို့ပင် အနာဂတ်ရွေးချယ်စရာတွေကို နှစ်ဦးနှစ်ဘက်စလုံးက
ပိတ်ဆို့ကာဆီးကာ လက်ရှိအခြေအနေကို တာဝန်ယူကြ ကတိပြုကြရန်
စိတ်ဝင်စားကြသည်။
လက်ထပ်စာချုပ်သည် လိုအပ်သည့်တာဝန်ယူမှုကို ရရှိရန်ကြိုးစားသည့်
နည်းတစ်နည်း ဖြစ်သည်။ သေသေချာချာစဉ်းစားကြည့်လျှင် ဥပဒေအရချုပ်ဆိုသော
စာချုပ်တစ်ခုသည် နှစ်ဘက်စလုံးက လိုချင်သည့် တာဝန်ယူမှု၊ ကတိပြုမှုမျိုးကို
ဖန်တီးရေးအတွက် သင့်လျော်ခြင်းမရှိ။ အလွန်တင်းကျပ်သော သတ်မှတ်ချက်များသည်
ကိုယ်နှင့်မပေါင်းလိုတော့သောသူကို ဇွတ်ထိန်းထား နိုင်ရုံမျှသာ
တတ်နိုင်သည်။ နှစ်ဘက်စလုံး မူလကမျှော်လင့်ခဲ့သော
ရည်မှန်းချက်ပန်းတိုင်တွေကို မရနိုင်။
ဥပဒေကြောင်းအရ ချုပ်ဆိုသော စာချုပ်ကို မြတ်နိုးမှုဖြင့် အားဖြည့်မှသာ
ပိုမိုပီပြင်သော တာဝန်ယူမှုကို ဖြစ်စေနိုင်သည်။ ပို၍ကြင်နာတတ်၊ ကြွယ်ဝ၊
ချစ်စရာကောင်း၊ ရုပ်ချောသောသူ တွေ့ရ၍လည်း စိတ်ပြောင်းစရာမရှိ။
ကိုယ့်အိမ်ထောင်ဖက်ကို တွယ်တာသူတစ်ယောက်သည် အသစ်တွေမရှာလိုတော့။
ဘယ်လောက်အခြေအနေကောင်းကောင်း အခွင့်အလမ်းသစ်တွေ မမက်တော့။
အချစ်သည်စိတ်ချရသည်ဟု မဆိုလိုပါ။
နာမည်ကျော်မင်းသားမင်းသမီးတစ်ယောက်နှင့် မိမိ၏အိမ်ထောင်ဖက်
ညစာထွက်စားလျှင် နည်းနည်းမှစိတ်မပူသည့်သူ ရှိမည်မဟုတ်ပါ။ သို့သော်
စင်းလုံးချောမဖြစ်သည့်တိုင် အများအားဖြင့် သူတစ်ပါးနှင့်ဆက်ဆံရာ၌
သ၀န်တိုစရာ၊ စိတ်မချစရာ မရှိတတ်။
စိတ်ပိုင်းဆိုင်ရာခံစားတာဝန်ယူမှုသည် အခြားပိုကောင်းသော
အခွင့်အလမ်းများကို ပိတ်ပစ်နိုင်သော်လည်း အကျိုးကျေးဇူးတွေရှိနေသည်။
စရိတ်အကျိုးကျေးဇူးရှုထောင့်မှ အချစ်ကို တွက်ကြည့်လျှင်လည်း
တန်ဖိုးရှိသည်။ ပို၍ သင့်တော်သူတစ်ယောက် ဖြစ်စေနိုင်သော ရင်းနှီးမြှုပ်
ဖြစ်သည်။ သို့သော် နေရာတကာ စရိတ်တွေ၊ အကျိုးကျေးဇူးတွေချည်း
လိုက်တွက်မနေလျှင် အကောင်းဆုံးဖြစ်သည်။
နေရာတကာဈေးတွက်လိုက်တွက်နေလျှင် မိမိ၏အိမ်ထောင်ရေးကို အခြားသူတွေလောက်
စိတ်ကျေနပ်မှု ရမည်မဟုတ်ပေ။ စိတ်ပညာရှင်တွေက အိမ်ထောင်ရေး၏
အကောင်းအဆိုးကို စဉ်းစားခိုင်းလျှင် အကျိုးထက် အပြစ်ဖြစ်ရန်က
အလားအလာပိုများသည်။ ကိုယ်ရေးကိုယ်တာ ဆက်ဆံမှုကိစ္စမျိုးကို ဤကဲ့သို့
အမြဲတွေး၍မဖြစ်။
ခင်မောင်ညို (ဘောဂဗေဒ)
ပတ်ဝန်းကျင်ကစီးပွားရေး.. စာအုပ်မှ (နှာ - ၂၃၄)

အဟောင်းတွေချည်း..
အထပ်ထပ်
အသစ်အသစ်.. ထပ်မဖြစ်
တစ်ယောက်တည်းလည်း မဟုတ်
ကဲ......
ရှေ့ဆက်ဖို့ ဘယ်လိုလဲ.....။

ကျွန်မချစ်သူ

သူက ကျွန်မချစ်သူ။ ဆံပင်ကြမ်းကြမ်းတွေက ခပ်မြန်မြန် ရှည်တတ်တယ်။ အရောင်ကလည်း ခဏခဏပြောင်းတတ်သေး။ မျက်ခုံးအစုံက ခပ်ပြေပြေကွေးပြီး ထင်းထင်းလေးတွေ။ ဘယ်မျက်ခုံးရဲ့အစ..အပေါ်နားမှာ မှဲ့ရှင်လေး တစ်လုံးရှိလေရဲ့။ မျက်ရစ်သေးသေးနဲ့ ခပ်မို့မို့၊ ခပ်ကျဉ်းကျဉ်းမျက်လုံးတွေကို စိပ်စိပ်ရှည်ရှည် မျက်တောင်တွေက ၀န်းရံထားတယ်။ အဲဒီမျက်တောင်တွေပါပဲ။ သူ့ခန္ဓာကိုယ်ပေါ်မှာ ကျွန်မ မနာလိုအဖြစ်ရဆုံး အရာတွေပါ။ သူ့အကြည့်ကလား။ ဟင့်အင်း။ မပြောချင်ပါဘူး။
ငယ်ငယ်က ကျွန်မကြည့်မရတဲ့ အတန်းဖော်ရဲ့အကြည့်နဲ့တူလို့။ သူ့ဆီမှာ ကျွန်မမကြိုက်ဆုံးအရာပေါ့။ ဒါပေမယ့်..ဒါပေမယ့်လည်း။ အဲဒီအကြည့်တွေကပဲ နှလုံးသားပေါက်အောင် ကြည့်နိုင်ပါရဲ့။

သူ့အကြောင်း ဘာတွေဆက်ပြောရမှာပါလိမ့်။ ပြောချင်တာတွေ သိပ်များနေတယ်။ ကိုယ့်ချစ်သူအကြောင်းဆိုတာ ပြောလို့မကုန်နိုင်တဲ့အကြောင်းပါ။ ပြောလို့ကုန်သွားတောင် ပြောပြီးသားတွေ
အထပ်ထပ်ပြောနေချင်တဲ့အကြောင်းဆိုလည်း ဟုတ်တယ်။ ဒီစကားကိုကြားရင် သူပြုံးပါလိမ့်မယ်။

တစ်ခုခုကိုသဘောကျရင်ဖြစ်ဖြစ်၊ တစ်ခုခုကို နာနာကျင်ကျင်နဲ့ (ဒါမှမဟုတ်) နှစ်နှစ်ခြိုက်ခြိုက်နဲ့ သဘောပေါက်သွားရင်ဖြစ်ဖြစ် (ဒါမှမဟုတ်) သိပ်စိတ်လှုပ်ရှားရင်ပဲဖြစ်ဖြစ် သူပြုံးတတ်တယ်။ ပြုံးတဲ့အခါ
နှုတ်ခမ်းစွန်းလေးနှစ်ဘက် အပေါ်တွန့်ကွေးသွားတဲ့ပုံက သိပ်ချစ်စရာကောင်းတယ်။ အဲဒီအပြုံးပါပဲ။ ကျွန်မသဘောအကျဆုံး၊ အနှစ်ခြိုက်ဆုံး သူ့ရဲ့လက်ဆောင်ပါ။ သူကလည်း ပြောဖူးပါတယ်။ လောကကို ဒီအပြုံးလေးတစ်ခုပဲ ပေးနိုင်ပါသေးတယ်တဲ့။ သူ့အပြုံးက ကျွန်မစိတ်ကို အလှုပ်ကိုင်နိုင်ဆုံး အဆွဲဆောင်နိုင်ဆုံး
ဆိုတဲ့အကြောင်း သူ့ကို ရိုးရိုးသားသား ပြောပြဖြစ်ပါတယ်။ ဒီစကားကိုကြားရင် သူ ပြုံးပါလိမ့်ဦးမယ်။ သဘောကျလို့ပြုံးတဲ့အပြုံးပေါ့။ အဲလို..နှစ်လိုစရာအပြုံးနဲ့ သူ့မျက်နှာပြည့်ပြည့်ကို လည်ပင်းညောင်းပါစေ၊
တစ်နေကုန်ပဲ မော့ကြည့်ရ ကြည့်ရ။ ကြည့်နေချင်ပါတယ်။

တစ်ခါတစ်ခါလည်း အဲဒီသူ့ကိုပဲ အမြင်ကပ်မိသေးတယ်။ သူနဲ့ တစ်နေရာရာကို အတူသွားရတဲ့အချိန်တွေမှာပေါ့။ ခပ်သွက်သွက်လှမ်းတဲ့ သူ့ခြေလှမ်းကို မီအောင်လိုက်ရတာများ.. မှောက်လဲတော့မတတ်။ ဒေါက်မြင့်စီးထားမိရင် ပိုဆိုး။ လူချင်းကွဲသွားမှာစိုးလို့ လူကြားသူကြားထဲ သူ့လက်မောင်းလိုက်ဆွဲ လျှောက်ရတယ်။ သူလမ်းလျှောက်တာ အဖေ့လိုပဲ။ သိပ်မြန်တယ်လို့ ပြောတိုင်း အမေက သဘောတကျနဲ့ပြုံးတတ်ပါတယ်။ ကျွန်မအဖေရော၊ အဘိုး(အမေ့အဖေ)ပါ လမ်းလျှောက်မြန်ကြတဲ့သူတွေကိုနော်။

အဲလို…စိတ်မြန်လက်မြန်ရှိလွန်းတဲ့ ကျွန်မချစ်သူကို အမေက ချစ်ရှာတယ်။ သူနဲ့အမေ အကြိမ်များများ မဆုံဖူးပေမယ့်.. ကျွန်မအမေရဲ့အချစ်တွေ သူ သိမ်းကြုံးယူထားပါတယ်။ သူစိတ်ချမ်းသာအောင်ထားပါ..ဆိုတဲ့ အမေ့စကားက သက်သေပါပဲ။ သမီးကားအဖျား သမီးချစ်သူက အရင်းဖြစ်နေပေါ့။ မနာလိုပါဘူးလို့ပြောရင် သူပြုံးပါဦးမယ်။ ပိုင်ပိုင်နိုင်နိုင်ရှိလွန်းတဲ့ ခပ်လွင်လွင်အသံနဲ့ အသံထွက်အောင် သူရယ်ပါဦးမယ်။ ဘ၀င်ကိုင်တဲ့အကြည့်နဲ့ ကျွန်မကို ကြည့်ပါလိမ့်ဦးမယ်။ အဲဒီသူပါပဲ။ ကျွန်မချစ်သူဆိုတာလေ။

ဗုဒ္ဓနဲ့ ကျန်းကျားပေါက်

မကောင်းမှုရှောင်
ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား။
ဗုဒ္ဓရဲ့အဆုံးအမပါ။ ဒါလေးကိုမြင်တိုင်း ပေါင်ချိန်ဇာတ်လမ်းတွဲထဲက
ကျန်းအမတ်ကြီးသား ကျန်းကျားပေါက်ကို သတိရမိပါတယ်။ သူများပစ္စည်းလုယူ၊
သူများအိမ်ထောင်ပြစ်မှား၊ မတရားတာမှန်သမျှ အကုန်လုပ်လို့ နောက်ဆုံးမှာ
ကျားခေါင်းဓါးစက်အောက် အသက်ပေးလိုက်ရတဲ့သူပါ။ သူမသေခင်
ပေါင်ချိန်နဲ့စကားပြောတဲ့အခန်းက တကယ်ကို အတွေးပွားစေပါတယ်။
ဆယ်တန်းအောင်ပြီးစအချိန်က ကြည့်ခဲ့ရပေမယ့် ခုထိမှတ်မိနေပါတယ်။

ကျန်းကျားပေါက်ဟာ ငယ်ငယ်ကတည်းက ဘယ်အရာက မကောင်းမှု-ဘယ်အရာက ကောင်းမှုလို့
သင်ကြားမခံခဲ့ရတဲ့အတွက် သူလုပ်သမျှအရာအားလုံးဟာအကောင်းလို့
ထင်နေခဲ့ပါသတဲ့။ နောင်တတွေနဲ့ ငိုပြီးပြောတဲ့စကားပါ။ ဗုဒ္ဓရဲ့စကားနဲ့
ကျန်းကျားပေါက်ရဲ့စကား ဆက်စပ်မိတော့ မကောင်းမှုကိုရှောင်ဖို့အတွက်
မကောင်းမှုဆိုတာဘာလဲသိဖို့ လိုအပ်နေသေးတယ် ဆိုတာ ဖျတ်ခနဲမြင်လိုက်မိတယ်။
သိမှပဲ ရှောင်နိုင်မှာကိုနော်။ ရှောင်ရမယ့်အရာလို့သိအောင်လုပ်ဖို့
အများကြီးလိုအပ်တယ်။ ပြီးတော့ သူတော်ကောင်းတွေသတ်မှတ်တဲ့ မကောင်းမှုနဲ့
သာမန်လူ့ဘောင်ထဲမှာသတ်မှတ်ထားတဲ့ မကောင်းမှုဆိုတာလည်း အဟပ်ကွာနေဦးမှာပါ။

မကောင်းမှုလုပ်မိတာနဲ့ပတ်သက်လို့ အပြစ်ဘယ်လိုခံစားရမလဲဆိုတာ
တရားစခန်းတစ်ခုက ဆရာတော်ကို မေးခဲ့ဖူးတယ်။ မီးဖုတ်ထားတဲ့သံတုံးရဲရဲဟာ
ပူတယ်လို့ သိထားတဲ့သူအတွက် မဖြစ်မနေကိုင်ရမယ်ဆိုရင်တောင်
သတိနဲ့ကိုင်ဖြစ်မှာမို့ ပူမှန်းမသိဘဲကိုင်တဲ့သူထက်စာရင် သိသူက
သက်သာမယ်လို့ နာယူခဲ့ဖူးပါတယ်။ ဒါပေမယ့် အပြစ်ကိုပေးဆပ်ရမှာချင်းတော့
သိပ်မကွာတဲ့အတွက် သိသိနဲ့ဖြစ်စေ၊ မသိဘဲနဲ့ဖြစ်စေ မကောင်းမှုကို
မလုပ်သင့်ဘူးလို့ မှတ်သားခဲ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခု ဖြတ်သန်းခဲ့ရတဲ့နှစ်တွေက အတွေ့အကြုံအရ
လူတွေသတ်မှတ်ထားတဲ့ဥပဒေနဲ့ အရေးယူလို့မရတဲ့ မကောင်းမှုတွေအတွက်
သဘာဝဥပဒေဆိုတာ ရှိနေတဲ့အကြောင်း သိလာရပါတယ်။ အဲဒီဥပဒေကတော့ မကောင်းမှုကို
သေးသေးလေးပဲဖြစ်ပါစေ ကိုယ့်ရဲ့စေတနာအလျောက်
တုံ့ပြန်အကျိုးပေးတတ်တဲ့အကြောင်းလည်း ကျေကျေနပ်နပ်လက်ခံမိတဲ့အတွက်
လူဖြစ်ရတာတန်တယ်လို့ တွေးမိနေပါတယ်။

(နွေနှင်း)

--
http://NwaiHninn.blogspot.com/


 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews