[Click Here To Read in Unicode...]
ခုတလောမှာ ဆယ်တန်းတုန်းက Physics ဆရာပြောတာလေး အမှတ်ရပါတယ်.. အတန်းထဲက ပိန်ပိန်ပါးပါးဖြူဖြူသေးသေးနဲ့ စာတော်တဲ့ ကျောင်းသားတစ်ယောက်က ဆရာသင်တာကို အာရုံမထားသလိုမို့ သူ့ကိုဦးတည်ပြီး ပြောခဲ့တာပါ.. ဆရာပြောတာကို အတိအကျမဟုတ်ပေမယ့် ကျတော်မှတ်သားမိခဲ့သလောက်ကတော့ ဒီလိုပါ.. ဘဝမှာ ရပ်တည်ဖို့အတွက် ကိုယ်က ကိုယ်ကာယအားကို အသုံးပြု ပြီး ရှာဖွေစားနိုင်မယ့်သူလားဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင်မေးတဲ့..ကိုယ်က ကာယအားနဲ့ ရှာဖွေနိုင်မယ့်သူမဟုတ်ရင် ဥာဏအားနဲ့ရှာစားနိုင်ဖို့အတွက် ပညာကိုတော့ ကြိုးကြိုးစားစား သင်သင့်တယ်လို့ ပြောပါတယ်.. သဘောကတော့ ကာယအားမစွမ်းရင် ဥာဏအားစွမ်း၊ ဥာဏအားမစွမ်းရင် ကာယအားတော့စွမ်း..
တစ်ခုခုမှာတော့ စွမ်းနေမှ လောကမှာ ကိုယ့်ခြေပေါ်ကိုယ် ရပ်တည်နိုင်မယ့်လူဖြစ်မယ်လို့ ဆရာ့ဆိုလိုရင်းကို သဘောပေါက်မိပါတယ်..

လောကထဲ ကျင်လည်ခဲ့ရတဲ့ ကိုယ့်သက်တမ်းနဲ့အမျှ လူတွေနဲ့ ကြုံဆုံလာရတဲ့အခါမှာ ဆရာ့စကားကို မကြာခဏ အမှတ်ရမိတယ်… ပြီးတော့ ကိုယ်ထပ်ဖြည့်ပြောချင်တာလေးတွေ ရှိလာတော့တယ်… ကာယအားနဲ့ဘဝရပ်တည်သည်ပဲဖြစ်စေ.. ဥာဏအားနဲ့ ဘဝရပ်တည်သည်ပဲ ဖြစ်စေ ကိုယ်ရော စိတ်ရော ကျန်းမာနေဖို့ လိုပါတယ်… တကယ်လို့ နှစ်ခုလုံးမစွမ်းရင်တောင် တစ်ခုခုက စွမ်းနေမှသာ ဘဝရပ်တည်ဖို့ သိပ်မခက်ခဲမှာပါ… ခန္ဓာကိုယ်မာသလားဆိုတော့လည်း မမာ.. စိတ်ဓာတ်မာသလားဆိုတော့လည်း မမာဆိုရင် အဲ့ဒီလူ လူလုပ်ဖို့မလွယ်ဘူးလို့သာ ပြောချင်တယ်… ငွေကြေးချမ်းသာတဲ့လူတွေအပါအဝင် လူတွေအားလုံးရဲ့ ဘဝဟာ ခက်ခဲပါတယ်.. သူများဘဝတွေက အင်မတန်လွယ်ကူပြီး ကိုယ့်ဘဝမှ လာခက်ခဲနေတာမဟုတ်ဘူးဆိုတာ ကိုယ့်ဘဝကိုယ် မရပ်တည်ရခင်ကတည်းက မြင်တတ်ဖို့ လိုအပ်ပါတယ်.. ခက်ခဲတဲ့ဘဝကို ကျော်ဖြတ်ဖို့ ကိုယ်အား၊ ဥာဏ်အား၊ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ စီမံတတ်မှု၊ မျှော်မြင်တတ်မှု၊ ဆင်ခြင်တတ်မှုနဲ့ အထူးသဖြင့် စိတ်ရှည်မှု လိုအပ်ပါတယ်…

ကျတော်ဆို မွေးကတည်းက ကျန်းမာလှတယ်မဟုတ်.. ကိုယ့်ရဲ့ကလေးဘဝဟာ ဆေးနဲ့ အသက်ဆက်ခဲ့ရတဲ့သူလို့ ပြောလို့ရပါတယ်… အသက်သုံးနှစ်လောက်မှာ အမေ့ဘက်က ကျတော့်ဘကြီးက ကျတော့်ကိုချီထားရင်း သတိထားမိလို့ ဆေးခန်းပြတော့ ကိုယ့်ရဲ့နှလုံးမှာ အပေါက်ပါတယ်လို့ သိရတယ်.. အဲဒါကလည်း အသက် ၁၂-၁၃ လောက်မှ သူ့အလိုလို ပိတ်ရင်ပိတ်၊ မပိတ်ရင်တော့ ခွဲစိတ်မှသာ အဆင်ပြေနိုင်မယ်.. အသက် ၁၂-၁၃ ထိ စောင့်ကြည့်ပါလို့ ဆရာဝန်က ပြောပါတယ်… ကျောင်းစနေတော့ ငှက်ဖျားဖျားလို့ တစ်ပတ်မှာ နှစ်ရက်ပဲ ကျောင်းတက်နိုင်ပါတယ်… ကိုယ်နဲ့ရွယ်တူ ကလေးတွေ ပြေးလွှားဆော့နေတဲ့အချိန်မှာ ကိုယ်က မပြေးနိုင်လို့ သူများဆော့တာ ငုတ်တုတ်ထိုင်ကြည့်နေခဲ့ရတယ်..အဲလိုအခြေအနေတွေက ကိုယ်မှတ်မိလို့မဟုတ်ပါဘူး.. အမေပြောပြလို့ သိရတာပါ… အမေဟာ သူ့သမီးကို စိတ်ဓာတ်ရေးရာ ကြံ့ခိုင်အောင် ကောင်းကောင်းလေ့ကျင့်ပေးခဲ့တယ်.. ကိုယ့်ကိုယ်ကိုယ် ရောဂါသည်လို့တောင် မသိခဲ့ရဘူး..နှလုံးမှာ အပေါက်ပါတယ်၊ ကိုယ်က သိပ်အမောမခံနိုင်ဘူးဆိုပေမယ့် အရွယ်ကလေးနည်းနည်းရလာတဲ့အချိန်မှာ သူများလို ပြေးလွှားဆော့နိုင်ခဲ့တယ်… ကိုယ့်အဖေက ဝန်ထမ်း(အရာရှိမှ အရာရှိငယ်) ဖြစ်တဲ့အပြင် ကိုယ်တွေငယ်ငယ်ကဘာဖြစ်ဖြစ် ရှားပါးတဲ့အတွက် အစားအသောက်လည်း အကောင်းအမွန်တွေ စားခဲ့နိုင်လှတယ် မဟုတ်ဘူးရယ်.. ပြီးတော့ နှလုံးအတွက်လည်း ထူးခြားပြီး ဘာဆေးမှ စွဲစွဲမြဲမြဲသောက်ခဲ့ရတယ် မရှိခဲ့ဘူး.. ဆရာဝန်ပြောတဲ့ အသက် ၁၂-၁၃လောက်မှာလည်း ကိုယ့်ရဲ့နှလုံးအပေါက်က သူ့ဖာသာ ပိတ်မသွားခဲ့သလို ကိုယ့်မိသားစုအခြေအနေကလည်း ခွဲစိတ်နိုင်တယ်ဆိုတဲ့ အနေအထားလည်း မရှိခဲ့ဘူးရယ်... အမေ သေချာလုပ်ပေးနိုင်ခဲ့တာက အပြင်စာမစားစေခဲ့တာပဲ.. မုန့်ဆိုလည်း အိမ်မှာ လုပ်ကျွေးတယ်… ထမင်းဟင်းလည်း ကျန်းမာရေးနဲ့အညီ ချက်ကျွေးခဲ့တယ်.. အမေဟာ ကိုယ်တွေ့ဖူးသမျှ အမျိုးသမီးထဲမှာ အင်မတန်စိတ်မာတဲ့ အမျိုးသမီးဖြစ်လို့ ကိုယ့်ကိုစိတ်ဓာတ်ခွန်အားတွေ အများကြီး ပေးခဲ့တယ်.. နောက်တစ်ခုက ဘာသာရေးနဲ့ စိတ်ဓာတ်တည်ဆောက်ခြင်းကို အမေက ကောင်းကောင်းမျိုးစေ့ချပေးနိုင်ခဲ့တာပါ.. ဒီတော့ သူငယ်ချင်းတွေကြားမှာ ကိုယ့်နှလုံးမကောင်းဘူးဆိုတာ သိသူအင်မတန်နည်းပါတယ်.. ကျတော့်နှုတ်ကလည်း ဖွင့်မပြောခဲ့ပါဘူး.. ပတ်ဝန်းကျင်ရဲ့အမြင်နဲ့ ကိုယ့်ကိုယ်ကိုယ် မသတ်ချင်တဲ့သူဆိုပါတော့လေ... သူငယ်ချင်းတွေကလည်း သူတို့ထက်တောင် ကိုယ်ကမာသလိုဖြစ်နေလို့ ကိုယ့်ကို ရောဂါသည်လို မမြင်ခဲ့ကြဘူး.. အမှန်တော့ စိတ်ဆောင်လို့သာ လူရွေ့နေခဲ့တာပါ.. အင်မတန်ဆိုးရွားတဲ့ နှလုံးရောဂါမျိုး မဟုတ်ခဲ့တာလည်း ကိုယ့်အတွက် ခံသာနေခဲ့တယ်… ဒီလိုနည်းနဲ့ အသက်ဘယ်လောက်ထိနေရမယ်လို့တော့ မမှန်းတတ်ဘူး..

ဒါပေမယ့် ကိုယ်နေနိုင်သလောက်မှာ တွေ့သမျှအခက်အခဲ အသေအချာ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ စိတ်ဓာတ်အင်အားမွေးထားပါမယ်.. မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ အကူအညီကိုယူရင်းနဲ့ ဘဝခရီးကို ဆက်နိုင်သလောက် ဆက်ပါ့မယ်.. ခန္ဓာကိုယ်မစွမ်းဘူးလား.. စိတ်ဓာတ်ကို စွမ်းအောင်တော့လုပ်ထားလို့ ကိုယ့်ကိုယ်ကိုယ် အားပေးနေတယ်.. ဟုတ်ကဲ့.. ဒီစာကို ကျတော့်ဘဝရဲ့ အခက်အခဲဆုံးအချိန်မှာ ကိုယ်ဖြတ်ကျော်နိုင်ခဲ့တဲ့ အခက်အခဲတွေကို ပြန်မြင်ရင်း၊ ကိုယ့်ကိုယ်ကိုအားပေးရင်း အမှတ်တရရေးတာပါ..


 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews