ပထမဆုံး မနက်ခင်း

အပြေးလေးရောက်လာတဲ့တိမ်
ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့
မိုးစက်တွေ မခို့တရို့ခြွေချ
စိုမြတဲ့မနက်ခင်းတစ်ခု ခင်းကျင်းတယ်..။

မလင်းတလင်း ဒီမနက်ခင်းမှာ
လင်းချင်းတဲ့ထိခရီးနှင်မယ့် လေအလျင်ကြား
ခပ်ရိုင်းရိုင်းကခုန်နေတဲ့မျက်နှာများ...
တစ်ဆယ့်ငါးနှစ်ကြာပြီဖြစ်ခဲ့
နူးနူးညံ့ညံ့တံတိုင်းတစ်ခု
တအိအိပြိုအဆင်း...
နက်ရှိုင်းတဲ့ခံစားချက်တွေဝန်းရံရင်း
ပန်းလေးတစ်ပွင့်
ဖျတ်ခနဲဝတ်လွှာဖွင့်..
ပထမဆုံးမနက်ခင်းကို....
ကြိုလင့်..။

၂၃.၇.၂၀၀၈

အရင်တစ်ပတ်တုန်းက ရပ်ကွက်ထဲကအစ်မကြီးတစ်ယောက်ဆီက ကြားလိုက်ရတယ်.. သူတို့ ရုံးက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ အမျိုးသမီး ဆုံးသွားတဲ့အကြောင်းပါ.. သေတာများ သတင်းအဖြစ်ပြောစရာလား မေးချင်မယ်.. သေတာက မဆန်းပါဘူး.. သေပုံက ဆန်းတာပါ.. ဆုံးသွားတဲ့အမျိုးသမီးက ခေါင်းမှာ သန်းစွဲလို့ ညဘက်မှာ ပုရွက်ဆိတ်ဆေးကို လိမ်းအိပ်သတဲ့.. တစ်ညလုံးမအိပ်နိုင်ဖြစ်နေပြီး မနက်အစောမှ ဆေးရုံတင်လိုက်ရတယ်.. ဆေးရုံရောက်တော့လည်း အမှန်ကိုမပြောဘဲ ဝေ့နေတာ.. ဆရာဝန်တွေက အတင်းအကျပ်မေးမှ အဖြစ်မှန်ကို ပြောတယ်.. အဲဒီချိန်ကျ လူနာက မျော့နေပြီ.. သူတို့သုံးတယ်ဆိုတဲ့ ပုရွက်ဆိတ်သတ်ဆေးက လက်ပေါ်တင်ကြည့်တာနဲ့ကို ပူနေတာပဲတဲ့.. လူနာကို ကုတော့ကုကြတယ်.. အသက်မမီလိုက်တော့ဘူး.. ဆုံးသွားတာတော့ဟုတ်ပြီ.. လူမမယ်ကလေးတစ်ယောက်က ကျန်ခဲ့သေး.. လူတွေနှယ်.. သန်းသတ်ဆေးတွေမရှိမဟုတ်.. ရှိရဲ့သားနဲ့ အလွယ်တကူ လက်သင့်ရာယူသုံးတော့ အသက်ပါ ပါသွားရတဲ့အထိပဲ.. ကိုယ်အသိမရှိလိုက်တာနဲ့ ကိုယ်တင်မဟုတ်.. ကိုယ့်မိသားစုပါ ဒုက္ခရောက်ကျန်ခဲ့တာ သတိထားစရာပါ..

နေးတစ်မြန်မာဖိုရမ်မှာ “ရပ်ကွက်ထဲမှာဗျာ..” ဆိုပြီး တော့ပစ်တင်ရေးဖူးတဲ့ ပို့စ်လေးတွေပါ.. ပြီးခဲ့တဲ့ နှစ်ရက်လောက်က သိခဲ့ရတယ်.. ရုံးက သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိကြရင်းပေါ့.. သူက သူနေတဲ့ရပ်ကွက်ထဲမှာ ဖြစ်သွားတဲ့အကြောင်းလေး ပြောပြပါတယ်.. သူပြောတဲ့နေ့ရဲ့ အရင်တစ်ရက်က မန္တလေးမှာ မိုးရွာတဲ့နေ့ပါ.. နေ့ခင်းဘက်ကနေ ညထိ ဆက်ရွာတာ.. အရမ်းကြီးသည်းတာမဟုတ်ပေမယ့် တဖွဲဖွဲနဲ့ စွေရွာနေတဲ့မိုးပါ.. ကျွန်တော်တို့တောင် ရုံးဆင်းတော့ မိုးတဖြောက်ဖြောက်ထဲမှာ ခပ်သုတ်သုတ်ပြန်ခဲ့ရတဲ့ညပါ.. အဲဒီမိုးညက ကျွန်တော်သူငယ်ချင်းနေတဲ့ ရပ်ကွက်က ထမင်းဆိုင်လေးမှာ ရှမ်းမလေးတစ်ယောက် ကလေးမွေးပါသတဲ့.. ထမင်းဆိုင်ဆိုတာ ဟိုလို ထုနဲ့ထည်နဲ့ ဆိုင်ကြီးမျိုးမဟုတ်ပါဘူး.. လမ်းဘေးထမင်းဆိုင်လေးပါ.. ညဘက်ဆို လူရှင်းနေပြီပေါ့.. အိပ်စရာဆိုတာလည်း ခုံတန်းနဲ့ မြေမွေ့ရာပဲရှိပါလိမ့်မယ်.. မိုးတစိုစိုနဲ့ ဘယ်လောက်များ ဒုက္ခရောက်လိမ့်မယ်မသိဘူး.. အဲဒီရှမ်းမလေးက မန်းသားတစ်ယောက်နဲ့ အိမ်ထောင်ကျပါသတဲ့.. သူ့ယောက်ျားမှာ မယားကြီးငုတ်တုတ်ရှိနေရော.. သူ့ယောက်ျားနဲ့လိုက်ပြေးတုန်းက အရင်မယားကြီးမှာ မီးဖွားပြီးစ သုံးရက်လောက်ပဲရှိပါသေးတယ်တဲ့.. ခု သူ့မှာ ကိုယ်ဝန်ရှိပြီး အရင့်အမာဖြစ်လာတဲ့အချိန်ကျ သူ့ယောက်ျားက အရင်မယားကြီးနဲ့ ပြန်ပေါင်းနေပါသတဲ့.. သူ့ယောက်ျားက ပစ်သွားတော့ အဲဒီရပ်ကွက်ထဲမှာ အိမ်တကာအ၀တ်လှည့်လျှော်ရင်း စားဖို့အတွက် ဖြေရှင်းရတယ်.. ညဘက်တော့ ဘယ်ဆီနားခိုတယ်မသိဘူးပေါ့လေ.. ခုလို ထမင်းဆိုင်ထဲမီးဖွားရတယ်ဆိုတော့ ရပ်ကွက်ထဲကမနေနိုင်သူတွေက ထမင်းဆိုင်ပတ်လည်ကို အ၀တ်ဟောင်းတွေနဲ့ကာပေး.. ပိုက်ဆံလည်း ကိုယ်တတ်နိုင်သလောက်ကူပေးကြပေါ့.. နောက်တော့ မိခင်နဲ့ကလေး စောင့်ရှောက်ရေးဆီ ပို့လိုက်တယ်ဆိုလား ပြောပါတယ်.. မယားကြီးဘက်ကနာမယ့်သူတွေတော့ ဒီကောင်မလေးအဖြစ်က ၀မ်းသာစရာမဟုတ်တောင် ၀မ်းနည်းစရာဖြစ်ပါ့မလားလို့ တွေးမိတယ်.. သူငယ်ချင်းက ဆက်ပြောပါသေးတယ်.. ကြားရသမျှတော့ အဲလိုပဲတဲ့.. ဒါပေမယ့် ကောင်မလေးရဲ့အကျင့်စာရိတ္တကတော့ ဘယ်လိုလဲမသိသေးဘူးတဲ့.. ကျွန်တော်လည်း လေကိုဖမ်း ၀ါးတန်းမှာ ကြိုးနဲ့ချည်ခဲ့ပါသေးတယ်.. ဘယ်မိန်းမမှတော့ မယားငယ်အဖြစ်မခံချင်လောက်ပါဘူး.. ယူပြီးမှသိတော့လည်း ချစ်တာရယ် ၊ မျက်စိမှိတ်နေလိုက်တော့တာရယ်ကြောင့် ဒီလိုဇာတ်လမ်းတွေ ဖြစ်လာတာ ကြားရတာနေမှာပေါ့လို့.. ရှမ်းမလေးရဲ့ ယောက်ျားဆိုတာကိုတော့ အကြားနဲ့တင် သတ်ချင်တာ အမှန်ပဲ..


 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews