၂၀၀၉ ခုနှစ်ကုန်ပြီး ၂၀၁၀ နှစ်သစ်ကို ရောက်ပါတော့မယ်.. ၂၀၀၉ ဟာ ကျွန်တော့်အတွက် bitter sweet memory ပေးထားခဲ့ပါတယ်.. ချိုမလိုအရာတွေက ခါးတယ်.. ခါးမယ်ထင်တဲ့အရာတွေက ချိုနေပါတယ်.. အချိုနဲ့အခါးရောရာကိုလည်း ပေးပါတယ်.. ဘယ်လိုဖြစ်ဖြစ် ၂၀၀၉ ခုနှစ်ဟာ ကျွန်တော့်အတွက် ဘ၀တစ်ဆစ်ချိုးပြောင်းစေခဲ့တဲ့ နှစ်တစ်နှစ်ပါ.. ကိုယ်လျှောက်ချင်တဲ့လမ်းစပေါ် မထင်မှတ်တဲ့ အဖြစ်အပျက်တွေက ခြေတစ်လှမ်းစနိုင်စေခဲ့ပါတယ်.. relationship နဲ့  ပတ်သက်ရင်လည်း ကျွန်တော်ဟာ ကိုယ့်စိတ်ဝန်းကျင် အနီးအနားက ကျွန်တော်ချစ်တဲ့သူတွေနဲ့ ကိုယ်လိုချင်တဲ့အနေအထားရောက်လုနီးထိ အဆင်ပြေပြေနဲ့ ကိုင်တွယ်နိုင်ခဲ့တယ်.. တစ်ခုပါပဲ.. အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့ဖူးတဲ့ ရင်းနှီးမှုအချို့ကိုတော့ လှည့်မကြည့်စတမ်း လွှင့်ပစ်လိုက်ရတာလည်း ရှိပါတယ်.. အဲဒီအတွက် ၀မ်းနည်းနေသလားလို့ ကျွန်တော့်ကိုမေးလာရင် ဟင့်အင်းလို့ ပဲဖြေရပါမယ်.. ဘာလို့လဲ.. ကျွန်တော့်စိတ်ထဲရှုပ်နေခဲ့တဲ့ ၀န်ထုပ်ဝန်ပိုးတစ်ခုကျသွားသလို ခံစားရလို့ ပါ.. တခါတရံမှာ ကျွန်တော်တို့ကြုံတွေ့ရတဲ့လူတွေ၊ အဖြစ်အပျက်တွေက ကျွန်တော်တို့ကို ထိခိုက်စေတာ ၊ ၀န်ထုပ်ဝန်ပိုးဖြစ်စေတာမဟုတ်ဘဲ သူတို့ပေါ်ထားတဲ့ ကိုယ့်ခံစားချက် ၊ ကိုယ့်အမြင်တွေကသာ ၀န်ထုပ်ဝန်ပိုးဖြစ်စေတာလို့ ပိုပြီးသဘောပေါက်လာရပါတယ်.. ဒါနဲ့ အတူ ကျွန်တော့်ဘ၀မှာ အဖြစ်အပျက်တွေဟာ နှစ်ခါနှစ်ခါ ထပ်ဖြစ်တတ်တာကို သိသိမှတ်မှတ် သတိပြုမိလာရတယ်.. ဒါဟာ ဒုတိယနဲ့နောက်ဆုံးအကြိမ်ဖြစ်မယ်ထင်ပါတယ်..း) ပထမတစ်ခါမှားရင် ကိုယ်မသိလို့.. ဒုတိယတစ်ခါမှားရင်တော့ ညံ့လို့ဆိုရင် ကျွန်တော် လူညံ့စာရင်းထဲဝင်နေပြီ.. လူမိုက်စာရင်းထဲတော့ အရောက်မခံပါဘူးလေ.. ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၀ နှစ်သစ်ဟာ ကျွန်တော့်ကို ချစ်ခဲ့သူများ ၊ ဆက်လက်ချစ်ခင်နေဆဲသူများ ၊ ကျွန်တော်က ချစ်ခဲ့ဖူးသူ၊ ဆက်လက်ချစ်ခင်မိနေတဲ့သူများ ၊ ကျွန်တော့်ကို မချစ်မနှစ်သက် မလိုလားတဲ့သူတွေ၊ မချစ်မမုန်းသောသူတွေ၊ ကျွန်တော့်က မလိုလား မနှစ်သက်သောသူ အားလုံးအတွက် ကောင်းသောနှစ်တစ်နှစ်အဖြစ် ကြိုလင့်ပါစေလို့ ဆုတောင်းလိုက်ပါတယ်..

ဘလော့ကိုလည်း တစ်ပတ်တစ်ပို့စ်လောက်တော့ ရေးဖြစ်အောင် ရေးမလား စိတ်ကူးပါတယ်..

မှ..တဆင့်

လှိုက်လှိုက်လှဲလှဲ ပါးလျလာလိုက်တာ
နေခြည်တိုက်စားတဲ့ နှင်းတွေလိုပဲ..
ဖြုတ်ခနဲကြွေသံကြားလည်း
ကောက်ဖို့ကို စိတ်မကူးသူ
မမြတ်နိုးပန်းမို့လား.....။

မင်းလူ”ကပြောတယ်..
မင်း ငါ့ကို မချစ်မှာ မပူဘူး..ငါ မင်းကို မချစ်နိုင်မှာကိုပဲ စိုးရိမ်သတဲ့..။

ဧဒင်ဥယျာဉ်ကပန်းသီး
စိနတိုင်းကပန်းသီးလို ချို-မချို
မြည်းစမ်းလိုသေးလား...
မသေချာ..။

ဖန်အလင်းမျှင်ထက် ပြေးလွှား
ဖမ်းရခက်ခက် ချည်နှောင်ခက်ခက်
အသက်ဆက်ဖို့အတွက်
ဝင်သက်ထွက်သက်လို လိုအပ်တယ်
မမောသေးဘူးလား မေးခဲ့ရင်လည်း
ဟုတ်ကဲ့..
အိပ်မက်တွေ ဆက်မမက်ချင်တော့မှာ
ကြောက်သားပဲလေ....။

နွေနှင်း
(၁၁.၉.၂၀၀၉)
ညနေ ၄း၄၄

အင်းလေးရှိ ဈေးများ

အင်းလေးတွင်ရှိသော ဈေးအများစုမှာ ကုန်းပေါ်မှာရှိသည်။ ရေပေါ်ဈေးဆို၍ ဟဲယားရွာမဈေး တစ်ခုသာရှိသည်။ ရှမ်းပြည်ထုံးစံအတိုင်း ရွာတိုင်းရှိ ဈေးများမှာ မနက်ခင်းဈေး-ငါးရက်တစ်ဈေးသာ ဖြစ်သည်။ သို့သော် တစ်ရွာနှင့်တစ်ရွာ ဈေးနေ့မတူ ။ ထို့ကြောင့် ဈေးရောင်းသူများမှာ ဘယ်နေ့က ဘယ်ရွာ၏ဈေးနေ့ဆိုသည်ကို မှတ်သားပြီး ဈေးနေ့ရောက် သောရွာတွင် သွားရောက်ရောင်းချကြသည်။

ဈေးနေ့များတွင် ညောင်ရွှေမြို့ဈေးလည်း ပါသည်။ ကျွန်တော်ကြားဖူးသမျှ သန်းတောင်ဈေး ၊ ခေါင်တိုင်ဈေး ၊ နန်းပန်ဈေး ၊ အင်းတိုင်ဈေး ၊ မိုင်းသောက်ဈေး ၊ ညောင်ရွှေဈေး တို့ဖြစ်ပါသည်။ ညောင်ရွှေသည် မြို့ဖြစ်၍ နေ့တိုင်းဈေးရှိသော်လည်း ရှမ်းပြည်ထုံးစံအတိုင်း ဈေးနေ့မှသာ တောသည်တို့က လာရောက်ရောင်းချတတ်ကာ စည်ကားတတ်သည်။ အင်းလေးကိုရောက်၍ ရေပေါ်ဈေးကိုလေ့လာချင်လျှင် ဟဲယားရွာမဈေးရက်ကို စုံစမ်းထားရန်လိုပြီး ဈေးနေ့မနက်ခင်းတွင် သွားရောက်နိုင်ပါသည်။ ဟဲယားရွာမဈေးနေ့သည် တောင်ကြီးမြို့ဈေးနေ့နှင့် တူပါသည်။အင်းလေးရှိရွာများတွင် ကုန်းပေါ်ရှိရွာများကဲ့သို့ပင် ကုန်စုံဆိုင်အကြီးစားများရှိသည်။

အင်းသားတို့သည် စကားပြောလျှင်သာ အသံဝဲသည်။ သီချင်းဆိုလျှင်တော့ အသံမ၀ဲပေ။ ညဦးပိုင်းတွင် ရွာရှိ လူပျိုကာလသားတို့သည် လှေတစ်စင်းနှင့်လှည့်ကာ သူတို့စက်ကျရာအပျို့အိမ်နားတွင် လှေပေါ်မှာပင် ဆိုကြတီးကြသည်ကို ကြုံဖူးခဲ့ပါသည်။ သူတို့သီချင်းဆိုသံကမ၀ဲ။ ကာလသားတို့သည် အပျိုရှိသောအိမ်သို့ (ကုန်းပေါ်ရှိရွာများ၏ ထုံးစံကဲ့သို့ပင်) ညဦးပိုင်းတွင်သွားရောက်လည်ခွင့်ရှိသည်။

အင်းလေးတွင် အိမ်သာများကို မိမိအိမ်၏အနောက်ပိုင်းတွင် အိမ်နှင့်အတော်လှမ်းလှမ်းမှာ ထားလေ့ရှိသည်။ ရွာခံမဟုတ်သော ဧည့်သည်တစ်ယောက်အနေနှင့် ကိစ္စအရေးကြီးလျှင် မြန်မြန်ဆန်ဆန် သွားဖို့ရန်မလွယ်ကူ။ အိမ်သာလမ်းက အိမ်နှင့် အတော်ကို လှမ်းတတ်သည်။ ကုန်းပေါ်ရှိအိမ်သာများကဲ့သို့ပင် ၀ါးဖြင့်ခွေယက်ပြီး ရေအောက်မြေကြီးအထိ ချထားသည်။ ယခုအခါ တတ်နိုင်သောအိမ်အချို့တွင် မိမိပိုင် တောင်ပို့(အိမ်ဘေးကုန်းမြေ)ပေါ်၌ ရေလောင်းအိမ်သာများဆောက်လာကြပြီ ဖြစ်သည်။ အင်းလေးသို့ရောက်သူများက အိမ်သာကိစ္စကို အထူးတလည် စပ်စုတတ်ကြသည်။ ပြီးလျှင် သွားလည်သည့်အိမ်များမှ သောက်ရေကိုလည်း သောက်ရန်ရွံ့ကြသည်။ သောက်ရေကို အိမ်နားကပင် ခပ်သုံးသည်ဟု အထင်ရှိကြသည်ရော ၊ အင်းလေးရေသည် ရေသေဖြစ်သည်ဟု မှတ်သားမှုလွဲသည်ရောကြောင့် ရေသည်မသန့်ရှင်းဟု ယူဆကြသည်။ ရေသန့်ရှင်းသည် မသန့်ရှင်းသည်ကို မျက်စိဖြင့် မမြင်နိုင်၍ မငြင်းလိုပါ။ သို့သော် ကုန်းပေါ်ရှိ မြစ်ဘေးတစ်လျှောက်နေသည့် ရွာများလည်း မြစ်ရေကိုသာ သောက်ရေသုံးရေအဖြစ် အားထားကြရသည့်ရွာများ ရှိသည်။ မြစ်ရေကို အစိမ်းသောက်ရန် မရွံ့ကြသော်လည်း အင်းလေးမှ သောက်ရေကိုတော့ သောက်ရန်ရွံ့ကြသည်။ မျက်စိရှေ့မြင်ရခြင်းနှင့် မမြင်ရခြင်းပေါ်တွင် ရေ၏သန့်ရှင်းခြင်း မသန့်ရှင်းခြင်းကို တိုင်းတာကြပုံရပါသည်။

အင်းလေးတွင် ချိုးရေ ၊ သုံးရေ ၊ပန်းကန်ဆေးရေကို မိမိအိမ်ရှေ့တွင်ပင် သုံးစွဲကြသော် လည်း သောက်ရေအတွက် လှေတွင်အိုးငယ်များစွာကိုထည့်ကာ ညနေခင်းတွင် အင်းလယ်သို့သွားရောက်ကာ ခပ်ယူသုံးစွဲကြသည်။ အင်းသားအများစုက ရေစိမ်းထက် ရေနွေးကြမ်းကိုသာ အသောက်များသည်။ လက်ဖက်ခြောက်ကို မီးအေးအေးနှင့်လှော်ပြီး ရေနွေးတွင် ခပ်သောက်တတ်ကြသည်။ လက်ဖက်ခြောက်လှော်ရာတွင် အချို့က နှမ်းထည့်လှော်တတ်ကြသည်။

အင်းသားတို့ထုံးစံအရ မနက်စာကို ဈေးဝယ်သူများပြန်ချိန် ၉း၀၀ လောက်မှ မိသားစု ၀ိုင်းဖွဲ့စားသောက်ကြသည်။ နေ့လည်စာကို သွားရည်စာတစ်ခုခုစားတတ်ကြသည်။ ညနေစာကိုလည်း ၄ နာရီ ၅ နာရီလောက်တွင် စားတတ်ကြသည်။ အင်းသားတို့သည် ဒေသထွက် ဆန်များကိုသာ ချက်စားတတ်ကြသည်။ သူတို့ထမင်းမှာ ပူပူနွေးနွေးတွင် ကောက်ညင်းကဲ့သို့ စီးစီးထွေးထွေးလေးဖြစ်သည်။ စားကားစား၏ မ၀နိုင်။ အများကြီးလည်း မစားနိုင်။

အင်းလေးရှိ အိမ်ရှေ့တိုင်း၌ လှေအဆင်းအတက်လုပ်ရန် ၊ ရေချိုး ၊အ၀တ်လျှော် ၊ပန်းကန်ဆေးရန် ကွပ်ပြစ်သဘောမျိုးထားတတ်သည်။ ထိုနေရာသည် ရေတက်သည့်မိုးတွင်းအခါတွင် မြုပ်သည်။

အင်းလေးသို့သွားလည်သူများအတွက် အခက်အခဲဖြစ်တတ်သည်မှာ လှေထဲဆင်းသည့်အခါဖြစ်သည်။ လှေအဆင်း မြင်းအတက် ဟူသော စကားပုံကဲ့သို့ပင် လှေထဲမဆင်းတတ်လျှင် ရေထဲပြုတ်ကျတတ်သည် ။ လှေကြီးလျှင် ရေထဲပြုတ်ကျမှာ မကြောက်ရသော်လည်း လှေငယ်လျှင် လှေထဲဆင်းချိန်၌ သတိထားရသည်။

တစ်ခါက ကျွန်တော့်သူငယ်ချင်းများနှင့် အင်းလေးကိုသွားလည်ရာတွင် တည်းအိမ်အနီးအနား၌ နှစ်ယောက်စီးလှေငယ်ဖြင့် လျှောက်လှော်ကြည့်ဖို့ စိတ်ကူးသည်။ ကျွန်တော့်သူငယ်ချင်းက လှေထဲအဆင်း အဆင်းမတတ်၍ လှေကိုကန်လိုက်သလိုဖြစ်ပြီး ရေထဲပြုတ်ကျဖူးသည်။ ပြီးတော့ သူကပြောသေးသည်။ ရေကဆွဲချသည်တဲ့။

လှေထဲအဆင်းမတတ်သည်ကိုတော့မတွေး။ သူသည် အရင်ရက်တွေက လူ ၂၀ စီးသော မော်တော်လှေကြီးထဲသို့သာ ဆင်းဖူးသည်။ ယခု နှစ်ယောက်စီးလှေငယ်ထဲ ဆင်းရခြင်းဖြစ်သည်ဟု မစဉ်းစားမိ။ မိမိထင်ရာမြင်ရာကိုသာ ဆွဲယူတွေးတတ်သော လူ့သဘာဝပင်။

အင်းလေးသည် ရာသီဥတု မပူလွန်း မအေးလွန်းပေ။ တောင်ကြီးသည် ဆောင်းတွင်းအလွန်ချမ်းသော်လည်း အင်းလေး၌ တောင်ကြီးလောက်မချမ်းပေ။ ရေပြင်က အပူအအေးကို ထိန်းပေးပုံရသည်။ နွေရာသီတွင်လည်း မနေနိုင် မထိုင်နိုင်လောက်အောင် မပူပေ။ ညဘက်တွင် အလွန်အိပ်ကောင်းသည်။ သို့သော် မော်တော်စီးရလျှင်တော့ နေပူသည်။

ရေပြင်ချည်းဖြစ်၍ ဖုန်လည်းမရှိပေ။ ထို့ကြောင့် ကျွန်တော်တို့ တည်းသည့်အိမ်ကြမ်းပြင်မှာ နေ့စဉ်ကြမ်းတိုက်သည်ရော ၊ ဖုန်မရှိသည့်အရပ်ဖြစ်သည်ရော နှစ်ခုပေါင်း၍ ဆီမထည့်ပဲ ပြောင်ချောနေသည်။ အင်းလေးတွင် ရေတွင်မပေါ်တတ်သော ပစ္စည်း ရေထဲသို့ကျသွားလျှင်တော့ မိုးတွင်းဆိုလျှင် ရေထဲဆင်းကောက်ဖို့ မလွယ်ပေ။ နွေနှင့် ဆောင်းတွင်သာ ရေကျတတ်သည်။ ဆောင်းတွင်းတွင်လည်း ဒေသခံမဟုတ်ဘဲ ရေထဲမဆင်းနိုင် ။ ရေက အတော်အေးနေတတ်သည်။

ဟာသတစ်ခုကြားဖူးသည်။ အင်းလေးကို ရောက်ဖူးချိန်မတူသော လူသုံးယောက်က အငြင်းအခုန်ဖြစ်ကြသည်တဲ့။ နွေရာသီတွင်ရောက်ဖူးသောသူက အင်းလေးအိမ်များသည် ခြေတံရှည်ဖြစ်သည်။ မိုးတွင်းရောက်ဖူးသောသူကလည်း အင်းလေးအိမ်များက ခြေတံရှည်မဟုတ်။ အိမ်ခါးပန်းနှင့်ရေ ထိလုနီးပါးဖြစ်သည်။ ဆောင်းတွင်းရောက်ဖူးသူက အဲဒီလောက်လည်း ရေမများပါဘူးဟု ပြောသည်တဲ့။

အင်းလေးတွင် စင်ရော်များကို မြင်ဖူးချင်လျှင် ဆောင်းတွင်း နိုဝင်ဘာလောက်မှာမှ ရှိတတ်သည်။ စင်ရော်ငှက်တို့ကို ညောင်ရွှေမြို့မှ အင်းရေပြင်အထွက်မှစ၍ တွေ့ရတတ်သည်။ သူတို့ကို အစာကျွေးလျှင် ကျွေးသလို မော်တော်လှေနောက်သို့ လိုက်ကြသည်။ အင်းလယ်ထိ ကျွေးသွားလျှင် အင်းလယ်ထိ လိုက်လာတတ်သည်။ စင်ရော် အစာကျွေးရသည်ကလည်း ပျော်စရာကောင်းသည်။ စင်ရော်စာကို ညောင်ရွှေမှာ လှေထဲအဆင်းမှာပင် ၀ယ်၍ရသည်။ စင်ရော်စာဟုသာ ပြောရသော်လည်း လူစားသော ကုလားပဲခွေကြော်များသာ ဖြစ်သည်။ လူလည်းစား ၊ စင်ရော်လည်းကျွေး ။ သို့သော် လှေပေါ်မှ စင်ရော်စာကျွေးရသည်မှာ အန္တရာယ်တော့များသည်။

လွန်ခဲ့သည့်နှစ်နှစ်ခန့်က ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် တောင်ကြီးတန်ဆောင်တိုင်ပွဲသို့ သွားလည်ကြသည်။ သူငယ်ချင်းတွေထဲ ညောင်ရွှေမှသူငယ်ချင်းပါရာ တစ်ရက်မှာ အင်းလေးကို လိုက်ပို့ပေးသည်။ ဘာပြောကောင်းမလဲ။ ညောင်ရွှေအထွက်မှစ၍ စင်ရော်စာကျွေးလာသည်မှာ အင်းလယ်ခေါင်ရောက်သည်အထိ ဖြစ်သည်။ ကျွန်တော်က ရေသာ မကူးတတ်တာ ။ ရေတော့မကြောက်တတ်။ စင်ရော်တွေကို ထိုင်ရာမထ အစာလှမ်းပစ်ကျွေးတော့ ဘယ်အကောင်မှ အစာကိုမမိ။ အစာတွေက ရေထဲပြုတ်ကျကုန် သည်။ ထို့ကြောင့် လှေထဲမတ်တပ်ရပ်ကာ အစာပစ်ကျွေးသည်။ လှေပေါ်ပါသည်က လူငယ်တွေချည်း ။ တစ်ယောက်ထတော့ တော်တော်များများက မတ်တပ်ရပ်၍ စင်ရော်တွေကို အစာပစ်ကျွေး ကြသည်။ အင်းလယ်ရောက်ခါနီးမှ လှေသမားက မနည်းတားယူရသည်။ လှေဖျားတွင်ထိုင်သော သူငယ်ချင်းကောင်လေးက ဖောင်တော်ဦးဘုရားကုန်းပေါ် ရောက်သောအခါ ကျွန်တော်တို့ကို ပြောပါတော့သည်။ နင်တို့စင်ရော်အစာကျွေးတာက တော်တော်ရယ်.. လှေက ရေပေါ်ကို လက်နှစ်လုံးလောက်ပဲ ပေါ်တော့တယ်တဲ့ ။ အဲဒီအခါကျမှ ကျွန်တော်တို့လည်း လန့်သွားကြသည်။ ကံကောင်းလို့ လှေမမှောက်တာ ။ ညနေအပြန်မှာ စင်ရော်လည်း သိပ်မရှိတော့ ။ လှေသွားနေတုန်းလည်း မတ်တပ်မရပ်ရဲတော့ ။

အင်းလေးဖောင်တော်ဦးဘုရားပွဲ

မြန်မာလ တော်သလင်းလကွယ်နေ့တွင် ဖောင်တော်ဦးဘုရားကို နှစ်စဉ်လှည့်၍ အပူဇော်ချံမည့်ရွာမှ ဘုရားပင့်ဆွမ်းတော်ပွဲဖြင့် သွား၍ ဘုရားပင့်ကြရသည်။ မည့်သည့်ရက်တွင် မည်သည့်ရွာတွင် နေ့ဆွမ်း (သို့) ညကျိန်းကြွပါရန် ဘုရားပင့်ကြရ၍ သီတင်းကျွတ်လဆန်း တစ်ရက်နေ့မှ လပြည့်ကျော် ၃ ရက်နေ့အထိ ရွာစဉ်လှည့်၍ အပူဇော်ခံကြွတော်မူပါသည်။ (ဖောင်တော်ဦးဘုရားရုပ်ပွါးတော်မှာ ငါးဆူရှိသည်။ ဒေသစာရီကြွ အပူဇော်ခံလျှင် ဘုရားလေးဆူသာ ကြွလေ့ရှိသည်။ ဘုရားရုပ်ပွါးတော်များမှာ ရွှေချပူဇော်လွန်း၍ မျက်နှာတော်ကို မမြင်ရပေ။ ဘုရားရုပ်ပွါးတော်၏မျက်နှာ မည်သည့်ဘက်ဆိုသည်ကို ဘုရားလူကြီးများသာ သိကြသည်။ ဘုရားတစ်ဆူတစ်ဆူကို ယောက်ျားကြီးသုံးယောက်ခန့် မ,ချီရသည်။ )အပူဇော်ခံမည့်ရွာနှင့် နီးစပ်ရာရွာမှ ယောက်ျားလေးမှန်သမျှ ဆွဲလှေခေါ် ခြေထောက်ဖြင့်လှော်သည့် ရာကျော် ၊ ၄၇ တက် ၊ ၁၅ တက် စသည့်လှေများဖြင့် ဘုရားကိုပင့်ဆောင်ကြည်ညို ကုသိုလ်ယူကြပါသည်။

ဘုရားကြွချီအပူဇော်ခံမည့်ရွာသည် တစ်ပတ်လောက်ကြို၍ ဘုန်းတော်ကြီးကျောင်းတွင် သန့်ရှင်းရေးလုပ် ၊ ပြုပြင်စရာရှိသည်များပြုပြင် ဆေးကြောသန့်ရှင်းရေး လုပ်ကြရသည်။ ဈေးရောင်းမည့်သူများ ဈေးဆိုင်ခန်းများကို ကျေးရွာကော်မတီမှ တာဝန်ယူဆောက်လုပ်ခြင်း စသည်များ လုပ်ကြရသည်။ (အင်းလေးတွင် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများမှာ ကုန်းပေါ်တွင် ရှိကြသည်က များသည်။ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကိုလည်း တွဲရက်ထားတတ်သည်။ အင်းလေးရှိ ဘုန်းကြီးကျောင်းများသည် လယ်ပေါ်ကျောင်းများဖြစ်သည်။ လယ်ပေါ်ကျောင်းဆိုသည်မှာ ဘုန်းကြီးကျောင်းဆောင်အလယ်တွင် တစ်ဆင့်မြင့်သော ကြမ်းပြင်ထားရှိပြီး ထိုနေရာတွင် ဘုရားကျောင်းဆောင်ထားရှိသည်။ ထိုဘုရားကျောင်းဆောင်ပတ်ပတ်လည်မှာမှ ကြမ်းတစ်ဆင့်နှိမ့်ပြီး ဘုန်းကြီးခန်း၊ ဆွမ်းချက်ဆောင်များကို အခန်းဖွဲ့ထားလေ့ရှိသည်။) ယခင်ကဆိုလျှင် ဘုရားပွဲတွင် အငြိမ့် ၊ ဇာတ်၊ ရုပ်ရှင် စသည် ပြသဖျော်ဖြေကြသည်။ ဘုရားပွဲအစမှ အဆုံးထိ ပြန်ကြားရေးဝန်ကြီးဌါနမှ ပြန်ကြားရေး ရုပ်ရှင်အဖွဲ့တစ်ဖွဲ့လိုက်ပါလာကြပြီး သတင်းကားများ၊ အကယ်ဒမီပေးပွဲများ ၊ ရုပ်ရှင်ကားကြီးများ ပြသဖျော်ဖြေကြပါသည်။ ယခုနောက်ပိုင်းတွင် ဤကဲ့သို့ ဖျော်ဖြေရေးအစီအစဉ်များ မပါတော့ပေ။

ဘုရားပွဲတွင် ဘုရားကြွရာနောက်လိုက်ပါလာကြသော ဘုရားလူကြီးများ ၊ လုံခြုံရေးတပ်ဖွဲ့များ နှင့် ဘုရားပင့်သည့်နေ့တွင် လှေလှော်သားများကို ဧည့်ခံကျွေးမွေးရသည်။ ဘုရားပွဲကျင်းပရာတွင် နေ့ဆွမ်းအမီ ကြွသည့်ကျောင်းတွင် ဘုရားရောက်ပြီးသည် နှင့် ဆွမ်းကပ် ၊ တစ်ချို့ကျောင်းများသည် နေ့ဆွမ်းကပ်သည်ကတစ်ကျောင်း ညကျိန်းသည်က တစ်ကျောင်း ကြွတတ်သလို နေ့ဆွမ်းအမီရော ညကျိန်းရန်ပါကြွသည့် ကျောင်းလည်းရှိသည်။ ဘုရားပွဲတွင် ဘုရားကြွသည့်ရွာမှ လူများသည် ဘုန်းကြီးကျောင်းတွင်သာ မအိပ်မနေအချိန်ကုန်ကြသည်။ ညနေတွင် ပန်း ၊ ဆီမီး ၊ အမွှေးတိုင်၊ ရွှေသင်္ကန်းကပ်သူများသည် မနက်အာရုဏ်ဆွမ်းကပ်သည်အထိ တစ်ညလုံး ပူဇော်ကြသည်။ မနက် ၇ နာရီမှသာ အခြားကျောင်းသို့ ရွှေ့ပြောင်းကြွရောက် အပူဇော်ခံသည်။

အင်းသားတို့သည် သီတင်းကျွတ်လဆန်း ၁၃ ရက်တွင် လူကြီးမိဘများကို ကန်တော့ကြပြီး ၁၄ ရက်နေ့တွင် ဘုန်းတော်ကြီးကျောင်းကန်တော့ကြသည်။ သီတင်းကျွတ်လပြည့်နေ့မှစ၍ လပြည့်ကျော် ၄ ရက်နေ့ထိသာ ဥပုသ်စောင့်ကြပါသည်။ လပြည့်ကျော် ၁ ရက်နှင့် ၂ ရက်နေ့တွင် အခြားရွာမှ ဘုန်းကြီးကျောင်းများ ဘုရားများကို သွားရောက် ဆွမ်းကပ်ကန်တော့ကြသည်။

တန်ဆောင်မုန်းလ(အင်္ဂလိပ်လအနီးစပ်ဆုံး နိုဝင်ဘာ) နှင့် တပို့တွဲ(ဖေဖော်ဝါရီလ) တို့တွင် ဘုရားပွဲ၊ ကထိန်ပွဲ၊ ဆွမ်းလောင်းပွဲများရှိသည်။ အင်းလေးဒေသလုံးဆိုင်ရာ ကျောင်းများမှ ကျောင်းရှိသံဃာတော်များကို သံဃာ့ဒါနဆွမ်းလောင်းပွဲများ ပြုလုပ်ကြသည်။

အင်းသူအင်းသားများသည် ဘုရားပွဲ၊ဆွမ်းလောင်းပွဲတွင် ၀တ်ရန် အ၀တ်အစားများ အသစ်ချုပ်တတ်ကြသလို ပွဲတွင်သုံးရန်ပိုက်ဆံများကိုလည်း သီးသန့်စုထားတတ်ကြသည်။ (မှတ်တမ်းပြီးပါပြီ)

အင်းလေးသင်္ကြန်

အင်းသားတို့သည် ရေပေါ်တွင်နေသော်လည်း သင်္ကြန်တွင်းရေပက်ကစားသော ဓလေ့မရှိပါ။ (ဗမာပြည်မှလူငယ်များအတွက် အင်းလေး၏သင်္ကြန်ချိန်သည် အလွန်ပျင်းစရာကောင်းသည်ဟု တွေးနိုင်ပါသည်။) အင်းသားတို့အတွက်မူ သင်္ကြန်ချိန်သည် ရွာစဉ်လှည့်ကာ ဘုန်းကြီးကျောင်းများကို တပျော်တပါး လိုက်ကန်တော့နေရ၍ သူတို့အရပ်နှင့်သူတို့ဓလေ့ ပျော်စရာကောင်းသည်သာ ဖြစ်သည်။

ရွာဓလေ့ထုံးစံအရ သင်္ကြန်အကြိုနေ့တွင် သက်ကြီးရွယ်အိုများ ၊ အပျိုများ ခေါင်းလျှော်ရေချိုးကြသော ဓလေ့ရှိသည်။ သင်္ကြန်တွင်း ခေါင်းလျှော်ချိန်မရှိတော့၍ ဖြစ်ပါသည်။ သင်္ကြန်အကြိုနေ့တွင် မနက်စောစော ထမင်းစားပြီးသည်နှင့် ရွာရှိသက်ကြီးရွယ်အို ဘိုးဘွားများကို လိုက်ကန်တော့ကြရသည်။ ကန်တော့ခံအိမ်က မုန့်ပဲသွားရည်စာ ၊ လက်ဖက် စသည်ကို တတ်နိုင်သမျှ ဧည့်ခံကျွေးမွေးကြရသည်။ မနက် ၁၀ နာရီလောက်ထိ ကန်တော့လာသူများရှိတတ်သည်။ ၁၀ နာရီမှ ညနေ ၃ နာရီလောက်ထိ နေပူ၍ ကန်တော့ချိန်နားပြီး ညနေပိုင်းမှ ဆက်ကန်တော့ကြရသည်။ ရွာရှိသက်ကြီးရွယ်အိုများကို သင်္ကြန်အကြိုနေ့တွင် အပြီးကန်တော့ကြသည်။

သင်္ကြန်အကျနေ့မနက်ပိုင်းတွင် အခြားရွာမှ ဆွေမျိုးမိဘဘိုးဘွားများကို လိုက်ကန်တော့ ကြရသည်။ ညနေ ၄ နာရီလောက်မှစ၍ ရွာဦးဘုန်းတော်ကြီးကျောင်းသို့သွား၍ ကျောင်းထိုင် ဆရာတော်ကြီးမှစ၍ ကျောင်းရှိ သံဃာအားလုံးကို လိုက်ကန်တော့ကြရသည်။ ကန်တော့ပစ္စည်းများကို တတ်နိုင်သလို ထည့်ကြရသည်။ ဆင်းရဲချမ်းသာမရွေး ကိုယ်တတ်နိုင်သည်များ ကန်တော့ကြသည်။ ဆန် ၊ဆား ၊ လက်ဖက်ခြောက် ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ စသည်ဖြင့် .. တတ်နိုင်သူများက မုန့်များ ၊ အသုံးအဆောင်ပစ္စည်းများထည့်၍ ကန်တော့ကြသည်။

သင်္ကြန်အကြတ်နေ့မနက် ၆ နာရီလောက်မှစ၍ ဘုန်းတော်ကြီးကျောင်းသို့ သီလယူသွားကြရသည်။ အိမ်ရှိလူကုန် ကျောင်းသွားကြပြီး ဥပုသ်စောင့်မည့်သူများသာ ကျောင်းတွင်နေကြရသည်။ ဥပုသ်စောင့်မည့်သူများသည် အိမ်မှမနက်စောစော ထမင်းစားသွားကြပြီး နေ့ဆွမ်းအတွက် ချိုင့်ဖြင့်ယူသွားကြရသည်။ ဘုရားဆွမ်းတော်အုပ် ၊ နှစ်ကျိပ်ရှစ်ဆူဘုရား ဆွမ်းလောင်း ၊ သံဃာတော်များအတွက် ဆွမ်းတစ်ချိုင့်၊ ဥပုသ်စောင့်သူများအတွက် ထမင်းချိုင့်ပါ တစ်ပါတည်းယူဆောင်သွားကြရသည်။

မနက် ၇ နာရီခွဲလောက်တွင် ကျောင်းထိုင်ဆရာတော် (သို့မဟုတ်) ကိုယ်စားလှယ်ဦးပဉ္စင်းတစ်ပါးက သီလပေးတရားဟောကြားပြီး ၈ နာရီခွဲလောက်တွင် ဥပုသ်ယူကြသူများ အိမ်ပြန်ထမင်းစားကြရသည်။ မနက် ၉ နာရီလောက်တွင် သင်္ကြန်တွင်းကုသိုလ်ယူသူများက ဥပုသ်သည်များကို မုန့်တစ်ခုခု ဧည့်ခံဒါနပြုတတ်ကြသည်။ ညနေပိုင်းတွင် ဖျော်ရည်ကပ်ကြသူများအတွက် အမျိုးသမီး ၊ အမျိုးသားအသင်းအဖွဲ့မှ ဥပုသ်မစောင့်သူများက ကျွေးမွေးဧည့်ခံရေး တာဝန်ယူကြရသည်။ နေ့လည်ကျောင်းတွင် ဥပုသ်သည်များကျန်သည့် ထမင်းဟင်း ၊ ဘုန်းတော်ကြီး ကျောင်းမှ ကျန်သည့် ထမင်းဟင်းများဖြင့် ဝေယျာဝစ္စလုပ်သူများ စားကြရသည်။ ညနေဥပုသ်သည်များ ပြန်သည့်အချိန်မှ အိမ်ပြန်ပြီး အမျိုးသမီးဓမ္မစင်္ကြာအဖွဲ့များသည် ညနေစာ စားပြီး ကျောင်းသို့တဖန် ဓမ္မစင်္ကြာရွတ်သွားကြရသည်။ဓမ္မစင်္ကြာအသင်းကိုလည်း ညဦးပိုင်း ဒါနပြုသူများ ရှိသည်။ရွာမှ ဥပုသ်သည် ယောက်ျားမှန်သမျှ ဥပုသ်ထွက်သည်အထိ ဘုန်းကြီးကျောင်းတွင်အိပ်ကြသည်။ သက်ကြီးရွယ်အိုများသာ အိမ်ပြန်ကြသည်။ ကျောင်းတွင် သင်္ကြန်တွင်း ဆွမ်းတော်ကြီးပို့ကြသည်များကို ကျောင်းတွင်ဥပုသ်ယူ၍ အိပ်ကြသော လူလတ်ပိုင်းများက ဆွမ်းတော်ကြီးပြင်ကြရသည်။ ဆွမ်းတော်ကြီးဆိုသည်မှာ ဖောင်တော်ဦးဘုရားပွဲတွင်ကပ်လေ့ရှိသည့် စားပွဲခုံပေါ်တွင် ပန်း ၊ ရေ ၊ သစ်သီး ၊ မုန့် ၊ ဆွမ်းဖြူ၊နီ၊၀ါ စသည်များတင်၍ကပ်သည်ကို ဆိုလိုပါသည်။ မနက် ၃ နာရီခန့်ထ၍ ဆွမ်းအတွက် ချက်ပြုတ်ပြင်ဆင်ပြီး အာရုဏ်ဆွမ်းအမီ လောင်းလှူကြသည်။

သင်္ကြန်အကြတ် ၊ အတက် နှင့် နှစ်ဆန်းတစ်ရက်နေ့တွင် ကျောင်းမှ သီလယူပြီးသည်နှင့် ခေါင်တိုင်ရွာအနီးရှိ ရွှေမြင်ထင်ဘုရားစသည့် ရွာနှင့်နီးစပ်ရာ ဘုရားစေတီများသို့ ဆွမ်းသစ်သီးများကပ်ပြီး နီးစပ်ရာ ရွာကျောင်းဆရာတော်များကို ကန်တော့ကြရသည်။

နှစ်ဆန်းနှစ်ရက်နေ့တွင် ရွာဘုန်းကြီးကျောင်း၌ ဥပုသ်စောင့်သူများနှင့် ဝေယျာဝစ္စအဖွဲ့မှလွဲ၍ ကျန်လူများက ရပ်ဝေးဘုန်းကြီးကျောင်းများသို့ ကန်တော့သွားကြရသည်။ မော်တော်ပိုင်ရှိသူများက ဆီအကုန်အကျခံကုသိုလ်ယူကြသည်။ ရွာရှိ မော်တော်အကုန်ထွက်ကြရသည်။ မော်တော်မရှိသူများက နီးစပ်ရာမော်တော်များနှင့် လိုက်ကြကာ တစ်စုတစ်ဝေး တပျော်တပါးကြီး ဘုန်းကြီးကျောင်းများကို လိုက်ကန်တော့ကြသည်။ ထိုသို့ကန်တော့ရာတွင် ကိုယ်ကန်တော့သည့်ကျောင်းကို နေ့ဆွမ်းစားပြီးချိန်ရောက်နေပါက ထိုဘုန်းကြီးကျောင်းက ကန်တော့လာသူများကို ထမင်းကျွေးသည်။ ထိုနေ့အဖို့ ညနေ ၃ နာရီလောက်မှ အိမ်ပြန်ရောက်ကြသည်။

အင်းလေးတွင် သင်္ကြန်ရက်တစ်ပတ်အတွင်း ဈေးများ ၊ အိမ်ဆိုင်များပိတ်ထားကြပြီး ကုသိုလ်ဒါနပြုသူက များသည်။ သင်္ကြန်တွင်း အရွယ်သုံးပါးမရွေး ဥပုသ်စောင့်သူ ၊ ဝေယျာဝစ္စ ကုသိုလ်ဒါနပြုသူများဖြင့်သာ အချိန်ကုန်ကြပါသည်။ သင်္ကြန်အကြိုနေ့မှစ၍ ဆယ်ရက်ခန့် အနားယူကုသိုလ်လုပ်ပြီးမှသာ ကိုယ့်လုပ်ငန်းကိုယ် ပြန်လုပ်ကြသည်က များပါသည်။

အင်းလေးဒေသ စိုက်ပျိုးရေးထွက်ကုန်များနှင့် ရိုးရာအစားအစာများ

အင်းလေးဒေသရှိ လယ်မြေများသည် တစ်သီးစားသာ စိုက်၍ရသည်။ ကုန်းအတွင်းပိုင်းကျသည့် လယ်မြေများသာ နှစ်သီးသုံးသီးစိုက်နိုင်ကြသည်။ စပါးကို တစ်သီးသာစိုက်၍ အခြားသီးနှံများစိုက်လေ့ရှိကြသည်။ ပဲပုပ်၊ နေကြာ ၊ ပြောင်း စသည်များ စိုက်ပျိုးကြသလို ကြံ ၊ လိမ္မော်ပင်များတိုးချဲ့စိုက်လာကြပါသည်။ ကြက်သွန်ဖြူ စိုက်သူများလည်း ရှိသည်။

အင်းလေးရေပေါ်ခြံတွင်မူ အာလူး ၊ ငြုတ်၊ ကြက်သွန်နီ(ဗမာကြက်သွန်နီလို တစ်လုံးဥမဟုတ်ဘဲ အမွှာလိုက်ဥသော ကြက်သွန်နီ) များစိုက်ကြသည်။ ဟင်းချက်ရာတွင် ဒေသထွက်ကြက်သွန်နီကိုသာ အသုံးများကြသည်။ ဗမာကြက်သွန်နီကို အသုပ်များတွင်သာ ထည့်သုံးတတ်ကြသည်။ ဟင်းချက်ရာတွင် ကြက်သွန်နီထက် ကြက်သွန်ဖြူကိုသာ အဓိက ထား၍ ချက်တတ်ကြသည်။

ချင်း(ဂျင်း)တက်ကိုလည်း ရှမ်းပြည်တောင်ပိုင်းမှထွက်သော ချင်းကိုသာ သုံးသည်။ ရှမ်းပြည်တောင်ပိုင်းမှ ထွက်သည့်ချင်းကို ချင်းသေးဟုခေါ်၍ ရှမ်းပြည်မြောက်ပိုင်း ၊ အရှေ့ပိုင်းမှထွက်သောချင်းကို ချင်းလတ်ဟု ခေါ်ကာ ဗမာပြည်မှ ထွက်သောချင်းကို ချင်းကြီးဟု ခေါ်ဝေါ်ကြသည်။ ချင်းကြီးကို ချင်းသုပ်လုပ်ကြရာတွင် အများဆုံးသုံးတတ်ကြသည်။ ချင်းကြီး ၊ ချင်းလတ် ၊ ချင်းသေး ဟူသော အခေါ်အဝေါ်ကို အင်းသားများသာ သုံးစွဲကြသည်။

အင်းသားအစားအစာတစ်မျိုးဖြစ်သော အင်းသားအခေါ် ဟင်းထုပ် ၊ ဗမာ ၊ရှမ်း အခေါ် ကြက်သွန်ပေါင်း (မိုးကုတ်ဘက်တွင် လုပ်စားတတ်သော မုန်ညင်းပေါင်းပုံစံမျိုး ) ကို ကြက်သွန်မိတ်ဖြင့်ပြုလုပ်ရသည်။ ဟင်းထုပ်ကို ကြက်သွန်မိတ်၊ ဆန်မှုန့်၊ ချင်း ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီး ၊ ဆားတို့ရောနယ်ကာ ပေါင်းရသည်။ ဟင်းထုပ်ပြုလုပ်ရာတွင် သုံးသော ချင်းသည် အင်းလေးဒေသထွက်ချင်းမဟုတ်ပါက အနံ့တစ်မျိုးဖြစ်သွားတတ် ပါသည်။ကြက်သွန်မိတ်ဖြင့် ကြက်သွန်ကြော်(ဗမာအခေါ် ငါးပေါင်းကြော်) ကြော်စားကြသည်။ ဗမာများ မုန့်ဟင်းခါးချက်သလို အင်းသားများက မုန့်တီဟင်းချက်စားကြသည်။ (ကျွန်မတော့ မုန့်တီဟင်းကို မုန့်ဟင်းခါးလောက် စားကောင်းသည်မထင်ပါ။စကားချပ်) အင်းသားတို့ တို့ဟူးသုပ်လုပ်စားရာတွင် အချဉ်အရသာအတွက် ရှာလကာရည် မသုံးပဲ တို့ဟူးကျိုသောပဲနှစ်ကိုပင် အချဉ်ဖောက်ကာ တို့ဟူးသုပ်ထဲ ထည့်သုပ်သည်။ တို့ဟူးသုပ်ကို တို့ဟူးကြော်တစ်ဝက် တို့ဟူးစိမ်းတစ်ဝက်ရောသုပ်ကာစားတတ်ကြသည်။ တို့ဟူးသုပ်ထဲ ထည့်သော ပဲချဉ်ကို ဒေသထွက် မုန့်လေပွေပုံစံမျိုးနှင့် တို့စားလျှင်လည်း အတော်အရသာရှိပါသည်။ ပြီးတော့ အင်းလေးတွင် စားလို့ရသော မြေကြီးခဲဆိုတာမျိုးလည်း ရောင်းသည်။ အခြားမြေကြီးနဲ့မတူ ။ (စားလို့ရသော မြေကြီးခဲကို သတ်မှတ်ထားသည့် နေရာမှသာ ယူရသည်ဟု ကြားဖူးပါသည်။ (စကားချပ်) )

မင်္ဂလာဆောင်ကျင်းပပုံ

အင်းလေး၏ ရှေးထုံးတမ်းအရလက်ထပ်ပုံမှာ ရှေ့ခုနစ်အိမ် နောက်ခုနစ်အိမ် လက်ဖက်တစ်ရိုးစားကာ အသိအမှတ်ပြုလက်ထပ်ကြသည်။ ကွာရှင်းမည်ဆိုကလည်း လက်ဖက်တစ်ရိုးစားကာ ကွာရှင်းကြသည်။(အခုခေတ်တော့ မသိဘူးနော)

အင်းလေးတွင် မင်္ဂလာပွဲများသည် သီတင်းကျွတ်လဆုတ် ၈ ရက် နောက်ပိုင်းနှင့် တန်ဆောင်မုန်း လကွယ်ထိသာ ဆောင်ကြပြီး တပို့တွဲလနှင့် တန်ခူး ၊ ကဆုန် ၊နယုန်(အင်္ဂလိပ်လအနီးစပ်ဆုံး -အောက်တိုဘာလလယ်မှ ၊ နိုဝင်ဘာ ၊ ဖေဖော်ဝါရီ ၊ ဧပြီ၊မေ၊ဇွန်) လတို့တွင်သာ ရှိကြပါသည်။ဝါဆိုလပြည့်မတိုင်မီ ၀ါဆိုလမင်္ဂလာဆောင်များ (မရှိသလောက်)ရှားပါသည်။

မင်္ဂလာဆောင်ကိုလည်း သတို့သားအိမ် ၊ သတို့သမီးအိမ်မခွဲခြားဘဲ အဆင်ပြေရာ နေရာအကျယ်အ၀န်းပေါ်တွင် မူတည်၍ မင်္ဂလာပွဲကျင်းပတတ်ကြသည်။ တတ်နိုင်သလို ကျွေးကြသည်။ ရွာဓလေ့ထုံးစံအတိုင်း ကိုယ့်ရွာအချင်းချင်း (သို့) တခြားရွာမှ လူကြီးစုံရာနှင့် သတို့သမီးကို တောင်းရမ်းကြရသည်။ တတ်နိုင်လျှင် တတ်နိုင်သလို ရွှေ၊ ငွေ၊လယ်ယာ၊ ခြံမြေ၊ နွား စသည်တင်တောင်းကြရသည်။ တင်တောင်းသည့်ပစ္စည်းကို သတို့သမီးက အပိုင်ရသည်။

ထိုပစ္စည်းများဖြင့် လင်မယားနှစ်ယောက် လုပ်ကိုင်စားနိုင်သော်လည်း လင်မယားကွဲလျှင် မယားက အပိုင်ရသည်။ မင်္ဂလာဆောင်စရိတ်ကိုလည်း သတို့သားက စီးပွါးရေးလုပ်ငန်းရှိပါက ကိုယ့်စရိတ်ကိုယ်ခံကြရသည်။ မိဘကတတ်နိုင်၍ ဆောင်ပေးလျှင်လည်း ကုန်ကျစရိတ်ကို မိဘများကသာ အကုန်အကျခံလေ့ရှိသည်။ သတို့သားဘက်မှ အကုန်အကျမခံနိုင်လျှင် သတို့သမီးဘက်မှ မင်္ဂလာစရိတ်ကို ညီတူညီမျှ အကုန်အကျခံတတ်ကြပါသည်။ သို့သော် သတို့သားဘက်မှသာ အကုန်အကျခံလေ့ရှိသည်။ လက်ဖွဲ့ပစ္စည်းအားလုံးကိုလည်း သတို့သား-သတို့သမီးသာပိုင်သည်။ (အချို့ဒေသများတွင် လက်ဖွဲ့ငွေကို မင်္ဂလာစရိတ်ထုတ်ပေးသော မိဘဘက်ကသိမ်း ၊ သတို့သား သတို့သမီးက လက်ဖွဲ့ပစ္စည်းကိုသာယူရသောအလေ့ရှိ၍ ဒီအကြောင်းကို ထည့်ရေးရခြင်းဖြစ်ပါသည်။ စကားချပ်) လင်မယားမသင့်မြတ်၍ ကွဲကွာခဲ့သော် တစ်ယောက်တစ်ဝက်စီ ခွဲယူကြရသည်။( သတို့သမီးကို တင်တောင်းသည့်ပစ္စည်းမပါ။)

ကန်တော့ပွဲကိုလည်း သတို့သားဘက်မှ နှစ်ပွဲပြင်ရသည်။ မင်္ဂလာဆောင်မည့်မနက် သတို့သမီးခေါ်ရမည့် မင်္ဂလာအချိန်တွင် ကန်တော့ပွဲကိုလည်း သတို့သားဘက်မှ နှစ်ပွဲပြင်ရသည်။ မင်္ဂလာဆောင်မည့်မနက် သတို့သမီးခေါ်ရမည့် မင်္ဂလာအချိန်တွင် ကန်တော့ပွဲတစ်ပွဲယူ၍ သတို့သမီးမိဘများကို ကန်တော့ပွဲဖြင့်ကန်တော့၍ သတို့သမီးကို ခေါ်ဆောင်ရပါသည်။ သတို့သမီးအိမ်မှ အထွက်တွင် ရွာဓလေ့ထုံးစံအရ ငယ်လင်ငယ်မယား စုံတွဲက ရွှေကြိုးတား၍ ခဲဖိုးတောင်းရသည်။ ကျန်သည့် အပေါင်းအသင်းများလည်း ရွှေကြိုးတား၍ရသည်။ ပိုက်ဆံချမ်းသာသည့် သတို့သား သတို့သမီးဖြစ်ပါက ရွှေကြိုးကို ၄ ၊၅ထပ်တား၍ ခဲဖိုးတောင်းသည့် ဓလေ့ရှိပါသည်။

သတို့သမီးကို သတို့သားအိမ်သို့ခေါ်လာပြီးလျှင် သတို့သားမိဘများကို ကန်တော့ကြ ရသည် ။ ပြီးလျှင် အဘိုး၊အဘွား ၊ ဦးကြီး ၊ ဒေါ်ကြီး ဆွေမျိုးရင်းချာများကို ကန်တော့ပြီးမှ မင်္ဂလာဧည့်ခံပွဲ ကျင်းပကြသည်။ မင်္ဂလာဧည့်ခံပွဲကို သတို့သားသတို့သမီးထိုင်ရန် ခင်းကျင်းထားပြီး ကန်တော့ပွဲနှစ်ပွဲရှေ့ချကာ အလယ်တွင် လက်ဖွဲ့ခံဖလား ထားရှိသည်။ လက်ဖွဲ့ကို ပစ္စည်းလက်ဖွဲ့သည်က ရှားသည်။ မိဘဆွေမျိုးများက လက်ဝတ်ရတနာများ လက်ဖွဲ့တတ်သည်။ ခြံမြေများလက်ဖွဲ့တတ်သည်မှလွဲ၍ ကျန်လူများက ပိုက်ဆံလက်ဖွဲ့ကြသည်။ လက်ဖွဲ့ငွေများသည် သတို့သားသတို့သမီး ရင်းနှီးလုပ်ကိုင် စားသောက်ရန် အရံသင့်ဖြစ်သွားကြသည်။

မင်္ဂလာဧည့်ခံပွဲကို ပိုက်ဆံတတ်နိုင်ကြသူများသည် ဘိသိက်သွန်း၍ လက်ထပ်မင်္ဂလာပြုကြသည်။ အစဉ်အလာအတိုင်း ငယ်လင်ငယ်မယားစုံတွဲကို ဒေါင်းလန်းနှင့် ထမင်းပွဲပြင်စေ၍ ရိုးရာထမင်းဟင်းများဖြစ်သော ပဲလွန်းဆေးခါး ၊ ဂျူးသုပ် ၊ ငါးချဉ်သုပ် ၊ ငရုတ်သီးတောင့်ကြော် ၊ ဆတ်သားနှပ် ၊ ငါးရံ့ခြောက်နှပ်စသည့် ဟင်းများဖြင့် မင်္ဂလာမောင်နှံကို လက်ဆုံစားစေကာ အချင်းချင်းလည်း ခွံ့ကျွေးကြရသည်။ မင်္ဂလာဧည့်ခံပွဲပြီးပါက မင်္ဂလာအိပ်ခန်းကို ထိုငယ်လင်ငယ်မယားစုံတွဲများက မင်္ဂလာအိပ်ရာ ပြင်ပေးကာ သတို့သားသတို့သမီးအား အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေဟု ဆုပေးပြီး အိပ်ခန်းအပ်နှင်းပေးကြသည်။

မင်္ဂလာဆောင်သည့် ညဦးပိုင်းရောက်သောအခါ ရွာရှိလူပျိုခေါင်း(ကာလသားခေါင်း) အပျိုခေါင်းများဦးဆောင်သော အပျိုလူပျိုများသည် ရှမ်းအိုးစည်တီးကာ တပျော်တပါးကခုန်ရောက်လာကြပြီး မင်္ဂလာစုံတွဲထံမှ ခဲဖိုးတောင်းကြသည်။ ခဲဖိုးလာတောင်းသူများကို မင်္ဂလာမောင်နှံမှ ကျွေးမွေးဧည့်ခံကြရသည်။ ခဲဖိုးဆိုသည့်အတိုင်း ကျောက်ခဲကိုလက်ကိုင်ပုဝါဖြင့်ထုပ်၍ ယွန်းအုပ်အတွင်းထည့်ယူလာပြီး မင်္ဂလာမောင်နှံရှေ့ ချထားကာ ခဲဖိုးတောင်းရသည်။ မင်္ဂလာမောင်နှံမှ ခဲဖိုးငွေကို စေတနာရှိသလောက် ယွန်းအုပ်ထဲထည့်၍ ပေးလိုက်ရသည်။ ခဲဖိုးရလျှင် ဆုတောင်းပေးကာ ခဲဖိုးတောင်းရန် အလာတုန်းကကဲ့သို့ပင် ရှမ်းအိုးစည်တီးကခုန်ပြီး ပြန်ကြလေသည်။ အင်းသားအများစုသည် အိမ်ထောင်သက် ၂ နှစ် ၃ နှစ်လောက်တွင် ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့်စီးပွါးရေးနှင့် နေနိုင်ကြသူများပါသည်။ ယခုခေတ်တွင် ခရမ်းချဉ်ခြံလုပ်သူများပြားလာ၍ လက်ဖွဲ့လျှင် မိဘများက ကျွန်းမျော အလံတစ်ရာ ၊ နှစ်ရာ စသည် လက်ဖွဲ့တတ်ကြသဖြင့် အိမ်ထောင်ကျလျှင် လုပ်ကိုင်စားစရာ အဆင်သင့်ဖြစ်နေတတ်ကြပါသည်။

အင်းသားတို့၏ အသုဘချနည်းထုံးစံ

အင်းသားသေရင် ငါးဖိန်းစား ၊ ငါးဖိန်းသေရင် အင်းသားစား ဆိုသည့် စကားသည် အများသူငါ အပြောနှင့် တကယ်ထင်နေကြသည်သာ ဖြစ်သည်။ လူသေလျှင် ခဲဆွဲ၍ရေထဲချ သင်္ဂြိုဟ်လိုက်၍ ငါးများ ၊ ရေသတ္တ၀ါများ လူ့အသားစား၍ ကြီးပြင်းလာပြီး လူတွေက ငါးများကို တဖန်သတ်စားကြသည်ဟု လူအများ ယုံကြည်လက်ခံထားကြသည်။ အင်းလေးကန်တွင် နေထိုင်ကြသူများသည် ရွာတစ်ရွာ သင်္ချိုင်းတစ်ခုစီရှိကြပါသည်။ ကိုယ်ပိုင်ခြံမြေ ၊ လယ်မြေများပေါ်တွင် နေထိုင်ကြသောသူများသည်။ သင်္ချိုင်းမြေ၏ အောက်ပိုင်းတွင် နေထိုင်ကြသူများသာ သင်္ချိုင်းတွင် သဂြ င်္ိုဟ်ကြပြီး အပေါ်ပိုင်းတွင်နေကြသူများသည် ကိုယ့်ခြံမြေတွင် သင်္ဂြိုဟ်ကြပါသည်။

အပေါ်ပိုင်းအောက်ပိုင်းဆိုသည်ကို ရှင်းပြပါမည်။ ဥပမာ-ရှေ့နှင့်နောက် ရွာတန်းရှည်ဆိုပါစို့ ။ ရှေ့နှင့်နောက် အလယ်လောက်တွင် ရွာသင်္ချိုင်းရှိပါက အနောက်ဘက်မှလူများသာ သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြပြီး အရှေ့ဘက်ရှိလူများက ကိုယ့်ခြံမြေတွင် သင်္ဂြိုဟ်ကြသည်။ ကျွန်တော်ကြားဖူးသမျှ အင်းလေးတွင် ရေသင်္ချိုင်းတစ်ခုသာ ရှိသည်။ (စကားချပ်) ရေသင်္ချိုင်းဆို၍ လူသေကို ခေါင်းထဲထည့်ကာ ပစ္စလက်ခတ်ရေထဲပစ်ချလိုက်တာမျိုးမဟုတ်။ အခေါင်းကိုကျွန်းမျောမှာ အသေအချာတွဲ၍ သင်္ဂြိုဟ်ခြင်းဖြစ်သည်ဟု မှတ်သားဖူးပါသည်။

အင်းလေးဒေသတွင် လူတစ်ယောက်ကွယ်လွန်လျှင် ကွယ်လွန်သည်မှ တစ်ရက်သာ ထားခွင့်ရှိသည်။ မြို့ပေါ်မှာလို လူသေကို(၃)ရက် ထားခွင့်မရှိပါ။ အဝေးရောက်သားသမီးများ ရှိလျှင်လည်း အသုဘမီစောင့်ရိုးထုံးစံမရှိပါ။ ရက်လည်ကိုသာလျှင် (၇)ရက်ပြည့်မှ ရက်လည် ဆွမ်းသွတ်ကြ၍ ရပ်ဝေးရောက်သားသမီး၊ဆွေမျိုးများ ရောက်အောင်လာကြရပါသည်။ သင်္ဂြိုဟ်မည့်နေ့တွင် ချမ်းသာသည်ဖြစ်စေ ၊ ဆင်းရဲသည်ဖြစ်စေ သင်္ဂြိုဟ်စရိတ်ကူငွေ ထည့်ကြရသည်။ ဆင်းရဲသူများအနေနှင့် ကူငွေပေါ်မူတည်၍ ရက်လည်ဆွမ်းကပ်ကြရသည်။ သင်္ဂြိုဟ်စရိတ်ဟူ၍ ဓလေ့ထုံးစံအရခေါ်နေကြသော်လည်း တကယ်တမ်းသင်္ဂြိုဟ်စရိတ်ဆိုပြီး သီးသန့်ကုန်စရာမရှိပါ။ ရပ်ရွာမှ ၀ိုင်းဝန်းကူညီလုပ်ကိုင်ပေးကြသည်က များပါသည်။ လှူချင်သည်ကို လှူ၍ရအောင် ၀ိုင်းဝန်းကူညီကြသည်သာ။

သင်္ချိုင်းမြေအကြောင်းပြောရလျှင် ကျွန်းမျောအကြောင်းပါ ပြောရပါမည်။ အင်းလေးကို မရောက်ဖူးသူ အများစုလူတို့က အင်းလေးကန်ဆိုတာ ရေတွေချည်းသာရှိသောကန်တစ်ခုဟု ထင်ကြသည်။ အင်းလေးကန်တွင်းရှိ ရေကိုလည်း ဘယ်ကိုမှ အစီးအဆင်းမရှိသော ရေသေဟု ထင်တတ်ကြသည်။ ကယားပြည်နယ်မှ လောပီတရေအားလျှပ်စစ်စက်ရုံအတွက် ရေသည် အင်းလေးကန်မှ စီးဆင်းသွားသောရေများဟု သိသူနည်းသည်။ ရှေးယခင်က အင်းလေးကန်သည် ယခုလက်ရှိအနေအထားလောက် ကျယ်ဝန်းခြင်းမရှိပါ။ လောပီတရေအားလျှပ်စစ်စက်ရုံအတွက် မိုးပြဲရေကာတာတည်ဆောက်ပြီးမှသာ အင်းလေးကန်တွင် ရေထုများတက်လာကာ ခြံမြေ လယ်မြေတော်တော်များများ ရေနစ်ကုန်ကြပြီး ကုန်းပိုင်းသို့ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။ ယခင်က ရေစပ်နားတွင်နေထိုင် ကြသူများသည် ရေလယ်သို့ရောက်ကုန်ကြသည်။ ရွာလုံးကျွတ် ရွှေ့ပြောင်းရန် မဖြစ်နိုင်သော ရွာများသာ ရေပေါ်အိမ်ဆောက်နေကြရသည်။ ရေနစ်သွားသော ခြံမြေများအစား ကျွန်းမျောများ ထုတ်၍ ခြံစိုက်ကြရသည်။

ကျွန်းမျောဖြစ်ပေါ်လာပုံ

ရေနစ်သွားသော လယ်ကွင်းများ၊မြေဆွေးနှင့်မြက်ပင်များ ထူထပ်စွာ ပေါက်ရောက်နေကြသည်ကို ကိုယ်လိုချင်သလောက် အတိုင်းအတာနှင့် လှီးဖြတ်ထုတ်၍ ရေပေါ်မျှောလိုက်သောအခါ ကျွန်းမျောများဖြစ်လာကြသည်။ ကျွန်းမျောပေါ်သို့ လူတက်၍ရသည်။ကျွန်းမျောကို အလျားပေ ရသလောက်ယူ၍ အနံ ၄ ပေ ၊ ထု ၄ ပေ လောက် လှီးဖြတ်ထုတ်ယူကာ ရေခြံအဖြစ် လုပ်ကိုင်ကြရပါသည်။ ကျွန်းမျောကို ဖြတ်ထုတ်ရာတွင် အသုံးပြုသောလွှများမှာ နှစ်ဘက်ဆွဲလွှအပြင် တစ်ဘက်တည်းကသာ ဆွဲ၍ရသောလွှကိုလည်း သုံးရသည် ။ (စလောင်းမှလာသည့် ကိုးရီးယား-အာရိရန်လိုင်းမှာ တစ်ခါက ကြည့်လိုက်ရပါသည်။ စကားချပ်) ကျွန်းမျောကို ခွဲထုတ်လျှင်.. ၀ါးလုံးနှစ်လုံးကို လွှဖြင့်ခွဲထားပြီးသော ကျွန်းမျောထုတ်မည့်မြေထဲ ကန့်လန့်စိုက်၊ ထိုဝါးလုံးနှစ်လုံးကိုဟပြီး ၀ါးတိုတစ်ချောင်းနဲ့ကျားကန် ၊ လူက ထိုဝါးတိုပေါ်တွင် မြေတွင်စိုက်သည့် ၀ါးနှစ်လုံးအနက်မှ ၀ါးတစ်လုံးကိုကျောဖြင့်၊ အခြားဝါးတစ်လုံးကို ခြေဖြင့်ကန်ကာ တက်ထိုင်ရင်း အားနှင့်ဖိချလိုက်ပြီး ၀ါးတိုကို အောက်သို့တဖြည်းဖြည်းရောက်စေရသည်။ လှီးဖြတ်ထုတ်ပြီးသွားသော ကျွန်းမျောမြေကို ကိုယ်လိုရာသို့ ကျွန်းမျောတစ်ခုနှင့်တစ်ခု ဆက်တွဲကာ ၀ါးဖောင်များလို တရွေ့ရွေ့ရွှေ့ယူပြီး ကျွန်းမျောများထားမည့်နေရာတွင် ထိပ်နှစ်ထိပ်ကို ၀ါးလုံးဖြင့်စိုက်ကာ မရွေ့အောင် ထိန်းထားရသည်။ ပြီးလျှင် ကျွန်းမျောပေါ်မှ မြက်ပင်များကို ဓါးကောက်ဖြင့် ခုတ်ထွင်ရှင်းလင်းကာ အင်းလယ်ရှိရေထဲမှ ရွှံ့နွံများကို လှေဖြင့် ဆယ်ယူကြရသည်။ ဆယ်ယူရာ၌ အင်းလေးအခေါ် (မြေကော်ခြင်း) ခြင်းတောင်းကို ၀ါးဖြင့်ယက်ကာ သောက်ရေအိုးဖင်ပုံစံအတိုင်း ခပ်စောက်စောက်လေး နှီးကြောဖြင့်ယက်လုပ်ရသည်။

ပြီးလျှင် ရေမှုတ်ရိုးတပ်သလို ၀ါးလုံးတွင် ခြင်းကိုသွပ်နန်းကြိုးများ၊ ကြိမ်များဖြင့် ချည်နှောင်၍ ရေထဲနှစ်ကာ ခပ်ယူကြရ သည်။ လှေအပြည့်ခပ်ယူပြီးပါက ကျွန်းမျောပေါ်သို့ ရွှံ့များခပ်တင်ကြရပြန်သည်။ ပြီးလျှင် ရေထဲရှိ မှော်ပင်များဆယ်ယူကာ ရွှံ့ပေါ်ထပ်တင်ကြရသည်။ မှော်ပင်များကြားမှ ရွှံ့မြေထိ အပေါက်ဖောက်ကာ အပင်များ စိုက်ပျိုးကြရသည်။ အပင်များရှင်သန်လာလျှင် သဘာဝမြေ သြဇာ ၊ ဓါတ်မြေသြဇာ ၊ ပိုးသတ်ဆေးများကို လိုအပ်သလို တစ်လှည့်စီဖျန်းပေးရသလို ရေမှော်များကိုလည်း အပင်ကြားသို့ထပ်ထည့်ပေးရပါသည်။

ရရှိလာသော ကျွန်းမျောပေါ်တွင် အချို့ရွာများက စားသုံးသီးနှံများနှင့် ပန်းမျိုးစုံစိုက်ကြသည်။ တစ်သီးစားသာ စိုက်နိုင်ပြီး ၀ါဆို-၀ါခေါင် ရေတက်လာချိန်တွင် ရေနစ်သွားသည်။ ရေနစ်နေချိန်ရောက်လျှင် ရေနစ်ကျွန်းမျောများပေါ်တွင် နောက်ထပ်ကျွန်းမျောများ ထပ်ဆင့်ပြီး ပြန်လုပ်ရသည်။ ကျွန်းမျောများသည် ထပ်ဆင့်ခါစက ရေများစိမ့်ဝင်နေ၍ မြင့်နေသော်လည်း အပင်စိုက်ပြီးနွေကာလတွင် ခြောက်သွားကာ ထက်ဝက်ခန့် နိမ့်ကျသွားတတ်သည်။ဤကဲ့သို့ ကျသွားလိုက် ပြန်ဆင့်လိုက် ၄-၅နှစ်လောက်ကြာမှ အသားကျကာ ကုန်းမြေအဖြစ်သို့ရောက်တော့သည်။

မိမိအိမ်ဘေးတွင် ကုန်းမြေ(အင်းလေးအခေါ် တောင်ပို့ဖြစ်အောင်) အပင်စိုက်၍မရသော ကျွန်းမျောအပိုင်းအစအသေးများကို ဆင့်၍ ရေကြီးချိန်တွင် ရေမမြုပ်အောင် အမြင့်ထိဖို့ကြရ သည်။ လေးဘက်လေးတန်ပြိုမကျအောင် မြေထိန်းကာရံပြီး ရေနက်ကွင်းလယ်မြေမှ မြေကြီးများကို လှေဖြင့်သယ်ယူကာ ကုန်းမြေအဖြစ်ရယူနိုင်ကြသည်။ အိမ်ဘေးကုန်းမြေကို ရေကြီးချိန်၌ရေမနစ်အောင် လုပ်ထားသည့်အတွက် မိမိတစ်အိမ်စာ အသီးအနှံများကို တစ်နှစ်ပတ်လုံး စိုက်ပျိုးစားနိုင်ကြသည်။ သာရေးနာရေး စသည်များရှိပါကလည်း အသုံးဝင်သော ကုနးမြေတစ်ခု ဖြစ်လာသည်။ အင်းလေးတွင် ကျွန်းမျောကို ကိုယ်လိုသလောက် ထုတ်ယူနိုင်၍ စိုက်ပျိုးရေးအတွက် အရင်းအနှီးရှိသူများအတွက် မြေမရှိမှာမပူရပေ။ မြေလိုလျှင် ရေနက်ကွင်းလယ်မှ ကျွန်းမျောကို ကိုယ်လိုသလောက် ယူရုံသာပင်။ ကျွန်းမျောနှင့် ရေခြံလုပ်ကိုင်စားသောက်သူအများစုသည် ခရမ်းချဉ် ၊ အာလူး၊ ငရုတ် ၊ ကြက်သွန်နီ ၊ ပြောင်းဖူး ၊ တိုင်ထောင်ပဲ စသည်များကို ခြံလိုက်သော်လည်းကောင်း မိသားစုတစ်နိုင်သော်လည်းကောင်း စိုက်ပျိုးလုပ်ကိုင်ကြသည်။ ကုန်းပိုင်းခြံလုပ်သူများသာ ကုလားပဲ ၊ ပဲပုပ် ၊ နေကြာ၊ ပဲစင်းငုံ စသည့်ပဲမျိုးစုံတို့ကို စိုက်ပျိုးလေ့ရှိကြသည်။

အင်းလေးသို့ မရောက်ဖူးသူ၊ အင်းသားလူမျိုးအကြောင်းမသိသူများက အင်းသားလူမျိုးများသည် ရေထဲမှာနေ၍ တံငါလုပ်စားကြသူများသာဟု အထင်ရှိတတ်ကြသည်။ အင်းသား လူမျိုးဖြစ်တိုင်း ငါးမဖမ်းတတ်ကြပါ။ တံငါမျိုးရိုးရှိသူများနှင့် ၀ါသနာပါသူများသာ ငါးဖမ်းတတ်ကြပါသည် ။ အင်းသားလူမျိုးတိုင်းလည်း ရေမကူးတတ်ပါ ။ ဥပမာ - ကုန်းပေါ်နေသူတိုင်း စက်ဘီးမစီးတတ်သလိုဖြစ်သည်။ သို့သော် ခြေဖြင့်လှေလှော်သော လူမျိုးသည် အင်းသားလူမျိုးသာ ရှိသည်။ အင်းသားလူမျိုးတို့၏ လှေကို ခြေဖြင့်လှော်သောအတတ်ကို ကုန်းပေါ်မှလူများ သင်ယူတတ်မြောက်နိုင်မည် မှန်သော်လည်း ကျွမ်းကျင်စွာတတ်မြောက်ဖို့တော့ မလွယ်ကူပါ။ အင်းသားသည် မွေးကတည်းက ရေမှာကျင်လည်နေရ၍ ရေကို အကြောက်အရွံ့နည်းရာမှာ ကုန်းပေါ်ကလူတွေထက် သာပါလိမ့်မည်။ သို့သော် အင်းသား ရေနစ်သေတဲ့သူမရှိဘူးလား မေးလျှင် ရှိပါသည် ၊ ရှားပါသည်ဟု ဖြေရမည်။ အချို့က အင်းသားဆိုလျှင် ကား၊ဆိုင်ကယ်မောင်းဖို့မပြောနှင့် ။ ရေထဲနေ၍ စက်ဘီးပင် မစီးတတ်ဟု ထင်သူကလည်း ထင်ကြသည်။ အင်းလေးကန်သည် အလွန်ခေါင်သောနေရာတွင် ရှိနေသည်လည်းမဟုတ် ၊ ကုန်းမြေမရှိ သည်လည်းမဟုတ်ဆိုတာ သတိပြုသင့်သည်။ အင်းသားလူမျိုးများအနက် ရေကြည်ရာ မြက်နုရာ လုပ်ကိုင်စားကာ နေထိုင်ကြသူများတွင် ကားမောင်းကျွမ်းကျင်သူ ၊ ဆိုင်ကယ်စီးကျွမ်းကျင်သူများ ရှိသည်။ ကုန်းနှင့်ရေစပ်စပ်တွင် နေထိုင်ရသူများလည်း စက်ဘီးဆိုင်ကယ်စီးတတ်ကြသည်။ အင်းလေးကန်တွင်းမှ ညောင်ရွှေ ၊ တောင်ကြီးသို့ ကျောင်းတက်သူများ ၊ စီးပွါးရေးသွားလုပ်နေရသူတွေလည်း အများအပြားရှိသည်သာဖြစ်သည်။

ခုတင်မယ့်ပို့စ်တွေကို နေးတစ်မြန်မာဖိုရမ်က “သူတို့အရပ် သူတို့ဓလေ့” တော့ပစ်မှာ တင်ခဲ့ဖူးပါတယ်.. အင်းလေးကန်က အင်းသားဓလေ့အကြောင်းတွေပါ...

ကျွန်တော်ရေးမယ့်အချက်အလက်တွေက လွန်ခဲ့တဲ့ နှစ် အစိတ်လောက်က အင်းလေးကန်ကနေ အဝေးသို့ရောက်နေသူ ကျွန်တော့်အမေရဲ့မှတ်တမ်းမှ သင့်တော်သလို အဆင်ပြေဖတ်ကောင်းအောင် အစီအစဉ်ကျအောင် ပြန်ပြီးရေးထားတာဖြစ်ပါတယ်။ အချက်အလက်တွေမှားနေရင် လိုအပ်နေလျှင် သိတဲ့သူများ ကောမန့်ပေးပြီးပြောနိုင်ပါတယ်။

အင်းသားတို့၏ ဓလေ့ထုံးစံ နှင့် လူနေမှုဘဝ

ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသ အင်းလေးကန်တွင် နေထိုင်ကြသူများကို အင်းသားလူမျိုးဟု ခေါ်ကြသည်။ အချို့လူများက အင်းသားတို့သည် ရေထဲမှာနေ၍ အသက်မွေးဝမ်းကျောင်းအနေနှင့် တံငါလုပ်ငန်းသာ လုပ်ကိုင်ကြသည်ဟု လွဲမှားစွာထင်ထားကြသည်။ အင်းသားတိုင်းက တံငါလုပ်ငန်းလုပ်ကိုင်ကြသူများ မဟုတ်ပါ။ အခြားသောဒေသများမှာကဲ့သို့ တံငါမျိုးရိုးရှိသူများသာ တံငါအလုပ်ကို လုပ်ကြသည်။ အင်းလေးကန်တွင် အများစုလူတို့က မိဘမျိုးရိုးအလိုက် ဆင်းသက်လက်ဆင့်ကမ်းလာကြသော လုပ်ငန်းများဖြင့် အသက်မွေးကြသူများပါသည်။ ဥပမာ-ကုန်သည် ၊ ယက္ကန်း၊ ရွှေပန်းထိမ်၊ ငွေပန်းထိမ်၊ ပန်းဘဲ၊ရေခြံလုပ်ငန်း၊ဆေးလိပ်ခုံလုပ်ငန်း၊တံငါလုပ်ငန်း စသည့် လုပ်ငန်းများကို မျိုးရိုးအမွေခံကာ သားမြေးစဉ်ဆက်လုပ်ကိုင်အသက်မွေးကြသည်။ ထို့အပြင် မိဘဘိုးဘွားက ဆေးဆရာ ၊အကြောပြင်ဆရာဖြစ်ခဲ့လျှင် သားသမီးများ မိဘလုပ်ငန်းကို လက်ဆင့်ကမ်းဆက်လက်လုပ်ကိုင်ကြတတ်သလို မျိုးရိုးမရှိသော်လည်း ၀ါသနာအရ သင်ယူ တတ်မြောက်ကြသူများလည်း ရှိပါသည်။

အင်းသားတို့၏ အိမ်ဆောက်နည်း

ရှေးယခင်က အင်းလေးကန်သည် ယခုလက်ရှိအနေအထားလောက် ကျယ်ဝန်းခြင်းမရှိပါ။ လောပိတရေအားလျှပ်စစ်စက်ရုံအတွက် မိုးပြဲရေကာတာတည်ဆောက်ပြီးမှသာ အင်းလေးကန် တွင် ရေထုများတက်လာကာ ခြံမြေ ၊ လယ်မြေတော်တော်များများ ရေနစ်ကုန်ကြပြီး ကုန်းပိုင်းသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။ ယခင်က ရေစပ်နားတွင်နေထိုင်သူများသည် ရေလယ်သို့ရောက်ကုန်ကြသည်။ ရွာလုံးကျွတ်ရွှေ့ပြောင်းရန်မဖြစ်နိုင်သော ရွာများသာ ရေပေါ်အိမ်ဆောက်နေကြရသည်။ ရေပေါ်တွင်အိမ်ဆောက်ပါက ငြမ်းဘယ်လိုဆင်သလဲ ၊ ကျင်းဘယ်လိုတူးမလဲဆိုသည်ကို လူတိုင်းစိတ်ဝင်စားကြမည်ထင်ပါသည်။ ကုန်းပေါ်နေသူဖြစ်ဖြစ် ၊ ရေတွင်နေသူဖြစ်ဖြစ် တစ်ခုမဟုတ် တစ်ခုအခက်အခဲတော့ရှိတတ်စမြဲဖြစ်ပါသည်။ သို့သော် ကိုယ်ကျင်လည် ကျက်စားရာနေရာပေါ်မူတည်ပြီး မဖြစ်မနေ လုပ်ရမည့်လုပ်ငန်းများကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ကြသည်သာ ဖြစ်သည်။ အင်းလေးတွင် အိမ်ဆောက်ပါက ပျဉ်ထောင်၊ပျဉ်ခင်း၊သွပ်မိုးဖြင့်ဆောက်ကြသလို တိုင်၊အခင်း၊ထရံ စသည်ကို ၀ါးဖြင့်လုပ်၍ သက်ငယ်(သက်ကယ်)မိုးကြသည်လည်း ရှိသည်။ဝါးဖြင့်ဆောက်သည့်အိမ်ဆိုပါက နေ့ချင်းပြီး ဆောက်၍ရသည်။ သစ်ဖြင့် ဆောက်လုပ်သော အိမ်များသာ အိမ်အကြီးအသေးပေါ်မူတည်၍ တစ်လ၊နှစ်လ ကြာတတ်သည်။ ၀ါးအိမ်ဆောက်ပါက ငြမ်းဆင်ရန်မလိုဘဲ သစ်အိမ်များသာ ၀ါးဖြင့်ငြမ်းဆင်၍ ဆောက်ရသည်။ သစ်အိမ်ဆောက်သူများသည် ကုန်ကျစရိတ်ပိုများသည်။ အိမ်တိုင်များအတွက် ကျွန်းသစ်ကိုသာ သုံးကြရသည်။ ရေအတက်အကျရှိ၍ ရေလွတ်အောင်၊ ကြာရှည်ခံအောင် ကျွန်းတိုင်များဖြင့် ဆောက်လုပ်ကြရသည်။ ရေပေါ်တွင် နှစ်ထပ်အိမ်ဆိုပါက ကုန်းပေါ်တွင် ပြန်ဆောက်လျှင် လေးထပ်အိမ်ဆောက်၍ ရသည်။ ရေပေါ်တွင် တစ်ထပ်ခြေတံရှည်ဆိုလျှင် ကုန်းပေါ်တွင် သုံးထပ်အိမ်ဆောက်၍ ရသည်။အင်းလေးတွင် ၀ါဆိုလမှစ၍ တန်ဆောင်မုန်းလအထိ ရေကြီးတတ်ပါသည်။ ရေကြီးချိန်တွင် ရေမနစ်မြုပ်အောင် ရေအတက်အကျကိုချိန်ထား၍ အိမ်ဆောက်ကြရသည်။ ထို့ကြောင့် အင်းလေးရေပေါ်အိမ် ဆောက်၍နေကြသူများသည် ကုန်းပေါ်နေသူများထက် ကုန်ကျစရိတ်ပိုများပါသည်။

အင်းလေးကန်ရှိအိမ်များတွင် အိမ်တိုင်းနီးပါး အိမ်နံဘေး၌ တောင်ပို့ခေါ် ကုန်းမြေများရှိ ပါသည်။ မိသားစုများသူများက အိမ်ဘေးကုန်းပေါ်တွင်တစ်အိမ်၊ ရေပေါ်တွင်တစ်အိမ် တစ်အိမ်စီဆောက်၍ နေတတ်ကြသည်။ အိမ်ဆောက်တော့မည်ဆိုလျှင် ၀ါးအိမ်ဆိုပါက လက်သမားဆရာကြီး တစ်ယောက်သာ လိုပါသည်။ကျန်တာကို ရပ်ရွာမှ ၀ိုင်းဝန်းကူညီလုပ်ကိုင်ပေးကြသည်။ အိမ်ဆောက်မည့်နေရာတွင် ရာကျော်လှေကြီးနှစ်စင်းကို နေရာမရွေ့အောင် ၀ါးလုံးကို ရေတွင်စိုက်၍ လှေကိုထိန်းထားရသည်။ အိမ်အကျယ်အ၀န်းပေါ်မူတည်၍ လှေပေါ်တွင် ပန္နက်ချကြရသည်။ တိုင်စိုက်မည့်နေရာကို အမှတ်အသားပြုလုပ်၍ လူအင်အားဖြင့်တိုင်ကို စိုက်ရသည်။ ၀ါးအိမ်ကို နေ့ချင်းပြီးဆောက်ကြသည်က များသည်။ အိမ်ဆောက်မည့်အချိန် အခါပေးစောလျှင် စောသလို ဆောက်လုပ်ချိန်စောပြီးကြသည်။ အိမ်အခါပေးသည့်အခါ ညနေခင်းအိမ်တက်မည့်အချိန်ပါ တစ်ခါတည်း အခါပေးကြရသည်။ အိမ်ဆောက်သည့် နေ့တွင် ကျွေးမွေးစရိတ်အကုန်အကျခံနိုင်သူများသည် ရွာလုံးကျွတ် ၀ိုင်းဝန်းကူညီကြ သောသူများကို ဧည့်ခံကျွေးမွေးကြရသည်။ ကျွေးမွေးဧည့်ခံစရိတ် မတတ်နိုင်ပါက အိမ်ဆောက်ပေးသူများက ကိုယ့်စားရိတ်ကိုယ်စား၍ ၀ိုင်းဝန်းကူညီလုပ်ကိုင်ပေးကြသည်။

အင်းလေးဒေသဓလေ့ထုံးစံများသည် အလွန်ချစ်စရာကောင်းပါသည်။ အိမ်တစ်အိမ်ဆောက် မည်ဆိုလျှင် ..ဥပမာ-အိမ်ထောင်ကျခါစ ဇနီးမောင်နှံက မိသားစုများနှင့် အိမ်ခွဲဆောက်ချင် သည် ဆိုကြပါစို့။ ထိုဇနီးမောင်နှံတွင် နှစ်ဘက်မိဘများက အိမ်ဆောက်မပေးနိုင်လောက် အောင်ဆင်းရဲပါက နီးစပ်ရာဆွေမျိုး ၊ မိတ်သင်္ဂဟ ၀ါးခြံပိုင်သူများထံတွင် တစ်ခြံကို နည်းနည်းစီဝါးလုံးများလိုက်တောင်း၍ အိမ်တစ်လုံးဖြစ်အောင် ဆောက်၍ရပါသည်။ အိမ်ဆောက်သည့်နေ့တွင် ရွာမှ ၀ိုင်းဝန်းကူညီ၍ ဆောက်ပေးကြသည်။ ရွာတွင် အိမ်ဆောက် ၊ သာရေး ၊နာရေးရှိပါက ကိုယ့်အိမ်လုပ်ငန်းများကိုရပ်ပြီး ၀ိုင်းဝန်းကူညီလုပ်ကိုင်ပေးကြသည် မှာ ရွာ၏ထုံးတမ်းစဉ်လာပင် ဖြစ်ပါသည်။

ဒီနေ့ဟာ ကျွန်တော့်ဘ၀ထဲက ကျွန်တော်အချစ်ဆုံးလူတွေထဲက တစ်ယောက်ရဲ့မွေးနေ့ပါ.. တိုက်တိုက်ဆိုင်ဆိုင် သူ့မွေးနေ့မှ မန္တလေးမှာ မိုးတွေရွာနေပါတယ်.. သူ့အတွက် ဒီတစ်နှစ်တာဟာ အေးချမ်းမယ့်နိမိတ်လို့ပဲ ယူဆလိုက်ပါတယ်.. ၂၀၀၈ ခုနှစ် သူ့မွေးနေ့တုန်းက သူ့အိမ်မှာ ရှမ်းခေါက်ဆွဲလုပ်ကျွေးတယ်.. သူချက်တယ်များ မထင်လိုက်ပါနဲ့.. သူ့အမေချက်ကျွေးတာပါ.. မိန်းကလေးဖြစ်ပေမယ့် ထမင်းချက်ကလွဲရင် အချက်အပြုတ် အင်မတန်ညံ့သော ကောင်မလေးပေါ့.. ဒါပေမယ့် ဈေးဝယ်တာတော့ သိပ်တော်တယ်.. ကျွန်တော်တို့ထက် အများကြီးဈေးဝယ်တတ်တယ်.. သူများချစ်အောင်လည်း သိပ်နေတတ်တယ်.. ခင်ခဲ့ရတာ တစ်နှစ်သာသာအတွင်းမှာ ကျွန်တော့်ရဲ့အချစ်ဆုံးလူတွေစာရင်းထဲ ရောက်လာခဲ့တာ သူ့စိတ်လေး ဘယ်လောက်ချစ်စရာကောင်းမလဲဆိုတာ မှန်းသာကြည့်တော့.. သူက ကျွန်တော့်ဘ၀ထဲက ဒုတိယမြောက် အချစ်ဆုံးမိန်းကလေးသူငယ်ချင်းပါ.. တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်အချစ်ဆုံးလူတွေအားလုံးရဲ့နာမည်မှာ “ဇင်” ပါပါတယ်.. သူက “ဇင်”] အထွေးဆုံးပေါ့.. သူက သူများကို ကူညီချင်စိတ်လည်းရှိတယ်..ကူညီရမယ်ဆို မငြီးမငြူ အစအဆုံး ကူညီပေးတတ်တယ်.. အလုပ်လည်းသိပ်လုပ်နိုင်တဲ့သူ.. လုပ်ရလွန်းတယ်လို့လည်း မညည်းတတ်တဲ့သူပါ.. ရည်မှန်းချက်ကြီးသလို ရည်မှန်းတဲ့အတိုင်းလည်း အောင်မြင်အောင်လုပ်နိုင်တဲ့သူမို့ ကျွန်တော့်ထက်ငယ်ပေမယ့် သူ့ကိုချစ်ခင်ရုံမက လေးလည်းလေးစားပါတယ်.. (အလုပ်အကိုင်၊ ရည်မှန်းချက်နဲ့ပတ်သက်ရင် ပြောတာပါလေ :P )

မနှစ်က သူ့မွေးနေ့မှာ သူနဲ့အရင်းနှီးဆုံးလူတွေလောက်ပဲ အိမ်မှာမုန့်ခေါ်ကျွေး.. ကျန်တဲ့ရုံးကလူတွေကိုကျ Coffeemix တစ်ယောက်တစ်ထုပ်စီဝေပေး.. မွေးနေ့လို့မပြောဘဲ ဘာအထိမ်းအမှတ်မှန်းမသိ.. သူများတွေကို ပဟေဠိလုပ်ရတာ သဘောကျနေခဲ့တဲ့သူပေါ့.. အခုတော့ ကျွန်တော်တို့နဲ့ဝေးရာမှာ.. မွေးနေ့ပွဲကို သူငယ်ချင်းဗလာနဲ့ ပျော်ရှာပါ့မလားလို့တွေးမိတယ်.. ဒါပေမယ့် အဲဒီမှာ ကျွန်တော်မသိတဲ့ သူ့သူငယ်ချင်းတွေနဲ့ ပျော်ချင်လည်း ပျော်နေမယ်လို့ တွေးမိတော့ စိတ်သက်သာပါတယ်.. ကျွန်တော်ကတော့ စိတ်တစ်မျိုး.. ကိုယ်တကယ်ချစ်ခင်တဲ့သူတွေ ကိုယ့်အနားမှာမရှိလည်းပဲ သူတို့ အဆင်ပြေတယ် ပျော်နေတယ်ဆိုတာကြားရရင်ကို စိတ်ချမ်းမြေ့ပါတယ်.. ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ.. အခုအချိန်မှာ အလိုအပ်ဆုံးအရာတွေကို အဆင်ပြေပြေနဲ့ ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.. Happy Birthday, May Zin ..

ဆယ်တန်းနေတုန်းက အဆောင်မှာခင်ခဲ့တဲ့သူငယ်ချင်းတွေထဲမှာ ခုချိန်ထိကျွန်တော်နဲ့ အဆက်အသွယ်မပြတ်ဘဲ ဆက်ခင်နေတာ တစ်ယောက်ပဲရှိပါတော့တယ်.. အဲဒီသူငယ်ချင်းနဲ့ ကျွန်တော်က အဆောင်ကိုရောက်လာပြီးသိပ်မကြာဘူး အခင်မင်ဆုံးလိုဖြစ်သွားတယ်.. ဘာလို့လဲဆိုတော့ သူ့အရည်အချင်းတွေကို ကျွန်တော်သိပ်သဘောကျခဲ့သလို သူကလည်း ကျွန်တော့်ကို သိပ်သဘောကျခဲ့တာမို့ပါ.. သူ့ဘက်ကကြည့်ရင်ကျွန်တော်က ထူးဆန်းပြီး တွေ့နေကျမိန်းကလေးမျိုး မဟုတ်သလို သူ့ကိုလည်း ကျွန်တော်ကအဲလိုထင်ထားခဲ့တယ်.. သူကစာလည်းတော် ၊ ပေါင်းသင်းဆက်ဆံရေးလည်းကောင်းပါတယ်.. သူစိမ်းကို မကြောက်တတ်ဘဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအမြဲရှိတဲ့ မိန်းကလေးပါ.. ပြီးတော့ သူ့မိသားစုရဲ့ နေပုံထိုင်ပုံအရ.. ပွင့်လင်းတဲ့မိန်းကလေးပေါ့.. သူမကြိုက်ရင် မကြိုက်တာကို ပြောရဲတယ်..စိတ်ဆိုးတဲ့ပုံစံနဲ့မဟုတ်ဘူး .. သာမန်ပြောနေကျပုံစံနဲ့ပဲ..အဲဒီအချက်လေးကို ကျွန်တော် တော်တော်သဘောကျပါတယ်.. ဒါပေမယ့် အဲလိုမျိုးသူ့ကို အထင်ကြီးထားတာတွေများတော့ နောင်ကျ သူ့ချို့ယွင်းချက်တွေ့လာတဲ့အခါ ပြဿနာရှိလာပါတော့တယ်... ကျွန်တော်နဲ့သူ ခင်ပုံခင်နည်းက ..စားအတူ သွားအတူ စာကျက်အတူ စာသင်သွားတာတောင် အတူတူ.. စာသင်ခန်းထဲမှာလည်း အတူတူထိုင်ပါတယ်.. အချိန်တော်တော်များများမှာ နှစ်ယောက်အတူတူ ရှိနေတတ်တယ်.. ဆရာ၊ ဆရာမတွေရော တခြားအတန်းဖော်တွေကပါ ကျွန်တော့်ကိုမြင်ရင် သူ့ကိုလည်းမြင်ပြီးသားပဲ.. သူ့ကိုမြင်ရင် ကျွန်တော့်ကိုမြင်ပြီးသားပဲ.. အမြဲတမ်း နှစ်ယောက်အတူမြင်နေကျလိုကို ခင်ခဲ့ကြတာပါ.. အဲလိုခင်တာ ၄ လလောက်ကြာတော့ကျွန်တော့်ကို သူ ရှောင်လာပါတော့တယ်.. ဘေးက ဆရာ၊ဆရာမတွေရော သူငယ်ချင်းတွေကပါ.. နင်နဲ့ သူဘာဖြစ်ကြသလဲလို့ မေးကြတဲ့အထိ ရုပ်ပျက်ဆင်းပျက်နိုင်တာပါ.. သူ့ကို တခြားလူတွေကမေး-မမေးတော့ မသိဘူး.. ကျွန်တော့်ကိုလာမေးရင် ကိုယ်တိုင်ကလည်း ဘာကြောင့်သူအဲလိုနေနေမှန်း မသိတာအမှန်ပဲမို့ ဘာပြဿနာမှမဖြစ်ဘူးလို့ပဲဖြေရတာ တော်တော်စိတ်ဆင်းရဲပါတယ်..

အဲဒီအနေအထားကို သည်းမခံနိုင်တော့တဲ့တစ်ရက် စာသင်ချိန်အပြီးမှာ.. သူ့ကို ပြောစရာရှိတယ် မပြန်နဲ့ဦးပြောပြီး အတန်းထဲမှာ နှစ်ယောက်တည်းကျန်တော့မှ နင်.. ဘာလို့ ငါ့ကိုမခေါ်တာလဲ.. မေးတော့ .. ဒီအတိုင်းပါပဲ.. ဒီလိုကြီးမနေချင်လို့ပါတဲ့..နင်ကရော မနေ့က ငါ ကစားဖို့ခေါ်တော့ ဘာလို့လာမကစားသလဲတဲ့ (အဲ့ဒီအရင်ရက်က ကျောင်းပိတ်ရက်မို့ အဆောင်နေသူငယ်ချင်းတွေ စုကစားတဲ့အချိန်မှာ သူက ကျွန်တော့်ကို လာခေါ်ပါတယ်.. ကစားချင်စိတ်မရှိတာနဲ့ သူခေါ်တာလိုက်မသွားတာကို မေးတာပါ..အဲဒီတုန်းက သူမဟုတ်ဘဲ တခြားသူလာခေါ်လည်း လိုက်သွားဖြစ်မှာမဟုတ်ပါဘူး) ..ဒါပေမယ့် သူမေးတဲ့အချိန်မှာ ကျွန်တော် သူ့ကို တော်တော်စိတ်နာနေတာပါ ( စိတ်ဆိုးတာမဟုတ်ဘူး..စိတ်ဆိုးတာက ပြေသွားနိုင်တယ် စိတ်နာတာမပြေဘူး) အဲဒါကြောင့် အိုးရွဲ့ စလောင်းရွဲ့နဲ့ဖုံးတယ်ဆိုသလို ..နင်တောင် ငါ့ကို ခုလိုဆက်ဆံသေးတာပဲ ငါလည်း အဲလိုလုပ်ခွင့်ရှိတယ်လို့.. သူ့ကိုပြန်ပြောပစ်လိုက်တာနဲ့ သူနဲ့ကျွန်တော် အဲဒီကတည်းက လတော်တော်ကြာတဲ့အထိ တစ်ယောက်နဲ့ တစ်ယောက်စကားမပြောကြတော့ပါဘူး.. နောက်မှ ဆရာတစ်ယောက်က ပြန်ခေါ်ခိုင်းလို့ ကျွန်တော့်ကို သူလာခေါ်ပါတယ်..အရင်ကလောက် ဟက်ဟက်ပက်ပက်မရှိတော့တာ အမှန်ပါပဲ..

ဆယ်တန်းပြီးလို့ လူချင်းကွဲသွား စာအဆက်အသွယ်တွေလုပ်ဖြစ်တော့မှ ကျွန်တော်က စာရေးပြီးစကားနာထိုးလို့ သူဖြစ်ခဲ့တဲ့ သူ့အကြောင်းကို စာနဲ့ရှင်းပြပါတယ်.. အဲဒီကျမှ သူ့သဘောကို နားလည်လာပါတော့တယ်.. အရင်က သူ့ဘ၀မှာ ကျွန်တော်နဲ့ ခင်သလိုမျိုး သွားအတူ စားအတူ သူငယ်ချင်းမျိုး မရှိခဲ့ဖူးဘူး.. ကိစ္စတော်တော်များများကို ကိုယ်နဲ့အတူတူ လိုက်ပြီးလုပ်နေမယ့်လူမျိုး သူ့ဘေးမှာ မရှိခဲ့ဖူးတော့ ကြာလာတဲ့အခါ သူ့ဘေးမှာ အတူရှိနေတဲ့အနေအထားကို စိတ်ကျဉ်းကျပ်လာပါတယ်တဲ့... အဲဒီပြဿနာကို သူဖြေရှင်းလိုက်တဲ့ပုံစံက အရမ်းကိုကလေးဆန်နေခဲ့တာကြောင့် ဒီလိုတွေ ဖြစ်သွားတာပါ.. ကျွန်တော့်ကိုလည်း နင်က သိပ်ကိုစိတ်ကူးယဉ်တာကိုးလို့ မှတ်ချက်ပေးခဲ့ပါတယ်..

သူနဲ့အဲလိုပြဿနာဖြစ်လိုက်တာ ကျွန်တော့်အတွက် သင်ခန်းစာတွေရလိုက်ပါတယ် ..လူတိုင်းဟာ ပြောစရာမရှိအောင် ပြည့်စုံတဲ့သူတွေမဟုတ်ဘူးဆိုတာရယ်.. တစ်ဖက်သားဆီက အများကြီးမျှော်လင့်ထားလို့မရဘူးဆိုတာရယ်.. သူငယ်ချင်းတစ်ယောက်တည်းကို ပုံပြီးခင်မထားဖို့ရယ်... ဘယ်သူ့အပေါ်ပဲဖြစ်ဖြစ် သံယောဇဉ်သိပ်မကြီးဖို့ရယ်..အဲဒါတွေကို နားလည်လိုက်လို့ပါ.. အဲဒီပြဿနာရဲ့နောက်ဆက်တွဲရလဒ်က တက္ကသိုလ်တက်တဲ့အချိန်မှာ လူတော်တော်များများနဲ့ စကားပြောရဲလာ အပေါင်းအသင်းများအောင် နေတတ်လာတာပါ..အဆိုးထဲကအကောင်းဆိုပါတော့..

ကျွန်တော် ဆယ်တန်းတက်တော့ အဆောင်နေရတယ်.. ကျွန်တော်တို့တုန်းက fresher ပေမယ့် ကျောင်းတက်စရာမလိုဘဲ အပြင်ဖြေလုပ်ခွင့်ရှိပါတယ်.. အဲလိုလုပ်ခွင့်ရှိတာ ကျွန်တော်တို့နှစ် နောက်ဆုံးပဲ.. အဆောင်ကိုရောက်သွားတော့ ပထမဆုံးတစ်ညက နှစ်ယောက်အိပ်အခန်းလေးထဲမှာ ကျွန်တော်တစ်ယောက်တည်း.. ကိုယ်က ၀ီရိယကောင်းပြီး တစ်ရက်ကြို ရောက်တာဆိုတော့ အဆောင်သူက ကျွန်တော်တစ်ယောက်တည်း .. နောက်ရက်မှ ကျောင်းသူတွေရောက်လာ ကြပါတယ်..အဲဒီထဲမှာ ကောင်မလေးတစ်ယောက်က သွက်သွက်လက်လက်နဲ့ ကျောင်းသူသစ်အချင်းချင်းကို သူကစပြီး တစ်ခန်းဝင်တစ်ခန်းထွက် လိုက်မိတ်ဆက်ပါတယ်.. အဲဒီကတည်းက သူနဲ့ခင်ဖြစ်သွားတာ ခုချိန်ထိပဲဆိုပါတော့.. ငယ်သူငယ်ချင်းမဟုတ်ပေမယ့် အထက်တန်းကနေ ခုထိတောက်လျှောက်ခင်တဲ့သူငယ်ချင်း တွေထဲမှာ တစ်ယောက်အပါအ၀င်ပေါ့..

အဆောင်ဆိုပေမယ့် ကျွန်တော်တို့နှစ်မှ စဖွင့်တဲ့အဆောင်ဆိုတော့ အဆောင်နေကျောင်းသူ ဆယ်ယောက်ကျော်ကျော်လေးပဲရှိတယ် အားလုံးက ရင်းရင်းနှီးနှီးပါပဲ.. ဒါပေမယ့် အဆောင်နေသူတို့ ထုံးစံအတိုင်း ပြဿနာလေးတွေကတော့ အနည်းအကျဉ်းရှိကြတာပါပဲ.. အဆောင်နေတော့ မမြင်ဖူးတာတွေလည်း မြင်ရ..မကြားဖူးတာတွေလည်း ကြားရ မကြုံဖူးတာတွေလည်းကြုံရပါတယ်.. အများစုထင်ကြတာက ဆယ်တန်းကို အဆောင်နေပြီးဖြေရတာ သိပ်ကို ဇိမ်ကျတယ်.. သက်သာတယ်လို့ထင်ကြပါတယ်.. ကျွန်တော်ကတော့ အဲလို မမြင်ပါဘူး.. ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ ပြောတယ်.. အဆောင်နေရတာကလည်းဟယ်.. ကိုယ့်ပိုက်ဆံနဲ့ကိုယ်လာနေပြီး အမျိုးအိမ်မှာ ပိုက်ဆံမရှိလို့ မျက်နှာငယ်ငယ်နဲ့ကျောင်းလာတက်ရတဲ့ လူတွေလိုဖြစ်နေတယ်တဲ့..

ပြီးတော့ အဆောင်ကျောင်းသူတိုင်း ဖြစ်တတ်ကြတာက အိမ်လွမ်းနာကျတာပါပဲ.. ကျွန်တော်ကတော့ သိပ်မလွမ်းတတ်ခဲ့ဘူး.. ခေါင်းထဲမှာ.. ဒီတစ်နှစ် ဆယ်တန်းကို လွတ်လွတ်ကျွတ်ကျွတ် အောင်အောင်လုပ်နိုင်ရင် နောက်နှစ်ဆို အိမ်နဲ့ခွဲမနေရတော့ဘူးလို့ပဲ တွေးထားတော့ တခြားကျောင်းသူတွေလို မငိုဖြစ်ခဲ့ဘူး .. သူများနဲ့ ပြဿနာဖြစ်ရင်တော့ ငိုမိပါတယ်.. အဆောင်သူငယ်ချင်းတွေအကြောင်းကို.. ဆက်ရေးပါဦးမယ်..

ခုနစ်တန်းကနေ ကိုးတန်းအထိ ကျွန်တော်နေခဲ့တဲ့ကျောင်း အကြောင်းကို ဆက်ရေးပါဦးမယ် .. အဲဒီကျောင်းရှိတဲ့မြို့က ရှေးဟောင်းဘုရားတွေများသလို ဘုရားပွဲတွေကလည်း သီတင်းကျွတ်ပြီဆိုတာနဲ့ ရပ်ကွက်တွေမှာ သူ့အလှည့်နဲ့သူ လုပ်ပါတယ် အဲဒီမှာနေခဲ့တဲ့ လေးနှစ်မှာ တစ်နှစ်ပဲ ဘုရားဈေးကို ရောက်ဖူးပါတယ် .. ပွဲတွေဆို သိပ်မပျော်တတ်တာရယ် သွားရတာ အလှမ်းဝေးတာရယ် .. ကျောင်းလစ်ပြီး မသွားတတ်တာရယ်ကြောင့်ပါ မြို့ခံသူငယ်ချင်းတွေထဲမှာ ကျွန်တော်တို့အဖွဲ့ကို အတော်ခင်တဲ့ သူငယ်ချင်းရှိပါတယ်.. သူ့ပုံစံက မသိရင် ယောက်ျားလေးပါ ..မျက်နှာကအစ ၀တ်တာစားတာအဆုံး ယောက်ျားလေးပါပဲ .. အပေါင်းအသင်းကလည်း ယောက်ျားလေးတွေ များတယ် မိန်းကလေးတွေက ပါးစိပါးစပ်များ သူများအတင်းတွေပြောတတ်ကြလွန်းလို့တဲ့.. ကျွန်တော်တို့အဖွဲ့ကျတော့ ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးနေတတ်လို့ ခင်တာပါတဲ့ .. သူက ယောက်ျားလေးလိုနေတတ်ပေမယ့် ယောက်ျားလျာတော့ မဟုတ်ပါဘူး ကျွန်တော်တို့ အကူအညီလိုရင် သူပဲ ဒိုင်ခံကူညီပါတယ် ရည်းစားစကားလိုက်ပြောခံရရင် ဘယ်လိုနေရင် ရှောင်သွားလိမ့်မယ်ဆိုတာကအစ သူက သင်ပေးရတယ် .. ဘုရားပွဲရှိလို့ သူ့အိမ်မှာမုန့်လုပ်ရင်လည်း ကရိကထခံပြီးတော့ကို ကျောင်းထိယူလာကျွေးပါတယ်.. ကောက်ညင်းနဲ့ လုပ်တဲ့ စိန်ဖေကြီးမုန့်တို့ ဆနွင်းမကင်းတို့ အိမ်လုပ်မုန့်တွေပါ.. သူငယ်ချင်းတွေနဲ့ အလုအယက်ဝိုင်းစားခဲ့ကြလို့လားမသိ.. အတော်ကို စားလို့ကောင်းပါတယ်..

အဲဒီသူငယ်ချင်းလေးက ဘုရားပွဲဆိုရင် သူ့အိမ်ကိုလိုက်လည်ဖို့ အမြဲတမ်းခေါ်တယ် ဒါပေမယ့် .. ကျွန်တော်တို့လည်း လိုက်လည်မယ်ဆိုပြီး အဲဒီကနေ ပြောင်းခဲ့တဲ့အချိန်ထိ သူ့အိမ်ကို မရောက်ဖြစ်ခဲ့ပါဘူး.. အခုထိ အဲဒီမြို့မှာ သူရှိမှ ရှိသေးရဲ့လား.. နောက် ထူးထူးဆန်းဆန်းသူငယ်ချင်းတွေလည်း တွေ့ခဲ့ရပါသေးတယ်.. ကိုးတန်းမှာပါ.. သူငယ်ချင်းဆိုပေမယ့် အတန်းဖော်ဆိုရင် ပိုမှန်ပါလိမ့်မယ်.. သူတို့တွေက မိန်းကလေးတွေဖြစ်ပြီးတော့ ကျွန်တော်တို့သူငယ်ချင်းသုံးယောက်အဖွဲ့ကို ခင်လို့ဆိုပြီး စာအုပ်လက်ဆောင်လာပေး ပြက္ခဒိန်လက်ဆောင်တွေပေး .. စာအုပ်မှာလည်း လက်ကလေးလွှဲတာလေးကို ကြည့်ပြီး တကယ်စွဲ.. ခြေလှမ်းလေးလှမ်းတာလေးကို ကြည့်ပြီး ကိုယ်စွဲ .. ဘာညာဘာညာတွေ ရေးပေးတတ်ပါသေးတယ် .. မိန်းကလေးအချင်းချင်းဆိုတော့ ရင်မခုန်ပဲ ကျောချမ်းမိတယ် .. သူတို့ပုံစံကတော့ မိန်းကလေးစစ်စစ်တွေပါပဲ .. ဒါပေမယ့် အဲလိုလက်ဆောင်ပေးတာမျိုးတွေကလွဲပြီး ဘာမှတော့ မလုပ်ပါဘူး ..း)

နောက်ထပ်တစ်ခါ ပြောင်းနေရတဲ့ ကျောင်းက ရှေးဟောင်းမြို့တော် တစ်ခုနဲ့နီးတယ် .. ရှေးဟောင်းဘုရားတွေလည်း သိပ်များတယ် ကဗျာဆရာ၊ ရုပ်ရှင်မင်းသား တစ်ချို့ရဲ့ ဇာတိမြို့လို့လည်း ပြောနိုင်တယ်..

မြို့လေးကတော့ ခပ်သေးသေးပဲ .. တောင်နဲ့မြောက်ရှည်ပြီး ဟိုဟိုဒီဒီလျှောက်လိုက်တာနဲ့ မြို့အဆုံးကို ရောက်သွားရော .. အဲဒီမြို့နယ်မှာက ကျွန်တော်တို့တက်တဲ့ အထက်တန်းကျောင်းတစ်ကျောင်းပဲ ရှိတယ်.. မြို့နဲ့ခပ်လှမ်းလှမ်းရွာမှာတော့ အလယ်တန်း ကျောင်းရှိတယ်.. အဲဒီကျောင်းက ကျောင်းသားတွေ စာစီစာကုံးရေးတာ သိပ်တော်တယ်ဆိုပဲ.. ကျွန်တော်တက်ခဲ့ရတဲ့ကျောင်းတွေထဲမှာ ဒီမြို့လေးက အထက်တန်းကျောင်းဟာ အကြာဆုံးနေခဲ့ရတဲ့ကျောင်း ၊အဝေးဆုံးသွားရတဲ့ကျောင်းပါ.. (၁၀)မိုင်နီးပါး ဝေးတယ်ထင်ပါရဲ့ ကားနဲ့ သွားရတယ် ..

အဲဒီကို ရောက်ခါစက ကျွန်တော့်အဖေရဲ့ အလုပ်ကနေ ကျောင်းကား မစီစဉ်ပေးပါဘူး.. ကျောင်းသား ရှိတဲ့ဝန်ထမ်းတွေက မြို့ပေါ်နေကြတော့ ကျောင်းသားက အပြေးအလွှားရေမှ ကျွန်တော်တို့ မောင်နှမ နှစ်ယောက်တည်းပါ.. ဌါနကကျောင်းကားမပေးတော့ အဲဒီနားက ရွာတစ်ရွာကနေ မ.ထ.သ စီစဉ်ပေးတဲ့ ကျောင်းကားရှိပါတယ်.. ကျောင်းသားတစ်ယောက်ကို တစ်ကျပ်နဲ့ စီးခွင့်ပြုတယ် .. ပိုက်ဆံပေးစီးရတာဆိုတော့ အရင်တစ်နေရာမှာတုန်းက အကျဉ်းဦးစီးကျောင်းကားကို စီးရသလိုမျိုး မျက်နှာငယ်ပါဘူး ..

ဒါပေမယ့် နယ်သူစိမ်းကကျောင်းသားဆိုတော့ သူများ ဂရုပြုတာခံရပါတယ်.. ကိုယ့်အနေအထိုင်လည်း သိပ်ဂရုစိုက်ရတာပဲ .. မြို့ခံမိန်းကလေးတစ်ယောက် အနေအထိုင်မတတ်ရင် ဘာမှမပြောဘူး.. ကျွန်တော်တို့ဘက်က ကျောင်းသူတွေအနေအထိုင် မတတ်ရင် အဲဒီမြို့ကလူတွေက သိပ်ပြောကြတာ ...

ကျောင်းတက်လို့ ၃၊၄ လနေတော့ ကျောင်းသားလည်း တဖြည်းဖြည်းများလာတာနဲ့ ဌာနက ကျောင်းကားစီစဉ်ပေးပါတယ်.. မနက် ၇း၀၀ ဆို အိမ်ကထွက် ညနေ ၄း၀၀ ကျော်မှ အိမ်ကိုပြန်ရောက် .. အဲဒီအကျင့်က တက္ကသိုလ်တက်ရတော့ အံကိုက်ဖြစ်သွားရော.. သူများတွေလို ထူးပြီးမညည်းမိတော့ဘူး ကိုယ်က အိမ်နဲ့ အဝေးကြီးက ကျောင်းတွေကို တက်ခဲ့ရတော့လေ.. အကျင့်ဖြစ်သွားတော့တာ ..

ကျောင်းကို အစောဆုံးရောက်တာလည်း ကျွန်တော်တို့အုပ်စုတွေပဲ ဖြစ်နေတတ်ပါတယ်.. သူများတွေက မိုးရွာရင်ကျောင်းမလာဘူး ကျွန်တော်တို့က ကျောင်းကားနဲ့ဆိုတော့ မိုးရွာလည်း ကျောင်းကို ရောက်ရောက်သွားတတ်လို့ ကျောင်းက ဆရာတွေက ပြန်ပြန်လွှတ်တတ်ပါတယ် .. ဘာဖြစ်လို့လာတာလဲ မိုးဒီလောက်ရွာနေတာကိုလို့လည်း ပြောတတ်ပါသေးတယ်..

အဲဒီကျောင်းကိုရောက်တော့ အရင်ကျောင်းမှာလောက် ကျွန်တော် မစွာတော့ပါဘူး .. ဘာလို့လဲဆိုတော့ အရင်ကျောင်းက ကျောင်းသားတွေက ၀န်ထမ်းသားသမီးတွေများတယ်.. အပြောအဆို ယဉ်ကျေးတယ်ပေါ့လေ.. ရန်ဖြစ်ဦးတော့ တစ်ယောက်နဲ့ တစ်ယောက် မခံချင်အောင်ဆွပြီး ပြောတာဆိုတာကလွဲလို့ မဆဲတတ် မဆိုတတ်ပါဘူး.. ဒီကျောင်းကကျတော့ ကျောင်းသားတွေက ရွာကနေ လာတက်တဲ့လူတွေ များပါတယ်.. ရွာသားတွေက ရိုင်းတယ်လို့တော့ မဆိုလိုပါဘူး ယဉ်ကျေးတဲ့လူကတော့ ယဉ်ကျေးတာပါပဲ.. ဒါပေမယ့် အတန်းထဲမှာ နှုတ်တစွာစွာရှိတဲ့လူတွေကတော့ အပြောအဆို တော်တော် ကြမ်းပါတယ်.. ကျွန်တော်ကလည်း သူများကို ရိုင်းရိုင်းစိုင်းမပြောတတ် မဆဲတတ်သလို ကိုယ့်ကိုဆဲရင်လည်း စိတ်ဆိုးပါတယ်.. အဲဒီတော့ ဆဲတတ်သူတွေနဲ့ စကားမပြောဖြစ်အောင်၊ ထိပ်တိုက်မတွေ့အောင် နေရာက ကိုယ်လည်း အရင်ကလောက် မစွာတော့ပါဘူး.. ဒါတောင်မှ .. မှတ်မှတ်ရရ ကိုယ့်ကိစ္စမဟုတ်ဘဲ သူများကိစ္စကို မနေနိုင်မထိုင်နိုင် ၀င်ပြောမိလို့ အတန်းထဲက ကိုယ့်ထက် အသက်ကြီးတဲ့ မြို့ခံအတန်းဖော်နှစ်ယောက်နဲ့ စကားများရပါသေးတယ် .. ကျွန်တော်လည်း လူက ဒီကျောင်းကို မရောက်သေးဘူး.. နာမည်အရင်ရောက်နှင့်သူပါ.. အရင်ကျောင်းက ကျောင်းနှုတ်ပြီး ကျောင်းဖွင့်ဖွင့်ချင်း ဒီကျောင်းမှာ ကျောင်းအပ်ထားသူဆိုတော့ နာမည်ကကြီးနေရော.. တကယ်လည်းပြောင်းလာတဲ့အခါမှာ အတန်းထဲကလူတွေ ကျွန်တော့်ကို သတိထားမိနေပုံရပါတယ် .. ပြီးတော့ နောက်မှရောက်လာပြီး စာတွေက ရနေသူ.. အတန်းထဲမှာ စာတော်သူစာရင်း ၊ ဆရာချစ်တဲ့စာရင်းထဲပါနေတဲ့သူမို့ အမြင်ကပ်နေကြသလား မပြောတတ်ပါဘူး ... ဒါပေမယ့် နောက်ပိုင်းကျတော့ ကျွန်တော်နဲ့ စကားများခဲ့တဲ့လူတွေကပဲ ကိုယ့်အကျိုးကို လိုလားတဲ့သူတွေ ကိုယ့်ကိုချစ်လာတဲ့သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ် ..


 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews