Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts

စစ်ကိုင်းဦးဖိုးသင်းရေးတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိနဲ့ကျော်ရင်မြင့်ရေးတဲ့ အရောင်သွေးစုံစုံ ဘ၀ဇာတ်ခုံ အဖုံဖုံ
စာအုပ်ဖတ်ဖြစ်ပါတယ်.. စစ်ကိုင်းဦးဖိုးသင်းရေးတဲ့စာတွေကို အရင်ကမဖတ်ဖူးပါဘူး.. လက်လှမ်းမမီခဲ့ဘူး ဆိုပါတော့.. သူ့စာအုပ်ကိုဖတ်ကြည့်မှ သူရေးတဲ့စာတွေအများကြီးရှိမှန်းသိရပါတယ်..သူ့ရဲ့စာရေးသားဟန်ကို
သဘောကျပါတယ်.. ပွင့်လင်းတယ်.. ဘုဂလန့်တော့နိုင်တယ်.. သူတို့ခေတ်ကပညာရေးကို သိရတယ်..
ဘုန်းကြီးကျောင်းမှာစာသင်ပြီး အဲဒီခေတ်က ခုနစ်တန်းကို ဘုန်းကြီးကျောင်းသား မောင်သင်းက စူးစမ်းစိတ်အင်မတန်ကြီးတာတွေ့ရပါတယ်.. ကိုယ်ငယ်ငယ်တုန်းကနဲ့များ ကွာပလို့ တွေးမိတယ်.. ကိုယ်သာသူ့နေရာမှာဆိုပညာတတ်-လူတစ်လုံးသူတစ်လုံး ဖြစ်လာဖို့ မလွယ်လှဘူး အောက်မေ့တယ်..
ဗိုလ်ချုပ်အောင်ဆန်းကလည်း ဦးဘိုးသင်းဆီကနေ နိုင်ငံရေးအကြံဥာဏ်တွေရခဲ့တယ်လို့ ခန့်မှန်းမိရတယ်..
ဦးခန္တီတန်ဆောင်းတွေဆောက်တာအပေါ်မှာ ဦးဘိုးသင်းရဲ့အမြင်က တစ်မျိုးပါ.. အင်္ဂလိပ်ခေတ်မှာ သူရေးတဲ့စာတွေဟာ နိုင်ငံရေးနဲ့ငြိတဲ့စာတွေဖြစ်လို့စာအုပ်အဖြစ်မထုတ်ဘဲ ကျောင်းသုံးဖတ်စာအုပ်အဖြစ် ပြဌာန်းဖို့ပဲ
သူလုပ်ခဲ့ပါသတဲ့... လွတ်လပ်ရေးရပြီးနောက်ပိုင်းခေတ်တွေမှာလည်း သူရေးတဲ့စာအုပ်တွေဟာ နိုင်ငံပြုပြင်ရေး စာအုပ်တွေပါပဲ.. ဒါပေမယ့် စာရေးတဲ့အလုပ်ကို သူ့အိမ်မှာ ဟင်းရွက်ကန်စွန်း စိုက်တဲ့အလုပ်လောက်
အားမရမိပါဘူးတဲ့.. စိုက်ထားတဲ့ဟင်းသီးဟင်းရွက်တွေဟာ စားချင်တဲ့သူရှိနေသေးတယ်.. စားတဲ့သူရှိနေတယ်..
ပြောရရင် စားသုံးသူက အကျိုးရတယ်ပေါ့... သူရေးတဲ့စာတွေကတော့ ဖတ်သင့်တဲ့သူတွေ(ဥပမာ-
စီးပွားရေးသမားတွေ) မဖတ်ဘဲ စာရေးချင်တဲ့သူတွေကသာ ဖတ်သလိုဖြစ်နေတဲ့အတွက် စားသုံးသူဆီ တကယ်မရောက်ဘူး.. စာဖတ်သူက သူ့စာအုပ်ကနေ အကျိုးမရတဲ့အတွက် စာရေးတဲ့အလုပ်ကို ဟင်းသီးဟင်းရွက်စိုက်တဲ့အလုပ်လောက် အားမရပါဘူးလို့ ပြောထားပါတယ်... စာရေးဖို့တောင် အားလျော့သွားသလိုပဲ.. :)

ကျော်ရင်မြင့်ရဲ့စာအုပ်ကတော့ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ နိုင်ငံရေးနဲ့ အနုပညာနယ်ပယ်မှာ ထင်ရှား-မထင်ရှား ကြိုးစားရုန်းကန်နေတဲ့ သူတွေရဲ့အကြောင်းကို ရေးထားတာပါ.. မစိုးရိမ်တိုက်အုပ်ဆရာတော်၊ ရဲတိုက်၊
လေထီးဒေါ်မြရင်၊ မုံရွာက သစ်ပင်စိုက်နေတဲ့သူအကြောင်း.... စသဖြင့် လူအများကြီးရဲ့ အကြောင်းကို ဆောင်းပါးတိုလေးတွေ ရေးထားတာပါ.. မဆိုးပါဘူးလို့ပြောရပါမယ်.. ဘ၀မှာရုန်းကန်နေရတာ
ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး ဆိုတဲ့အတွေးနဲ့ အားသစ်တွေဖြစ်နိုင်ပါတယ်..

ဒီတစ်ပတ်ဖတ်မိတဲ့ထဲက သဘောကျမိတာလေး မျှဝေတာပါ..
ခင်မောင်ညို(ဘောဂဗေဒ)ရေးတဲ့ ပတ်ဝန်းကျင်က စီးပွားရေး..
ဆိုတဲ့စာအုပ်ထဲကပါ..
**********************************************
ဝေဖန်သူတွေက အိမ်ထောင်ရေးဈေးကွက်ကို
ဘောဂဗေဒအမြင်ဖြင့်ကြည့်ရာတွင် အရေးကြီးသည့် အချက်တွေ ကျန်နေသည်ဟု
တွက်ကြသည်။ အောင်မြင်သော မိသားစုများတွင် အရေးပါသည့် တာဝန်ယူမှုကျန်နေပြီး
ရုပ်ပိုင်းဆိုင်ရာစဉ်းစားမှုများနှင့် မသက်ဆိုင်ဟု ဆိုကြသည်။
တာဝန်ယူမှု၏ နှစ်ဦးနှစ်ဘက်ဆက်ဆံရေးတွင် အရေးကြီးခြင်းသည်
အိမ်ပိုင်ရှင်နှင့် ဆက်ဆံရပုံမျိုး ဖြစ်သည်။
မြို့အသစ်တစ်မြို့သို့ပြောင်းရပြီး အိမ်ခန်းတစ်ခန်းလိုအပ်သည် ဆိုပါစို့။
မန်ချက်စတာလိုမြို့ကြီးတွေရောက်နေလျှင် ထောင်ချီပြီးရှိနေသော
အိမ်ခန်းတွေကို လိုက်မကြည့်နိုင်။ စာရင်းကိုကြည့်ပြီး အချို့ကိုသာ
သွားကြည့်သည်။ ဈေးနှုန်း၊ အသုံးအဆောင်၊ နေရာနှင့် အခြားမိမိ
စိတ်ဝင်စားသည့် ကိစ္စတွေ လိုက်ကြည့်မည်။ ရှာရင်းရှာရင်း အလွန်သဘောကျသည့်
အခန်းတစ်ခန်း ကို တွေ့မည်။ တစ်နေရာရာတွင် ထိုတိုက်ခန်းထက်ပိုကောင်းမည့်
တိုက်ခန်းတစ်ခန်းရှိနေသည်ကို သိသော်လည်း ရှာဖွေရန်အချိန်မရ။
လက်ရှိတိုက်ခန်းကို ရွေးလိုက်မည်။
ဆုံးဖြတ်ချက်ချပြီးလျှင် တိုက်ခန်းပိုင်ရှင်နှင့် သဘောတူညီချက်တစ်ခု
ပြုလုပ်ရမည်။ တစ်လလောက်လာနေပြီး နောက်တစ်လတွင် ရွှေ့ရမည့်အဖြစ်မျိုး
မဖြစ်လို။ ခန်းဆီးတွေဝယ်ရမည်။ ပန်းချီကားတွေချိတ်ရမည်။
တယ်လီဖုန်းတပ်ရမည်။ စောစောစီးစီးအိမ်ပြောင်းခိုင်းလျှင်
ရင်းနှီးမြှုပ်နှံ ထားသမျှ အလဟဿဖြစ်မည်။ နေရာအသစ်တစ်ခုကိုလည်း
ပြန်ရှာရဦးမည်။
အိမ်ပိုင်ရှင်ကလည်း အခုငှါး၊ အခုပြန်ထွက်သွားကာ
နောက်ထပ်အိမ်ငှါးတစ်ယောက် ထပ်ရှာရသည့် ဒုက္ခကိုမခံလို။ ကြော်ငြာထည့်ရ၊
အိမ်လာကြည့်သူတွေကို လိုက်ပြရ၊ ယခုအိမ်ငှါး လောက်ပင် တည်ငြိမ်မှုရှိပုံမရ။
ယုံကြည်စရာမကောင်းသည့်သူတွေကို ဆက်ဆံရဦးမည်။
ကိုယ်က ပိုကောင်းသည့်အိမ်တွေရှိနေကြောင်းသိသလို အိမ်ရှင်ကလည်း
ပိုကောင်းသည့် အိမ်ငှားတွေရှိကြောင်းသိသော်လည်း ထိုအခွင့်အလမ်းတွေကို
နှစ်ဘက်စလုံးက စွန့်လွှတ်ကာ သဘောတူညီမှု တာဝန်ယူမှုတစ်ခုပြုလုပ်ရန်
စိတ်ပါဝင်စားနေကြသည်။ ထို့ကြောင့် အခြားပို၍ ဆွဲဆောင်မှုရှိသော
နည်းလမ်းတွေနောက် မလိုက်ပါစေနိုင်သည့် အငှားစာချုပ်တစ်ခု လက်မှတ်ရေး
ထိုးကြမည်။ စာချုပ်သက်တမ်းမစေ့မီ ထွက်သွားလျှင် ကျန်လတွေအတွက်ပါ ပေးရမည်။
အိမ်ရှင်ကလည်း ကိုယ့်ကို နှင်ချ၍မရ။
အငှားစာချုပ်ကို တာဝန်ယူကတိပြု လက်မှတ်ရေးထိုးခြင်းသည်
အိမ်ခန်းတစ်ခန်းအတွက် အိမ်ငှားက ပေးလိုသည့်နှုန်းကို မြင့်စေပြီး
အိမ်ရှင်လိုချင်သည့်နှုန်းကို လျော့စေသည်။ စာချုပ်ဖြင့် နှစ်ဦးနှစ်ဘက်
ကတိပြုမထားပါက တန်ဖိုးရှိသော ဖလှယ်မှု၊ရောင်းဝယ်မှုတွေ ဖြစ်ထွန်းတော့မည်
မဟုတ်။ အငှားစာချုပ်သည် အခြားတန်ဖိုးရှိသည့် ရွေးချယ်စရာတွေကို
တားဆီးလိုက်ခြင်းဖြစ်သည်။ ထိုသို့တားဆီးရန်လည်း
လက်မှတ်ထိုးသူနှစ်ဦးစလုံးက လိုလားကြသည်။
အိမ်ထောင်ဖက်ရှာဖွေရာတွင်လည်း အလားတူ တာဝန်ယူမှု၊ ကတိပြုမှုတွေနှင့်
ကြုံရသည်။ အိမ်ထောင်ဖက်တစ်ယောက်လိုချင်သည်။ သို့သော် မည်သူနှင့်
အိမ်ထောင်ပြုရပြုရ ဆိုသော သဘောတော့မဟုတ်။ ချိန်းဆိုကာ
တွဲသွားတွဲလာလုပ်ပြီးနောက် သူ့အကြောင်း ကိုယ့်အကြောင်း အတော်အတန်သိသည်။
သူ့အနေအထား၊ သူ့ကိုယ်ကျင့်၊ သူ့ဓလေ့၊ သူ့ဝါသနာ၊ လုပ်ငန်းနှင့်
လူမှုရေးကျွမ်းကျင်မှု စသည်တို့ကို သိရသည်။ ကိုယ်တွေ့ကြုံရသည့်သူတွေ
အများအပြားထဲက တစ်ယောက်ကို အလေးပိုသည်။ တစ်ဖက်ကလည်း ကိုယ်လိုခံစားမိသည်။
ကံလည်းကြုံသည်။ နှစ်ယောက်စလုံး ရှေ့တစ်လှမ်းတက်လိုသည်။
ဆက်ဆံရေးတစ်ခုအတွက် စတင် ရင်းနှီးမြှုပ်နှံလိုကြသည်။ လက်ထပ်လို၊
အိမ်ဝယ်လို၊ ကလေးရလိုသည်။ ရေရှည်ဆက်ဆံရေးမျိုးကို မလိုလားလျှင်
ထိုအဆင့်တွေသည် အဓိပ္ပာယ်မရှိ။
တစ်စုံတစ်ရာမှားယွင်းချွတ်ချော်သွားခဲ့လျှင် ဘာဖြစ်မည်နည်း။
မိမိအိမ်ထောင်ဖက်သည် မည်သို့ဖြစ်ရမည်ဟု တစ်ဖက်သား၏စိတ်ထဲတွင်
မြင်ထားသော်လည်း ကိုယ့်ထက် ထိုစံချိန်စံညွှန်းနှင့် နီးစပ်သူတစ်ယောက်ယောက်
ရှိနိုင်သည်။ ထိုပုဂ္ဂိုလ် ရုတ်တရက်ပေါ်လာလိုက်လျှင် သို့မဟုတ်
တစ်ယောက်ယောက် မကျန်းမမာဖြစ်လျှင် ဘာလုပ်ကြမည်နည်း။ အိမ်ရှင်နှင့်
အိမ်ငှားကဲ့သို့ပင် အနာဂတ်ရွေးချယ်စရာတွေကို နှစ်ဦးနှစ်ဘက်စလုံးက
ပိတ်ဆို့ကာဆီးကာ လက်ရှိအခြေအနေကို တာဝန်ယူကြ ကတိပြုကြရန်
စိတ်ဝင်စားကြသည်။
လက်ထပ်စာချုပ်သည် လိုအပ်သည့်တာဝန်ယူမှုကို ရရှိရန်ကြိုးစားသည့်
နည်းတစ်နည်း ဖြစ်သည်။ သေသေချာချာစဉ်းစားကြည့်လျှင် ဥပဒေအရချုပ်ဆိုသော
စာချုပ်တစ်ခုသည် နှစ်ဘက်စလုံးက လိုချင်သည့် တာဝန်ယူမှု၊ ကတိပြုမှုမျိုးကို
ဖန်တီးရေးအတွက် သင့်လျော်ခြင်းမရှိ။ အလွန်တင်းကျပ်သော သတ်မှတ်ချက်များသည်
ကိုယ်နှင့်မပေါင်းလိုတော့သောသူကို ဇွတ်ထိန်းထား နိုင်ရုံမျှသာ
တတ်နိုင်သည်။ နှစ်ဘက်စလုံး မူလကမျှော်လင့်ခဲ့သော
ရည်မှန်းချက်ပန်းတိုင်တွေကို မရနိုင်။
ဥပဒေကြောင်းအရ ချုပ်ဆိုသော စာချုပ်ကို မြတ်နိုးမှုဖြင့် အားဖြည့်မှသာ
ပိုမိုပီပြင်သော တာဝန်ယူမှုကို ဖြစ်စေနိုင်သည်။ ပို၍ကြင်နာတတ်၊ ကြွယ်ဝ၊
ချစ်စရာကောင်း၊ ရုပ်ချောသောသူ တွေ့ရ၍လည်း စိတ်ပြောင်းစရာမရှိ။
ကိုယ့်အိမ်ထောင်ဖက်ကို တွယ်တာသူတစ်ယောက်သည် အသစ်တွေမရှာလိုတော့။
ဘယ်လောက်အခြေအနေကောင်းကောင်း အခွင့်အလမ်းသစ်တွေ မမက်တော့။
အချစ်သည်စိတ်ချရသည်ဟု မဆိုလိုပါ။
နာမည်ကျော်မင်းသားမင်းသမီးတစ်ယောက်နှင့် မိမိ၏အိမ်ထောင်ဖက်
ညစာထွက်စားလျှင် နည်းနည်းမှစိတ်မပူသည့်သူ ရှိမည်မဟုတ်ပါ။ သို့သော်
စင်းလုံးချောမဖြစ်သည့်တိုင် အများအားဖြင့် သူတစ်ပါးနှင့်ဆက်ဆံရာ၌
သ၀န်တိုစရာ၊ စိတ်မချစရာ မရှိတတ်။
စိတ်ပိုင်းဆိုင်ရာခံစားတာဝန်ယူမှုသည် အခြားပိုကောင်းသော
အခွင့်အလမ်းများကို ပိတ်ပစ်နိုင်သော်လည်း အကျိုးကျေးဇူးတွေရှိနေသည်။
စရိတ်အကျိုးကျေးဇူးရှုထောင့်မှ အချစ်ကို တွက်ကြည့်လျှင်လည်း
တန်ဖိုးရှိသည်။ ပို၍ သင့်တော်သူတစ်ယောက် ဖြစ်စေနိုင်သော ရင်းနှီးမြှုပ်
ဖြစ်သည်။ သို့သော် နေရာတကာ စရိတ်တွေ၊ အကျိုးကျေးဇူးတွေချည်း
လိုက်တွက်မနေလျှင် အကောင်းဆုံးဖြစ်သည်။
နေရာတကာဈေးတွက်လိုက်တွက်နေလျှင် မိမိ၏အိမ်ထောင်ရေးကို အခြားသူတွေလောက်
စိတ်ကျေနပ်မှု ရမည်မဟုတ်ပေ။ စိတ်ပညာရှင်တွေက အိမ်ထောင်ရေး၏
အကောင်းအဆိုးကို စဉ်းစားခိုင်းလျှင် အကျိုးထက် အပြစ်ဖြစ်ရန်က
အလားအလာပိုများသည်။ ကိုယ်ရေးကိုယ်တာ ဆက်ဆံမှုကိစ္စမျိုးကို ဤကဲ့သို့
အမြဲတွေး၍မဖြစ်။
ခင်မောင်ညို (ဘောဂဗေဒ)
ပတ်ဝန်းကျင်ကစီးပွားရေး.. စာအုပ်မှ (နှာ - ၂၃၄)

ဆည်းဆာဆိုရင် နေ၀င်ချိန်ကိုပဲ ပြေးမြင်တတ်ကြပါတယ်.. မနေ့က မေလထုတ် သူရဇ္ဖမဂ္ဂဇင်းဖတ်မိတော့မှ ဆည်းဆာချိန်လေးမျိုးရှိတဲ့အကြောင်း သိရတယ်.. စာရေးသူအမည်က စရဏပါ.. ဆည်းဆာဆိုတာ “ကူးပြောင်းချိန်”လို့ အဓိပ္ပာယ်ရှိပါသတဲ့.. ဆည်းဆာအမျိုးအစားလေးမျိုးက အရုဏ်ဦးဆည်းဆာ (ညဥ့်အမှောင်ပျောက် နေ့အလင်းသို့ ကူးပြောင်းဝင်ရောက်ချိန်) ၊ မွန်းတည့်ဆည်းဆာ (မနက်ခင်းကနေ မွန်းလွဲချိန်ကို ကူးပြောင်းတဲ့အချိန်) ၊ နေ၀င်ဆည်းဆာ (နေ့အချိန်မှ ညဥ့်ဦးယံသို့ ကူးပြောင်းချိန်) ၊ သန်းခေါင်ယံဆည်းဆာ (ညဥ့်ဦးယံအချိန်မှ ညဥ့်လယ်ယံသို့ ကူးပြောင်းချိန်) ဆိုပြီး လေးမျိုးရှိတယ်လို့ မှတ်သားရပါတယ်.. မြန်မာစာက၀ိများအတွက်မဟုတ်ဘဲ ကျွန်တော့်လို ဆည်းဆာအမျိုးအစားတွေ ခွဲခြားမသိသေးသော လူများအတွက် ဝေမျှလိုက်ပါတယ်ဗျာ.. ခုပြောသွားတဲ့ဆည်းဆာအချိန်တွေကို အင်္ဂလိပ်လို စကားလုံးများရှိမယ်ထင်ပါတယ်.. ဝေမျှပေးနိုင်ရင် ကောင်းပါမယ်.. ကျွန်တော်သိတာတော့ dawn နဲ့ sunset ..

အင်းလေးရှိ ဈေးများ

အင်းလေးတွင်ရှိသော ဈေးအများစုမှာ ကုန်းပေါ်မှာရှိသည်။ ရေပေါ်ဈေးဆို၍ ဟဲယားရွာမဈေး တစ်ခုသာရှိသည်။ ရှမ်းပြည်ထုံးစံအတိုင်း ရွာတိုင်းရှိ ဈေးများမှာ မနက်ခင်းဈေး-ငါးရက်တစ်ဈေးသာ ဖြစ်သည်။ သို့သော် တစ်ရွာနှင့်တစ်ရွာ ဈေးနေ့မတူ ။ ထို့ကြောင့် ဈေးရောင်းသူများမှာ ဘယ်နေ့က ဘယ်ရွာ၏ဈေးနေ့ဆိုသည်ကို မှတ်သားပြီး ဈေးနေ့ရောက် သောရွာတွင် သွားရောက်ရောင်းချကြသည်။

ဈေးနေ့များတွင် ညောင်ရွှေမြို့ဈေးလည်း ပါသည်။ ကျွန်တော်ကြားဖူးသမျှ သန်းတောင်ဈေး ၊ ခေါင်တိုင်ဈေး ၊ နန်းပန်ဈေး ၊ အင်းတိုင်ဈေး ၊ မိုင်းသောက်ဈေး ၊ ညောင်ရွှေဈေး တို့ဖြစ်ပါသည်။ ညောင်ရွှေသည် မြို့ဖြစ်၍ နေ့တိုင်းဈေးရှိသော်လည်း ရှမ်းပြည်ထုံးစံအတိုင်း ဈေးနေ့မှသာ တောသည်တို့က လာရောက်ရောင်းချတတ်ကာ စည်ကားတတ်သည်။ အင်းလေးကိုရောက်၍ ရေပေါ်ဈေးကိုလေ့လာချင်လျှင် ဟဲယားရွာမဈေးရက်ကို စုံစမ်းထားရန်လိုပြီး ဈေးနေ့မနက်ခင်းတွင် သွားရောက်နိုင်ပါသည်။ ဟဲယားရွာမဈေးနေ့သည် တောင်ကြီးမြို့ဈေးနေ့နှင့် တူပါသည်။အင်းလေးရှိရွာများတွင် ကုန်းပေါ်ရှိရွာများကဲ့သို့ပင် ကုန်စုံဆိုင်အကြီးစားများရှိသည်။

အင်းသားတို့သည် စကားပြောလျှင်သာ အသံဝဲသည်။ သီချင်းဆိုလျှင်တော့ အသံမ၀ဲပေ။ ညဦးပိုင်းတွင် ရွာရှိ လူပျိုကာလသားတို့သည် လှေတစ်စင်းနှင့်လှည့်ကာ သူတို့စက်ကျရာအပျို့အိမ်နားတွင် လှေပေါ်မှာပင် ဆိုကြတီးကြသည်ကို ကြုံဖူးခဲ့ပါသည်။ သူတို့သီချင်းဆိုသံကမ၀ဲ။ ကာလသားတို့သည် အပျိုရှိသောအိမ်သို့ (ကုန်းပေါ်ရှိရွာများ၏ ထုံးစံကဲ့သို့ပင်) ညဦးပိုင်းတွင်သွားရောက်လည်ခွင့်ရှိသည်။

အင်းလေးတွင် အိမ်သာများကို မိမိအိမ်၏အနောက်ပိုင်းတွင် အိမ်နှင့်အတော်လှမ်းလှမ်းမှာ ထားလေ့ရှိသည်။ ရွာခံမဟုတ်သော ဧည့်သည်တစ်ယောက်အနေနှင့် ကိစ္စအရေးကြီးလျှင် မြန်မြန်ဆန်ဆန် သွားဖို့ရန်မလွယ်ကူ။ အိမ်သာလမ်းက အိမ်နှင့် အတော်ကို လှမ်းတတ်သည်။ ကုန်းပေါ်ရှိအိမ်သာများကဲ့သို့ပင် ၀ါးဖြင့်ခွေယက်ပြီး ရေအောက်မြေကြီးအထိ ချထားသည်။ ယခုအခါ တတ်နိုင်သောအိမ်အချို့တွင် မိမိပိုင် တောင်ပို့(အိမ်ဘေးကုန်းမြေ)ပေါ်၌ ရေလောင်းအိမ်သာများဆောက်လာကြပြီ ဖြစ်သည်။ အင်းလေးသို့ရောက်သူများက အိမ်သာကိစ္စကို အထူးတလည် စပ်စုတတ်ကြသည်။ ပြီးလျှင် သွားလည်သည့်အိမ်များမှ သောက်ရေကိုလည်း သောက်ရန်ရွံ့ကြသည်။ သောက်ရေကို အိမ်နားကပင် ခပ်သုံးသည်ဟု အထင်ရှိကြသည်ရော ၊ အင်းလေးရေသည် ရေသေဖြစ်သည်ဟု မှတ်သားမှုလွဲသည်ရောကြောင့် ရေသည်မသန့်ရှင်းဟု ယူဆကြသည်။ ရေသန့်ရှင်းသည် မသန့်ရှင်းသည်ကို မျက်စိဖြင့် မမြင်နိုင်၍ မငြင်းလိုပါ။ သို့သော် ကုန်းပေါ်ရှိ မြစ်ဘေးတစ်လျှောက်နေသည့် ရွာများလည်း မြစ်ရေကိုသာ သောက်ရေသုံးရေအဖြစ် အားထားကြရသည့်ရွာများ ရှိသည်။ မြစ်ရေကို အစိမ်းသောက်ရန် မရွံ့ကြသော်လည်း အင်းလေးမှ သောက်ရေကိုတော့ သောက်ရန်ရွံ့ကြသည်။ မျက်စိရှေ့မြင်ရခြင်းနှင့် မမြင်ရခြင်းပေါ်တွင် ရေ၏သန့်ရှင်းခြင်း မသန့်ရှင်းခြင်းကို တိုင်းတာကြပုံရပါသည်။

အင်းလေးတွင် ချိုးရေ ၊ သုံးရေ ၊ပန်းကန်ဆေးရေကို မိမိအိမ်ရှေ့တွင်ပင် သုံးစွဲကြသော် လည်း သောက်ရေအတွက် လှေတွင်အိုးငယ်များစွာကိုထည့်ကာ ညနေခင်းတွင် အင်းလယ်သို့သွားရောက်ကာ ခပ်ယူသုံးစွဲကြသည်။ အင်းသားအများစုက ရေစိမ်းထက် ရေနွေးကြမ်းကိုသာ အသောက်များသည်။ လက်ဖက်ခြောက်ကို မီးအေးအေးနှင့်လှော်ပြီး ရေနွေးတွင် ခပ်သောက်တတ်ကြသည်။ လက်ဖက်ခြောက်လှော်ရာတွင် အချို့က နှမ်းထည့်လှော်တတ်ကြသည်။

အင်းသားတို့ထုံးစံအရ မနက်စာကို ဈေးဝယ်သူများပြန်ချိန် ၉း၀၀ လောက်မှ မိသားစု ၀ိုင်းဖွဲ့စားသောက်ကြသည်။ နေ့လည်စာကို သွားရည်စာတစ်ခုခုစားတတ်ကြသည်။ ညနေစာကိုလည်း ၄ နာရီ ၅ နာရီလောက်တွင် စားတတ်ကြသည်။ အင်းသားတို့သည် ဒေသထွက် ဆန်များကိုသာ ချက်စားတတ်ကြသည်။ သူတို့ထမင်းမှာ ပူပူနွေးနွေးတွင် ကောက်ညင်းကဲ့သို့ စီးစီးထွေးထွေးလေးဖြစ်သည်။ စားကားစား၏ မ၀နိုင်။ အများကြီးလည်း မစားနိုင်။

အင်းလေးရှိ အိမ်ရှေ့တိုင်း၌ လှေအဆင်းအတက်လုပ်ရန် ၊ ရေချိုး ၊အ၀တ်လျှော် ၊ပန်းကန်ဆေးရန် ကွပ်ပြစ်သဘောမျိုးထားတတ်သည်။ ထိုနေရာသည် ရေတက်သည့်မိုးတွင်းအခါတွင် မြုပ်သည်။

အင်းလေးသို့သွားလည်သူများအတွက် အခက်အခဲဖြစ်တတ်သည်မှာ လှေထဲဆင်းသည့်အခါဖြစ်သည်။ လှေအဆင်း မြင်းအတက် ဟူသော စကားပုံကဲ့သို့ပင် လှေထဲမဆင်းတတ်လျှင် ရေထဲပြုတ်ကျတတ်သည် ။ လှေကြီးလျှင် ရေထဲပြုတ်ကျမှာ မကြောက်ရသော်လည်း လှေငယ်လျှင် လှေထဲဆင်းချိန်၌ သတိထားရသည်။

တစ်ခါက ကျွန်တော့်သူငယ်ချင်းများနှင့် အင်းလေးကိုသွားလည်ရာတွင် တည်းအိမ်အနီးအနား၌ နှစ်ယောက်စီးလှေငယ်ဖြင့် လျှောက်လှော်ကြည့်ဖို့ စိတ်ကူးသည်။ ကျွန်တော့်သူငယ်ချင်းက လှေထဲအဆင်း အဆင်းမတတ်၍ လှေကိုကန်လိုက်သလိုဖြစ်ပြီး ရေထဲပြုတ်ကျဖူးသည်။ ပြီးတော့ သူကပြောသေးသည်။ ရေကဆွဲချသည်တဲ့။

လှေထဲအဆင်းမတတ်သည်ကိုတော့မတွေး။ သူသည် အရင်ရက်တွေက လူ ၂၀ စီးသော မော်တော်လှေကြီးထဲသို့သာ ဆင်းဖူးသည်။ ယခု နှစ်ယောက်စီးလှေငယ်ထဲ ဆင်းရခြင်းဖြစ်သည်ဟု မစဉ်းစားမိ။ မိမိထင်ရာမြင်ရာကိုသာ ဆွဲယူတွေးတတ်သော လူ့သဘာဝပင်။

အင်းလေးသည် ရာသီဥတု မပူလွန်း မအေးလွန်းပေ။ တောင်ကြီးသည် ဆောင်းတွင်းအလွန်ချမ်းသော်လည်း အင်းလေး၌ တောင်ကြီးလောက်မချမ်းပေ။ ရေပြင်က အပူအအေးကို ထိန်းပေးပုံရသည်။ နွေရာသီတွင်လည်း မနေနိုင် မထိုင်နိုင်လောက်အောင် မပူပေ။ ညဘက်တွင် အလွန်အိပ်ကောင်းသည်။ သို့သော် မော်တော်စီးရလျှင်တော့ နေပူသည်။

ရေပြင်ချည်းဖြစ်၍ ဖုန်လည်းမရှိပေ။ ထို့ကြောင့် ကျွန်တော်တို့ တည်းသည့်အိမ်ကြမ်းပြင်မှာ နေ့စဉ်ကြမ်းတိုက်သည်ရော ၊ ဖုန်မရှိသည့်အရပ်ဖြစ်သည်ရော နှစ်ခုပေါင်း၍ ဆီမထည့်ပဲ ပြောင်ချောနေသည်။ အင်းလေးတွင် ရေတွင်မပေါ်တတ်သော ပစ္စည်း ရေထဲသို့ကျသွားလျှင်တော့ မိုးတွင်းဆိုလျှင် ရေထဲဆင်းကောက်ဖို့ မလွယ်ပေ။ နွေနှင့် ဆောင်းတွင်သာ ရေကျတတ်သည်။ ဆောင်းတွင်းတွင်လည်း ဒေသခံမဟုတ်ဘဲ ရေထဲမဆင်းနိုင် ။ ရေက အတော်အေးနေတတ်သည်။

ဟာသတစ်ခုကြားဖူးသည်။ အင်းလေးကို ရောက်ဖူးချိန်မတူသော လူသုံးယောက်က အငြင်းအခုန်ဖြစ်ကြသည်တဲ့။ နွေရာသီတွင်ရောက်ဖူးသောသူက အင်းလေးအိမ်များသည် ခြေတံရှည်ဖြစ်သည်။ မိုးတွင်းရောက်ဖူးသောသူကလည်း အင်းလေးအိမ်များက ခြေတံရှည်မဟုတ်။ အိမ်ခါးပန်းနှင့်ရေ ထိလုနီးပါးဖြစ်သည်။ ဆောင်းတွင်းရောက်ဖူးသူက အဲဒီလောက်လည်း ရေမများပါဘူးဟု ပြောသည်တဲ့။

အင်းလေးတွင် စင်ရော်များကို မြင်ဖူးချင်လျှင် ဆောင်းတွင်း နိုဝင်ဘာလောက်မှာမှ ရှိတတ်သည်။ စင်ရော်ငှက်တို့ကို ညောင်ရွှေမြို့မှ အင်းရေပြင်အထွက်မှစ၍ တွေ့ရတတ်သည်။ သူတို့ကို အစာကျွေးလျှင် ကျွေးသလို မော်တော်လှေနောက်သို့ လိုက်ကြသည်။ အင်းလယ်ထိ ကျွေးသွားလျှင် အင်းလယ်ထိ လိုက်လာတတ်သည်။ စင်ရော် အစာကျွေးရသည်ကလည်း ပျော်စရာကောင်းသည်။ စင်ရော်စာကို ညောင်ရွှေမှာ လှေထဲအဆင်းမှာပင် ၀ယ်၍ရသည်။ စင်ရော်စာဟုသာ ပြောရသော်လည်း လူစားသော ကုလားပဲခွေကြော်များသာ ဖြစ်သည်။ လူလည်းစား ၊ စင်ရော်လည်းကျွေး ။ သို့သော် လှေပေါ်မှ စင်ရော်စာကျွေးရသည်မှာ အန္တရာယ်တော့များသည်။

လွန်ခဲ့သည့်နှစ်နှစ်ခန့်က ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် တောင်ကြီးတန်ဆောင်တိုင်ပွဲသို့ သွားလည်ကြသည်။ သူငယ်ချင်းတွေထဲ ညောင်ရွှေမှသူငယ်ချင်းပါရာ တစ်ရက်မှာ အင်းလေးကို လိုက်ပို့ပေးသည်။ ဘာပြောကောင်းမလဲ။ ညောင်ရွှေအထွက်မှစ၍ စင်ရော်စာကျွေးလာသည်မှာ အင်းလယ်ခေါင်ရောက်သည်အထိ ဖြစ်သည်။ ကျွန်တော်က ရေသာ မကူးတတ်တာ ။ ရေတော့မကြောက်တတ်။ စင်ရော်တွေကို ထိုင်ရာမထ အစာလှမ်းပစ်ကျွေးတော့ ဘယ်အကောင်မှ အစာကိုမမိ။ အစာတွေက ရေထဲပြုတ်ကျကုန် သည်။ ထို့ကြောင့် လှေထဲမတ်တပ်ရပ်ကာ အစာပစ်ကျွေးသည်။ လှေပေါ်ပါသည်က လူငယ်တွေချည်း ။ တစ်ယောက်ထတော့ တော်တော်များများက မတ်တပ်ရပ်၍ စင်ရော်တွေကို အစာပစ်ကျွေး ကြသည်။ အင်းလယ်ရောက်ခါနီးမှ လှေသမားက မနည်းတားယူရသည်။ လှေဖျားတွင်ထိုင်သော သူငယ်ချင်းကောင်လေးက ဖောင်တော်ဦးဘုရားကုန်းပေါ် ရောက်သောအခါ ကျွန်တော်တို့ကို ပြောပါတော့သည်။ နင်တို့စင်ရော်အစာကျွေးတာက တော်တော်ရယ်.. လှေက ရေပေါ်ကို လက်နှစ်လုံးလောက်ပဲ ပေါ်တော့တယ်တဲ့ ။ အဲဒီအခါကျမှ ကျွန်တော်တို့လည်း လန့်သွားကြသည်။ ကံကောင်းလို့ လှေမမှောက်တာ ။ ညနေအပြန်မှာ စင်ရော်လည်း သိပ်မရှိတော့ ။ လှေသွားနေတုန်းလည်း မတ်တပ်မရပ်ရဲတော့ ။

အင်းလေးဖောင်တော်ဦးဘုရားပွဲ

မြန်မာလ တော်သလင်းလကွယ်နေ့တွင် ဖောင်တော်ဦးဘုရားကို နှစ်စဉ်လှည့်၍ အပူဇော်ချံမည့်ရွာမှ ဘုရားပင့်ဆွမ်းတော်ပွဲဖြင့် သွား၍ ဘုရားပင့်ကြရသည်။ မည့်သည့်ရက်တွင် မည်သည့်ရွာတွင် နေ့ဆွမ်း (သို့) ညကျိန်းကြွပါရန် ဘုရားပင့်ကြရ၍ သီတင်းကျွတ်လဆန်း တစ်ရက်နေ့မှ လပြည့်ကျော် ၃ ရက်နေ့အထိ ရွာစဉ်လှည့်၍ အပူဇော်ခံကြွတော်မူပါသည်။ (ဖောင်တော်ဦးဘုရားရုပ်ပွါးတော်မှာ ငါးဆူရှိသည်။ ဒေသစာရီကြွ အပူဇော်ခံလျှင် ဘုရားလေးဆူသာ ကြွလေ့ရှိသည်။ ဘုရားရုပ်ပွါးတော်များမှာ ရွှေချပူဇော်လွန်း၍ မျက်နှာတော်ကို မမြင်ရပေ။ ဘုရားရုပ်ပွါးတော်၏မျက်နှာ မည်သည့်ဘက်ဆိုသည်ကို ဘုရားလူကြီးများသာ သိကြသည်။ ဘုရားတစ်ဆူတစ်ဆူကို ယောက်ျားကြီးသုံးယောက်ခန့် မ,ချီရသည်။ )အပူဇော်ခံမည့်ရွာနှင့် နီးစပ်ရာရွာမှ ယောက်ျားလေးမှန်သမျှ ဆွဲလှေခေါ် ခြေထောက်ဖြင့်လှော်သည့် ရာကျော် ၊ ၄၇ တက် ၊ ၁၅ တက် စသည့်လှေများဖြင့် ဘုရားကိုပင့်ဆောင်ကြည်ညို ကုသိုလ်ယူကြပါသည်။

ဘုရားကြွချီအပူဇော်ခံမည့်ရွာသည် တစ်ပတ်လောက်ကြို၍ ဘုန်းတော်ကြီးကျောင်းတွင် သန့်ရှင်းရေးလုပ် ၊ ပြုပြင်စရာရှိသည်များပြုပြင် ဆေးကြောသန့်ရှင်းရေး လုပ်ကြရသည်။ ဈေးရောင်းမည့်သူများ ဈေးဆိုင်ခန်းများကို ကျေးရွာကော်မတီမှ တာဝန်ယူဆောက်လုပ်ခြင်း စသည်များ လုပ်ကြရသည်။ (အင်းလေးတွင် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများမှာ ကုန်းပေါ်တွင် ရှိကြသည်က များသည်။ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကိုလည်း တွဲရက်ထားတတ်သည်။ အင်းလေးရှိ ဘုန်းကြီးကျောင်းများသည် လယ်ပေါ်ကျောင်းများဖြစ်သည်။ လယ်ပေါ်ကျောင်းဆိုသည်မှာ ဘုန်းကြီးကျောင်းဆောင်အလယ်တွင် တစ်ဆင့်မြင့်သော ကြမ်းပြင်ထားရှိပြီး ထိုနေရာတွင် ဘုရားကျောင်းဆောင်ထားရှိသည်။ ထိုဘုရားကျောင်းဆောင်ပတ်ပတ်လည်မှာမှ ကြမ်းတစ်ဆင့်နှိမ့်ပြီး ဘုန်းကြီးခန်း၊ ဆွမ်းချက်ဆောင်များကို အခန်းဖွဲ့ထားလေ့ရှိသည်။) ယခင်ကဆိုလျှင် ဘုရားပွဲတွင် အငြိမ့် ၊ ဇာတ်၊ ရုပ်ရှင် စသည် ပြသဖျော်ဖြေကြသည်။ ဘုရားပွဲအစမှ အဆုံးထိ ပြန်ကြားရေးဝန်ကြီးဌါနမှ ပြန်ကြားရေး ရုပ်ရှင်အဖွဲ့တစ်ဖွဲ့လိုက်ပါလာကြပြီး သတင်းကားများ၊ အကယ်ဒမီပေးပွဲများ ၊ ရုပ်ရှင်ကားကြီးများ ပြသဖျော်ဖြေကြပါသည်။ ယခုနောက်ပိုင်းတွင် ဤကဲ့သို့ ဖျော်ဖြေရေးအစီအစဉ်များ မပါတော့ပေ။

ဘုရားပွဲတွင် ဘုရားကြွရာနောက်လိုက်ပါလာကြသော ဘုရားလူကြီးများ ၊ လုံခြုံရေးတပ်ဖွဲ့များ နှင့် ဘုရားပင့်သည့်နေ့တွင် လှေလှော်သားများကို ဧည့်ခံကျွေးမွေးရသည်။ ဘုရားပွဲကျင်းပရာတွင် နေ့ဆွမ်းအမီ ကြွသည့်ကျောင်းတွင် ဘုရားရောက်ပြီးသည် နှင့် ဆွမ်းကပ် ၊ တစ်ချို့ကျောင်းများသည် နေ့ဆွမ်းကပ်သည်ကတစ်ကျောင်း ညကျိန်းသည်က တစ်ကျောင်း ကြွတတ်သလို နေ့ဆွမ်းအမီရော ညကျိန်းရန်ပါကြွသည့် ကျောင်းလည်းရှိသည်။ ဘုရားပွဲတွင် ဘုရားကြွသည့်ရွာမှ လူများသည် ဘုန်းကြီးကျောင်းတွင်သာ မအိပ်မနေအချိန်ကုန်ကြသည်။ ညနေတွင် ပန်း ၊ ဆီမီး ၊ အမွှေးတိုင်၊ ရွှေသင်္ကန်းကပ်သူများသည် မနက်အာရုဏ်ဆွမ်းကပ်သည်အထိ တစ်ညလုံး ပူဇော်ကြသည်။ မနက် ၇ နာရီမှသာ အခြားကျောင်းသို့ ရွှေ့ပြောင်းကြွရောက် အပူဇော်ခံသည်။

အင်းသားတို့သည် သီတင်းကျွတ်လဆန်း ၁၃ ရက်တွင် လူကြီးမိဘများကို ကန်တော့ကြပြီး ၁၄ ရက်နေ့တွင် ဘုန်းတော်ကြီးကျောင်းကန်တော့ကြသည်။ သီတင်းကျွတ်လပြည့်နေ့မှစ၍ လပြည့်ကျော် ၄ ရက်နေ့ထိသာ ဥပုသ်စောင့်ကြပါသည်။ လပြည့်ကျော် ၁ ရက်နှင့် ၂ ရက်နေ့တွင် အခြားရွာမှ ဘုန်းကြီးကျောင်းများ ဘုရားများကို သွားရောက် ဆွမ်းကပ်ကန်တော့ကြသည်။

တန်ဆောင်မုန်းလ(အင်္ဂလိပ်လအနီးစပ်ဆုံး နိုဝင်ဘာ) နှင့် တပို့တွဲ(ဖေဖော်ဝါရီလ) တို့တွင် ဘုရားပွဲ၊ ကထိန်ပွဲ၊ ဆွမ်းလောင်းပွဲများရှိသည်။ အင်းလေးဒေသလုံးဆိုင်ရာ ကျောင်းများမှ ကျောင်းရှိသံဃာတော်များကို သံဃာ့ဒါနဆွမ်းလောင်းပွဲများ ပြုလုပ်ကြသည်။

အင်းသူအင်းသားများသည် ဘုရားပွဲ၊ဆွမ်းလောင်းပွဲတွင် ၀တ်ရန် အ၀တ်အစားများ အသစ်ချုပ်တတ်ကြသလို ပွဲတွင်သုံးရန်ပိုက်ဆံများကိုလည်း သီးသန့်စုထားတတ်ကြသည်။ (မှတ်တမ်းပြီးပါပြီ)

အင်းလေးသင်္ကြန်

အင်းသားတို့သည် ရေပေါ်တွင်နေသော်လည်း သင်္ကြန်တွင်းရေပက်ကစားသော ဓလေ့မရှိပါ။ (ဗမာပြည်မှလူငယ်များအတွက် အင်းလေး၏သင်္ကြန်ချိန်သည် အလွန်ပျင်းစရာကောင်းသည်ဟု တွေးနိုင်ပါသည်။) အင်းသားတို့အတွက်မူ သင်္ကြန်ချိန်သည် ရွာစဉ်လှည့်ကာ ဘုန်းကြီးကျောင်းများကို တပျော်တပါး လိုက်ကန်တော့နေရ၍ သူတို့အရပ်နှင့်သူတို့ဓလေ့ ပျော်စရာကောင်းသည်သာ ဖြစ်သည်။

ရွာဓလေ့ထုံးစံအရ သင်္ကြန်အကြိုနေ့တွင် သက်ကြီးရွယ်အိုများ ၊ အပျိုများ ခေါင်းလျှော်ရေချိုးကြသော ဓလေ့ရှိသည်။ သင်္ကြန်တွင်း ခေါင်းလျှော်ချိန်မရှိတော့၍ ဖြစ်ပါသည်။ သင်္ကြန်အကြိုနေ့တွင် မနက်စောစော ထမင်းစားပြီးသည်နှင့် ရွာရှိသက်ကြီးရွယ်အို ဘိုးဘွားများကို လိုက်ကန်တော့ကြရသည်။ ကန်တော့ခံအိမ်က မုန့်ပဲသွားရည်စာ ၊ လက်ဖက် စသည်ကို တတ်နိုင်သမျှ ဧည့်ခံကျွေးမွေးကြရသည်။ မနက် ၁၀ နာရီလောက်ထိ ကန်တော့လာသူများရှိတတ်သည်။ ၁၀ နာရီမှ ညနေ ၃ နာရီလောက်ထိ နေပူ၍ ကန်တော့ချိန်နားပြီး ညနေပိုင်းမှ ဆက်ကန်တော့ကြရသည်။ ရွာရှိသက်ကြီးရွယ်အိုများကို သင်္ကြန်အကြိုနေ့တွင် အပြီးကန်တော့ကြသည်။

သင်္ကြန်အကျနေ့မနက်ပိုင်းတွင် အခြားရွာမှ ဆွေမျိုးမိဘဘိုးဘွားများကို လိုက်ကန်တော့ ကြရသည်။ ညနေ ၄ နာရီလောက်မှစ၍ ရွာဦးဘုန်းတော်ကြီးကျောင်းသို့သွား၍ ကျောင်းထိုင် ဆရာတော်ကြီးမှစ၍ ကျောင်းရှိ သံဃာအားလုံးကို လိုက်ကန်တော့ကြရသည်။ ကန်တော့ပစ္စည်းများကို တတ်နိုင်သလို ထည့်ကြရသည်။ ဆင်းရဲချမ်းသာမရွေး ကိုယ်တတ်နိုင်သည်များ ကန်တော့ကြသည်။ ဆန် ၊ဆား ၊ လက်ဖက်ခြောက် ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ စသည်ဖြင့် .. တတ်နိုင်သူများက မုန့်များ ၊ အသုံးအဆောင်ပစ္စည်းများထည့်၍ ကန်တော့ကြသည်။

သင်္ကြန်အကြတ်နေ့မနက် ၆ နာရီလောက်မှစ၍ ဘုန်းတော်ကြီးကျောင်းသို့ သီလယူသွားကြရသည်။ အိမ်ရှိလူကုန် ကျောင်းသွားကြပြီး ဥပုသ်စောင့်မည့်သူများသာ ကျောင်းတွင်နေကြရသည်။ ဥပုသ်စောင့်မည့်သူများသည် အိမ်မှမနက်စောစော ထမင်းစားသွားကြပြီး နေ့ဆွမ်းအတွက် ချိုင့်ဖြင့်ယူသွားကြရသည်။ ဘုရားဆွမ်းတော်အုပ် ၊ နှစ်ကျိပ်ရှစ်ဆူဘုရား ဆွမ်းလောင်း ၊ သံဃာတော်များအတွက် ဆွမ်းတစ်ချိုင့်၊ ဥပုသ်စောင့်သူများအတွက် ထမင်းချိုင့်ပါ တစ်ပါတည်းယူဆောင်သွားကြရသည်။

မနက် ၇ နာရီခွဲလောက်တွင် ကျောင်းထိုင်ဆရာတော် (သို့မဟုတ်) ကိုယ်စားလှယ်ဦးပဉ္စင်းတစ်ပါးက သီလပေးတရားဟောကြားပြီး ၈ နာရီခွဲလောက်တွင် ဥပုသ်ယူကြသူများ အိမ်ပြန်ထမင်းစားကြရသည်။ မနက် ၉ နာရီလောက်တွင် သင်္ကြန်တွင်းကုသိုလ်ယူသူများက ဥပုသ်သည်များကို မုန့်တစ်ခုခု ဧည့်ခံဒါနပြုတတ်ကြသည်။ ညနေပိုင်းတွင် ဖျော်ရည်ကပ်ကြသူများအတွက် အမျိုးသမီး ၊ အမျိုးသားအသင်းအဖွဲ့မှ ဥပုသ်မစောင့်သူများက ကျွေးမွေးဧည့်ခံရေး တာဝန်ယူကြရသည်။ နေ့လည်ကျောင်းတွင် ဥပုသ်သည်များကျန်သည့် ထမင်းဟင်း ၊ ဘုန်းတော်ကြီး ကျောင်းမှ ကျန်သည့် ထမင်းဟင်းများဖြင့် ဝေယျာဝစ္စလုပ်သူများ စားကြရသည်။ ညနေဥပုသ်သည်များ ပြန်သည့်အချိန်မှ အိမ်ပြန်ပြီး အမျိုးသမီးဓမ္မစင်္ကြာအဖွဲ့များသည် ညနေစာ စားပြီး ကျောင်းသို့တဖန် ဓမ္မစင်္ကြာရွတ်သွားကြရသည်။ဓမ္မစင်္ကြာအသင်းကိုလည်း ညဦးပိုင်း ဒါနပြုသူများ ရှိသည်။ရွာမှ ဥပုသ်သည် ယောက်ျားမှန်သမျှ ဥပုသ်ထွက်သည်အထိ ဘုန်းကြီးကျောင်းတွင်အိပ်ကြသည်။ သက်ကြီးရွယ်အိုများသာ အိမ်ပြန်ကြသည်။ ကျောင်းတွင် သင်္ကြန်တွင်း ဆွမ်းတော်ကြီးပို့ကြသည်များကို ကျောင်းတွင်ဥပုသ်ယူ၍ အိပ်ကြသော လူလတ်ပိုင်းများက ဆွမ်းတော်ကြီးပြင်ကြရသည်။ ဆွမ်းတော်ကြီးဆိုသည်မှာ ဖောင်တော်ဦးဘုရားပွဲတွင်ကပ်လေ့ရှိသည့် စားပွဲခုံပေါ်တွင် ပန်း ၊ ရေ ၊ သစ်သီး ၊ မုန့် ၊ ဆွမ်းဖြူ၊နီ၊၀ါ စသည်များတင်၍ကပ်သည်ကို ဆိုလိုပါသည်။ မနက် ၃ နာရီခန့်ထ၍ ဆွမ်းအတွက် ချက်ပြုတ်ပြင်ဆင်ပြီး အာရုဏ်ဆွမ်းအမီ လောင်းလှူကြသည်။

သင်္ကြန်အကြတ် ၊ အတက် နှင့် နှစ်ဆန်းတစ်ရက်နေ့တွင် ကျောင်းမှ သီလယူပြီးသည်နှင့် ခေါင်တိုင်ရွာအနီးရှိ ရွှေမြင်ထင်ဘုရားစသည့် ရွာနှင့်နီးစပ်ရာ ဘုရားစေတီများသို့ ဆွမ်းသစ်သီးများကပ်ပြီး နီးစပ်ရာ ရွာကျောင်းဆရာတော်များကို ကန်တော့ကြရသည်။

နှစ်ဆန်းနှစ်ရက်နေ့တွင် ရွာဘုန်းကြီးကျောင်း၌ ဥပုသ်စောင့်သူများနှင့် ဝေယျာဝစ္စအဖွဲ့မှလွဲ၍ ကျန်လူများက ရပ်ဝေးဘုန်းကြီးကျောင်းများသို့ ကန်တော့သွားကြရသည်။ မော်တော်ပိုင်ရှိသူများက ဆီအကုန်အကျခံကုသိုလ်ယူကြသည်။ ရွာရှိ မော်တော်အကုန်ထွက်ကြရသည်။ မော်တော်မရှိသူများက နီးစပ်ရာမော်တော်များနှင့် လိုက်ကြကာ တစ်စုတစ်ဝေး တပျော်တပါးကြီး ဘုန်းကြီးကျောင်းများကို လိုက်ကန်တော့ကြသည်။ ထိုသို့ကန်တော့ရာတွင် ကိုယ်ကန်တော့သည့်ကျောင်းကို နေ့ဆွမ်းစားပြီးချိန်ရောက်နေပါက ထိုဘုန်းကြီးကျောင်းက ကန်တော့လာသူများကို ထမင်းကျွေးသည်။ ထိုနေ့အဖို့ ညနေ ၃ နာရီလောက်မှ အိမ်ပြန်ရောက်ကြသည်။

အင်းလေးတွင် သင်္ကြန်ရက်တစ်ပတ်အတွင်း ဈေးများ ၊ အိမ်ဆိုင်များပိတ်ထားကြပြီး ကုသိုလ်ဒါနပြုသူက များသည်။ သင်္ကြန်တွင်း အရွယ်သုံးပါးမရွေး ဥပုသ်စောင့်သူ ၊ ဝေယျာဝစ္စ ကုသိုလ်ဒါနပြုသူများဖြင့်သာ အချိန်ကုန်ကြပါသည်။ သင်္ကြန်အကြိုနေ့မှစ၍ ဆယ်ရက်ခန့် အနားယူကုသိုလ်လုပ်ပြီးမှသာ ကိုယ့်လုပ်ငန်းကိုယ် ပြန်လုပ်ကြသည်က များပါသည်။

အင်းလေးဒေသ စိုက်ပျိုးရေးထွက်ကုန်များနှင့် ရိုးရာအစားအစာများ

အင်းလေးဒေသရှိ လယ်မြေများသည် တစ်သီးစားသာ စိုက်၍ရသည်။ ကုန်းအတွင်းပိုင်းကျသည့် လယ်မြေများသာ နှစ်သီးသုံးသီးစိုက်နိုင်ကြသည်။ စပါးကို တစ်သီးသာစိုက်၍ အခြားသီးနှံများစိုက်လေ့ရှိကြသည်။ ပဲပုပ်၊ နေကြာ ၊ ပြောင်း စသည်များ စိုက်ပျိုးကြသလို ကြံ ၊ လိမ္မော်ပင်များတိုးချဲ့စိုက်လာကြပါသည်။ ကြက်သွန်ဖြူ စိုက်သူများလည်း ရှိသည်။

အင်းလေးရေပေါ်ခြံတွင်မူ အာလူး ၊ ငြုတ်၊ ကြက်သွန်နီ(ဗမာကြက်သွန်နီလို တစ်လုံးဥမဟုတ်ဘဲ အမွှာလိုက်ဥသော ကြက်သွန်နီ) များစိုက်ကြသည်။ ဟင်းချက်ရာတွင် ဒေသထွက်ကြက်သွန်နီကိုသာ အသုံးများကြသည်။ ဗမာကြက်သွန်နီကို အသုပ်များတွင်သာ ထည့်သုံးတတ်ကြသည်။ ဟင်းချက်ရာတွင် ကြက်သွန်နီထက် ကြက်သွန်ဖြူကိုသာ အဓိက ထား၍ ချက်တတ်ကြသည်။

ချင်း(ဂျင်း)တက်ကိုလည်း ရှမ်းပြည်တောင်ပိုင်းမှထွက်သော ချင်းကိုသာ သုံးသည်။ ရှမ်းပြည်တောင်ပိုင်းမှ ထွက်သည့်ချင်းကို ချင်းသေးဟုခေါ်၍ ရှမ်းပြည်မြောက်ပိုင်း ၊ အရှေ့ပိုင်းမှထွက်သောချင်းကို ချင်းလတ်ဟု ခေါ်ကာ ဗမာပြည်မှ ထွက်သောချင်းကို ချင်းကြီးဟု ခေါ်ဝေါ်ကြသည်။ ချင်းကြီးကို ချင်းသုပ်လုပ်ကြရာတွင် အများဆုံးသုံးတတ်ကြသည်။ ချင်းကြီး ၊ ချင်းလတ် ၊ ချင်းသေး ဟူသော အခေါ်အဝေါ်ကို အင်းသားများသာ သုံးစွဲကြသည်။

အင်းသားအစားအစာတစ်မျိုးဖြစ်သော အင်းသားအခေါ် ဟင်းထုပ် ၊ ဗမာ ၊ရှမ်း အခေါ် ကြက်သွန်ပေါင်း (မိုးကုတ်ဘက်တွင် လုပ်စားတတ်သော မုန်ညင်းပေါင်းပုံစံမျိုး ) ကို ကြက်သွန်မိတ်ဖြင့်ပြုလုပ်ရသည်။ ဟင်းထုပ်ကို ကြက်သွန်မိတ်၊ ဆန်မှုန့်၊ ချင်း ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီး ၊ ဆားတို့ရောနယ်ကာ ပေါင်းရသည်။ ဟင်းထုပ်ပြုလုပ်ရာတွင် သုံးသော ချင်းသည် အင်းလေးဒေသထွက်ချင်းမဟုတ်ပါက အနံ့တစ်မျိုးဖြစ်သွားတတ် ပါသည်။ကြက်သွန်မိတ်ဖြင့် ကြက်သွန်ကြော်(ဗမာအခေါ် ငါးပေါင်းကြော်) ကြော်စားကြသည်။ ဗမာများ မုန့်ဟင်းခါးချက်သလို အင်းသားများက မုန့်တီဟင်းချက်စားကြသည်။ (ကျွန်မတော့ မုန့်တီဟင်းကို မုန့်ဟင်းခါးလောက် စားကောင်းသည်မထင်ပါ။စကားချပ်) အင်းသားတို့ တို့ဟူးသုပ်လုပ်စားရာတွင် အချဉ်အရသာအတွက် ရှာလကာရည် မသုံးပဲ တို့ဟူးကျိုသောပဲနှစ်ကိုပင် အချဉ်ဖောက်ကာ တို့ဟူးသုပ်ထဲ ထည့်သုပ်သည်။ တို့ဟူးသုပ်ကို တို့ဟူးကြော်တစ်ဝက် တို့ဟူးစိမ်းတစ်ဝက်ရောသုပ်ကာစားတတ်ကြသည်။ တို့ဟူးသုပ်ထဲ ထည့်သော ပဲချဉ်ကို ဒေသထွက် မုန့်လေပွေပုံစံမျိုးနှင့် တို့စားလျှင်လည်း အတော်အရသာရှိပါသည်။ ပြီးတော့ အင်းလေးတွင် စားလို့ရသော မြေကြီးခဲဆိုတာမျိုးလည်း ရောင်းသည်။ အခြားမြေကြီးနဲ့မတူ ။ (စားလို့ရသော မြေကြီးခဲကို သတ်မှတ်ထားသည့် နေရာမှသာ ယူရသည်ဟု ကြားဖူးပါသည်။ (စကားချပ်) )

မင်္ဂလာဆောင်ကျင်းပပုံ

အင်းလေး၏ ရှေးထုံးတမ်းအရလက်ထပ်ပုံမှာ ရှေ့ခုနစ်အိမ် နောက်ခုနစ်အိမ် လက်ဖက်တစ်ရိုးစားကာ အသိအမှတ်ပြုလက်ထပ်ကြသည်။ ကွာရှင်းမည်ဆိုကလည်း လက်ဖက်တစ်ရိုးစားကာ ကွာရှင်းကြသည်။(အခုခေတ်တော့ မသိဘူးနော)

အင်းလေးတွင် မင်္ဂလာပွဲများသည် သီတင်းကျွတ်လဆုတ် ၈ ရက် နောက်ပိုင်းနှင့် တန်ဆောင်မုန်း လကွယ်ထိသာ ဆောင်ကြပြီး တပို့တွဲလနှင့် တန်ခူး ၊ ကဆုန် ၊နယုန်(အင်္ဂလိပ်လအနီးစပ်ဆုံး -အောက်တိုဘာလလယ်မှ ၊ နိုဝင်ဘာ ၊ ဖေဖော်ဝါရီ ၊ ဧပြီ၊မေ၊ဇွန်) လတို့တွင်သာ ရှိကြပါသည်။ဝါဆိုလပြည့်မတိုင်မီ ၀ါဆိုလမင်္ဂလာဆောင်များ (မရှိသလောက်)ရှားပါသည်။

မင်္ဂလာဆောင်ကိုလည်း သတို့သားအိမ် ၊ သတို့သမီးအိမ်မခွဲခြားဘဲ အဆင်ပြေရာ နေရာအကျယ်အ၀န်းပေါ်တွင် မူတည်၍ မင်္ဂလာပွဲကျင်းပတတ်ကြသည်။ တတ်နိုင်သလို ကျွေးကြသည်။ ရွာဓလေ့ထုံးစံအတိုင်း ကိုယ့်ရွာအချင်းချင်း (သို့) တခြားရွာမှ လူကြီးစုံရာနှင့် သတို့သမီးကို တောင်းရမ်းကြရသည်။ တတ်နိုင်လျှင် တတ်နိုင်သလို ရွှေ၊ ငွေ၊လယ်ယာ၊ ခြံမြေ၊ နွား စသည်တင်တောင်းကြရသည်။ တင်တောင်းသည့်ပစ္စည်းကို သတို့သမီးက အပိုင်ရသည်။

ထိုပစ္စည်းများဖြင့် လင်မယားနှစ်ယောက် လုပ်ကိုင်စားနိုင်သော်လည်း လင်မယားကွဲလျှင် မယားက အပိုင်ရသည်။ မင်္ဂလာဆောင်စရိတ်ကိုလည်း သတို့သားက စီးပွါးရေးလုပ်ငန်းရှိပါက ကိုယ့်စရိတ်ကိုယ်ခံကြရသည်။ မိဘကတတ်နိုင်၍ ဆောင်ပေးလျှင်လည်း ကုန်ကျစရိတ်ကို မိဘများကသာ အကုန်အကျခံလေ့ရှိသည်။ သတို့သားဘက်မှ အကုန်အကျမခံနိုင်လျှင် သတို့သမီးဘက်မှ မင်္ဂလာစရိတ်ကို ညီတူညီမျှ အကုန်အကျခံတတ်ကြပါသည်။ သို့သော် သတို့သားဘက်မှသာ အကုန်အကျခံလေ့ရှိသည်။ လက်ဖွဲ့ပစ္စည်းအားလုံးကိုလည်း သတို့သား-သတို့သမီးသာပိုင်သည်။ (အချို့ဒေသများတွင် လက်ဖွဲ့ငွေကို မင်္ဂလာစရိတ်ထုတ်ပေးသော မိဘဘက်ကသိမ်း ၊ သတို့သား သတို့သမီးက လက်ဖွဲ့ပစ္စည်းကိုသာယူရသောအလေ့ရှိ၍ ဒီအကြောင်းကို ထည့်ရေးရခြင်းဖြစ်ပါသည်။ စကားချပ်) လင်မယားမသင့်မြတ်၍ ကွဲကွာခဲ့သော် တစ်ယောက်တစ်ဝက်စီ ခွဲယူကြရသည်။( သတို့သမီးကို တင်တောင်းသည့်ပစ္စည်းမပါ။)

ကန်တော့ပွဲကိုလည်း သတို့သားဘက်မှ နှစ်ပွဲပြင်ရသည်။ မင်္ဂလာဆောင်မည့်မနက် သတို့သမီးခေါ်ရမည့် မင်္ဂလာအချိန်တွင် ကန်တော့ပွဲကိုလည်း သတို့သားဘက်မှ နှစ်ပွဲပြင်ရသည်။ မင်္ဂလာဆောင်မည့်မနက် သတို့သမီးခေါ်ရမည့် မင်္ဂလာအချိန်တွင် ကန်တော့ပွဲတစ်ပွဲယူ၍ သတို့သမီးမိဘများကို ကန်တော့ပွဲဖြင့်ကန်တော့၍ သတို့သမီးကို ခေါ်ဆောင်ရပါသည်။ သတို့သမီးအိမ်မှ အထွက်တွင် ရွာဓလေ့ထုံးစံအရ ငယ်လင်ငယ်မယား စုံတွဲက ရွှေကြိုးတား၍ ခဲဖိုးတောင်းရသည်။ ကျန်သည့် အပေါင်းအသင်းများလည်း ရွှေကြိုးတား၍ရသည်။ ပိုက်ဆံချမ်းသာသည့် သတို့သား သတို့သမီးဖြစ်ပါက ရွှေကြိုးကို ၄ ၊၅ထပ်တား၍ ခဲဖိုးတောင်းသည့် ဓလေ့ရှိပါသည်။

သတို့သမီးကို သတို့သားအိမ်သို့ခေါ်လာပြီးလျှင် သတို့သားမိဘများကို ကန်တော့ကြ ရသည် ။ ပြီးလျှင် အဘိုး၊အဘွား ၊ ဦးကြီး ၊ ဒေါ်ကြီး ဆွေမျိုးရင်းချာများကို ကန်တော့ပြီးမှ မင်္ဂလာဧည့်ခံပွဲ ကျင်းပကြသည်။ မင်္ဂလာဧည့်ခံပွဲကို သတို့သားသတို့သမီးထိုင်ရန် ခင်းကျင်းထားပြီး ကန်တော့ပွဲနှစ်ပွဲရှေ့ချကာ အလယ်တွင် လက်ဖွဲ့ခံဖလား ထားရှိသည်။ လက်ဖွဲ့ကို ပစ္စည်းလက်ဖွဲ့သည်က ရှားသည်။ မိဘဆွေမျိုးများက လက်ဝတ်ရတနာများ လက်ဖွဲ့တတ်သည်။ ခြံမြေများလက်ဖွဲ့တတ်သည်မှလွဲ၍ ကျန်လူများက ပိုက်ဆံလက်ဖွဲ့ကြသည်။ လက်ဖွဲ့ငွေများသည် သတို့သားသတို့သမီး ရင်းနှီးလုပ်ကိုင် စားသောက်ရန် အရံသင့်ဖြစ်သွားကြသည်။

မင်္ဂလာဧည့်ခံပွဲကို ပိုက်ဆံတတ်နိုင်ကြသူများသည် ဘိသိက်သွန်း၍ လက်ထပ်မင်္ဂလာပြုကြသည်။ အစဉ်အလာအတိုင်း ငယ်လင်ငယ်မယားစုံတွဲကို ဒေါင်းလန်းနှင့် ထမင်းပွဲပြင်စေ၍ ရိုးရာထမင်းဟင်းများဖြစ်သော ပဲလွန်းဆေးခါး ၊ ဂျူးသုပ် ၊ ငါးချဉ်သုပ် ၊ ငရုတ်သီးတောင့်ကြော် ၊ ဆတ်သားနှပ် ၊ ငါးရံ့ခြောက်နှပ်စသည့် ဟင်းများဖြင့် မင်္ဂလာမောင်နှံကို လက်ဆုံစားစေကာ အချင်းချင်းလည်း ခွံ့ကျွေးကြရသည်။ မင်္ဂလာဧည့်ခံပွဲပြီးပါက မင်္ဂလာအိပ်ခန်းကို ထိုငယ်လင်ငယ်မယားစုံတွဲများက မင်္ဂလာအိပ်ရာ ပြင်ပေးကာ သတို့သားသတို့သမီးအား အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေဟု ဆုပေးပြီး အိပ်ခန်းအပ်နှင်းပေးကြသည်။

မင်္ဂလာဆောင်သည့် ညဦးပိုင်းရောက်သောအခါ ရွာရှိလူပျိုခေါင်း(ကာလသားခေါင်း) အပျိုခေါင်းများဦးဆောင်သော အပျိုလူပျိုများသည် ရှမ်းအိုးစည်တီးကာ တပျော်တပါးကခုန်ရောက်လာကြပြီး မင်္ဂလာစုံတွဲထံမှ ခဲဖိုးတောင်းကြသည်။ ခဲဖိုးလာတောင်းသူများကို မင်္ဂလာမောင်နှံမှ ကျွေးမွေးဧည့်ခံကြရသည်။ ခဲဖိုးဆိုသည့်အတိုင်း ကျောက်ခဲကိုလက်ကိုင်ပုဝါဖြင့်ထုပ်၍ ယွန်းအုပ်အတွင်းထည့်ယူလာပြီး မင်္ဂလာမောင်နှံရှေ့ ချထားကာ ခဲဖိုးတောင်းရသည်။ မင်္ဂလာမောင်နှံမှ ခဲဖိုးငွေကို စေတနာရှိသလောက် ယွန်းအုပ်ထဲထည့်၍ ပေးလိုက်ရသည်။ ခဲဖိုးရလျှင် ဆုတောင်းပေးကာ ခဲဖိုးတောင်းရန် အလာတုန်းကကဲ့သို့ပင် ရှမ်းအိုးစည်တီးကခုန်ပြီး ပြန်ကြလေသည်။ အင်းသားအများစုသည် အိမ်ထောင်သက် ၂ နှစ် ၃ နှစ်လောက်တွင် ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့်စီးပွါးရေးနှင့် နေနိုင်ကြသူများပါသည်။ ယခုခေတ်တွင် ခရမ်းချဉ်ခြံလုပ်သူများပြားလာ၍ လက်ဖွဲ့လျှင် မိဘများက ကျွန်းမျော အလံတစ်ရာ ၊ နှစ်ရာ စသည် လက်ဖွဲ့တတ်ကြသဖြင့် အိမ်ထောင်ကျလျှင် လုပ်ကိုင်စားစရာ အဆင်သင့်ဖြစ်နေတတ်ကြပါသည်။

ခုတင်မယ့်ပို့စ်တွေကို နေးတစ်မြန်မာဖိုရမ်က “သူတို့အရပ် သူတို့ဓလေ့” တော့ပစ်မှာ တင်ခဲ့ဖူးပါတယ်.. အင်းလေးကန်က အင်းသားဓလေ့အကြောင်းတွေပါ...

ကျွန်တော်ရေးမယ့်အချက်အလက်တွေက လွန်ခဲ့တဲ့ နှစ် အစိတ်လောက်က အင်းလေးကန်ကနေ အဝေးသို့ရောက်နေသူ ကျွန်တော့်အမေရဲ့မှတ်တမ်းမှ သင့်တော်သလို အဆင်ပြေဖတ်ကောင်းအောင် အစီအစဉ်ကျအောင် ပြန်ပြီးရေးထားတာဖြစ်ပါတယ်။ အချက်အလက်တွေမှားနေရင် လိုအပ်နေလျှင် သိတဲ့သူများ ကောမန့်ပေးပြီးပြောနိုင်ပါတယ်။

အင်းသားတို့၏ ဓလေ့ထုံးစံ နှင့် လူနေမှုဘဝ

ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသ အင်းလေးကန်တွင် နေထိုင်ကြသူများကို အင်းသားလူမျိုးဟု ခေါ်ကြသည်။ အချို့လူများက အင်းသားတို့သည် ရေထဲမှာနေ၍ အသက်မွေးဝမ်းကျောင်းအနေနှင့် တံငါလုပ်ငန်းသာ လုပ်ကိုင်ကြသည်ဟု လွဲမှားစွာထင်ထားကြသည်။ အင်းသားတိုင်းက တံငါလုပ်ငန်းလုပ်ကိုင်ကြသူများ မဟုတ်ပါ။ အခြားသောဒေသများမှာကဲ့သို့ တံငါမျိုးရိုးရှိသူများသာ တံငါအလုပ်ကို လုပ်ကြသည်။ အင်းလေးကန်တွင် အများစုလူတို့က မိဘမျိုးရိုးအလိုက် ဆင်းသက်လက်ဆင့်ကမ်းလာကြသော လုပ်ငန်းများဖြင့် အသက်မွေးကြသူများပါသည်။ ဥပမာ-ကုန်သည် ၊ ယက္ကန်း၊ ရွှေပန်းထိမ်၊ ငွေပန်းထိမ်၊ ပန်းဘဲ၊ရေခြံလုပ်ငန်း၊ဆေးလိပ်ခုံလုပ်ငန်း၊တံငါလုပ်ငန်း စသည့် လုပ်ငန်းများကို မျိုးရိုးအမွေခံကာ သားမြေးစဉ်ဆက်လုပ်ကိုင်အသက်မွေးကြသည်။ ထို့အပြင် မိဘဘိုးဘွားက ဆေးဆရာ ၊အကြောပြင်ဆရာဖြစ်ခဲ့လျှင် သားသမီးများ မိဘလုပ်ငန်းကို လက်ဆင့်ကမ်းဆက်လက်လုပ်ကိုင်ကြတတ်သလို မျိုးရိုးမရှိသော်လည်း ၀ါသနာအရ သင်ယူ တတ်မြောက်ကြသူများလည်း ရှိပါသည်။

အင်းသားတို့၏ အိမ်ဆောက်နည်း

ရှေးယခင်က အင်းလေးကန်သည် ယခုလက်ရှိအနေအထားလောက် ကျယ်ဝန်းခြင်းမရှိပါ။ လောပိတရေအားလျှပ်စစ်စက်ရုံအတွက် မိုးပြဲရေကာတာတည်ဆောက်ပြီးမှသာ အင်းလေးကန် တွင် ရေထုများတက်လာကာ ခြံမြေ ၊ လယ်မြေတော်တော်များများ ရေနစ်ကုန်ကြပြီး ကုန်းပိုင်းသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။ ယခင်က ရေစပ်နားတွင်နေထိုင်သူများသည် ရေလယ်သို့ရောက်ကုန်ကြသည်။ ရွာလုံးကျွတ်ရွှေ့ပြောင်းရန်မဖြစ်နိုင်သော ရွာများသာ ရေပေါ်အိမ်ဆောက်နေကြရသည်။ ရေပေါ်တွင်အိမ်ဆောက်ပါက ငြမ်းဘယ်လိုဆင်သလဲ ၊ ကျင်းဘယ်လိုတူးမလဲဆိုသည်ကို လူတိုင်းစိတ်ဝင်စားကြမည်ထင်ပါသည်။ ကုန်းပေါ်နေသူဖြစ်ဖြစ် ၊ ရေတွင်နေသူဖြစ်ဖြစ် တစ်ခုမဟုတ် တစ်ခုအခက်အခဲတော့ရှိတတ်စမြဲဖြစ်ပါသည်။ သို့သော် ကိုယ်ကျင်လည် ကျက်စားရာနေရာပေါ်မူတည်ပြီး မဖြစ်မနေ လုပ်ရမည့်လုပ်ငန်းများကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ကြသည်သာ ဖြစ်သည်။ အင်းလေးတွင် အိမ်ဆောက်ပါက ပျဉ်ထောင်၊ပျဉ်ခင်း၊သွပ်မိုးဖြင့်ဆောက်ကြသလို တိုင်၊အခင်း၊ထရံ စသည်ကို ၀ါးဖြင့်လုပ်၍ သက်ငယ်(သက်ကယ်)မိုးကြသည်လည်း ရှိသည်။ဝါးဖြင့်ဆောက်သည့်အိမ်ဆိုပါက နေ့ချင်းပြီး ဆောက်၍ရသည်။ သစ်ဖြင့် ဆောက်လုပ်သော အိမ်များသာ အိမ်အကြီးအသေးပေါ်မူတည်၍ တစ်လ၊နှစ်လ ကြာတတ်သည်။ ၀ါးအိမ်ဆောက်ပါက ငြမ်းဆင်ရန်မလိုဘဲ သစ်အိမ်များသာ ၀ါးဖြင့်ငြမ်းဆင်၍ ဆောက်ရသည်။ သစ်အိမ်ဆောက်သူများသည် ကုန်ကျစရိတ်ပိုများသည်။ အိမ်တိုင်များအတွက် ကျွန်းသစ်ကိုသာ သုံးကြရသည်။ ရေအတက်အကျရှိ၍ ရေလွတ်အောင်၊ ကြာရှည်ခံအောင် ကျွန်းတိုင်များဖြင့် ဆောက်လုပ်ကြရသည်။ ရေပေါ်တွင် နှစ်ထပ်အိမ်ဆိုပါက ကုန်းပေါ်တွင် ပြန်ဆောက်လျှင် လေးထပ်အိမ်ဆောက်၍ ရသည်။ ရေပေါ်တွင် တစ်ထပ်ခြေတံရှည်ဆိုလျှင် ကုန်းပေါ်တွင် သုံးထပ်အိမ်ဆောက်၍ ရသည်။အင်းလေးတွင် ၀ါဆိုလမှစ၍ တန်ဆောင်မုန်းလအထိ ရေကြီးတတ်ပါသည်။ ရေကြီးချိန်တွင် ရေမနစ်မြုပ်အောင် ရေအတက်အကျကိုချိန်ထား၍ အိမ်ဆောက်ကြရသည်။ ထို့ကြောင့် အင်းလေးရေပေါ်အိမ် ဆောက်၍နေကြသူများသည် ကုန်းပေါ်နေသူများထက် ကုန်ကျစရိတ်ပိုများပါသည်။

အင်းလေးကန်ရှိအိမ်များတွင် အိမ်တိုင်းနီးပါး အိမ်နံဘေး၌ တောင်ပို့ခေါ် ကုန်းမြေများရှိ ပါသည်။ မိသားစုများသူများက အိမ်ဘေးကုန်းပေါ်တွင်တစ်အိမ်၊ ရေပေါ်တွင်တစ်အိမ် တစ်အိမ်စီဆောက်၍ နေတတ်ကြသည်။ အိမ်ဆောက်တော့မည်ဆိုလျှင် ၀ါးအိမ်ဆိုပါက လက်သမားဆရာကြီး တစ်ယောက်သာ လိုပါသည်။ကျန်တာကို ရပ်ရွာမှ ၀ိုင်းဝန်းကူညီလုပ်ကိုင်ပေးကြသည်။ အိမ်ဆောက်မည့်နေရာတွင် ရာကျော်လှေကြီးနှစ်စင်းကို နေရာမရွေ့အောင် ၀ါးလုံးကို ရေတွင်စိုက်၍ လှေကိုထိန်းထားရသည်။ အိမ်အကျယ်အ၀န်းပေါ်မူတည်၍ လှေပေါ်တွင် ပန္နက်ချကြရသည်။ တိုင်စိုက်မည့်နေရာကို အမှတ်အသားပြုလုပ်၍ လူအင်အားဖြင့်တိုင်ကို စိုက်ရသည်။ ၀ါးအိမ်ကို နေ့ချင်းပြီးဆောက်ကြသည်က များသည်။ အိမ်ဆောက်မည့်အချိန် အခါပေးစောလျှင် စောသလို ဆောက်လုပ်ချိန်စောပြီးကြသည်။ အိမ်အခါပေးသည့်အခါ ညနေခင်းအိမ်တက်မည့်အချိန်ပါ တစ်ခါတည်း အခါပေးကြရသည်။ အိမ်ဆောက်သည့် နေ့တွင် ကျွေးမွေးစရိတ်အကုန်အကျခံနိုင်သူများသည် ရွာလုံးကျွတ် ၀ိုင်းဝန်းကူညီကြ သောသူများကို ဧည့်ခံကျွေးမွေးကြရသည်။ ကျွေးမွေးဧည့်ခံစရိတ် မတတ်နိုင်ပါက အိမ်ဆောက်ပေးသူများက ကိုယ့်စားရိတ်ကိုယ်စား၍ ၀ိုင်းဝန်းကူညီလုပ်ကိုင်ပေးကြသည်။

အင်းလေးဒေသဓလေ့ထုံးစံများသည် အလွန်ချစ်စရာကောင်းပါသည်။ အိမ်တစ်အိမ်ဆောက် မည်ဆိုလျှင် ..ဥပမာ-အိမ်ထောင်ကျခါစ ဇနီးမောင်နှံက မိသားစုများနှင့် အိမ်ခွဲဆောက်ချင် သည် ဆိုကြပါစို့။ ထိုဇနီးမောင်နှံတွင် နှစ်ဘက်မိဘများက အိမ်ဆောက်မပေးနိုင်လောက် အောင်ဆင်းရဲပါက နီးစပ်ရာဆွေမျိုး ၊ မိတ်သင်္ဂဟ ၀ါးခြံပိုင်သူများထံတွင် တစ်ခြံကို နည်းနည်းစီဝါးလုံးများလိုက်တောင်း၍ အိမ်တစ်လုံးဖြစ်အောင် ဆောက်၍ရပါသည်။ အိမ်ဆောက်သည့်နေ့တွင် ရွာမှ ၀ိုင်းဝန်းကူညီ၍ ဆောက်ပေးကြသည်။ ရွာတွင် အိမ်ဆောက် ၊ သာရေး ၊နာရေးရှိပါက ကိုယ့်အိမ်လုပ်ငန်းများကိုရပ်ပြီး ၀ိုင်းဝန်းကူညီလုပ်ကိုင်ပေးကြသည် မှာ ရွာ၏ထုံးတမ်းစဉ်လာပင် ဖြစ်ပါသည်။


 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews