ဒီနေ့ ကျွန်တော့်အချစ်ဆုံးလူတွေထဲက တစ်ယောက်ရဲ့မွေးနေ့ပါ.. အခုမွေးနေ့မှာတော့ သူကိုယ်တိုင်က လူချစ်လူခင်များတဲ့သူဖြစ်၊ မြန်မာပြည်မဟုတ်တဲ့နေရာမှာ နေသားကျနေလောက်ပြီလည်းဖြစ်လို့ ပျော်ရွှင်စရာမွေးနေ့ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်.. မွေးနေ့လက်ဆောင်ဘာပေးရမလဲဆိုတာ အရင်ရက်တွေကတည်းက ကြိုတင်စဉ်းစားခဲ့တာ.. မနက်ခင်းက တောင်ပေါ်ကိုပြန်သွားဖြစ်တဲ့အတွက် မနက်ခင်းအတွက်လက်ဆောင် မပေးဖြစ်တော့ပါဘူး.. ဘ၀ဆိုတာ ကြံစည်တိုင်းလည်းမဖြစ်.. မကြံစည်လည်းဘဲ ဖြစ်တတ်ပါသတဲ့.. ကြံစည်တိုင်းမဖြစ်ခဲ့ရတဲ့ အစီအစဉ်တစ်ခုဖြစ်သွားတယ်.. အဲဒီလက်ဆောင်မပေးရလည်း ကြိုတင်စဉ်းစားထားတာထဲက နောက်တစ်ခုကို ပေးဖြစဖို့ ဒီပို့စ်လေးတင်ဖြစ်တာပါ..
စာဖတ်ပျင်းတဲ့သူငယ်ချင်းရေ.. ဒီပို့စ်ကိုတော့ ပြီးအောင်ဖတ်ပေးပါ..
ချစ်ခင်သူတွေဝိုင်းဝိုင်းလည်နေတဲ့သူငယ်ချင်းကို သီချင်းလေးတစ်ပုဒ်ဆိုပြချင်တယ်... အဲဒီသီချင်းထဲက စာသားတချို့ကို ကျွန်တော်သိပ်သဘောကျပါတယ်.. သီချင်းက ခေတ်ဟောင်းသီချင်းတစ်ပုဒ်ပါ.. တစ်ကျော့နှစ်ကျော့တေးကိုသီတဲ့.. ဆရာမင်းသုဝဏ်ရဲ့ ပန်းကောက်ကဗျာလေးနဲ့ အစပျိုးထားပါတယ်.. ဒီသီချင်းဟာ ရုပ်ရှင်ဇာတ်ဝင်သီချင်းလည်း ဖြစ်တယ်.. တစ်ကျော့နှစ်ကျော့တေးကိုသီ ဇာတ်ကားထဲမှာ အဆိုတော်တင်တင်မြ ဆိုထားတဲ့သီချင်းပါ.. ဇာတ်လမ်းကတော့ တော်တော်များများသိပြီးသားဖြစ်မယ်ထင်ပါတယ်.. တင်တင်မြဟာ သူ့ချစ်သူဝင်းဦးကို ညီမဖြစ်သူချိုပြုံးကလုယက်ခြင်းခံရပြီး မရှေးမနှောင်းမှာပဲ သူဟာမွေးစားသမီးလို့ သိလိုက်ရတယ်.. အမေရင်းကိုလိုက်ရှာပြီးတွေ့တော့လည်း နှင်ထုတ်ခံရတယ်.. ညီမဖြစ်တဲ့ချိုပြုံးရဲ့အမုန်းကိုလည်း သူရပါတယ်(၀င်းဦးကို လုတုန်းကလုပြီး ၀င်းဦးက သူ့ကိုမချစ်လာတော့ အစ်မဖြစ်တဲ့သူကို ဒေါကန်တာပါ).. ချစ်သူလည်းရှုံး၊ မိဘလည်းမဲ့၊ မွေးစားအိမ်ကညီမရဲ့ချစ်ခြင်းကိုလည်းမရတဲ့ တင်တင်မြက ဒီသီချင်းလေးကို နောက်ဆုံးဇာတ်ဝင်ခန်းမှာ ဆိုသွားတာပါ.. သီချင်းစာသားတွေထဲက..
"ကျွန်မတို့ငယ်ငယ် အမိရယ်အဖရယ်ဘ၀၀ယ်စုံစုံညီ
ချစ်သဒ္ဓါလောင်း မေတ္တာအပေါင်း
ချစ်ကြောင်းကုန်စင်သည်.. ချစ်ကြောင်းကုန်စင်သည်
တစ်မိတစ်ဝမ်းချမ်းမြလျှမ်းပ ဘယ်သူ့မှ မမျှမဝေ
ရလေလိုလေ ဖြစ်ခဲ့မိပါသည်….
သစ္စာအမြဲ မရမနေအထိသာ…
မေတ္တာ အသည်းမျှဝေကြည့်ကာ သိရတာ စာနာပြီ..
အဖြစ်ဇာတ်နမူ စုံလင်..မမေ့သည်
အချစ်ငတ်သူတွေ တစ်ပုံတပင်တွေ့ရပါပြီ
ချစ်တတ်သူဆွေ ဂုဏ်အင်္ဂါကပဲ
အသည်းတွေ…ခွဲဝေ… ပေးနိုင်ရပါမည်
မေတ္တာယူတော့ မေတ္တာပေး
တေးအဓိပ္ပာယ် အသွယ်သွယ်ထူးတလီ
ကျေးဇူးတင်ရပါစေမည်" .. ဆိုတဲ့အပိုဒ်ရယ်.. နောက်တစ်ပိုဒ်က..
"ကျွန်တော်တို့ ကျွန်မတို့လေ..
ချစ်လေသူကို.. ချစ်လေသူကို..
ကိုယ်ကတဖန် ပြန်လည်ချစ်တတ်ကြပါစေအတည်…
ဘ၀တေးဆိုလျှင် ခဏလေးမဆိုချင်
ကျော့ကျော့လွင်မှ အသွင်လှပါလေမည်
သို့သော်လည်း… မုန်းတေးတစ်ခါကျော့လျှင်
ချစ်တေး တစ်ခါနှစ်ခါ.. သုံးခါလေးခါ..
အခါခါကျော့စေချင်ပါသည်.. အခါခါကျော့စေချင်ပါသည်.." .. စာသားလေးတွေက သိပ်လှပါတယ်..
လူတွေမှာ ချစ်ခြင်းနဲ့ပတ်သက်လို့ အမျိုးအစားခွဲကြည့်ရင် ချစ်တတ်တဲ့သူ-မချစ်တတ်တဲ့သူ ၊ ချစ်ခြင်းကိုရအောင်လုပ်တတ်တဲ့သူ-ရအောင် မလုပ်တတ်တဲ့သူ၊ ရရှိပြီးသားချစ်ခြင်းတွေ တည်မြဲအောင် ထိန်းသိမ်းတတ်တဲ့သူ-မထိန်းသိမ်းတတ်တဲ့သူ၊ အချစ်ခံရခြင်း-ချစ်ရခြင်းမှာ ရောင့်ရဲနိုင်သူနဲ့ မရောင့်ရဲနိုင်သူ.. စသဖြင့် ကျွန်တော်ခွဲခြားကြည့်မိတယ်.. ဘယ်လိုပဲဖြစ်ဖြစ် အချစ်ဆိုတာ မူလက ဘာအရောင်မှမရှိကြည်လင်တဲ့သဘောသာရှိမယ် (တရားသဘောနဲ့ကြည့်ရင်တော့ တစ်မျိုးဖြစ်မယ်ပေါ့လေ).. အချစ်ဖြစ်တည်တဲ့ နေရာ(လူ)အပေါ်မူတည်ပြီး အချစ်ဟာ အရောင်တွေ ပြောင်းသွားတတ်ပါတယ်.. ချစ်ခြင်းဖြစ်ပေါ်တဲ့ လူပေါ်မူတည်ပြီး အချစ်ရဲ့တန်ဖိုးကလည်း ပြောင်းလဲသွားတတ်ပါတယ်.. ကျွန်တော်ဆိုလိုတဲ့အချစ်ဟာ သူငယ်ချင်းချင်း၊ မိသားစုချင်း၊ ချစ်သူချင်းချင်း အားလုံးကြားမှာ ဖြစ်တတ်တဲ့အချစ်ပါ.. လူနှစ်ဦး(လူအချင်းချင်း) ကြားကအချစ်ဟာ ချစ်တတ်ခြင်းနဲ့ ထိန်းသိမ်းနိုင်တဲ့အစွမ်း-ရောင့်ရဲနိုင်စွမ်းပေါ်မူတည်ပြီး တည်တံ့ခြင်းအချိန်ကွာပါလိမ့်မယ်.. (မိဘနဲ့ သားသမီးကြားကအချစ်က ချွင်းချက်ပေါ့လေ).. ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ပေါ်လာတဲ့ချစ်ခြင်းတွေကို တည်တံ့အောင်ထိန်းသိမ်းပြီး မဖြစ်နိုင်တော့ဘူးဆိုမှ လက်လွှတ်စေချင်ပါတယ်.. မုန်းဖို့ဆိုတာ လွယ်တယ်မဟုတ်လား.. ကိုယ့်အပေါ်သူလုပ်ဖူးတဲ့အမှားတွေ ထပ်ခါထပ်ခါမြင်ပစ်လိုက်တာနဲ့ အမုန်းတရားဆိုတာ ချက်ချင်းပွားသထက်ပွားလာနိုင်တာပဲ.. တကယ်ချစ်ဖို့ဆိုတာ ခက်ခဲပါတယ်..
တစ်ဖက်သားကို ပြန်ချစ်တဲ့နေရာမှာလည်း တစ်ဖက်ကလိုချင်တဲ့ပုံစံနဲ့မဟုတ်ရင်တောင် တခြားပုံသဏ္ဍာန်မျိုးနဲ့ ချစ်နိုင်ပါသေးတယ်..
ချစ်သူခင်သူများတဲ့ သူငယ်ချင်းရေ… အချစ်ငတ်သူတွေ တစ်ပုံတစ်ပင်ရှိနေလေတော့ ကိုယ့်ကိုချစ်လေသူကို ကိုယ်ကတဖန် ပြန်လည်ချစ်တတ်ပါစေ… မုန်းတေးတစ်ခါကျော့မိရင် ချစ်တေးတွေ အခါခါဆိုနိုင်ပါစေလို့… အဖြစ်အပျက်များစွာ အတွေ့အကြုံများစွာထဲက ရှာဖွေတွေ့ရှိခဲ့တဲ့ ချစ်ခြင်းဖြင့် စိတ်ငြိမ်းချမ်းခြင်းသဘောတစ်ခုကို မွေးနေ့လက်ဆောင်အဖြစ် ဝေမျှလိုက်ပါရစေ.. Happy Birthday, May Zin!!
Labels: BirthdayWish, Events
ပန်းနံ့ မွှေးမွှေး ခေါင်းအုံးဘေးကနေရာလေးကို စွန့် ခဲ့ပြီ...
နဖူးစွန်းမှာ ပိုင်သူရဲ့ အမည်တပ်
အနောက်မှ အရှေ့ သို့ ခရီးထွက်....။
တိုက်ခိုက်မှုအနည်းဆုံးယာဉ်ထက်
ယာယီလက်မှာ ပျော်တော်ဆက်....
ဝါးလုံးမကွဲ အပြုံးမစဲစေ
အသက်သွင်းသူရဲ့ စေတနာတွေ
တစ်မျက်နှာချင်း လှစ်ဟခြွေ
နွေနေမှာ လေပြေမသွေးနိုင်လည်း
စိတ်နှလုံးတွေ ကြည်စေ အေးစေ.....။
တေလေလိုလွင့် မြေမှာပင်မွေ့ ချင်လည်း
ပန်းတစ်ပွင့်အိပ်မက် အသက်ဆက်ရအောင်
ငြိုငြင်မှာလည်း သိနေ...
မလိုချင်ရင်လည်း ရှိစေ..
သေရေးရှင်ရေးအဖြစ် အရေးမကြီးတဲ့ကောင်အနေနဲ့ 
ထားရာမှာနေဖြစ်တော့မယ်
မင်းလက်က အယုအယတွေ
ခပ်ဖွဖွအနမ်းလေးတွေ
ပန်းစုံသင်းတဲ့ ဆံနွယ်တွေ
လွမ်းးး လွမ်းတယ်လေလေ့... ပန်းကလေးရေ...။
5:00 pm to 7:10 pm
Labels: Poem
ဆည်းဆာဆိုရင် နေ၀င်ချိန်ကိုပဲ ပြေးမြင်တတ်ကြပါတယ်.. မနေ့က မေလထုတ် သူရဇ္ဖမဂ္ဂဇင်းဖတ်မိတော့မှ ဆည်းဆာချိန်လေးမျိုးရှိတဲ့အကြောင်း သိရတယ်.. စာရေးသူအမည်က စရဏပါ.. ဆည်းဆာဆိုတာ “ကူးပြောင်းချိန်”လို့ အဓိပ္ပာယ်ရှိပါသတဲ့.. ဆည်းဆာအမျိုးအစားလေးမျိုးက အရုဏ်ဦးဆည်းဆာ (ညဥ့်အမှောင်ပျောက် နေ့အလင်းသို့ ကူးပြောင်းဝင်ရောက်ချိန်) ၊ မွန်းတည့်ဆည်းဆာ (မနက်ခင်းကနေ မွန်းလွဲချိန်ကို ကူးပြောင်းတဲ့အချိန်) ၊ နေ၀င်ဆည်းဆာ (နေ့အချိန်မှ ညဥ့်ဦးယံသို့ ကူးပြောင်းချိန်) ၊ သန်းခေါင်ယံဆည်းဆာ (ညဥ့်ဦးယံအချိန်မှ ညဥ့်လယ်ယံသို့ ကူးပြောင်းချိန်) ဆိုပြီး လေးမျိုးရှိတယ်လို့ မှတ်သားရပါတယ်.. မြန်မာစာက၀ိများအတွက်မဟုတ်ဘဲ ကျွန်တော့်လို ဆည်းဆာအမျိုးအစားတွေ ခွဲခြားမသိသေးသော လူများအတွက် ဝေမျှလိုက်ပါတယ်ဗျာ.. ခုပြောသွားတဲ့ဆည်းဆာအချိန်တွေကို အင်္ဂလိပ်လို စကားလုံးများရှိမယ်ထင်ပါတယ်.. ဝေမျှပေးနိုင်ရင် ကောင်းပါမယ်.. ကျွန်တော်သိတာတော့ dawn နဲ့ sunset ..
Labels: Knowledge
မန္တလေးကို အလည်ပြန်လာတဲ့ မောင်လေးတစ်ယောက်က ညည်းညူပါတယ်.. လက်ဖက်ရည်ဆိုင်ထိုင်ချင်လို့ လိုက်ရှာလိုက်ရတာ.. ဘီယာဆိုင်တွေက မှိုလိုပေါက်.. လက်ဖက်ရည်ဆိုင်တွေက ကြားညပ်ပြီး ပျောက်နေတယ်တဲ့.. ကျွန်တော်တို့လမ်းထဲ ရှမ်းခေါက်ဆွဲဆိုင်လေးက တရုတ်မလည်း ရှမ်းဆိုင်ဆက်မဖွင့်တော့ဘူး.. ဘီယာနဲ့ အကင်ဆိုင် သွားဖွင့်နေပြီတဲ့.. ရုံးနားက မင်းသီဟလက်ဖက်ရည်ဆိုင်ဖွင့်သွားတဲ့ အရင်နေရာမှာ ဘီယာဆိုင်က ဟီးလို့.. ရုံးကအပြန် လမ်းတလျှောက်လည်း ဘီယာဆိုင်တွေက မီးရောင်စုံတလက်လက်နဲ့ ဆိုင်ကယ်အပြည့်ပါပဲ.. ဒါဟာ ကောင်းခြင်းလက္ခဏာလား ဆိုးခြင်းလက္ခဏာလား.. ကောင်း၏ ဆိုး၏ ယတိပြတ်ပြောလို့ ရပါ့မလား စဉ်းစားမိပါတယ်.. ဘာသာရေးရှုထောင့်ကကြည့်ရင်တော့ ကံတစ်ပါးကျိုးဖို့အခွင့်အရေးများလာတယ် ပြောရမှာပဲ.. စင်တင်တေးဂီတဘာညာပါလာရင် အင်း.. ကျိုးမယ့်ကံတွေ နောက်ထပ်တိုးလာမယ်.. ဆိုတော့ ဘာသာရေးဘက်ကကြည့်ရင် မကောင်းဘူးလို့ အဖြေထွက်မယ်လို့ ယူဆပါတယ်.. ဒါဖြင့် ကျန်းမာရေးကကြည့်ရင်ရော.. တလောလေးက planet မှာ ဘီယာဟာ အရိုးကိုသန်မာစေပြီး အရိုးနဲ့ ပတ်သက်တဲ့ရောဂါတွေ ကာကွယ်ပေးတယ်ဆိုတဲ့သတင်း ဖတ်လိုက်ရပါတယ်.. အလွန်အကျွံဆိုရင်တော့ သူလည်း ဆိုးကျိုးရှိမယ်လို့လည်းသတိပေးထားပါတယ်.. ဒါဆို ဘီယာဆိုင်တွေပေါလာတာ ကြိုဆိုရမလားပေါ့.. အရိုးကို သန်မာစေတယ်ဆိုတာကိုး.. အာရှဖွားအမျိုးသမီးအများစုက အရိုးကြွပ်ဆတ်တာ၊ အရိုးပွရောဂါဖြစ်လွယ်ပါသတဲ့.. ဆိုတော့ ကိုယ်တောင် ဘီယာစွဲသောက်ကြည့်ရတော့မလား တွေးမိသေးတယ်.. ဘီယာတစ်ဂျားကို ၅၀၀ ကျပ်ပဲဆိုတာကိုး.. ဒါပေမယ့် ဘီယာဗိုက်ဆိုတာ မျက်စိထဲမြင်ကြည့်လိုက်တော့ အဲဒီအတွေးကို လက်လျှော့လိုက်ပါတယ်..း) ဘီယာကို မသောက်ဖူးလို့ ဘီယာသောက်ဖူးတဲ့သူငယ်ချင်းတွေကို မေးကြည့်ပါတယ်.. ပထမနှစ်ခွက်လောက်ပဲ အရသာရှိတယ်.. ဒါတောင် ဘီယာကလည်း အေးစိမ့်နေမှ၊ ထည့်တဲ့ခွက်ကလည်း ရေခဲစိမ်ခွက်မှ သောက်လို့ကောင်းပါသတဲ့ .. အဲလိုဆိုရင်တော့ လူက လန်းဆန်းတက်ကြွသွားတယ်ဆိုပဲ.. (မေးထားမိတဲ့ ဘီယာသောက်နည်းပါ ) နှစ်ခွက်ထက်ကျော်ရင်တော့ ရီတီတီဖြစ်လာတဲ့အတွက် မူးတာကိုမကြိုက်ရင် နှစ်ခွက်က အကောင်းဆုံးပါတဲ့.. ဘီယာဟာ ဗိုက်ရွှဲတာလောက်ကလွဲပြီး ထူးထူးထွေထွေမကြားဖူးတော့ ကျန်းမာရေးရှုထောင့်ကကြည့်ရင် ဘာမှသိပ်ပြောစရာမရှိသလိုပါ.. ဒါပေမယ့် ဘီယာနဲ့ တွဲရောင်းတဲ့အကင်ကတော့ ပြသ၁နာရှိပါတယ်.. ကာဗွန်တွေလွှမ်းထားတဲ့ အကင်တွေဟာ ကင်ဆာဖြစ်နိုင်ခြေပိုများတဲ့အကြောင်း ဆရာဝန်တွေနဲ့ ကျန်းမာရေးစာစောင်တွေမှာ ဖတ်ဖူးပါတယ်.. ဆိုတော့ အကင်တွေအရောင်းများလာတာ ကျန်းမာရေးရှုထောင့်အရ မကောင်းဘူးလို့ မြင်မိပါတယ်.. ဘီယာဆိုင်ဆိုတာ အရင်က ယောက်ျားလေးပဲ အထိုင်များလိမ့်မယ်.. နောက်ပိုင်းကျ တခြားအစားအသောက် (မာလာဟင်း၊ အကင်..စတာတွေ )ရလာတော့ မိန်းကလေးတွေပါ ထိုင်ကြတယ်.. အကင်အစားများမယ့်သူက မိန်းကလေးတွေလို့ မှန်းကြည့်မိပါတယ်.. ကျွန်တော်တို့လည်း သူငယ်ချင်းတွေနဲ့အတူ ဘီယာဆိုင်ထိုင်ဖူးတယ်.. ဘီယာမသောက်ဘဲ အကင်စားလိုက် ၊ ဟင်းစားလိုက် လုပ်ခဲ့ကြတာဆိုတော့လေ.. ဘီယာတော့ တော်သင့်ရုံသောက်ချင်သောက်.. အကင်တော့ အများကြီးမစားမိအောင် သတိထားကြပါလို့ပဲ ပြောရတော့မယ်.. လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုကနေ ဘီယာဆိုင်ယဉ်ကျေးမှုကိုပြောင်းနေတဲ့ အကူးအပြောင်းကာလမှာ သတိထားစရာတွေပါ..
Labels: Events
မနေ့က...
သူငယ်ချင်းတစ်ယောက်သွားချင်တဲ့ဘုရားကို မနက်စောစောထပြီး လိုက်ပို့ဖြစ်ပါတယ်.. နှစ်ယောက်သား အိမ်တွေမှာချိန်းဖို့ရာ မလွယ်တော့ တမြန်မနေ့ကတည်းက ညဘက်ရုံးမှာအိပ်လိုက်ကြတယ်.. မနက်ထတော့ မီးကမလာ.. ရာသီဥတုကလည်း ပူတာလိုလို အေးတာလိုလိုနဲ့.. နေက တော်တော်နဲ့မထွက်.. မှောင်နဲ့မည်းမည်း.. မနက် ၅ နာရီ၊ ၅ နာရီခွဲဆိုတာ မနက်အစောထပြီးသွားလာနေကျလူတွေအတွက် ဘာမှမဟုတ်ဘူးပေါ့.. ကိုယ်တွေက မနက်အစောထ ခရီးသွားလာတာမျိုး သိပ်ရှားတာကိုနော်.. သူငယ်ချင်းနှစ်ယောက်ကလည်း တစ်ယောက်က မနက်အား.. တစ်ယောက်က ညနေမှအား.. စနေ တနင်္ဂနွေကျ ကိုယ်ကမအားဆိုတော့ အားတဲ့အချိန်ချိန်းလိုက်ကြတာ မနက်အစောကြီးဖြစ်ကရော.. သွားရမယ့်နေရာကလည်း မြို့ပြင်မှာ.. နေမထွက်ပေမယ့် အလင်းလေးနည်းနည်းရှိပါတယ် ၊ လမ်းသွားရင်း မိုးလင်းသွားလိမ့်မယ်ဆိုပြီး ဆိုင်ကယ်တစ်စီးနဲ့ထွက်ခဲ့ကြတယ်.. အနောက်ကျူံး.. လူရှင်းတယ်.. အအေးက ပုံမှန်ပဲ.. မြောက်ကျူံးဘက်ရောက်.. ဂေါက်ကွင်းဘက်အသွားလမ်း (မတ္တရာလမ်း ) ကွေ့လိုက်တဲ့အချိန် အားးးး အေးလိုက်တာ.. အနွေးထည်က ကုတ်တစ်ထပ်တည်းဝတ်လာမိတာ.. ဆိုင်ကယ်စီးရင်း ချမ်းလာတယ်.. မေးတောင် နည်းနည်းရိုက်ချင်ချင်ရယ်.. မန်းတောင်ရဲ့အရိပ်နဲ့ ဂေါက်ကွင်းဘက်နားက သစ်ပင်တွေကြောင့် နွေရောက်တာတောင် အေးနေတာ.. ပုံမှန် မန္တလေးနွေဆိုရင်တော့ ဘယ် ဒီလောက်အေးလိမ့်မလဲ.. ရာသီဥတုက ဘာကြီးဖြစ်နေမှန်းကို မသိတာ..
ဂျီတီစီကျောင်းသွားတဲ့နားရောက်တော့ စစ်ဆေးရေးဂိတ်ကိုတွေ့တယ်.. ရွှေကျင်ကွေ့အကျော်ပေါ့.. ကိုယ်သွားဖူးမယ့်ဘုရားက ဂျီတီစီကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာ.. စစ်ဆေးရေးဂိတ်ကို ကျောင်းသွားတဲ့လမ်းအ၀င်ဝမှာ ဘာလို့များထားတယ်မသိဘူးလို့ သူငယ်ချင်းက ပြောပါတယ်.. အန္တရာယ်များတယ်.. ကားရပ်တာတွေ ၊ သွားတာတွေနဲ့.. ဆိုင်ကယ်တွေနဲ့.. အ၀င်လမ်းက ကတ္တရာလမ်းမို့ နည်းနည်းတော်သေးတယ်.. အဲဒီဘက်က မြူပိုထူသလိုပဲ.. ရွှေရောင်တ၀င်းဝင်းနဲ့ စေတီကိုမြင်တယ်.. အ၀င်မုခ်ဦးက ခပ်မှောင်မှောင်.. ဝေလီဝေလင်းအချိန်ဆိုတော့ ဘုရားဖူးတွေလည်းမရှိ.. လမ်းသွားလမ်းလာလည်းသိပ်မရှိ.. ဒီဘုရားဖြစ်မှာပဲဆိုပြီး ပြောပြောဆိုဆို ဆိုင်ကယ်ကိုကွေ့ပြီးဝင်ချလိုက်တော့ အတူပါလာတဲ့သူငယ်ချင်းက ထအော်ပါတယ်.. ဟယ်..ဟယ်.. လုပ်ချလိုက်ပြန်ပြီ.. ငါ ကြောက်တယ်တဲ့.. ဒုက္ခော.. သူသွားချင်တယ်ဆိုလို့ လိုက်ပို့တာ.. ကျွန်တော်လည်း ၀င်ပြီးမှတော့ မထူးဘူး.. အထဲထိဆက်ဝင်လိုက်တယ်.. မျက်လုံးကလည်း ဘုရားဝတ်ပြုလို့ရမယ့်နေရာ လိုက်ရှာ.. ဇရပ်ကြီးကြီးတစ်ဆောင်တွေ့လို့ အဲဒီနားမှာ ဆိုင်ကယ်ရပ်ပြီး ပတ်ဝန်းကျင်ကို နည်းနည်းအကဲခတ်.. ဘုရားဝင်းရဲ့ အရှေ့တောင်ထောင့်လောက်မှာလည်း ဇရပ်လိုလို ဓမ္ဖာရုံလိုလိုဟာတွေ့တယ်.. ဘုရားဝင်းထဲမှာ ကားတွေရော ၊ နွားတွေရောဗျာ... ဘုရားနားက သစ်ပင်မှာ နွားနှစ်ကောင်ကြိုးချည်ထားတယ်.. ကားက နှစ်စီးလောက်ပေါ့.. ကားဝပ်ရှော့လာဖွင့်ထားတာလားမသိလို့ သူငယ်ချင်းက ထင်ကြေးပေးတယ်.. နှစ်ယောက်သား ဟိုဒီကြည့်နေတုန်း ဇရပ်ပေါ်အိပ်နေတဲ့သူက ခြင်ထောင်မ,ပြီး ထကြည့်တယ်.. ဆိုင်ကယ်သံကြားလို့ နိုးလာတယ်မှတ်တယ်... ဒါနဲ့ ကျွန်တော်လည်း ခပ်တည်တည်နဲ့ ဒီဘုရားက ဘာဘုရားခေါ်လဲလို့မေးလိုက်တာ.. လောကမာရဇိန်ဆိုလားဘာလားမသိ.. ပြန်ဖြေတယ်.. မဟုတ်ဘူး အရပ်ခေါ်ကိုမေးတာဆိုတော့.. မယားကြီး မယားငယ်ဘုရားတဲ့ (ဘုရားကြီး ဘုရားလေးလို့လည်း ခေါ်ပါတယ် ).. ဒါက မယားကြီးဘုရားလားဆိုတော့ ဟုတ်တယ်တဲ့..
ဘုရားပေါ်တက်လို့ရလားဆိုတော့ မရဘူးတဲ့.. အေးရော.. အောက်မှာလည်း ထိုင်စရာမရှိ.. ဇရပ်ပေါ်မှာလည်း လူအိပ်နေတာကိုနော်.. အဲဒီပေါ်မှာ ဘာတွေရှိမှန်းလည်း ကိုယ်မှမသိတာ.. စေတီတည်ထားပုံကလည်း ပုဂံဘက်က ရွှေစည်းခုံဘုရားလို ပုံစံမျိုးနဲ့.. စေတီခြေရင်းကနေ အပေါ်ကို လှေကားလုပ်ထားတယ်.. လှေကားကို အုတ်မြင့်မြင့်နဲ့ခံပြီးလုပ်ထားတာ.. ဘုရားပေါ် မိန်းမတက်လို့မရအောင်ထင်ပါရဲ့.. ဓမ္ဖာရုံလိုလိုနေရာမှာ ဘုရားဝတ်ပြုလို့ရမလားလို့ စမ်းတ၀ါးဝါးနဲ့ သွားကြည့်တော့ တံခါးပိတ်ထားတယ်.. အထဲမှာ ၃၇ မင်း နတ်ရုပ်တွေနဲ့.. အဲဒီထဲက ခွေးတွေက ထ,ဟောင်ပါရော.. ခွေးဟောင်သံကြားတော့ အမျိုးသမီးတစ်ယောက်ထွက်လာတယ်.. သူလည်း အိပ်ရာထလာတာ.. (ဖြစ်ရလေ) ကျွန်တော်တို့လည်း အားနာတာနဲ့.. ရတယ် ရတယ်.. တံခါးမဖွင့်တော့နဲ့.. အပြင်မှာ ကျွန်တော်တို့ ဘယ်နားမှာ ဘုရားဝတ်ပြုလို့ရမလဲလို့မေးတော့.. အုတ်လှေကားပေါ်မတက်ခင် လှေကားရင်းကနေ ၀တ်ပြုလို့ရတယ်တဲ့.. ဟူးးးး ဒါနဲ့ လာရာလမ်းပြန်လှည့်ပြီး ဘုရားဝတ်ပြုနိုင်မယ့်နေရာရှာ.. မြောက်ဘက်မုခ်လှေကားရင်းမှာ ဘီလူးနှစ်ကောင်ငုတ်တုတ်ထိုင်နေတယ်.. အုတ်ခုံအမြင့်ကြီးပေါ်လည်း ဘယ်လိုမှတက်ရမှာမဟုတ်လို့ မြေကြီးပေါ် ဖိနပ်လေးခု.. ဘုရားဝတ်ပြုပြီး နောက်ဘုရားတစ်ဆူကို ကူးခဲ့တယ်..
နောက်တစ်ဆူကလည်း အဲဒီဘုရားနဲ့ ကပ်ရပ်ဝင်းကပဲ.. ပုံသဏ္ဍာန်ရော ဘာရော အကုန်အတူတူပဲ.. ထုံးသင်္ကန်းကပ်ထားတာရယ် ၊ ထီးအသစ်တင်ထားတာရယ်ပဲ ကွာတယ်.. သူငယ်ချင်းက သူ့အသိ ထီးတင်တဲ့ဘုရားက ဒီဘုရားဖြစ်လိမ့်မယ်လို့ ပြောပါတယ်.. အဲဒီကတော့ အုတ်ခုံသိပ်မမြင့်လို့ အုတ်ခုံပေါ်တက် ၊ လှေကားရင်းမှာ ဘုရားဝတ်ပြု ပုတီးစိတ်ပြီး ဘုရားဝင်းထဲပတ်ကြည့်တယ်.. ပန်းနံ့ရလို့ ဘေးဘီကိုကြည့်လိုက်တော့ တမာပင်တွေတွေ့တယ်.. တမာတွေပွင့်ချိန်မို့ မနက်ခင်းလေမှာ တမာနံ့လေးက သင်းနေတာပဲ.. သူငယ်ချင်းက အိပ်မက်ထဲမှာဖူးရတဲ့ဘုရားနဲ့ တူတော့တူတယ်.. ဒါပေမယ့် ဘုရားဝင်းထဲမှာ ရေမရှိဘူးတဲ့.. အန်.. နင်ကလည်း ခုခေတ်နဲ့ အရင်ခေတ်တူမလား.. အရင်တုန်းက ဒီဘက်တွေ ရေရှိချင်ရှိမှာပေါ့လို့ ... ရောက်တက်ရာရာပြောရင်း ပြန်ခဲ့ကြတယ်..
ကတ္တရာလမ်းကလည်း ဘုရားကြီးရှေ့ (ဂျီတီစီကျောင်းရှေ့)ထိပဲ ခင်းထားတာ.. ဘုရားလေးဘက်ကိုသွားတော့ ကျောက်ခင်းလမ်းပဲရှိတယ်..ဘုရားဝင်းနှစ်ခုက ကပ်ရပ်နော်.. ကျောင်းသားတွေညံမှာစိုးလို့ ကတ္တရာလမ်း ခင်းပေးထားတာနေမှာပေါ့လို့ မှတ်ချက်ချဖြစ်ကြတယ်.. အသွားလမ်း ပြေသလောက် အပြန်လမ်းဘက်က လှိုင်းများပါတယ်.. နောက်ကထိုင်တဲ့သူငယ်ချင်းကတော့ ရင်တမမနဲ့ပေါ့.. အသွားတုန်းက ဘုရားရောက်ရင် အေးအေးဆေးဆေးဘုရားဝတ်ပြု ၊ ပုတီးစိတ်မယ်လို့ ကြံတွေးထားသမျှ.. တကယ်ရောက်တော့ ခဲလေသမျှ သဲရေကျ.. ပဲရေပွဖြစ်ကုန်တယ်.. ဟီးး မနက်စောစောစီးစီး အရွယ်ကောင်းမိန်းကလေးနှစ်ယောက် ဘုရားလာဖူးကြတယ်ဆိုတော့ တို့တွေကို ဥစ္စာစောင့်တွေမှတ်နေကြဦးမယ်လို့ ပြောရင်းရယ်ကြရပါသေးတယ်.. မနေ့ကပါ..
Labels: Events
လေပြေငယ်သွေးတယ်.. အတိတ်ရယ် အဝေးမယ်.. တရွေ့ရွေ့ကိုယ့်ဆီလှမ်းလာနေလား.. မနေဘူးလား.. အဖြေမရှာဖြစ်မိတာကြာပြီပဲ.. အတိတ်ပုံဆောင်တာတွေများတဲ့အချိန်မှာ ဒီလိုပဲ စိတ်ကယောင်ချောက်ချားဖြစ်တတ်လေရဲ့... ရွှန်းမြမြ မျက်ဝန်းနက်တွေနဲ့ ဟန်မဆောင်တတ်တဲ့ အကြည့်တွေအကြောင်းက ကံကောင်းလိုက်တာဆိုတဲ့ အတွေးတစ်ခုအောက်မှာ စုံးစုံးမြုပ် ပျောက်လုလု.. နဂိုကတည်းက လက်တွဲသွားမယ်မှ စိတ်မကူးဖြစ်ခဲ့တာ.. လေပြေငယ်အသော့မှာ ခပ်မော့မော့လေး ကြည်နူးချင်ခဲ့တာမျိုးပါ..
အချစ်စစ်ခြင်း မစစ်ခြင်းကို အပိုင်လိုချင်ခြင်းနဲ့ မလိုချင်ခြင်းဆိုတာတွေနဲ့ မတိုင်းတာနိုင်ဘူး.. ဒါပေမယ့် အချစ်စစ်-မစစ် တိုင်းတာဖို့အရာရော ရှိသလားတွေးရင် ကိုယ်မသိဘူးပဲ ဖြေမယ်.. တကယ်ကို မသိတာပါ.. အိပ်မက်တွေ မက်ဖူးပါရဲ့.. ဆက်ပြီးလည်း မက်နေဦးမယ်.. ငယ်ငယ်တုန်းကမက်တော့ ငယ်အိပ်မက်.. အသက်ကြီးမှမက်တော့ ကြီးအိပ်မက်လား.. ဘယ်လိုအိပ်မက်မျိုးဖြစ်ဖြစ် အိပ်မက်မက်စရာရှိတဲ့သူ ၊ အိပ်မက်မက်တတ်တဲ့သူက ဆက်မက်နေဦးမယ်.. အိပ်မက်မမက်တတ်တဲ့သူက အသက်ကြီးလှပြီ စိတ်ကူးက ယဉ်ကောင်းတုန်းလို့ အပြစ်ပြောမယ်.. စိတ်ကူးယဉ်တာက စိတ်ကူးရိုင်းတာထက်စာရင် တော်ပါသေးတယ်တဲ့.. ဆရာကြီးရွှေဥဒေါင်းပြောတာ ထင်ပါရဲ့..
သူများတွေရဲ့စိတ်တော့မသိဘူး.. ကိုယ့်ရဲ့စိတ်က ချစ်စရာမရှိရင် ကြမ်းတမ်းတတ်တဲ့ စိတ်မျိုးပဲ.. အဲဒါကြောင့် ကိုယ်ချစ်တဲ့အရာတွေသာ ပြောင်းသွားမယ်... ချစ်တတ်တဲ့သဘောကိုတော့ စွန့်လွှတ်ဖို့ လုံးလုံးမရှိဘူး.. မိန်းမတွေက ဒီအတိုင်းပဲလို့ ပြောချင်လည်း ပြောကြပါစေ.. ချစ်တတ်တဲ့မိန်းမတွေကြောင့် ဒီလောကကြီးက လှနေတာလို့ ကိုယ်ပြန်ပြောမယ်..
အိပ်မက်မက်တတ်သူတစ်ယောက်က သူလိုပဲ အိပ်မက်မက်တတ်တဲ့သူကို သူ့အိပ်မက်တွေအကြောင်း ပြောမယ်.. အိပ်မက်ဆက်မက်ချင်တဲ့အကြောင်း ဖြစ်ချင်လည်း ဖြစ်မယ်.. ဒီလိုအိပ်မက်မျိုး ဘယ်တော့မှ မမက်တော့ဘူးဆိုတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်.. မက်ချင်လောက်စရာအိပ်မက်တွေ မရှိတော့တဲ့အကြောင်းလည်း ဖြစ်ချင်ဖြစ်မယ်.. တကယ်က အိပ်မက်တွေကရှိပါတယ်.. ကိုယ်မက်ချင်နေသေးလား.. မမက်ချင်တော့ဘူးလားဆိုတာလေးပဲ..( သတိထားမိတာလေးပေါ့).. ပြီးတော့ အသက်အရွယ်ကိုလိုက်ပြီး အိပ်မက်တွေ ချို-မချိုဆိုတာလည်း ပြောင်းသွားနေဦးမယ်.. အိပ်မက်တွေကတော့ ဆက်ရှိနေဦးမှာပါပဲ..
Labels: Essay
ဝင်လေထွက်လေ
ရပ်ဆိုင်းချိန်ရှိ.. မသိ...။
ငြိမိ ထိမိသည်များ...
ငိုကြွေးခြင်းများ....
ပင့်သက်များ...
နှမြောတ,သခြင်းများ...
နောက်မှာထားခဲ့
ခရီးဆုံးချိန်....။
ကိုသိန်းဇော်ဦးသို့ .....
Labels: Poem
၂၀၀၉ ခုနှစ်ကုန်ပြီး ၂၀၁၀ နှစ်သစ်ကို ရောက်ပါတော့မယ်.. ၂၀၀၉ ဟာ ကျွန်တော့်အတွက် bitter sweet memory ပေးထားခဲ့ပါတယ်.. ချိုမလိုအရာတွေက ခါးတယ်.. ခါးမယ်ထင်တဲ့အရာတွေက ချိုနေပါတယ်.. အချိုနဲ့အခါးရောရာကိုလည်း ပေးပါတယ်.. ဘယ်လိုဖြစ်ဖြစ် ၂၀၀၉ ခုနှစ်ဟာ ကျွန်တော့်အတွက် ဘ၀တစ်ဆစ်ချိုးပြောင်းစေခဲ့တဲ့ နှစ်တစ်နှစ်ပါ.. ကိုယ်လျှောက်ချင်တဲ့လမ်းစပေါ် မထင်မှတ်တဲ့ အဖြစ်အပျက်တွေက ခြေတစ်လှမ်းစနိုင်စေခဲ့ပါတယ်.. relationship နဲ့  ပတ်သက်ရင်လည်း ကျွန်တော်ဟာ ကိုယ့်စိတ်ဝန်းကျင် အနီးအနားက ကျွန်တော်ချစ်တဲ့သူတွေနဲ့ ကိုယ်လိုချင်တဲ့အနေအထားရောက်လုနီးထိ အဆင်ပြေပြေနဲ့ ကိုင်တွယ်နိုင်ခဲ့တယ်.. တစ်ခုပါပဲ.. အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့ဖူးတဲ့ ရင်းနှီးမှုအချို့ကိုတော့ လှည့်မကြည့်စတမ်း လွှင့်ပစ်လိုက်ရတာလည်း ရှိပါတယ်.. အဲဒီအတွက် ၀မ်းနည်းနေသလားလို့ ကျွန်တော့်ကိုမေးလာရင် ဟင့်အင်းလို့ ပဲဖြေရပါမယ်.. ဘာလို့လဲ.. ကျွန်တော့်စိတ်ထဲရှုပ်နေခဲ့တဲ့ ၀န်ထုပ်ဝန်ပိုးတစ်ခုကျသွားသလို ခံစားရလို့ ပါ.. တခါတရံမှာ ကျွန်တော်တို့ကြုံတွေ့ရတဲ့လူတွေ၊ အဖြစ်အပျက်တွေက ကျွန်တော်တို့ကို ထိခိုက်စေတာ ၊ ၀န်ထုပ်ဝန်ပိုးဖြစ်စေတာမဟုတ်ဘဲ သူတို့ပေါ်ထားတဲ့ ကိုယ့်ခံစားချက် ၊ ကိုယ့်အမြင်တွေကသာ ၀န်ထုပ်ဝန်ပိုးဖြစ်စေတာလို့ ပိုပြီးသဘောပေါက်လာရပါတယ်.. ဒါနဲ့ အတူ ကျွန်တော့်ဘ၀မှာ အဖြစ်အပျက်တွေဟာ နှစ်ခါနှစ်ခါ ထပ်ဖြစ်တတ်တာကို သိသိမှတ်မှတ် သတိပြုမိလာရတယ်.. ဒါဟာ ဒုတိယနဲ့နောက်ဆုံးအကြိမ်ဖြစ်မယ်ထင်ပါတယ်..း) ပထမတစ်ခါမှားရင် ကိုယ်မသိလို့.. ဒုတိယတစ်ခါမှားရင်တော့ ညံ့လို့ဆိုရင် ကျွန်တော် လူညံ့စာရင်းထဲဝင်နေပြီ.. လူမိုက်စာရင်းထဲတော့ အရောက်မခံပါဘူးလေ.. ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၀ နှစ်သစ်ဟာ ကျွန်တော့်ကို ချစ်ခဲ့သူများ ၊ ဆက်လက်ချစ်ခင်နေဆဲသူများ ၊ ကျွန်တော်က ချစ်ခဲ့ဖူးသူ၊ ဆက်လက်ချစ်ခင်မိနေတဲ့သူများ ၊ ကျွန်တော့်ကို မချစ်မနှစ်သက် မလိုလားတဲ့သူတွေ၊ မချစ်မမုန်းသောသူတွေ၊ ကျွန်တော့်က မလိုလား မနှစ်သက်သောသူ အားလုံးအတွက် ကောင်းသောနှစ်တစ်နှစ်အဖြစ် ကြိုလင့်ပါစေလို့ ဆုတောင်းလိုက်ပါတယ်..
ဘလော့ကိုလည်း တစ်ပတ်တစ်ပို့စ်လောက်တော့ ရေးဖြစ်အောင် ရေးမလား စိတ်ကူးပါတယ်..
Labels: Memories
လှိုက်လှိုက်လှဲလှဲ ပါးလျလာလိုက်တာ
နေခြည်တိုက်စားတဲ့ နှင်းတွေလိုပဲ..
ဖြုတ်ခနဲကြွေသံကြားလည်း
ကောက်ဖို့ကို စိတ်မကူးသူ
မမြတ်နိုးပန်းမို့လား.....။
မင်းလူ”ကပြောတယ်..
မင်း ငါ့ကို မချစ်မှာ မပူဘူး..ငါ မင်းကို မချစ်နိုင်မှာကိုပဲ စိုးရိမ်သတဲ့..။
ဧဒင်ဥယျာဉ်ကပန်းသီး
စိနတိုင်းကပန်းသီးလို ချို-မချို
မြည်းစမ်းလိုသေးလား...
မသေချာ..။
ဖန်အလင်းမျှင်ထက် ပြေးလွှား
ဖမ်းရခက်ခက် ချည်နှောင်ခက်ခက်
အသက်ဆက်ဖို့အတွက်
ဝင်သက်ထွက်သက်လို လိုအပ်တယ်
မမောသေးဘူးလား မေးခဲ့ရင်လည်း
ဟုတ်ကဲ့..
အိပ်မက်တွေ ဆက်မမက်ချင်တော့မှာ
ကြောက်သားပဲလေ....။
(၁၁.၉.၂၀၀၉)
ညနေ ၄း၄၄
Labels: Poem