အဖြစ်အပျက်တွေခပ်များများ
တဖျတ်ဖျတ်ထိခတ်
ငြိကပ်သိသည်နောက်
သိမှတ်လိုက်မိတာ
နင့်စေတနာ ငါနဲ့မတန်လို့လား..။
ဇဝေဇ၀ါအတွေးတွေနဲ့
အဖြေရှာငေးမိလည်း
မသေချာခြင်းတွေနဲ့ပဲ
ထွေးလုံးရစ်ပတ်..။
စကားလုံးမိုးပေါက်တွေ
နာကျင်အောင်သွန်တတ်ပေမယ့်
အသံမဲ့နှိပ်စက်ခြင်းအတတ်တော့
နင့်ဆီက သင်ယူရဦးမယ်..။
ပျော်ရွှင်ခြင်း ကြေကွဲခြင်းတွေ
နင့်လက်ကသက်ဆင်း
ငါ့ကမ္ဘာကို ဘာကြောင့်ဖန်ဆင်းနေရလဲ..။
အိပ်မက်ကမ္ဘာမှာတောင်
နင့်အနားမရောက်ခဲ့သူက
ရင်မှာထားမယ့်ပန်းတစ်ပွင့်
ဘာကြောင့်ဖြစ်ချင်နေရလဲ..။
အဖြေမရှိတဲ့မျက်ဝန်းနဲ့
မှန်ထဲက ငါ့အရိပ်ကို
ခပ်ကြောင်ကြောင်ရပ်ကြည့်နေမိခဲ့
နှုတ်ဖျားတွေ ဆွံ့,အနေတာတော့
ကြာခဲ့ပြီပဲလေ...။
Labels: Poem
လရောင်စိုလက် တိမ်တစ်ဝက်နှင့်
ချိန်စက်ဆိုချင် ကိုယ်သည်သာလျှင်
သခင့်အပါး မနေအားလည်း
စိတ်မှာလွင့်မျော တမ်းတမောသည်
သခင်.. မသိနိုင်ပါလေ.....။
နိုးသည်နေ့ ည မေ့မရသည်
သည်းအူလှိုက်ဝှန် နာကျင်ဟန်ကို
သခင်သိလျှင် ဘယ်သို့ဆိုမည်
စိတ်ကူးနှင့်မှန်း ရော်ကာရမ်းလည်း
အဖြေ.. မသိနိုင်ပါလေ.....။
Labels: Poem
တစ်နှစ်တာရဲ့အနားသတ်လ...
တစ်ပတ်လည်ဝဋ်ကြွေးတစ်ခုကို
ရှေးရှေးမနေ့တွေရဲ့ပျော်စရာအဖြစ်
အယောင်ဆောင်ပြီး ရောက်လာခဲ့...။
ဘယ်သူ့ကို အပြစ်တင်ရမလဲ
နည်းပညာလား ...
စပ်စုပွင့်လင်းတဲ့ ငါ့ကိုယ်ငါလား..
မတော်တဆတွေ အမှတ်တရဖြစ်ဖြစ်သွားတာကိုလား..
မထင်မှတ်တာတွေ ဖန်ဆင်းတတ်တဲ့ ကံဆိုတာလား
တိမ်းတိမ်းပွေပွေဖြစ်သွားတဲ့ ငါ့စိတ်ကိုလား...။
အငိုအလွမ်းခန်းတွေ များလှပြီ..
ကန့်လန့်ကာချလိုက်ပါတော့
တိတ်တဆိတ်နဲ့ ခပ်ကျိတ်ကျိတ်ငိုတတ်ချင်တယ်...။
Labels: Poem
ကျွန်တော်နေခဲ့ဖူးတဲ့ အောက်မြန်မာပြည်က မြို့လေးတစ်မြို့ကို သတိရတဲ့အနေနဲ့ ဒီပို့စ်ကိုရေးဖြစ်ပါတယ်.. ဒီနေ့ပဲ အဲဒီမြို့လေးမှာ တစ်အိမ်တည်းနေခဲ့ကြတဲ့ သူတွေနဲ့ ပြန်ဆုံခဲ့ရတယ်.. သူတို့တွေက မန္တလေးကို လာကြတာပါ.. လူချင်းမတွေ့ရတာ ၁၀စုနှစ်ကိုတော်တော်ကျော်နေပြီဆိုပေမယ့် ပြန်ဆုံတာနဲ့ အချင်းချင်း ချက်ချင်းမှတ်မိကြတယ်.. ပြီးတော့ စကားတွေပြောရတာလည်း အားမရနိုင်အောင်ကိုပဲ.. သူတို့ဆီမှာနေတုန်းက အဖြစ်အပျက်တွေ၊ လမ်းထဲကလူတွေကို နာမည်တွေ ဘယ်နားမှာနေတယ်ဆိုတာတွေပါ ကျွန်တော်က မှတ်မှတ်ရရမေးတဲ့အခါ သူတို့တွေ အံ့သြ၀မ်းသာကြပါတယ်.. သူတို့မြို့က ထွက်လာတော့ ကျွန်တော် အသက် ၁၀ နှစ်သာသာပဲရှိသေးတာ.. နှစ်နှစ်နီးပါးလောက်ပဲနေခဲ့တဲ့နေရာပေမယ့် အဲဒီမြို့က လူနဲ့ နေရာတော်တော်များများကို ကျွန်တော်မှတ်မိနေတာ မှတ်ဥာဏ်ကောင်းလွန်းလို့ပဲလား ၊ အဲဒီမြို့ကကို အမှတ်ရစရာ ဖြစ်နေလို့လားတော့ မပြောတတ်ပါဘူး..
မိတ်ဆွေဟောင်းနဲ့ ပြန်ဆုံဖြစ်တော့ မဆုံဖြစ်တဲ့ မိတ်ဆွေဟောင်းတွေအကြောင်း ပြောဖြစ်ကြတယ်.. ကျွန်တော့်သူငယ်ချင်းတစ်ချို့လည်း အိမ်ထောင်ကျကုန်ပြီ.. တစ်ချို့အသိတွေက သက်ရှိထင်ရှားမရှိကြတော့ဘူး.. ကျွန်တော်နေခဲ့တဲ့ကျောင်းက ဆရာမတွေလည်း တစ်ချို့က ခုထိအပျိုကြီး ၊ တစ်ချို့က သားသမီးဘယ်နစ်ယောက် .. ဘယ်ကိုရောက်နေတယ်.. တစ်လမ်းတည်းအတူနေ ကစားဖော်ကစားဖက် သူငယ်ချင်းတွေထဲက ဘယ်သူတွေတော့ ဘယ်လိုကြီးပွားနေပြီ.. ငယ်ငယ်က တာတေလန်အောင်ဆိုးခဲ့ပေမယ့် ခုချိန်မှာ သိပ်လိမ္မာပြီး အိမ်ကိုလုပ်ကျွေးနေပြီ.. တစ်ချို့သူငယ်ချင်းက နိုင်ငံရပ်ခြားမှာအလုပ်လုပ်နေတယ်.. စတဲ့စတဲ့ သတင်းတွေ ရခဲ့ပါတယ်..
ဆယ်စုနှစ်ကျော်ကျော်ဆိုတာ လူတစ်ယောက်ရဲ့ဘ၀ကို အများကြီး ပြောင်းလဲစေတာပဲလို့ တွေးမိပါရဲ့... ကိုယ်က လှုပ်ရှားရုန်းကန်နေရချိန်မှာ တစ်ချို့အသိတွေက တစ်သက်စာအနားယူသွားပြီ.. တစ်ချို့အသိတွေက ကိုယ့်ထက်ပိုပြီး ရုန်းကန်နေကြရတယ်.. အသက်ရှင်သရွေ့ ဆက်ပြီးရုန်းကန်ကြရဦးမယ်.. အဲသည်လူတွေထဲ ကျွန်တော်လည်း တစ်ယောက်အပါအ၀င်ပဲပေါ့..
လူတွေဆုံတွေ့ကြတယ်.. ခင်မင်ကြတယ်.. နောက် ကွဲကွာသွားကြတယ်.. ခဏကွဲတာရယ် ဘယ်တော့မှပြန်မတွေ့ခြင်းနဲ့ တစ်သက်လုံးကွဲတာရယ် နှစ်မျိုးပဲရှိမှာပါ..ဘယ်လိုပဲဖြစ်ဖြစ် ကွဲကွာသွားတဲ့ လူချင်းပြန်တွေ့တဲ့အချိန်မှာ အဲဒီသူတွေကို ၀မ်းသာအားရ နှုတ်ဆက်ပြောဆိုနိုင်တဲ့သူ .. ချစ်ချစ်ခင်ခင် ကြည်ကြည်ဖြူဖြူနဲ့ ပြောဆိုရယ်မောနိုင်တဲ့သူပဲ အမြဲဖြစ်ပါရစေလို့ ဆုတောင်းမိပါရဲ့..
Labels: Events
ဆရာတော်ရှင်ဆန္ဒာဓိကရဲ့ “ဘယ်လောက်ဝေးဝေး နီးနီးလေး” ဆိုတဲ့ စာအုပ်လေးဖတ်ဖြစ်ပါတယ်.. အဲဒီထဲမှာ ရွှေဟင်္သာမင်းဇာတ်ထဲမှာ ဟင်္သာမင်းနဲ့ လူ့ပြည်ကမင်းတစ်ပါး မြင်မြင်ချင်းချစ်ခင် မိတ်ဆွေဖြစ်ကြတဲ့အကြောင်းကို ရေးပြထားပါတယ်.. ဗြဟ္မဒတ်မင်းနဲ့ ထင်ပါရဲ့.. (တိုင်းမသိ ဗာရာဏသီ.. မင်းမသိ ဗြဟ္မဒတ်လုပ်ချလိုက်ပြီ..ဟီးဟီး ).. ဗြဟ္မဒတ်မင်းကြီးက ရွှေဟင်္သာမင်းကို ချစ်လွန်းလို့ နေရပ်ကိုမပြန်ဘဲ နန်းတော်ထဲမှာ အပြီးနေဖို့ တောင်းပန်ပါတယ်.. အဲဒီမှာ ဟင်္သာမင်းပြန်ပြောတဲ့ စကားလေးကို သိပ်သဘောကျမိလို့ ဒီပို့စ်လေးကို ရေးဖြစ်တာပါ..
ရွှေဟင်္သာမင်းက ဘာပြောလဲဆိုတော့ “အရှင်မင်းကြီး တစ်ချို့လူတွေဟာ အချင်းချင်း မမြင်ဖူးဘဲနဲ့ သတင်းကြားရုံနဲ့တင် ချစ်ခင်မြတ်နိုးကြတယ်.. ဒါပေမယ့် လူချင်းတကယ်တွေ့တော့ မချစ်ခင်ဘူး.. တစ်ချို့တွေကျတော့ သတင်းကြားရုံနဲ့တင် ချစ်ခင်မြတ်နိုးကြသလို အချင်းချင်းဆုံတွေ့ကြတဲ့အခါလည်း ချစ်ခင်မြတ်နိုးကြတယ်.. ဒါပေမယ့် အတူနေဖန်များလာတဲ့အခါကျတော့ မချစ်ခင်နိုင်တော့ဘဲ အချင်းချင်း မုန်းသွားတတ်ပါတယ်.. အဲဒါကြောင့် အရှင်မင်းကြီးနန်းတော်မှာ အမြဲတမ်းမနေပါရစေနဲ့.. တွေ့ချင်တယ်ဆိုရင် တစ်လတစ်ခါဖြစ်စေ.. အချိန်အတန်ကြာမှ နန်းတော်ကို လာခဲ့ပါ့မယ်” လို့ ပြောပါတယ်..
အဲလိုစကားမျိုးကို ဦးအေးမောင်ရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးလိုက်ပါသေးတယ်.. မိတ်ဆွေသူငယ်ချင်းဆိုတာ အမြဲတမ်းဆုံတွေ့နေတာထက် လိုအပ်မှ ဆုံတွေ့တာမျိုးဟာ ချစ်ခြင်းကို ပိုရှည်စေတယ်လို့ ရေးထားတာလေးပါ.. သိပ်ကို ရင်းနှီးကျွမ်းဝင်လွန်းအားကြီးသွားရင် ခင်မင်တယ်ဆိုတဲ့ အကြောင်းနဲ့ တစ်ယောက်မှာရှိတဲ့ လေးစားစရာအချက်တွေကို သိပ်မမြင်တော့ဘဲ (ဒါမှမဟုတ် ) အလေးမထားတော့ဘဲ နေမိတတ်တယ်.. တစ်ခါတလေ မပြောသင့်မပြောအပ်တဲ့ စကားမျိုးလည်း ပြောမိတတ်တယ်.. အဲဒါနဲ့တင် မိတ်ပျက်တတ်တယ်ဆိုတဲ့ သဘောဖြစ်နိုင်ပါတယ်.. အမြဲတမ်းမှန်တဲ့အချက်မဟုတ်ပေမယ့် ယေဘုယျအားဖြင့် မှန်တယ်လို့ ကျွန်တော် ယူဆမိတယ်..
ကျွန်တော့်မှာ မိတ်ဆွေသူငယ်ချင်း အများကြီးရှိပါတယ်.. အဲဒီထဲမှာ အမြဲမပြတ်ဆုံတွေ့ရတယ်ဆိုတဲ့သူငယ်ချင်းမျိုးက သိပ်ရှားတယ်လို့ ပြောရမယ်.. အလုပ်အတူလုပ်ရတဲ့သူငယ်ချင်းမျိုးပဲ အများစုရှိမယ်ပေါ့.. ဒါပေမယ့် အလုပ်ရောက်ရင် သူ့အလုပ် ကိုယ့်အလုပ် လုပ်နေတာနဲ့ပဲ ရင်းနှီးတယ်ဆိုဦးတော့ အရမ်းကြီးအကျွမ်းတ၀င်ဖြစ်မလာတော့ဘူး.. ဒါကြောင့်များ အချင်းချင်းကြားမှာရှိတဲ့ ချစ်ခြင်းတွေ ရှည်ကြာနေတယ်ထင်ပါရဲ့..
Labels: Thoughts
အိပ်မက် မက်တယ်..အပြင်မှာ တကယ်ဖြစ်ဖို့ဝေးတဲ့ အိပ်မက်ပေါ့.. အိပ်မက်အကြောင်းတွေးရင်းနဲ့ တကယ်တမ်းဖြစ်တဲ့အနေအထားကို ကြည့်လိုက်တော့ လက်ဆွဲနှုတ်ဆကသင့်တဲ့ အနေအထားမှာတင် ဖက်လှဲတကင်း တရင်းတနှီးနှုတ်ဆက်မိတဲ့ အနေအထားမျိုးလို့ပဲ ကိုယ့်အဖြစ်ကို မြင်မိနေတော့တယ်.. အဲဒါကြောင့် အခြေအနေ အခွင့်အလမ်းတွေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့တာလို့ တွေးနေမိပါရဲ့...
Labels: Events
yifyef;EGrf;e,ftm;BuD;olwdkU tjrefoufomap&ef a&S;OD;olemjyKpkwJh enf;vrf;tcsKdUudk udk*sLvdkiftdyfruf&JU bavmhhrSm zwf&SKavhvmEdkifygw,f...
ရန်ကုန်မှာ မိုးသိပ်များလို့ ရေကြီးနေတယ်.. မန္တလေးမှာလည်း အရင်တစ်ပတ် စနေ-တနင်္ဂနွေနေ့က မိုးသည်းသည်းမည်းမည်းရွာလိုက်တာ အင်းခရုဘက်မှာ ရေကြီးနေတယ်လို့ သိရပါတယ်..(သတင်းက နောက်တောင်ကျနေပါပြီ).. ဟိုတစ်ရက်က အလင်းလှိုင်းအလှူကိစ္စအတွက် လှုပ်ရှားတော့ ညီမလေးတစ်ယောက်ပြောလို့သိရတာပါ.. အစ်မတို့ ရေဘေးအလှူအတွက် မလုပ်သေးဘူးလားလို့ သူကမေးလာမှ ဘယ်မှာဘာဖြစ်နေလဲလို့ စုံစမ်းမိတော့တယ်.. အင်းခရုဘက်မှာ ရေတွေကြီးနေတယ်လို့ သူက ပြောပါတယ်.. ပြီးခဲ့တဲ့ ရက်ပိုင်းက တော်ပေါ်ပြန်ဖြစ်တော့ အောင်ပင်လယ်ဘက်ကအိမ်တွေကို ကားပေါ်ကနေလှမ်းကြည့်ဖြစ်ခဲ့သေးတယ်.. တစ်ချို့နေရာတွေမှာ ရေရှိနေပါသေးတယ်..ခုချိန်တော့ ရေပြန်ကျသွားပြီလား မပြောတတ်ပါဘူး..
ဒီရက်တွေ အရင်စနေ-တနင်္ဂနွေလိုမျိုး မိုးဆက်မရွာတာ ကျေးဇူးတင်ရမယ်.. မဟုတ်ရင် ရုံးကိုမိုးထဲရေထဲကနေ လာနေရဦးမှာမို့လေ..
Labels: Events
ဒီရက်ပိုင်း မန္တလေးမှာ မနက်ခင်းဆို မိုးသည်းသည်းမည်းမည်းရွာနေတယ်.. ပြီးခဲ့တဲ့ စနေ ၊ တနင်္ဂနွေ နှစ်ရက်လုံးမိုးရွာလို့ ရေတွေတောင်လျှံတယ်.. မုတ်သုံလေက စက်တင်ဘာမှာ ဆုတ်ခွါမယ်လို့ မိုးလေ၀သနဲ့ဇလဗေဒဌါနကတော့ ခန့်မှန်းချက်ထုတ်ထားတာပဲ.. ဒီနှစ် မုတ်သုံလေက နောက်ကျမှဝင်ပြီး စောစောစီးစီးဆုတ်ခွါသွားတယ်.. သူလာတာ ဇူလိုင်လောက်မှလေ.. ခါတိုင်းနှစ်တွေက ဇွန်လောက်မှာ မုတ်သုံလေ စ၀င်ပြီး အောက်တိုဘာနှောင်းပိုင်းရက်တွေမှ မုတ်သုံလေဆုတ်တာ.. ခုတော့ စက်တင်ဘာမှာတဲ့..
ရာသီတွေ ဖောက်ပြန်တော့ ရာသီကိုမှီ ပွင့်တဲ့ပန်းတွေလည်း ဖောက်ပြန်ကုန်တယ်.. မိုးရွာတဲ့သုံးရက်လုံး ကျွန်တော်တို့အိမ်က ပိတောက်ပင်က ပိတောက်ပန်းပွင့်တယ်.. လှိုင်လှိုင်ပွင့်တာမျိုးမဟုတ်ပါဘူး.. တစ်ခက်နှစ်ခက်ပေါ့.. အရင့်အရင်နှစ်တွေက ပိတောက်ပွင့်ရင် ပန်ဖြစ်ခဲပါတယ်.. ပန်းပွင့်ဆိုရင် ခူးပန်လိုက်တာထက် အပင်မှာ အလှကြည့်ထားရတာကို ပိုသဘောကျတဲ့အတွက် ပန်းပန်ခဲပါတယ်..ဒါပေမယ့် ပြီးခဲ့တဲ့သင်္ကြန်မတိုင်ခင်က အပင်မှာ အဆုပ်လိုက်အခဲလိုက် ပွင့်တော့မလို့အားယူနေတဲ့ ပိတောက်ဖူးတွေကိုကြည့်ပြီး ပိတောက်ပန်းကို သိပ်ပန်ချင်ခဲ့တာပဲ.. အဲလို တတမ်းမက်မက်ပန်ချင်ခဲ့လို့ထင်ပါရဲ့.. ပိတောက်ပန်းပွင့်ချိန်မှာ ရှိမနေခဲ့ဘူး.. သင်္ကြန်အမီပွင့်တဲ့ပိတောက်ကို မပန်ခဲ့ရဘူး.. သင်္ကြန်ပြီးမှပဲ တစ်ကျော့ပြန်ပွင့်တဲ့ ပိတောက်ပန်းကို ပန်ရတယ်.. ဒီနှစ်မှာ ပိတောက်ပန်းကို သိပ်တမ်းတနေခဲ့လို့လားမပြောတတ်ဘူး.. သင်္ကြန်အပြီး နွေလွန် မိုးနှောင်းထိ ပိတောက်ကို အမုန်းပန်နေရတယ်.. ပိတောက်ရယ် ငါ့ဆီအရောက်နောက်ကျလိုက်တာလို့ ပြောချင်ပေမယ့် တကယ်တမ်းကျတော့ မမုန်းဖြစ်ပါဘူး.. ကိုယ်ပန်ချင်တဲ့ပန်းပဲလေ.. ဘယ်အချိန်ရောက်ရောက် တန်ဖိုးထားခြင်းက မပျက်ပါဘူး..
မိုးရွာလို့ပွင့်တဲ့ ပိတောက်ပန်းပန်တဲ့နေ့ဆို ကျွန်တော့်ဆံစက ပိတောက်တွေကိုကြည့်ပြီး ပိတောက်က သစ္စာမရှိတော့ဘူးလို့ ပြောတဲ့သူတွေပြောကြတယ်.. ရာသီကိုမှီ ပွင့်ရတဲ့ပန်း ရာသီဖောက်ပြန်တော့ သူ ပွင့်ရမယ့်အချိန်ကို မသိတော့တာ အဆန်းမဟုတ်ပါဘူး.. သူပွင့်တော့ ကိုယ်ပန်ရတယ်.. အနည်းဆုံးတော့ သူ့ပတ်ဝန်းကျင်ကလူတွေရဲ့စိတ်ကို သူ့အသွင် သူ့အလှနဲ့ အံ့သြလန်းဆန်းစေသေးတယ်မဟုတ်လား.. အသိဥာဏ်မဲ့တဲ့ပန်းကို သစ္စာရှိဖို့ ကျွန်တော်မျှော်လင့်မထားဘူး.. အသိဥာဏ်ရှိ ၊ ကိုယ့်စိတ်ကိုကိုယ် ၊ ကိုယ့်အကျင့်ကိုကိုယ် ပြုပြင်ယူလို့ရတဲ့ “လူ” တွေထဲမှာရော သစ္စာစောင့်သိသူ ဘယ်နှယောက်များ လက်ညှိုးထိုးပြစရာရှိနေလို့လဲ.. တစ်ချို့လူတွေဆို သူရှိနေခြင်း ရပ်တည်နေခြင်းကတောင် သူ့ပတ်ဝန်းကျင်ကို အရုပ်ဆိုးအောင် ပြုလုပ်နိုင်ကြသေးတယ်မဟုတ်လား.. အဲဒါကြောင့် အဲလိုလူတွေထက်စာရင် ပိတောက်က သာပါသေးတယ်လို့ တွေးမိပါရဲ့..
ပြီးခဲ့တဲ့သင်္ကြန်အမှီ သူပွင့်ပေးခဲ့တယ်.. သူ့တာဝန်ကျေပါပြီ.. နောက်ထပ်ပွင့်လာတာ သူသစ္စာမရှိလို့လို့ မသတ်မှတ်နိုင်ဘဲ အပိုဆုရတာလို့.. အနည်းဆုံး သူနဲ့ထိစပ်နေတဲ့သူတစ်ဦးစ နှစ်ဦးစကို သူ့အလှ ၊ သူ့ ရနံ့နဲ့ စိတ်ကြည်လင်စေတာလို့ ပဲ မှတ်ယူလိုက်ပါတယ်.. ပိတောက်ရေ.. နောက်ရက်တွေရော နင်ရောက်လာဦးမှာလားဟင်လို့ ပိတောက်ပင်ကြီးကို မေးလိုက်ချင်ပါရဲ့လေ..
ခုနောက်ပိုင်း.. ကိစ္စတော်တော်များများကို စိတ်ထဲမှာ အကြာကြီးမထားဖြစ်တော့ဖို့ ကြိုးစားနေတာကြောင့်လား မပြောတတ်ဘူး.. တစ်ချို့ဟာတွေကိုဆို အစဖော်မရအောင် မေ့နေပြီ.. အဲဒါဟာ ကောင်းတာလား မကောင်းတာလား မသိဘူး..
ပြီးတော့ အသက်ကြီးလာတာနဲ့အမျှ သူများကို အရွဲ့တိုက်ပြီးလုပ်တယ် ဆိုတဲ့ကိစ္စမျိုးတွေ မလုပ်ဖြစ်တော့ဘူး.. မလုပ်မိအောင်လည်း နေတယ်.. ကိစ္စတစ်ခုကိုလုပ်ပြီဆို ကိုယ်လုပ်ချင်လို့ လုပ်တာမျိုးပဲ ဖြစ်အောင် စိတ်ကို ပြောင်းလဲယူပစ်လိုက်တယ်.. သူများကိုရွဲ့ပြီးလုပ်တယ်ဆို သူများရဲ့ထိန်းချုပ်မှုအောက်ရောက်နေတယ်ဆိုတဲ့ အယူအဆလေး ၀င်နေတာလည်း ပါတယ်ပေါ့.. ပြီးတော့ သူများအကြောင်းကို ခေါင်းထဲထည့်ထားရတာ ပင်ပန်းမှန်း ခံစားမိလာတယ်.. ဒီလိုပြောလို့ သူများကိစ္စဆို ခေါင်းထဲလုံးလုံးမထားတတ် သူများအတွက် မတွေးပေးတတ်တဲ့ လက်လွတ်စပယ်လူမျိုးဖြစ်အောင်အထိတော့ မဟုတ်ပါဘူး.. ခေါင်းထဲထည့်ထားသင့်သူ ထည့်ထားသင့်တဲ့ကိစ္စမျိုးလောက်ပဲ ရှိနေအောင် ကြိုးစားနေဖြစ်တော့တာ.. ဘာဖြစ်လို့လဲဆို ကျွန်တော်တို့ နေရတဲ့ဘ၀က တိုတိုလေးပါ.. ကိုယ့်ဘ၀အတွက် အရေးမပါ အရာမရောက်တဲ့ ကိစ္စတွေနဲ့ အချိန်ကုန်ပစ်ရမယ်ဆို ကျွန်တော်တို့လုပ်ချင်တာတွေ မလုပ်လိုက်ရဘဲ နေမှာပေါ့.. ဒီလို တွေးထားတာတောင် လုပ်သင့်တဲ့ကိစ္စတွေကို ရာနှုန်းပြည့် မလုပ်နိုင်သေးတာ ကိုယ့်ကိုယ်ကိုယ်တွေ့နေရတယ်..
နောက်တစ်ခု သူများကို အရွဲ့တိုက်ပြီးတစ်ခုခုလုပ်လိုက်ရင် ကိုယ့်စံနှုန်းနဲ့ မကိုက်၊၊ ကိုယ့်စံတွေကနေ သွေဖယ်သွားတယ်လို့ ကိုယ့်ကိုယ်ကိုယ်ခံစားမိတာမို့ အရွဲ့တိုက်တယ်ဆိုတဲ့ကိစ္စ မလုပ်မိအောင် နေမိတာလည်း ဖြစ်မယ်.. ပြီးတော့ တဖြည်းဖြည်းသိလာတာနဲ့အမျှ အရွဲ့တိုက်တယ်ဆိုတာ ကလေးဆန်တဲ့အပြုအမူ စာရင်းထဲ ထည့်ထားမိလိုက်တာကြောင့် လူကြီးဆန်ချင်တဲ့ကျွန်တော် အရွဲ့တိုက်တဲ့အလုပ်တွေ မလုပ်ဖြစ်တာပဲ နေမှာပါ.. ရှိသေးတယ်.. အရွဲ့တိုက်ရင် ဖျောက်ဖျက်ဖို့ ကိုယ်ကြိုးစားနေတဲ့ ကိုယ့်ရဲ့မကောင်းတဲ့အကျင့် မကောင်းတဲ့စိတ်လေးတွေလည်း ပြန်ပြန်ရောက်လာတတ်လို့ နေလိမ့်မယ်.. ဒီ့အပြင် အရွဲ့တိုက်တယ်ဆိုတာ နှစ်ဖက်လုံး အရှုံးမရှိတဲ့အနေအထားကို မဖန်တီးနိုင်ဘူးလို့ ယူဆမိလို့လည်း ဖြစ်ပါလိမ့်မယ်..
ဘာရယ်မဟုတ်ပါဘူး.. ကျွန်တော့်ပတ်ဝန်းကျင်မှာ တွေ့နေ ကြားနေရတဲ့ ငါက သူများထက် ပိုရွဲ့တတ်တယ်ဆိုတဲ့ ဂုဏ်ယူတာလား .. ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်တာလားမသိတဲ့ (အမှန်ကတော့ ဖြစ်နေတဲ့ပြဿနာကို
သေချာမဖြေရှင်းနိုင်တာနဲ့ပဲ အလွယ်ကောက်သုံးလိုက်တဲ့ ဆေးမြီးတို ) စကားတစ်ခုကို ၊ ကိုယ့်အတ္တကို လွဲမှားစွာ အရောင်ပြန်တင်တဲ့ နည်းလမ်းတစ်ခုကို ကိုယ်ကျင့်သုံးနေမိသေးလားလို့ ပြန်စဉ်းစားရင်း ဒီပို့စ်ကို ရေးဖြစ်တာပါလေ..