အပြေးလေးရောက်လာတဲ့တိမ်
ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့
မိုးစက်တွေ မခို့တရို့ခြွေချ
စိုမြတဲ့မနက်ခင်းတစ်ခု ခင်းကျင်းတယ်..။
မလင်းတလင်း ဒီမနက်ခင်းမှာ
လင်းချင်းတဲ့ထိခရီးနှင်မယ့် လေအလျင်ကြား
ခပ်ရိုင်းရိုင်းကခုန်နေတဲ့မျက်နှာများ...
တစ်ဆယ့်ငါးနှစ်ကြာပြီဖြစ်ခဲ့
နူးနူးညံ့ညံ့တံတိုင်းတစ်ခု
တအိအိပြိုအဆင်း...
နက်ရှိုင်းတဲ့ခံစားချက်တွေဝန်းရံရင်း
ပန်းလေးတစ်ပွင့်
ဖျတ်ခနဲဝတ်လွှာဖွင့်..
ပထမဆုံးမနက်ခင်းကို....
ကြိုလင့်..။
Labels: Poem
အရင်တစ်ပတ်တုန်းက ရပ်ကွက်ထဲကအစ်မကြီးတစ်ယောက်ဆီက ကြားလိုက်ရတယ်.. သူတို့ ရုံးက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ အမျိုးသမီး ဆုံးသွားတဲ့အကြောင်းပါ.. သေတာများ သတင်းအဖြစ်ပြောစရာလား မေးချင်မယ်.. သေတာက မဆန်းပါဘူး.. သေပုံက ဆန်းတာပါ.. ဆုံးသွားတဲ့အမျိုးသမီးက ခေါင်းမှာ သန်းစွဲလို့ ညဘက်မှာ ပုရွက်ဆိတ်ဆေးကို လိမ်းအိပ်သတဲ့.. တစ်ညလုံးမအိပ်နိုင်ဖြစ်နေပြီး မနက်အစောမှ ဆေးရုံတင်လိုက်ရတယ်.. ဆေးရုံရောက်တော့လည်း အမှန်ကိုမပြောဘဲ ဝေ့နေတာ.. ဆရာဝန်တွေက အတင်းအကျပ်မေးမှ အဖြစ်မှန်ကို ပြောတယ်.. အဲဒီချိန်ကျ လူနာက မျော့နေပြီ.. သူတို့သုံးတယ်ဆိုတဲ့ ပုရွက်ဆိတ်သတ်ဆေးက လက်ပေါ်တင်ကြည့်တာနဲ့ကို ပူနေတာပဲတဲ့.. လူနာကို ကုတော့ကုကြတယ်.. အသက်မမီလိုက်တော့ဘူး.. ဆုံးသွားတာတော့ဟုတ်ပြီ.. လူမမယ်ကလေးတစ်ယောက်က ကျန်ခဲ့သေး.. လူတွေနှယ်.. သန်းသတ်ဆေးတွေမရှိမဟုတ်.. ရှိရဲ့သားနဲ့ အလွယ်တကူ လက်သင့်ရာယူသုံးတော့ အသက်ပါ ပါသွားရတဲ့အထိပဲ.. ကိုယ်အသိမရှိလိုက်တာနဲ့ ကိုယ်တင်မဟုတ်.. ကိုယ့်မိသားစုပါ ဒုက္ခရောက်ကျန်ခဲ့တာ သတိထားစရာပါ..
Labels: Events
နေးတစ်မြန်မာဖိုရမ်မှာ “ရပ်ကွက်ထဲမှာဗျာ..” ဆိုပြီး တော့ပစ်တင်ရေးဖူးတဲ့ ပို့စ်လေးတွေပါ.. ပြီးခဲ့တဲ့ နှစ်ရက်လောက်က သိခဲ့ရတယ်.. ရုံးက သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိကြရင်းပေါ့.. သူက သူနေတဲ့ရပ်ကွက်ထဲမှာ ဖြစ်သွားတဲ့အကြောင်းလေး ပြောပြပါတယ်.. သူပြောတဲ့နေ့ရဲ့ အရင်တစ်ရက်က မန္တလေးမှာ မိုးရွာတဲ့နေ့ပါ.. နေ့ခင်းဘက်ကနေ ညထိ ဆက်ရွာတာ.. အရမ်းကြီးသည်းတာမဟုတ်ပေမယ့် တဖွဲဖွဲနဲ့ စွေရွာနေတဲ့မိုးပါ.. ကျွန်တော်တို့တောင် ရုံးဆင်းတော့ မိုးတဖြောက်ဖြောက်ထဲမှာ ခပ်သုတ်သုတ်ပြန်ခဲ့ရတဲ့ညပါ.. အဲဒီမိုးညက ကျွန်တော်သူငယ်ချင်းနေတဲ့ ရပ်ကွက်က ထမင်းဆိုင်လေးမှာ ရှမ်းမလေးတစ်ယောက် ကလေးမွေးပါသတဲ့.. ထမင်းဆိုင်ဆိုတာ ဟိုလို ထုနဲ့ထည်နဲ့ ဆိုင်ကြီးမျိုးမဟုတ်ပါဘူး.. လမ်းဘေးထမင်းဆိုင်လေးပါ.. ညဘက်ဆို လူရှင်းနေပြီပေါ့.. အိပ်စရာဆိုတာလည်း ခုံတန်းနဲ့ မြေမွေ့ရာပဲရှိပါလိမ့်မယ်.. မိုးတစိုစိုနဲ့ ဘယ်လောက်များ ဒုက္ခရောက်လိမ့်မယ်မသိဘူး.. အဲဒီရှမ်းမလေးက မန်းသားတစ်ယောက်နဲ့ အိမ်ထောင်ကျပါသတဲ့.. သူ့ယောက်ျားမှာ မယားကြီးငုတ်တုတ်ရှိနေရော.. သူ့ယောက်ျားနဲ့လိုက်ပြေးတုန်းက အရင်မယားကြီးမှာ မီးဖွားပြီးစ သုံးရက်လောက်ပဲရှိပါသေးတယ်တဲ့.. ခု သူ့မှာ ကိုယ်ဝန်ရှိပြီး အရင့်အမာဖြစ်လာတဲ့အချိန်ကျ သူ့ယောက်ျားက အရင်မယားကြီးနဲ့ ပြန်ပေါင်းနေပါသတဲ့.. သူ့ယောက်ျားက ပစ်သွားတော့ အဲဒီရပ်ကွက်ထဲမှာ အိမ်တကာအ၀တ်လှည့်လျှော်ရင်း စားဖို့အတွက် ဖြေရှင်းရတယ်.. ညဘက်တော့ ဘယ်ဆီနားခိုတယ်မသိဘူးပေါ့လေ.. ခုလို ထမင်းဆိုင်ထဲမီးဖွားရတယ်ဆိုတော့ ရပ်ကွက်ထဲကမနေနိုင်သူတွေက ထမင်းဆိုင်ပတ်လည်ကို အ၀တ်ဟောင်းတွေနဲ့ကာပေး.. ပိုက်ဆံလည်း ကိုယ်တတ်နိုင်သလောက်ကူပေးကြပေါ့.. နောက်တော့ မိခင်နဲ့ကလေး စောင့်ရှောက်ရေးဆီ ပို့လိုက်တယ်ဆိုလား ပြောပါတယ်.. မယားကြီးဘက်ကနာမယ့်သူတွေတော့ ဒီကောင်မလေးအဖြစ်က ၀မ်းသာစရာမဟုတ်တောင် ၀မ်းနည်းစရာဖြစ်ပါ့မလားလို့ တွေးမိတယ်.. သူငယ်ချင်းက ဆက်ပြောပါသေးတယ်.. ကြားရသမျှတော့ အဲလိုပဲတဲ့.. ဒါပေမယ့် ကောင်မလေးရဲ့အကျင့်စာရိတ္တကတော့ ဘယ်လိုလဲမသိသေးဘူးတဲ့.. ကျွန်တော်လည်း လေကိုဖမ်း ၀ါးတန်းမှာ ကြိုးနဲ့ချည်ခဲ့ပါသေးတယ်.. ဘယ်မိန်းမမှတော့ မယားငယ်အဖြစ်မခံချင်လောက်ပါဘူး.. ယူပြီးမှသိတော့လည်း ချစ်တာရယ် ၊ မျက်စိမှိတ်နေလိုက်တော့တာရယ်ကြောင့် ဒီလိုဇာတ်လမ်းတွေ ဖြစ်လာတာ ကြားရတာနေမှာပေါ့လို့.. ရှမ်းမလေးရဲ့ ယောက်ျားဆိုတာကိုတော့ အကြားနဲ့တင် သတ်ချင်တာ အမှန်ပဲ..
Labels: Events
ကျွန်တော့်သူငယ်ချင်းတွေနဲ့ ဇွန်လလယ်လောက်မှာ မော်လမြိုင်ကျွန်းမြို့နယ်က ပန်းဖူးမြစ်တန်းရွာမူလတန်းကျောင်းပြန်ဆောက်ဖို့အတွက် လှူဖြစ်ပါမယ်.. ရွာအထိတော့ လိုက်ဖြစ်မယ်မဟုတ်ဘူး.. အဲဒီဘက်က ပြန်လာတဲ့မိတ်ဆွေပေးတဲ့ သတင်းတွေအရ မော်လမြိုင်ကျွန်းမြို့နယ်ဘက်ကလူတွေဟာ ရေလွှမ်းမိုးတာမခံရဘဲ လေဒဏ်ပဲခံလိုက်ရတယ်.. လူအသေအပျောက်ထက် အဆောက်အဦးပျက်စီးတာများတယ်.. ဒီတော့ အထောက်အပံ့ရဖို့က ဦးစားပေးအဆင့်ထဲမပါတဲ့အတွက် မပြေလည်တာတွေရှိနေတယ်လို့ ကြားသိရပါတယ်.. ပြီးတော့ တခြားနယ်တွေကနေ မော်လမြိုင်ကျွန်းဘက်ကို လူတွေရောက်လာကြတဲ့အတွက် အစားအသောက် မလုံလောက်တဲ့ပြဿနာတွေလည်းရှိနေတယ်.. လုယက်မှုတွေလည်းရှိနေတယ်လို့ ကြားသိရပါတယ်.. နာဂစ်နှိပ်စက်လို့ အပြိုပြိုအလဲလဲဖြစ်ခဲ့သမျှ စိတ်ရှည်လက်ရှည်နဲ့ ရေရှည်စီမံကိန်းတွေဆွဲပြီး လှူဒါန်းနိုင်ကြပါစေလို့သာ ဆုတောင်းနေရတော့တာပါပဲ.. ပြိုလဲရတဲ့အထဲမှာ ချစ်ခင်သူတွေ ၊ ကိုယ်တွယ်တာတဲ့နေရပ် ၊ ကိုယ့်အလုပ်အကိုင်အားလုံး ကိုယ့်မျက်စိရှေ့မှာ ပျက်စီးဆုံးရှုံးလိုက်ရတဲ့အတွက် လဲပြိုသွားရသော စိတ်ဓါတ်တွေကိုလည်း ပြန်လည်ထူထောင်ရေး စီမံကိန်းတွေ ရှိသင့်ပါတယ်.. ကျွန်တော်တို့မြန်မာပြည်မှာက စိတ်ဓါတ်ရေးရာအားပေးတဲ့ (နှစ်သိမ့်ဆွေးနွေးပေးတဲ့ )သူတွေ (အဲဒီအလုပ်လုပ်တဲ့သူတွေ ) သိပ်နည်းနေပါသေးတယ်.. ကျွန်တော့်ဘ၀မှာ စိတ်အပါဝင်စားဆုံးအလုပ်က စာရေးတာ.. ဒုတိယစိတ်ပါဝင်စားမိတာ စိတ်ပျက်အားငယ်သူတွေကို နှစ်သိမ့်အားပေးတဲ့အလုပ်ပါ.. ဒါပေမယ့် ခုလောလောဆယ်တော့ ကိုယ့်ကိုယ်ကိုယ်တောင် အနိုင်နိုင်ဖြစ်နေတာ တော်တော်ဆိုးတယ်ဆိုရမှာပဲ.. သူများအတွက်လုပ်ပေးဖို့က ကိုယ်ကိုယ်တိုင် စိတ်ခိုင်နေမှ ပိုအဆင်ပြေမှာမဟုတ်လား.. မဟုတ်ရင် အမေမာပြောသလို .. အိုကွယ်.. သူ အဆင်မပြေတာ စိတ်မကောင်းလွန်းလို့ သူ့အိမ်က ချဉ်ရည်တစ်ဇွန်းတောင် ကူသောက်ပေးခဲ့ရသေး.. ဆိုတာမျိုး ဖြစ်နေမှာစိုးပါတယ်.. သူတို့ကိုအားပေးဖို့သွားတာ ကိုယ်ကပါ မျက်ရည်တဖြိုင်ဖြိုင်ဖြစ်နေမှ ပိုဆိုးကုန်မလားလို့ တွေးမိပါရဲ့လေ.. အဲလိုပါပဲ.. ကိုယ့်စိတ်ကိုယ် ယုံကြည်စိတ်ချတာ..
Labels: Events
နွေနှင်းပျောက်နေတယ်လို့ စီဘောက်ခ်စ်မှာ မှတ်မှတ်ရရ လာပြောသွားတဲ့သူတွေကို ကျေးဇူးတင်ပါတယ်..
ဟုတ်ကဲ့.. အွန်လိုင်းကို သိပ်မလာဖြစ်တာရယ်.. စာသိပ်မရေးဖြစ်တော့တာရယ်.. မအားတော့တာရယ်ကြောင့်ပါ.. နောက်တစ်ချက်က အပြင်မှာ စကားပြောဖော်ရနေတဲ့အတွက်ကြောင့် ဆိုပါတော့လေ..
ခုလောလောဆယ်တော့.. ကျွန်တော်သိတဲ့ မန္တလေးက ပရဟိတအဖွဲ့နဲ့ မော်လမြိုင်ကျွန်းမြို့ဘက်က ရွာလေးတစ်ရွာမှာ မူလတန်းကျောင်း ဆောက်လှူဖို့အတွက် နီးစပ်ရာလူတွေဆီ အလှူလိုက်ခံနေပါတယ်.. လေဘေးသင့်တဲ့သူတွေအတွက် ရေရှည်လုပ်ပေးရမယ့်အလုပ်တွေက အများကြီးပါ.. အဲဒီအလုပ်တွေထဲက မကြာခင်ကျောင်းဖွင့်တော့မှာဖြစ်တဲ့အတွက် တက်မယ့်ကျောင်းသားလည်းရှိတယ်.. သင်ပေးမယ့်ဆရာလည်းရှိတယ်.. အဆောက်အဦးလိုတယ်ဆိုတဲ့နေရာမှာ ကိုယ်တတ်နိုင်သမျှ အင်အားလေးနဲ့ ကျောင်းဆောက်လှူမှာပါ... ကျွန်တော်ကိုယ်တိုင် မသွားနိုင်ပေမယ့် ကိုယ်ယုံကြည်စိတ်ချရတဲ့သူတွေက စုံစမ်းပေးလာပါတယ်.. အကူအညီလိုသူတွေအများကြီးထဲမှာ ကျွန်တော်တို့ ကူနိုင်တဲ့သူတွေကို ကူညီဖို့ ကြိုးစားကြည့်တာပါ.. နှမ်းတစ်လုံးနဲ့ဆီမဖြစ်ပေမယ့် ဆုံကပ်နှမ်းတော့ ဖြစ်နိုင်ပါသေးတယ်လို့ ဖြေတွေးရပါတယ်.. ဒီအဖြစ်ဆိုးကြီးဖြစ်တော့ ကျွန်တော် ခုလက်ရှိအနေအထားထက် အများကြီးပိုကြိုးစားရမယ်လို့ စဉ်းစားမိပါတယ်.. ဘာလို့လဲဆိုတော့ ကိုယ်သာ လုပ်ပိုင်ခွင့်များများရှိတဲ့နေရာ ၊ အများလေးစားတဲ့နေရာတစ်ခုကိုရနေခဲ့ရင် လူတွေကို ခုအနေအထားထက် ပိုပြီးကူညီနိုင်မယ်လို့ တွေးမိလို့ပါ.. ခုတော့ ကိုယ်တတ်နိုင်တဲ့အင်အားလေးနဲ့ ကိုယ်နိုင်သမျှကူဖို့ ဆက်ကြိုးစားရဦးမယ်ပေါ့လေ..
Labels: Events
ဒီနှစ်ပိုင်းတွေအတွင်း သေမင်းက အကောင်းသိပ်ကြိုက်တယ်လို့ ပြောရတော့မယ်.. ရုပ်ရှင်မင်းသားဒွေး ဆုံးပြီးတဲ့နောက် စာရေးဆရာတာရာမင်းဝေ ၊ နောက် အဆိုတော် စိုင်းထီးဆိုင် ဆုံးတယ်.. ခု စာပေပညာရှင် အမေ လူထုဒေါ်အမာ ဆုံးပြန်ပါပြီ.. အမေ သိပ်ကျန်းမာရေးမကောင်းဘူးလို့ ကလျာမဂ္ဂဇင်းမှာ ဖတ်မိပါတယ်.. ဒါပေမယ့် ဒီနေ့မနက်ခင်း ၈း၃၇ မှာ အမေမာဆုံးပြီလို့ သိလိုက်ရတော့ အံ့သြမိတယ်.. အမေ့အသက်က ရင့်မှည့်တဲ့အချိန် ကြွေချိန်တန်လို့ကြွေတယ်လို့ ပြောရင်ရပေမယ့် အမေ့ကို စာတွေအများကြီး ဆက်ရေးစေချင်နေပါသေးတယ်.. စာအများကြီးရေးနိုင်အောင် အသက်ရှည်ကျန်းမာနေစေချင်ပါသေးတယ်.. ဒါပေမယ့် သေခြင်းတရားက ဘယ်သူ့မို့ဆိုပြီး မျက်နှာလိုက် ချန်မထားတတ်တော့လည်း မကောင်းသူလည်းပါ ကောင်းသူလည်းခေါ်မှာပါပဲ.. အဆိုတော် ရုပ်ရှင်မင်းသား ၊ မင်းသမီးတွေဖြစ်ဖို့ ဒီဘက်ခေတ်မှာ လွယ်ပေမယ့် တကယ်စာရေးကောင်းပြီး နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်တဲ့စာရေးဆရာဆိုတာ သိပ်ရှားသွားပါပြီ..
ကျွန်တော့်ဘ၀ရဲ့ အချိန်တော်တော်များများကို စာဖတ်တာနဲ့ ကုန်လွန်တတ်တဲ့သူမို့ စာရေးကောင်းတဲ့ စာရေးဆရာတစ်ယောက်ဆုံးတာ သိပ်ကို နှမြောပါတယ်.. အမေမာ ကောင်းရာသုဂတိလားပါစေလို့ ဆုမတောင်းပေးတော့ပါဘူး.. အမေ့စာ အမေ့စေတနာတွေကြောင့် အမေဟာကောင်းရာဘ၀မွန်ကို ရောက်မှာမလွဲပါဘူး..
Labels: Events
ပျော်ချင်တိုင်းလည်း မပျော်ရပါ..
ချစ်မိသူတိုင်းလည်း ချစ်ခြင်းမခံခဲ့ရပါ
မသိသေးတဲ့ ဒီလောကရဲ့အထာ
အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ....
ဒီသီချင်းလေးကို ဆွေးဆွေးမြည့်မြည့်အသံနဲ့ သီဆိုခဲ့သူ စိုင်းထီးဆိုင်တစ်ယောက် သူ့ သီချင်းချိုတွေ ပျော်ဝင်ဖူးခဲ့တဲ့နေရာအရပ်ကနေ အပြီးတိုင် နှုတ်ဆက် ထွက်ခွါသွားခဲ့ပြီ.. သတင်းကြားကြားချင်း စိတ်မကောင်းဖြစ်မိသွားတာ အမှန်ပဲ.. ငယ်ငယ်ကတည်းက ကျွန်တော့်ပတ်ဝန်းကျင်မှာ သူ့အသံတွေပျော်ဝင်ပြီး သူ့ သီချင်းတွေနဲ့ ကြီးပြင်းခဲ့ရတယ်.. သူ့ သီချင်းတစ်ချို့ကို ကြိုက်ခဲ့ပေမယ့် သူ့အသံကိုမကြိုက်တတ်ခဲ့ဘူး.. နားမထောင်တတ်ခဲ့ဘူးဆိုပါတော့.. ခု အသက်အရွယ်ရောက်လာတဲ့အချိန် အကြောင်းတစ်စုံတစ်ရာကြောင့် စိုင်းထီးဆိုင်သီချင်းတွေကို နားထောင်ဖြစ်ခဲ့တယ်.. အွန်လိုင်းပေါ်ကလည်း သီချင်းတွေရှာ.. စုဖြစ်ခဲ့တယ်.. ပြီးခဲ့တဲ့ တစ်ပတ်ထဲကတင် အိမ်မှာရှိတဲ့ စိုင်းထီးဆိုင်အမှတ်တရ(၃) တိပ်ခွေကို မရအရ ပြန်ဖွင့်နားထောင်ဖြစ်ခဲ့သေးတာ.. နားမထောင်တာကြာလို့ တိပ်ခွေကမှိုတွေတက်.. အသံက ပျောက်သွားလိုက် ပေါ်လာလိုက်နဲ့ ဖြစ်နေတာကို စိတ်ရှည်လက်ရှည် နှစ်ကျော့လောက်နားထောင်ဖြစ်ခဲ့တာပါ.. နားထောင်ရင်း သူ့အသံကိုသဘောကျလာပြီဆိုမှ သူက မရှိတော့ဘူးတဲ့.. ထူးအိမ်သင်နဲ့စာရင် သူက နောက်ကျတယ်လို့ပြောလို့ရပေမယ့် သေသင့်တဲ့အရွယ်လို့ မထင်မိသေးပါဘူး.. ကျွန်တော့်အဖေနဲ့ မှ ရွယ်တူလောက်ဖြစ်မယ်ဆိုပေမယ့် ဘယ်တော့မှ မအိုမဟောင်းတဲ့ သူ့သီချင်းတွေနဲ့ သူ့အသံကိုထပ်တူပြုရင်း ကိုစိုင်းထီးဆိုင်လို့ ပဲ ခေါ်ချင်တယ်.. ကိုစိုင်းထီးဆိုင်ရေ နောင်ဘ၀ဆိုတာရှိမယ်ဆိုရင် ရောက်ရာဘုံဘ၀ စံရာဌာနမှာ သီချင်းချိုချိုတွေနဲ့ ပျော်မွေ့နိုင်ပါစေလို့.. ဆုတောင်းပေးလိုက်ပါတယ်..
Labels: Events
၁၉၉၈-၉၉ ,၂၀၀၀ လောက်ကစပြီး ဗယ်လင်တိုင်းမ်ဒေးအမှတ်တရ သီချင်းခွေတွေထုတ်ခဲ့ကြတာ အမှတ်ရတယ်.. တို့ရဲ့ချစ်သူများနေ့ဆိုတဲ့ အခွေပါ.. အဆိုတော်တွေအများကြီးပါတဲ့အခွေ.. သီချင်းလေးတွေလည်း ကောင်းတယ်.. ကော်ပီတွေဆိုပေမယ့် နားထောင်လို့တော့ ကောင်းပါတယ်.. ဘိုဘို ၊ စီယံ ၊ မဒီ စတဲ့ အဆိုတော်တွေအများကြီးပါ.. ကြိုက်မိတဲ့သီချင်းလေးတွေက မြတ်နိုးခြင်းမိုးတိမ် ၊ ရည်းစားဦးတို့ရင်ခုန်ည ၊ အရှေ့ဘက်မှာ ကိုယ်ကလည်းစောင့်နေတုန်း.. ဆိုတဲ့စာသားလေးပါတဲ့သီချင်းတွေပေါ့..
ကျွန်တော့်အနေနဲ့တော့ ဗယ်လင်တိုင်းမ်ဒေးကို စိတ်ထဲမှာ ထိထိရှရှခံစားချက်မရှိပါဘူး.. ဒါပေမယ့် ၂၀၀၅ လောက်ကစပြီး မနှစ် ၂၀၀၇ ထိ ဗယ်လင်တိုင်းမ်အမှတ်တရ ကဗျာတွေရေးခဲ့ဖူးတယ်.. ပို့စ်လုပ်ထားဖြစ်တဲ့ “ရာသီပေါ်အိပ်မက်” ဆိုတဲ့ ကဗျာလေးပေါ့.. ၂၀၀၅ခုနှစ် ဗယ်လင်တိုင်းမ်ဒေးအမှတ်တရထုတ်ဖြစ်တဲ့ ကဗျာစာရွက်မှာ စာစီဖြစ်ခဲ့တဲ့ကဗျာပါ.. ကဗျာစာရွက်လုပ်ကြမယ်ဆိုတော့ ဗယ်လင်တိုင်းမ်နဲ့ပတ်သက်တဲ့ကဗျာတွေ ကျွန်တော့်ဆီ တစ်ပုဒ်မှမရှိပါဘူး.. သူငယ်ချင်းကလည်း တစ်ပုဒ်တော့ ဖြစ်အောင်ရေးပါလို့ ပြောတယ်.. ဒါနဲ့ ကဗျာစာရွက်ထဲ ထည့်မယ့်ကဗျာတွေ ရွေးကြဖို့ သူငယ်ချင်းဆီအသွား စက်ဘီးစီးရင်းနဲ့ ခေါင်းထဲမှာ ကဗျာရေးဖို့ စကားလုံးတွေက အစီအရီပေါ်လာပါတယ်.. မေ့သွားမှာစိုးလို့ စက်ဘီးစီးရင်းနဲ့ပဲ စိတ်ထဲပေါ်လာတဲ့စကားလုံးတွေကို နှုတ်ကနေ တဖွဖွရွတ်ခဲ့ရတယ်.. သူငယ်ချင်းဆီရောက်တာနဲ့ စာရွက်တောင်းပြီး ချရေးဖြစ်ခဲ့တဲ့ ကဗျာပါ.. စက်ဘီးစီးရင်းရေးခဲ့တဲ့ တစ်ပုဒ်တည်းသောကဗျာဆိုပါတော့.. အဲဒီတုန်းက ကဗျာရေးတတ်တဲ့ဒုက္ခကို နည်းနည်းညည်းမိပါသေးတယ်.. ဘာမှမရေးတတ်တာ အကောင်းဆုံးပဲလို့.. ခုတော့ ဟိုစပ်စပ် ဒီစပ်စပ်လုပ်တတ်တာလေးက တော်တော်ဒုက္ခအပေးသား.. ကဗျာရေးချင်စိတ်ပေါ်ပြီး စာစီလို့မရရင်လည်း တစ်ဒုက္ခ.. စကားလုံးတွေပေါ်လာပြီး ကဗျာရေးဖို့ ဖီလင်မဖြစ်တာလည်း တစ်ဒုက္ခ.. ဒီတစ်နှစ်တော့ ဗယ်လင်တိုင်းမ်အမှတ်တရကဗျာတစ်ပုဒ်မှမရေးဖြစ်ပါဘူး.. ဖီလင်လည်းမလာဘူး.. စကားလုံးလည်းမပေါ်ဘူး.. ရေးပါဦးလို့ အရင်လို တိုက်တွန်းမယ့်သူငယ်ချင်းလည်းမရှိဘူး.. မဟုတ်ရင်တော့ ဖြစ်ညှစ်ရေးမိဦးမလားပဲ..
ဗယ်လင်တိုင်းမ်ဒေးမှာ ချော့ကလက်မရ ပန်းစည်းလည်းမရပေမယ့် အကြိုည(မနေ့ည)ကတော့ ချော့ကလက်စားလိုက်ရပါသေးတယ်.. ဟဲဟဲ.. သိပ်အထင်ကြီးသွားလား..နေပါဦး.. မလောပါနဲ့.. ရုံးမှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က သူ့ချစ်ချစ်ပေးတဲ့အရုပ်ကိုကြွားရင်း ချော့ကလက်ကျွေးလိုက်လို့ စားရတာပါ.. စားလို့အကောင်းသား..
ဒီပို့စ်လေးရေးဖြစ်ပုံကို ပြောရဦးမယ်.. ဒီညနေ ဗယ်လင်တိုင်းမ်ဒေး အမှတ်တရဆိုပြီး ချစ်စွာသောကျွန်တော့်သူငယ်ချင်းတွေဆီ ဖော်ဝဒ်မေးတစ်ခုပို့ပေးဖြစ်တယ်.. ဗယ်လင်တိုင်းမ်ဒေးဟာသဆိုတဲ့ မေးလ်ပါ.. ချစ်သူတွေကြားက ဟာသတွေပေါ့.. ဒါပေမယ့် ရှပ်ပြာလွန်းတဲ့ကျွန်တော် ဖော်ဝဒ်မေးမှာ ဘာအတက်ခ်ျဖိုင်မှ ပါမသွားတာ မသိလိုက်ဘူး.. ရုံးကညီမလေးတစ်ယောက်ပြောလို့ အစ်မဘလော့အက်ဒ်ရက်စ်ပဲပါတယ်ဆိုတာ သိရတာနဲ့ ဟယ်..မဖြစ်ချေသေးဘူးဆိုပြီး ကဗျာလေးနဲ့ ဒီပို့စ်လေးကို ကမန်းကတန်းရေးတင်လိုက်တာဖြစ်ပါကြောင်း..
ပျော်ရွှင်စရာ ဗယ်လင်တိုင်းမ်ဒေးဖြစ်ပါစေ..လို့ ကျွန်တော်ချစ်သောချစ်သူနှင့်တကွ အွန်လိုင်းနဲ့ လူချင်းခင်တဲ့သူငယ်ချင်းအားလုံးအတွက် ဆုတောင်းပေးလိုက်ပါတယ်..
ဖေဖော်ဝါရီ ...
ရာသီလေ သိပ်မမှန်ဘူး ......။
လမ်းလျှောက်ထွက်တဲ့လေရူး
ငါ့ရပ်ဝန်းကို ခဏခဏခလုတ်တိုက်တယ်
အလွမ်းတွေက မကြာမကြာကြွေကျ ...
ဟိုတစ်စ ဒီတစ်စ .....။
နှစ်ချို့နေတဲ့ ချော့ကလက်တွေ
မှိုတက်ဖို့မေ့နေတဲ့ ငါ့အချစ်တွေက
ရယ်ဟဟ မေးနေရဲ့
ဒီတစ်နှစ်ကော......တဲ့ ။
Accounting မတတ်တဲ့ ငါ့နှလုံးသား
Balance Sheet လည်း မညှိနိုင်ဘူး
မြတ်နိုးတာလေးတစ်ခုနဲ့တင်
တမ်းတစရာတွေ ဆာနေတတ်တဲ့..ငါ့ရင်ကို
အခါလွန်ကော်ဖီတစ်ခွက်နဲ့
ကျေနပ်လိုက်ဖို့ပဲ ပြောနေရတယ် ....။
ဒီတစ်ခါရော....
ရာသီစာလေး
နင့်ကို ကျွေးခွင့်ရှိမလား
အိပ်မက်ထဲမှာတော့ ................။
Labels: Poem
မတူတဲ့လူတွေကြား မတူတဲ့အယူအဆတွေ ၊ အမူအကျင့်တွေ ရှိတယ်.. လူချင်းတူရင်တောင် အသက်ရှူချင်းကွဲတယ်.. ဘာညာသာရကာ စာသိနဲ့ သိခဲ့တာ ကြာခဲ့ပြီ.. ဒါပေမယ့် ငါသိ သိလိုက်ရတဲ့အချိန် ဖြစ်လာတဲ့ ခံစားချက်တွေမှာ ဒီလိုသိလိုက်ရတာကို လန့်သွားတဲ့စိတ်ကလေးကို မြင်လိုက်ရတယ်.. လူတွေဆီက သင်ယူစရာ မကုန်နိုင်ပါလား လူတွေအကြောင်း သိစရာမကုန်နိုင်ပါလားလို့ ရေးတေးတေးသဘောပေါက်လာတယ်.. ပင်လယ်ကို မမြင်ဖူးတဲ့ကျွန်တော်.. ခရီးသွားရင်း ပင်လယ်ဆီရောက်ခဲ့တဲ့အချိန်၊ ပင်လယ်ဆိုတာကို မြင်လိုက်ရတဲ့အချိန်လန့်သွားခဲ့ဖူးတယ်.. ကျွန်တော် အစက မျှော်လင့်ခဲ့တာ ပင်လယ်ကိုတွေ့ရင် ပျော်လိမ့်မယ်ပေါ့.. ပျော်တာက နောက်မှရောက်လာခဲ့ပါတယ်.. လန့်တာက အရင်လာတယ်.. ပင်လယ်က ကျယ်တယ်.. ကမ်းမမြင်လမ်းမမြင်ဆိုတဲ့စကား စာထဲမှာလည်း ဖတ်ဖူးသား.. ရုပ်ရှင်ထဲမှာလည်းကြည့်ဖူးသား.. သူများတွေအပြောကိုလည်း ကြားဖူးသား.. ကိုယ်တိုင်မြင်လိုက်ရတော့ တကယ့်ကို အံ့သြတကြီးစိတ်နဲ့ လန့်သွားခဲ့ဖူးပါတယ်.. ခုလည်း အဲလိုပဲ.. ကိုယ့်အတွေးသိ သိခဲ့ရတဲ့လူတွေအကြောင်း ခပ်တိမ်တိမ်သိခဲ့ရတဲ့ လူတွေအကြောင်းကို နည်းနည်းလေးပိုသိလာရတဲ့အချိန် လန့်သွားတယ်..
လူအများစု စိတ်ရင်းလေးကောင်းတယ်.. ဒါပေမယ့် အစအနောက်သန်တယ်.. တချို့ လူတွေက ပြောတဲ့အတိုင်းလုပ်သလို လုပ်တဲ့အတိုင်းပဲ ပြောတယ်.. တချို့လူတွေက ကိုယ်မလုပ်တာကိုလည်း ပြောတတ်တယ်.. ကိုယ်မကြားခဲ့တာကိုလည်း ကြားခဲ့သယောင် ကြံဖန်လုပ်ပြောတဲ့နေရာမှာ သိပ်တော်တယ်.. တချို့ တွေက ကတိပေးထားပြီးရင် တည်တတ်သလို ချိုးဖောက်ဖို့က သူတို့အတွက် ခဲယဉ်းတယ်.. တချို့တွေအတွက်ကျ ကတိပေးလွယ်ပြီး ချိုးဖောက်ဖို့လည်း လွယ်တတ်ကြတယ်.. တချို့လူတွေကျတော့ ကိုယ်က မမှန်တာမပြောတတ်သလို သူများတွေက အမှန်ကိုပဲပြောလာဖို့ မျှော်လင့်ကြတယ်.. တချို့လူတွေကျတော့ ကိုယ်တိုင်လည်း လျှို့ဝှက်သိုသိပ်သလို တခြားသူတွေကိုလည်း သိုသိုသိပ်သိပ်နေထိုင်တတ်ဖို့ မျှော်လင့်ကြတယ်.. တချို့သူတွေကျတော့ ကိုယ့်အကြောင်းကို ထိန်ဝှက်မထားတတ်သလို သူနဲ့ပတ်သက်တဲ့သူတွေကိုလည်း ပွင့်ပွင့်လင်းလင်းပြောဆိုလာဖို့ မျှော်လင့်တယ်.. ကိစ္စချင်းအတူတူတောင် တချို့ လူတွေက သူတို့စိတ်ထဲမှာ အဲဒီကိစ္စက ရက်ပိုင်းလပိုင်းလောက်ပဲခံတယ်.. သူတို့တွေက တခြားသူတွေလည်း သူတို့လိုပဲ မေ့လွယ်ပျောက်လွယ်ရှိလိမ့်မယ်လို့ မျှော်လင့်တယ်.. တချို့လူတွေအတွက် ရှင်းလင်းတဲ့အသိတစ်ခုမရနိုင်မချင်း သူတို့စိတ်ထဲမှာ နှစ်နဲ့ ချီပြီးရှိတယ်.. သူတို့တွေကကျတော့ တခြားသူတွေရဲ့စိတ်ထဲမှာ သူတို့လိုပဲ နှစ်နဲ့ချီခံစားနေမလားလို့ ထင်မိတတ်ကြတယ်..
အစအနောက်သန်တဲ့သူတွေကြောင့် ကျွန်တော့်ဘ၀မှာ နင့်နင့်နဲနဲစိတ်ထိခိုက်ရခဲ့တဲ့အချိန်တွေ အများကြီးပဲ.. ဘာလို့လဲဆိုတော့ ကျွန်တော်က သူများကို စခဲနောက်ခဲတဲ့သူမို့ပါ.. စတယ်နောက်တယ်ဆိုရင်လည်း သူ အများကြီးမထိခိုက်နိုင်မယ့် (အထူးသဖြင့် သူ့ စိတ်ကိုမထိခိုက်နိုင်မယ့် ) နည်းနဲ့ ပျော်စေပြက်စေဆိုတဲ့သဘောလောက်ပဲ စနောက်လေ့ရှိတယ်... ကိုယ်က ခပ်ပေါ့ပေါ့ စကားတွေမပြောတတ်သလို သူများတွေရဲ့စကားကိုလည်း ပေါ့ပေါ့ပါးပါးသဘောမထားတတ်တာနဲ့ ကိုယ့်ကို စရင် နောက်ရင် အတည်ထင်တတ်တာ အားနည်းချက်တစ်ခုဖြစ်ခဲ့ဖူးတယ်.. ခုချိန်ထိလည်း အားနည်းချက်တစ်ခုအနေနဲ့ ရှိနေတုန်းပဲ.. ဒါနဲ့အတူ လူတွေကို မယုံသင်္ကာများတဲ့စိတ်လည်း ဖြစ်လာခဲ့တယ်.. ကိစ္စတစ်ခုဖြစ်သွားရင် အဲဒီကိစ္စနဲ့ပတ်သက်လို့ မရှင်းလင်းတာများရှိခဲ့ရင် ကျွန်တော့်စိတ်ထဲမှာ နှစ်တော်တော်ကြာရှိနေတတ်တယ်.. သိပ်ခါးသည်းတဲ့အရာတစ်ခုကို ရင်အနာခံပြီး အမှန်အတိုင်းပဲသိချင်တယ်.. ဖြစ်နေတဲ့အချိန် ချူံးပွဲချငိုရတာ ကျွန်တော့်အတွက် ပြဿနာမဟုတ်ဘူး.. မသိရရင် ဖွဲမီးလိုတငွေ့ငွေ့နဲ့ အမြဲလောင်နေတတ်တာကမှ တကယ့်ပြဿနာ..
ဘာရယ်မဟုတ်ပါဘူး.. အပြင်မှာ နေတာထိုင်တာ လျှို့ဝှက်သေသပ်သလောက် ကိုယ့်မျက်နှာမမြင်ရတဲ့ အွန်လိုင်းလိုနေရာမျိုးမှာ Express လုပ်မိလွန်းတဲ့ ကိုယ့်စိတ်ကိုယ်လည်း နားမလည်နိုင်ဘူး.. ခုလောလောဆယ် ကျွန်တော်သိတာတစ်ခုပဲ ရှိတယ်.. အွန်လိုင်းမှာ ပြန်တွေ့ခဲ့တဲ့သူငယ်ချင်းတစ်ယောက်ကို အွန်လိုင်းပေါ်မှာတင် လုံးလုံးဆုံးရှုံးလိုက်ရပြီ ဆိုတာပါပဲ.. ဘယ်တော့မှ ပြန်မဆက်နိုင်တော့မယ့် သံယောဇဉ်တွေရော ဆုံးရှုံးလိုက်ရတာပဲ.. အသိတစ်ခုရဖို့အတွက် ကျွန်တော်ပေးဆပ်လိုက်ရတာ တန်တယ် မတန်ဘူး မပြောတတ်ပေမယ့် ပေးလိုက်ရတဲ့ပမာဏတော်တော်ကြီးတယ်လို့ပဲ ခံစားမိနေတယ်.. သူငယ်ချင်းတစ်ယောက်ဆုံးရှုံးလိုက်ရသလို ချစ်ခင်သူတစ်ယောက်ကိုလည်း ဆုံးရှုံးလိုက်ရတာပါပဲ.. တကယ်ကိုဘာရယ်မဟုတ်ပါဘူးလေ.. တခြားသူတွေအမြင်မှာကြည့်ရင် တကယ်ကို ဘာရယ်မှ မဟုတ်တာသေချာမှာပါပဲ...