အားလုံးပဲ Merry Christmas ပါ.. ခရစ်စ်မတ်စ်နေ့ဆိုတာ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး.. ဒါပေမယ့် တရားဝင်ရုံးပိတ်ရက်ဖြစ်တော့ ဒီဇင်ဘာရောက်ရင် ခရစ်စ်မတ်စ်နေ့ကို မျှော်ပါတယ်.. ဒီနှစ် ခရစ်စ်မတ်စ်ကတော့ ကျွန်တော့်အတွက် ပျော်ရွှင်စရာအမှတ်တရတွေ ယူလာတယ်.. ခရစ်စ်မတ်စ်နေ့ရုံး ပိတ်ရက်မှာ ကျွန်တော့်ချစ်သူရဲ့အမေ့ရွာကို သွားခဲ့တယ်.. ´´စစ်ပင်ဆိပ်´´တဲ့.. ခရစ်စ်မတ်စ်နေ့ မနက်အစောကြီး ငါးနာရီမှာ ချစ်သူတို့အိမ်ကနေ ချစ်သူရဲ့အဘိုး ၊ ချစ်သူ ၊ ချစ်သူရဲ့အစ်မတွေနဲ့အတူ
အောင်မင်္ဂလာကားဝင်းကို သွားကြတယ်.. ကားဝင်းကိုရောက်တော့ ´´၀င်း´´ ကားဂိတ်မှာ ကားလက်မှတ်ဖြတ်.. ပဲခူးထိထိုင်စီးရမယ်.. ကျွန်တော်တို့သွားချင်တဲ့ ဘုရားကြီးထိတော့ မတ်တပ်ရပ်စီးရမယ်.. ရပ်စီးရမှာက ၁၅ မိနစ်လောက်ဆိုတော့ အဆင်ပြေပါတယ်.. ကားပေါ်ရောက်မှ မနက်စာ ပေါက်စီတစ်ယောက်တစ်လုံး.. အဆာပြေပေါ့လေ..

ဘုရားကြီးကိုရောက်တော့ ဘုရားကြီးဈေးနားမှာ ထပ်စားကြတယ်.. ပြီးမှ ချစ်သူရဲ့အမေ့ရွာကို ဆိုင်ကယ်ကယ်ရီနဲ့ ဆက်သွား.. ချစ်သူနဲ့ကျွန်တော်က တစ်စီး.. စီးရတယ်.. ရွာကိုအရောက် ၁၀ မိနစ် သာသာလောက် မောင်းရတယ်.. ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရဲ့ဘေးမှာဆိုတော့ သွားရတာ လမ်းသာပါတယ်.. ကျွန်တော်တို့ဆိုင်ကယ်က အရင်ဆုံးရောက်တော့ နောက်ကလူတွေကို ဘုန်းကြီးကျောင်း အ၀င်ဝက ရပ်စောင့်နေတုန်း ချစ်သူရဲ့ညီ ထွက်ကြိုတယ်.. ထွက်ထွက်လာချင်း ဘယ်သူမှန်းမသိဘူး..
လူမှားနေရော... စွပ်ကျယ်ချိုင်းပြတ်နဲ့.. ဘုန်းကြီးကျောင်းသားစတိုင်နဲ့ဆိုတော့ ၀င်လေ..အထဲကို´´ဆိုတဲ့ အသံကြားမှ မှတ်မိတော့တာ.. ချစ်သူရဲ့ညီမလေးကလည်း ၀မ်းသာအားရ လှမ်းအော်နှုတ်ဆက်...
ကျောင်းထိုင်ဆရာတော်ကို ဖူးဖို့ ကျောင်းပေါ်တက်တော့ အလှူအတွက် ချက်ပြုတ်နေကြတဲ့ ချစ်သူရဲ့ဆွေမျိုးတွေလည်း ကျောင်းပေါ်ကို တက်လာကြတယ်.. ဆွေပြမျိုးပြလာကြတာ..ဆိုပြီး ချစ်သူရဲ့ညီမလေးက မိတ်ဆက်ပေးတော့ မျက်နှာကို ဘယ်နားသွားထားရမှန်းမသိအောင် ရှက်သွားပါတယ်..
နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်ကျဲကျဲနဲ့....(သိတယ်ဟုတ်..လူကြီးရှက်တော့ ရယ်...ဆိုတာ).. ရွာဦးကျောင်းဆရာတော်ကို ၀တ်ဖြည့်ပြီးတဲ့နောက် ဘုန်းကြီးကျောင်းဝင်းထဲပတ်ကြည့်..

ဘုန်းကြီးကျောင်းနဲ့ယှဉ်လျက်နေရာက ကုန်းပေါ်မှာ စေတီရှိတယ်... ကုန်းမြင့်ပေါ်မှာဆိုတော့ စေတီရင်ပြင်ကို
မရောက်ဖြစ်ခဲ့တော့ဘူး.. ပြီးတော့ ရွာထဲကို လည်ကြတယ်.. ချစ်သူရဲ့အစ်မ၀မ်းကွဲအိမ်မှာ လက်ဖက်တစ်ပန်း ကန်နဲ့ ၀ိုင်းဖွဲ့မိကြပြန်တယ်.. ဆွမ်းက ၁၀း၃၀ လောက်မှကပ်မယ်ဆိုတော့ နာရီဝက် တစ်နာရီတော့ လူငယ်တွေချည်း စကားပြောကြ.. ချစ်သူတို့မောင်နှမတွေ တစ်ယောက်တစ်ပေါက်ပြောကြဆိုကြတာ နားထောင်၊ လိုက်ပြော၊ လိုက်နောက်နဲ့.. အမှတ်ရစရာပါပဲ.. မနေ့က ကြိုရောက်နှင့်တဲ့ ချစ်သူရဲ့ညီက
ရွာကလူတွေကို သူ့အစ်ကို မိန်းမရသွားပြီလို့ပြောထားတာ.... သူကရှေ့ကပြော သူ့ညီမက နောက်ကနေ လိုက်ဖော်...တယ်တဲ့... ဘယ်လိုပဲဖြစ်ဖြစ် ရယ်ရယ်မောမောနဲ့ ပျော်စရာ စကားဝိုင်းတစ်ခုမှာ ပါဝင်ခဲ့ရတယ်.. ဆွမ်းကပ်ချိန်အမီ ကျောင်းကိုပြန်ပြီး ဆွမ်းကပ်ဖို့ပြင်ဆင်.. ဆွမ်းကပ်ကြ.. နေ့လည်စာစားကြ.. စားပြီးတရားနာ..
တရားနာပြီးတော့ ဘုန်းကြီးကျောင်းဝင်း အရိပ်ကောင်းတဲ့နေရာမှာ ချစ်သူရဲ့ညီနဲ့ ချစ်သူက ပိုက်ကျော်ခြင်းခတ်ကြတယ်.. ခြင်းကလည်း ခတ်ရတယ်ကိုမရှိဘူး... ကောက်နေရတာချည်းပဲ.. သူတို့နှစ်ယောက် ပိုက်ကျော်ခြင်းကနေ ၀ိုင်းခြင်းဖြစ်သွားကြတော့ ကျွန်တော်နဲ့ညီမလေးက
ကျောင်းသားတွေကစားတဲ့ ဘောလုံးယူပြီး ဘောလုံးကန်ကြ.. ဘောလုံးကန်ရတာ ပျင်းလာတော့
ခြင်းခတ်နေတဲ့ နှစ်ယောက်ကိုခေါ်ပြီး အဲဒီဘောလုံးနဲ့ ဘောလီဘောပုတ်ကြတယ်.. သိတဲ့အတိုင်း.. ကန်တဲ့ဘောလုံးကို ဘော်လီဘောလုပ်ပြီး ပုတ်တော့ လက်တွေက ဘယ်ခံနိုင်မှာတုန်း.. အရေးထဲ ဘောလုံးက ကွဲနေသေးတယ်... ကိုယ်ပေးဖို့ အလှည့်ရောက်တိုင်း ပိန်သွားတဲ့ဘောလုံးကို လက်နဲ့ ပြန်ပြန်ဖောင်း.. ပြီးမှ ပြန်ပေး.. အလုပ်ကိုဖြစ်လို့...

ဘောလုံးကန်နေကျ ချစ်သူကလည်း တစ်ဘက်ကလာတဲ့ဘောလုံး လက်နဲ့မဖမ်းဘဲ ခြေထောက်နဲ့ချည်း လှမ်းဖမ်းတယ်.. သူလည်း ဘောလီဘောတစ်ခါမှ မကစားဖူးဘူးလေ.. ကျွန်တော်လည်း အတူတူပဲ..
မကစားဖူးတော့ လက်အနေအထားမမှန်.. ညာလက်မဆစ် ဘောလုံးနဲ့ထိတော့ ချက်ချင်းရောင်တက်လာတယ်.. ၁၀ မှတ်ကြေး လေးပွဲလောက်ကစားလိုက်တဲ့အခါ လူတွေက ခြေကုန်လက်ပမ်းကျ.. ချစ်သူနဲ့ ကျွန်တော်က ပိုဆိုးပေါ့.. နှစ်ယောက်သားက ကွန်ပျူတာရှေ့မှာသာ ဒေါင်းတိမောင်းတိလေ.. ပြေးဟယ်လွှားဟယ် ကစားဟယ်ဆိုတော့ ခဏလှုပ်ရုံနဲ့ လူက ဟိုက်နေပြီ.. ပွဲလက်စသတ်တော့ ကျွန်တော်တို့ဘက်က
လေးပွဲလုံးအရှုံးပြ.. ရှုံးတဲ့သူ အအေးတိုက်ကြေးလောင်းထားပေမယ့် နိုင်တဲ့သူတွေတိုက်တဲ့အအေးပဲ လိုက်သောက်လိုက်တယ်.. :P

အအေးဆိုင်မှာ ရပ်ထားတဲ့ဆိုင်ကယ်မြင်တော့ လူကမနေနိုင်မထိုင်နိုင် တက်စီးဖို့လုပ်သေးတာ..
ဆိုင်ကယ်က နင်းနှိုးတာတောင် လုံးဝမနှိုးတော့တာနဲ့ စိတ်လျှော့လိုက်ရတယ်.. အအေးသောက်ပြီးတော့ ဘုန်းကြီးကျောင်းပြန်သွား.. ချစ်သူရဲ့အစ်မတွေက ရွာထဲသွားလည်ကြတယ်.. ကျောင်းပေါ်မှာ နားရင်းစကားပြောကြ.. ချစ်သူရဲ့အမျိုးတွေကတော့ ဆွမ်းမကပ်ခင်ကတည်းက ကောက်ညင်းထုပ် လုပ်နေကြတယ်.. အိမ်အပြန်လက်ဆောင်ပေါ့.. ကောက်ညင်းထုပ်ကျက်မှ ပြန်ရမယ်တဲ့.. ပြန်ဖို့ပြင်ကြတော့ ညနေ ၃း၀၀ .. ကောက်ညင်းထုပ်တွေလည်း အသင့်ဖြစ်ပြီပေါ့... ရွာဦးကျောင်းဆရာတော်ကတော့ ကျွန်တော့်ချစ်သူကို မိန့်လိုက်တယ်.. ခုလာပြတဲ့လူကို မှတ်ထားလိုက်ပြီ.. နောက်တစ်ယောက် မပြောင်းနဲ့တော့တဲ့.. ကားစောင့်ဖို့သွားကြတော့ အိမ်အပြန်ခြေလှမ်းတွေက အလာတုန်းကလောက် မမြန်တော့ဘူး.. (သဲရုန်းနေရလို့.. ;) ).. အမြန်လမ်းကနေစောင့်ပြီး ကားတားကြတာ တော်တော်နဲ့မရ.. ကားစောင့်ရင်း အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်.. သူငယ်ချင်းတွေကိုကြွားဖို့ရာ ကျွန်တော်လည်း ချစ်သူနဲ့တစ်ပုံတွဲရိုက်.. ကျွန်တော့် ချစ်သူခင်သူတွေဆီ ကျွန်တော်တို့နှစ်ယောက်ပုံကို
နောက်မှပို့ပေးလိုက်မယ်.. ရန်ကုန်ပြန်ဖို့ တွေ့တဲ့ကားတိုင်းတား.. တားသမျှကားကလည်း မရပ်ဘူးဗျာ..
နောက်ဆုံး ဘုရားဖူးကားတစ်ကားက တင်ခေါ်မှ ရန်ကုန်ပြန်ရတော့တယ်.. ကျေးဇူးအကြီးကြီးတင်ရပါ၏... ရန်ကုန်ပြန်ရောက်တော့ အဆောင်ပြန်ဖို့လူက ခြေကုန်လက်ပမ်းကျနေပြီ.. အစ်မတွေက အိမ်မှာပဲ အိပ်လိုက်တော့ဆိုတာနဲ့ ညစာထမင်းဝိုင်းကို ချစ်သူရဲ့မိသားစုနဲ့ လက်ဆုံစားဖြစ်ကြပြန်တယ်... ဒီလိုဒီလိုနဲ့..... 2011 ခရစ်စ်မတ်စ်ညလေးက သံယောဇဉ်ကြိုးအသစ်အသစ်တွေ ရစ်ပတ်နှောင်ဖွဲ့ .. မေတ္တာတေးတွေ လွင့်ပျံလျက်... ချစ်သူနဲ့အတူ အဘိုးကြီးအဘွားကြီးဖြစ်တဲ့အထိ မကြာခဏတမ်းတဖြစ်နေမယ့်
နေ့လေးတစ်နေ့ ပေါ့လေ.....

စစ်ကိုင်းဦးဖိုးသင်းရေးတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိနဲ့ကျော်ရင်မြင့်ရေးတဲ့ အရောင်သွေးစုံစုံ ဘ၀ဇာတ်ခုံ အဖုံဖုံ
စာအုပ်ဖတ်ဖြစ်ပါတယ်.. စစ်ကိုင်းဦးဖိုးသင်းရေးတဲ့စာတွေကို အရင်ကမဖတ်ဖူးပါဘူး.. လက်လှမ်းမမီခဲ့ဘူး ဆိုပါတော့.. သူ့စာအုပ်ကိုဖတ်ကြည့်မှ သူရေးတဲ့စာတွေအများကြီးရှိမှန်းသိရပါတယ်..သူ့ရဲ့စာရေးသားဟန်ကို
သဘောကျပါတယ်.. ပွင့်လင်းတယ်.. ဘုဂလန့်တော့နိုင်တယ်.. သူတို့ခေတ်ကပညာရေးကို သိရတယ်..
ဘုန်းကြီးကျောင်းမှာစာသင်ပြီး အဲဒီခေတ်က ခုနစ်တန်းကို ဘုန်းကြီးကျောင်းသား မောင်သင်းက စူးစမ်းစိတ်အင်မတန်ကြီးတာတွေ့ရပါတယ်.. ကိုယ်ငယ်ငယ်တုန်းကနဲ့များ ကွာပလို့ တွေးမိတယ်.. ကိုယ်သာသူ့နေရာမှာဆိုပညာတတ်-လူတစ်လုံးသူတစ်လုံး ဖြစ်လာဖို့ မလွယ်လှဘူး အောက်မေ့တယ်..
ဗိုလ်ချုပ်အောင်ဆန်းကလည်း ဦးဘိုးသင်းဆီကနေ နိုင်ငံရေးအကြံဥာဏ်တွေရခဲ့တယ်လို့ ခန့်မှန်းမိရတယ်..
ဦးခန္တီတန်ဆောင်းတွေဆောက်တာအပေါ်မှာ ဦးဘိုးသင်းရဲ့အမြင်က တစ်မျိုးပါ.. အင်္ဂလိပ်ခေတ်မှာ သူရေးတဲ့စာတွေဟာ နိုင်ငံရေးနဲ့ငြိတဲ့စာတွေဖြစ်လို့စာအုပ်အဖြစ်မထုတ်ဘဲ ကျောင်းသုံးဖတ်စာအုပ်အဖြစ် ပြဌာန်းဖို့ပဲ
သူလုပ်ခဲ့ပါသတဲ့... လွတ်လပ်ရေးရပြီးနောက်ပိုင်းခေတ်တွေမှာလည်း သူရေးတဲ့စာအုပ်တွေဟာ နိုင်ငံပြုပြင်ရေး စာအုပ်တွေပါပဲ.. ဒါပေမယ့် စာရေးတဲ့အလုပ်ကို သူ့အိမ်မှာ ဟင်းရွက်ကန်စွန်း စိုက်တဲ့အလုပ်လောက်
အားမရမိပါဘူးတဲ့.. စိုက်ထားတဲ့ဟင်းသီးဟင်းရွက်တွေဟာ စားချင်တဲ့သူရှိနေသေးတယ်.. စားတဲ့သူရှိနေတယ်..
ပြောရရင် စားသုံးသူက အကျိုးရတယ်ပေါ့... သူရေးတဲ့စာတွေကတော့ ဖတ်သင့်တဲ့သူတွေ(ဥပမာ-
စီးပွားရေးသမားတွေ) မဖတ်ဘဲ စာရေးချင်တဲ့သူတွေကသာ ဖတ်သလိုဖြစ်နေတဲ့အတွက် စားသုံးသူဆီ တကယ်မရောက်ဘူး.. စာဖတ်သူက သူ့စာအုပ်ကနေ အကျိုးမရတဲ့အတွက် စာရေးတဲ့အလုပ်ကို ဟင်းသီးဟင်းရွက်စိုက်တဲ့အလုပ်လောက် အားမရပါဘူးလို့ ပြောထားပါတယ်... စာရေးဖို့တောင် အားလျော့သွားသလိုပဲ.. :)

ကျော်ရင်မြင့်ရဲ့စာအုပ်ကတော့ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ နိုင်ငံရေးနဲ့ အနုပညာနယ်ပယ်မှာ ထင်ရှား-မထင်ရှား ကြိုးစားရုန်းကန်နေတဲ့ သူတွေရဲ့အကြောင်းကို ရေးထားတာပါ.. မစိုးရိမ်တိုက်အုပ်ဆရာတော်၊ ရဲတိုက်၊
လေထီးဒေါ်မြရင်၊ မုံရွာက သစ်ပင်စိုက်နေတဲ့သူအကြောင်း.... စသဖြင့် လူအများကြီးရဲ့ အကြောင်းကို ဆောင်းပါးတိုလေးတွေ ရေးထားတာပါ.. မဆိုးပါဘူးလို့ပြောရပါမယ်.. ဘ၀မှာရုန်းကန်နေရတာ
ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး ဆိုတဲ့အတွေးနဲ့ အားသစ်တွေဖြစ်နိုင်ပါတယ်..

ဒီရက်ပိုင်း ဧရာဝတီကိစ္စ ပွက်လာတော့ ချစ်သူနဲ့စကားပြောဖြစ်တဲ့အခါလည်း အဲဒီကိစ္စက ပါလာပြန်တယ်.. ကျွန်တော်တို့တွေနှစ်ယောက်လုံးကတော့ ဘယ်ဘက်ကမှ မဟုတ်ဘူး.. သူ့အတွေးကိုသူပြော.. ကိုယ့်အတွေးကိုယ်ပြောပေါ့.. ကျွန်တော့်အတွေးကတော့ မြစ်ကြီးတိမ်ကောသွားမလား.. သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမလားဆိုတဲ့အတွေးပေါ့.. (သစ်ပင်တွေကုန်နေတာတော့ ပြင်ဦးလွင်ဘက်က ရာသီဥတုကိုကြည့်ရင် တော်တော်သိသာပါတယ်.. ပြင်ဦးလွင်ဘက် သစ်ခုတ်ရောင်းတာနဲ့ ထုံးဖုတ်တာတွေကြောင့် အပင်တွေကုန်ပြီး တစ်နှစ်ထက်တစ်နှစ် သိသိသာသာပူလာတယ်.. ပြင်ဦးလွင်ဘက် အပင်ကုန်တာ ဧရာဝတီနဲ့တော့မဆိုင်ဘူးပေါ့လေ.. ဧရာဝတီကျမှ အသံတွေထွက်လာတာက သတင်းလွတ်လပ်ခွင့် နည်းနည်းရလာတာရယ်.. နိုင်ငံအလယ်ကနေဖြတ်စီးတဲ့မြစ်ဖြစ်နေတော့ ထိခိုက်ရင် တစ်နိုင်ငံလုံးနီးပါးဖြစ်နေမှာရယ်- ပျောက်သွားရင် အရမ်းသိသာမှာရယ်-ဆည်လာဆောက်မယ့်သူက တရုတ်ဖြစ်နေတာရယ်ကြောင့် ဒီလောက် အသံတွေထွက်လာတာလား တွေးမိပါတယ်..အင်းလေးကန်ကြီးသိသိသာသာရေခန်းတုန်းကတောင် ခဏတဖြုတ်လောက် ဖြစ်သွားကြတာဆိုတော့လေ.. ) အဲဒါကြောင့် မီဒီယာတွေ (ဂျာနယ်တွေ)ဘက်က ရေးသင့်တယ်..တင်ပြသင့်တယ်ဆိုတဲ့အတွေးပေါ့..

သူ့အတွေးကတော့ ဧရာဝတီကိစ္စ မီဒီယာအချင်းချင်း(နိုင်ငံပိုင်သတင်းစာနဲ့ ဂျာနယ်သမားတွေ) ပုဂ်ဂိုလ်ရေးထိခိုက်မပြောကြဘဲ အကျိုးဖြစ်အောင် ရေးကြစေချင်တယ်.. နိုင်ငံပိုင်သတင်းစာမှာရေးတဲ့သူက ဘယ်ရာထူး ဘယ်အဆင့်လဲလို့ ပြောထားတဲ့စာမျိုး ရေးတာဟာ ပုဂ်ဂိုလ်ရေးတိုက်ခိုက်တာပဲလို့ သူမြင်တယ်.. ဆည်ဆောက်လို့ မြစ်ပျောက်မယ်ဆိုရင် မပျောက်အောင်လုပ်ဖို့အတွက် တောင်းဆိုနိုင်ရမယ်.. တစ်ဘက်ကဆုံးရှုံးရင် အဲဒါကိုထေမိကာမိတဲ့အကျိုးအမြတ်တစ်ခုကို တောင်းဆိုတာမျိုး မီဒီယာတွေက လုပ်သင့်တယ်လို့ သူတွေးတယ်.. ရေးကြတဲ့အချိန်မှာ ပုဂ်ဂိုလ်တစ်ဦးတစ်ယောက်ကို ဦးတည်ပြောဆိုနေတာမျိုးထက် အကျိုးဖြစ်နိုင်တဲ့ဘက်ကို ဦးတည်ပြောဆိုတာမျိုး ပိုဖြစ်သင့်တယ်လို့ သူပြောတယ်... အကျိုးဖြစ်ထွန်းမယ့်စကားမျိုးတွေပဲ ဖြစ်စေချင်တာပေါ့လေ..

အဲဒီနေ့က ချစ်သူနဲ့စကားဝိုင်းက နောက်ဆုံးဘယ်လိုသိမ်းလဲဆိုတာ ဆက်ပြီးဖတ်ကြည့်ပါဦး..

သူကပြောတယ်.. ဗိုလ်ချုပ်အောင်ဆန်းကို သိပ်လေးစားပါတယ်တဲ့.. ဗိုလ်ချုပ်ကိုကြိုက်တဲ့အချက်တွေရှိသလို လုံးဝမကြိုက်တဲ့အချက်တွေလည်း ရှိပါသတဲ့.. သူဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးရအောင် ကြိုးစားတဲ့နေရာမှာ သူနဲ့အတူ အလုပ်လုပ်တဲ့သူတွေကို လုပ်ငန်းအကောင်အထည်ဖော်တဲ့နေရာမှာ စည်းရုံးသွားနိုင်တယ်.. ဦးပုက အင်္ဂလန်က အိမ်ရှေ့မင်းသားမြန်မာပြည်လာတဲ့သတင်းကို အင်္ဂလိပ်တွေက အမှောင်ချထားလို့ သူ့သတင်းစာကနေ မင်းသားနဲ့အိပ်ခဲ့တဲ့မိန်းမတွေက မင်းသားကို ဘယ်လိုလွမ်းနေကြောင်းသတင်းရေးပြီးဖွင့်ချတော့ ထောင်ထဲဝင်လိုက်ရတယ်.. အဲဒီအခါ ဗိုလ်ချုပ်က ကိုယ်လုပ်လိုက်တဲ့အလုပ်တစ်ခုက လွတ်လပ်ရေးရမယ့်အရေးကို တကယ်အထောက်အကူဖြစ်ရဲ့လားဆိုတာ တွေးသင့်တဲ့အကြောင်း ဦးပုကိုပြောသတဲ့.. ဦးပုကို အပြစ်တင်တဲ့စကားထက် အဲလိုလေးကောင်းကျိုးဆိုးပြစ်ကိုပြောပြလိုက်တဲ့အခါ လုပ်တဲ့သူကလည်း သူဘာဆက်လုပ်ရမယ်ဆိုတာ မြင်သွားတယ်ပေါ့.. ဗိုလ်ချုပ်ကို အဲလိုနေရာမျိုးတွေမှာ သဘောကျမိပါသတဲ့.. ဒါပေမယ့် လွတ်လပ်ရေးကိုအရယူဖို့ကြိုးပမ်းနေဆဲကာလ.. လွတ်လပ်ရေးရတာတောင် မမြင်သွားရလောက်အောင် ကိုယ့်အသက် ကိုယ့်လုံခြုံရေးထားဖို့ ပေါ့လျော့လွန်းတဲ့ဗိုလ်ချုပ်ကို သဘောမကျပါဘူးတဲ့... ဒါနဲ့ ကျွန်တော်က ဘာကောက်ပြောလိုက်လဲ ဆိုတော့.... အင်း.. အဲလိုအပြုအမူမျိုး ရှင်လည်းမကြိုက်ဘူး.. ကျွန်မလည်း မကြိုက်ဘူး.. သူများဆီမှာ ကိုယ်မကြိုက်တဲ့အချက်တွေ့လာရင် ကိုယ်လည်း အဲလိုမနေမိအောင် မလုပ်မိအောင်ရှောင်ပေါ့.. ကျန်းကျန်းမာမာအသက်ရှည်ရှည်နဲ့ ကိုယ့်ဘေးနားမှာကြာကြာနေနိုင်အောင် အလုပ်လုပ်ရင် ကျန်းမာရေးထိခိုက်လောက်အောင် မလုပ်ရဘူးလို့.. ကောက်ပြောလိုက်တာ.. ပြောလက်စ စကားတွေပြတ်ပြီး ကိုယ့်ကို ရယ်ကျဲကျဲနဲ့ ကြည့်နေလေရဲ့.. သိတယ်ဟုတ် .. ကျွန်တော်က စကားဖြတ်တာ သိပ်တော်တာ.. ဟီး.. အချိန်မကြည့် ဘာမကြည့်နဲ့ သူပြောချင်တာတွေ စွတ်ဆက်ပြောနေတာ ရပ်သွားရော.. သူလည်း ကျေနပ်သွားရော... ချစ်သူနဲ့ ဧရာဝတီအရေး..ဗိုလ်ချုပ်အကြောင်းပြောဖြစ်ခဲ့ကြတဲ့စကားဝိုင်းလေး ဒီနေရာမှာတင် လက်စသိမ်းသွားပါတယ်..

အသည်းကွဲရင်ခုန်ညနေ

အစိမ်းရောင်နေ့စွဲ
ပန်းရင့်ရင့် ရုတ်တရက်ပြောင်းမယ်
ဘယ်သူထင်ပါ့မလဲ…။

ဖြတ်ဖူးတဲ့ညနေခင်းတွေများပေမယ့်
ဒီညနေလောက် ပန်းသွေးမကြွယ်ဘူး...။

အစိမ်းက ပန်းရောင်မှာ အကွက်ဖော်လာတာမဟုတ်
ပန်းရောင်က အင်အားများများနဲ့ လာကွက်ကြားတာ…။

အဲလို..အဲလို အသည်းကွဲရင်းရင်ခုန်…
ဒီအရသာများ ရဖူးကြရဲ့လား…။

လွတ်ကျတဲ့အိပ်မက်ဟောင်းပဲ တတမ်းတတဖြစ်တတ်သူတွေ
ကန့်ကွက်မယ့် ရင်ခုန်ခြင်းမျိုး…။

အရှုံးမှာ အိပ်ပျော်သူတွေ
မနှစ်မြို့မယ့် ရင်ခုန်ခြင်းမျိုး…။

ဒဏ်ရာတွေနဲ့ပျော်မယ့်သူတွေ
မလိုလားမယ့် ရင်ခုန်ခြင်းမျိုး….။

အပစ်ခံဘ၀ ဂုဏ်ယူသူတွေ
အားမပေးမယ့် ရင်ခုန်ခြင်းမျိုး…။

ဒီလိုရင်ခုန်ခြင်းမျိုး…
၂၀၁၁ နွေတစ်နေ့မှာ
ကျွန်တော်ရခဲ့ဖူးပါရဲ့….။

နွေနှင်း

[Zawgyi]
၄၅ ဘတ်စ်ပေါ်မှာ....


(၆.၈.၂၀၁၁)

[Unicode]
၄၅ ဘတ်စ်ပေါ်မှာ....

တစ်ရက်က.. ချစ်သူနဲ့ မြို့ထဲသွားဖြစ်ကြတယ်... လိုအပ်တာလေးတွေဝယ်ခြမ်းပြီး ပြန်ခဲ့တယ်.. အင်းစိန်လမ်းပေါ်ပြေးတဲ့ ၄၅ ဘတ်စ် နဲ့ပေါ့.. ကားပေါ်တက်ခါစက ထိုင်ခုံမရဘူး.. နှစ်ယောက်လုံး မတ်တပ်ရပ်စီးရတယ်.. ကျွန်တော်တို့ နှစ်ယောက် ကားပေါ်မှာ စကားမပြောဖြစ်ကြပါဘူး.. တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်.. ပြုံးလိုက်.. ပြောင်ပြလိုက်နဲ့.. တစ်ချက်မှာ သူက ကျွန်တော့်ကို မရယ်မပြုံးမျက်နှာနဲ့ ခပ်တည်တည်ကြည့်ပါတယ်.. အဲဒီအကြည့်တွေပါပဲ.. စတွေ့တွေ့ ချင်း သူ့ကို ရင်ခုန်သွားရတဲ့ အကြည့်တွေပေါ့.. ခုလည်း ဆုံခါစကအတိုင်း သူ့အကြည့်တွေက ရင်ခုန်ရပါတယ်.. ရင်ခုန်လို့ကောင်းနေတဲ့အချိန်လေးမှာ ထိုင်ဖို့ ထိုင်ခုံရရော.. ဒါနဲ့ သူက အတွင်းဘက်ထိုင်.. ကျွန်တော်က အပြင်ဘက်မှာထိုင်တယ်.. အဲလိုထိုင်ထိုင်ပြီးလိုက်ချင်းပဲ ကျွန်တော်က သူ့ နားနားကပ်ပြီး တိုးတိုးလေးပြောလိုက်ပါတယ်.. အကြည့်တွေက အရမ်းရင်ခုန်ဖို့ကောင်းတာပဲ..လို့... သူက ပြုံးပါတယ်.. သွားပေါ်အောင်ပြုံးလိုက်တဲ့သူ့ ပုံစံက သူ့ကို ပိုချစ်စရာကောင်းစေတယ်.. ကျွန်တော်လည်း သူပြုံးတာကိုပဲ သဘောတကျနဲ့ ကြည့်နေလိုက်တယ်.. အဲလိုကြည့်လေ သူက ပြုံးလေပဲ.. သူ့ပုံစံက ရှက်ပြီးခဏခဏပြုံးနေတဲ့ပုံစံပါ.. ကျွန်တော်ကလည်း အဲဒီပုံစံကို သဘောတကျဖြစ်.. ဒါနဲ့ ကားပေါ်ကဆင်းတော့ ခဏခဏပြုံးရတဲ့အကြောင်းကို မေးဖြစ်ပါတယ်.. သူက စူသလို ပြုံးသလိုမျက်နှာပေးနဲ့ကြည့်ပြီး ကားပေါ်မှာ အဲဒီစကားကို ဘာလို့အကျယ်ကြီးပြောလိုက်တာလဲတဲ့.. ဟယ်.. ကိုယ့်အသံကိုတောင် ကိုယ်သေချာပြန်မကြားနိုင်တဲ့လေသံနဲ့ တိုးတိုးလေးပြောလိုက်တာပါလို့.. ဘာဖြစ်လို့လဲဆိုပြီး အံ့သြတကြီးပြန်မေးလိုက်တော့.. ပြောလိုက်တဲ့အချိန်က ဘတ်စ်က ခဏအရပ်.. အသံအားလုံးလည်း တိတ်သွားတာ.. အဲအချိန်ကြီးပြောချလိုက်တော့ အသံက အကျယ်ကြီးထွက်သွားတာတဲ့.. ရှေ့ ခုံကအဒေါ်ကြီးကရော ၊ နောက်ခုံကလူကရော ၊ ဟိုဘက်ဘေးတန်းကလူတွေကရော လှည့်ကြည့်ပြီး ပြုံးကြတာ မမြင်လိုက်ဘူးမလားတဲ့.. ဟိုက် သေပြီဆရာ.. အဲဒါကြောင့် ကိုယ်တော်က ရှက်ပြီး ခဏခဏပြုံးနေတော့တာကိုး.. ကိုယ်ကလည်း သူပြောပြောလိုက်ချင်းကတော့ မျက်နှာတောင် ဘယ်နားသွားထားလိုက်ရမှန်းမသိ ရှက်သွားတယ်.. ဒါပေမယ့် ခပ်တည်တည်ပဲ.. ပြောတုန်းကပြောခဲ့ပြီးပြီ.. ဘာလုပ်လို့ရတော့မှလဲနော်.. ဟိဟိ.. မျက်နှာကတော့ ခပ်ပြောင်ပြောင်ပဲ..

(၆.၈.၂၀၁၁)

အပျင်းကြီးပြီး ဘလော့မှာစာရေးမတင်ရတာတောင်ကြာပြီ.. မနေ့ကတော့ အလုပ်ကအစ်ကိုတစ်ယောက် ကျွန်တော့်ဘလော့ဝင်ဖတ်ပြီး နွေနှင်း စာရေးပါလားလို့ ပြောလာတော့ ဘလော့မှာစာပြန်ရေးချင်တဲ့စိတ် ဖြစ်လာတယ်.. ကျွန်တော့်ဘလော့ကလည်း ကိုယ်ရေးချင်တာရေးတဲ့ဘလော့ဆိုတော့ကာ ဖတ်သူခပ်နည်းနည်းပါပဲ.. စာရေးဖို့ရာ အရင်လိုတိုက်တိုက် တွန်းတွန်းပြောမယ့်သူနည်းသွားတာလည်းပါ.. ကိုယ်တိုင်ကလည်း စာရေးချင်စိတ်ပျောက်ပျောက်နေတာလည်းပါလို့ စာမရေးဘဲ ကဗျာတွေပဲ ရေးနေခဲ့တာ.. ဘလော့ရေးဖို့ ကျော်ရခွရတာတွေလည်း မလုပ်ချင်တော့တာလည်း ပါတာပေါ့လေ.. အရင်လိုမျိုး blogspot လေးပြန်ဖွင့်ပေးရင် ကောင်းလေစွ...

ဒီမနက်ခင်းမှာ ကျွန်တော့်ဘ၀အတွက် ထူးခြားဖြစ်စဉ်လေးတစ်ခုဖြစ်တယ်... ကျွန်တော့်ဘ၀ထဲက အရေးကြီးတဲ့လူနှစ်ယောက်ကို လူချင်းဆုံပေးဖြစ်တာပါ.. တစ်ယောက်က ကျွန်တော့်အဖေ-တစ်ယောက်က ကျွန်တော့်ရဲ့သူပါ.. အဖေက ဟိုအရင်တစ်ပတ် ကျွန်တော်အိမ်ကိုမှာလိုက်တဲ့ပစ္စည်းတွေ ကားဂိတ်မှာရွေးပြီး လာပို့ပေးတယ်.. ပစ္စည်းတွေက ချစ်သူနဲ့ ကျွန်တော် အတူစိတ်ကူးအကောင်အထည်ဖော်မယ့်အလုပ်မှာ လိုတဲ့ပစ္စည်းတွေ.. ဆိုတော့ ကျွန်တော်တို့အလုပ်လုပ်မယ့်ရုံးခန်းကိုပဲ ပို့ရတယ်.. သူက အဲဒီကနေစောင့်ပေါ့.. ကျွန်တော်က အဖေ့ကားအလာစောင့်ပြီး ခေါ်သွားတယ်.. အဖေနဲ့မိတ်ဆက်ပေးတော့ ကျွန်တော့်ရဲ့သူအနေနဲ့ မဟုတ်သေးပါဘူး.. ကျွန်တော်နဲ့ အလုပ်အတူတူလုပ်မယ့်သူအဖြစ်ပဲ ခုလောလောဆယ် ပေးသိထားတယ်.. အမေ့ကို အသိပေးပြီးသားဖြစ်ပေမယ့်  အဖေ့ကိုတော့ အသိမပေးဖြစ်သေးဘူး.. အဖေစိတ်ထိခိုက်မလားလို့ တွေးလို့ပါ.. အမေတွေနဲ့စာရင် အဖေတွေက သမီးတွေကို ပိုနှမြောတတ်ကြတယ်မလား.. ငယ်ငယ်က ကျွန်တော့်ကိုကြိုက်တဲ့လူတွေ အိမ်ကိုလာလည်တဲ့အခါ ကိုယ့်သမီးကိုကြိုက်လို့လာနေမှန်း မသိခင်က အဖေက အေးအေးဆေးဆေးစကားပြောနိုင် နှုတ်ဆက်နိုင်ပေမယ့် ကိုယ့်သမီးကိုကြိုက်နေမှန်းလည်းသိရော မျက်နှာကြီးသုန်မှုန်ပြီး နှုတ်ဆက်စကားတောင် ကောင်းကောင်းမပြောနိုင်တာကို အမှတ်ရမိပါတယ်..

ဒီမနက်ခင်းမှာ မိတ်ဆက်ပေးတော့ အဖေကလည်း သူ့ကိုယ်သူမိတ်ဆက်ရင်း ထုံးစံအတိုင်း စပ်မိစပ်ရာတွေပြောကြဆိုကြ.. ဆုံတွေ့ချိန်က ဆယ့်ငါးမိနစ်လောက်ပေမယ့် အဖေက စကားစမပြတ်နိုင်ဘူး.. သူတစ်ယောက်တည်း ဒိုင်ခံပြောတတ်တဲ့အဖေ့ရဲ့အကျင့်ကိုသိထားလို့ ရုံးကလည်းသွားရဦးမယ်ဆိုတော့ ကျွန်တော်ကပဲ မြန်မြန်စကားစ၀င်ဖြတ်ပြီး ထွက်ရပါတယ်.. တကယ်လို့များ ကျွန်တော့်ရဲ့သူကို ချစ်သူအနေနဲ့မိတ်ဆက်ပေးရင် မနက်ခင်းကလို အဖေက သူ့ကိုစကားတွေပြောနေပါ့မလား.. ဘယ်အချိန်မှာ အဖေနဲ့သူ့ကို ပွင့်ပွင့်လင်းလင်း မိတ်ဆက်ပေးရမလဲ .. ကျွန်တော် မတွေးနိုင်သေးပါဘူး..ကျွန်တော့်အတွက် တကယ်ကို sensitive ဖြစ်ရတဲ့ကိစ္စတစ်ခုပါပဲ...

ချစ်သူတွေဖြစ်ကြတဲ့နေ့

အဲဒီနေ့...
ချစ်သူတွေ ဖြစ်ကြတဲ့နေ့....။


အသွားတုန်းက

သူ့လက်မောင်းကိုဆွဲ

ပေတရာလမ်းဟိုဘက်

အပြေးအလွှား ဖြတ်ကူးခဲ့ရ...။


အပြန်ခါကျ...

တစ်ယောက်လက် တစ်ယောက်တွဲ

ပေတရာလမ်းတစ်ဘက်

ရောက်မှန်းမသိ ရောက်ခဲ့ကြ.....။


ကန်သာယာနား

ချစ်စကားမဟုတ်တဲ့ ချစ်စကားချိုတွေ

အပြုံးချင်းဖလှယ်ရင်း..

သက်ပြင်းဖွဖွရှိုက်ရင်း..

ကြယ်တွေကိုကြည့်ရင်း..
ပုံပြင်တွေ နားထောင်ရင်း..

ဂစ်တာသံမှာ စီးမျောရင်း..

ကံကြမ္မာကို အံ့သြရင်း..
ဒီနေ့နဲ့ မနက်ဖြန်အတွက်

အိပ်မက်တွေ ပီပြင်စေဖို့ အားအင်တွေရှိခဲ့...။


အဲဒီနေ့ပဲလေ...

ချစ်သူတွေ ဖြစ်ကြတဲ့နေ့ပေါ့....။

နွေနှင်း(gcc-mdy)

ချစ်သူ

အကြည့်တစ်ချက်...
စကားတစ်ခွန်း...
အပြုံးတစ်ပွင့်...
အပြုအမူတစ်ခုတစ်လေနဲ့တင်..

ရီစေ..ငိုစေ..
မျှော်လင့်စေ.. ကျဆုံးစေ..
ကြည်နူးစေ.. သွေးပျက်စေနိုင်သူ..

အဲဒါ... ချစ်သူ.....။

22nd April 2011
7:25 pm

သူ ....
အဝေးကြီးထွက်သွားမှာလည်း

အတွေးနဲ့တင်ကြောက်တယ်..။
ဘယ်တော့မှ လွတ်ထွက်မသွားအောင်

သူ့လက်တွေ တင်းတင်းဆုပ်ထားဆိုတော့လည်း
သတ္တိက နည်းနေပြန်ရော....။

ဒီလိုနဲ့ပဲ...
ကိုယ့်ရဲ့ချစ်တတ်တဲ့စိတ်လေး
ဆုံးရှုံးလိုက်ရတော့မယ် ထင်ရဲ့....။


22nd April 2011
7:55 pm

ရိုးစင်းသော အတ္ထုပ္ပတ္ထိ

ငါ..
လဲကျခဲ့ဖူးတယ်။
ထူမတ်ခဲ့ဖူးတယ်။


ယိုင်နဲ့ခဲ့ဖူးတယ်။
ခိုင်မတ်ခဲ့ဖူးတယ်။

ငိုရှိုက်ခဲ့ဖူးတယ်...

ငိုရှိုက်နေတတ်ဆဲလည်း ဖြစ်တယ်။


ရယ်မောခဲ့ဖူးတယ်..
ရယ်မောနေတတ်ဆဲလည်း ဖြစ်တယ်။

ချစ်ဖူး မုန်းဖူးတယ်...

ချစ်တတ် မုန်းတတ်နေဆဲလည်း ဖြစ်တယ်။

မျှော်လင့်ခဲ့ဖူးတယ်..
မျှော်လင့်နေတတ်ဆဲလည်း ဖြစ်တယ်။

အချစ်-အမုန်းနဲ့ အပြစ်-အရှုံး
သူများတွေလိုပဲ ကြုံရတယ်...
ထူးမခြားတဲ့စုတ်ချက်နဲ့ ငါ့အတ္ထုပ္ပတ္တိက သာမန်ပါပဲ...။


22nd April 2011
11:30 pm


 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews