ကျွန်တော်ငယ်ငယ်က နေခဲ့ရတဲ့ ကျောင်းတွေအကြောင်း၊ ခုထိ အမှတ်တရရှိနေတဲ့ အတန်းဖော်တွေအကြောင်း နေးတစ်မြန်မာဖိုရမ်မှာ “ငယ်ငယ်က ကျောင်းများနဲ့ သူငယ်ချင်းများ” တော့ပစ်တင် ရေးဖြစ်ခဲ့တာလေးတွေ ဘလော့မှာ ပြန်တင်တာပါ.. ဖိုရမ်က သူငယ်ချင်းတွေက ဖတ်ပြီးသားဖြစ်မှာပါ.. ဘလော့မှာ ပို့စ်မတင်ဖြစ်တာ ကြာတာနဲ့ အကြံအဖန်လုပ်တာပေါ့လေ..း)
ကျွန်တော့် မိဘက ၀န်ထမ်းဖြစ်လို့ ကျွန်တော်မွေးကတည်းက တစ်နေရာတည်းမှာ အခြေချနေရတာမဟုတ်ပဲ ဟိုပြောင်းဒီရွှေ့နဲ့ နေခဲ့ရတာပါ .. ငယ်ငယ်က မူကြိုကျောင်းဆိုတာ မနေခဲ့ရဖူးပါ .. တစ်နယ်ကနေ တစ်နယ်ပြောင်းရင်း မန္တလေးကို ရောက်လာပါတယ် ကျောင်းနေဖို့သတ်မှတ်တဲ့အသက်မပြည့်လို့ ကျွန်တော့်ရဲ့အဒေါ်တွေက အကြံအဖန်လုပ်ပြီး ကျောင်းအပ်တော့ ၄နှစ်ခွဲလောက်နဲ့ ကျောင်းစတက်ရပါတယ် မန္တလေး တီတီစီကျောင်းမှာပါ .. ဒါပေမယ့်အဲဒီကျောင်းမှာနေခဲ့တာ အချိန်ကလည်း ဘာမှမကြာတော့ သူငယ်ချင်းတွေ ဆရာတွေကို သိပ်မမှတ်မိလိုက်ပါဘူး ငယ်သေးတာလည်း ပါပါလိမ့်မယ် တစ်ခုပဲ မနက်ခင်းကျောင်းသွားချိန်နဲ့ နေ့ခင်းထမင်းစားပြီး ကျောင်းကိုပြန်လာချိန်မှာ ကျောင်းက သူငယ်ချင်းတွေက ကျွန်တော့်ကို လာကြိုတတ်တာကိုပါ .. ငယ်ငယ်က ကျန်းမာရေးချူချာတဲ့ ကျွန်တော်က တခြားလူတွေနဲ့ ပြေးတမ်းလိုက်တမ်းကစားတာမျိုးကို ဆော့လည်းမဆော့နိုင် သူများတွေပြေးဆော့နေရင် ငုတ်တုတ်ထိုင်ကြည့် နေရတဲ့ဘ၀ပါ .. အဲဒါကြောင့်ပဲ သူငယ်ချင်းတွေက သနားချစ်နဲ့ ချစ်ကြပုံရပါတယ် ဒါပေမယ့် ဘာမှမကြာတဲ့အချိန်မှာပဲ တစ်နယ်ကို ပြောင်းရပြန်ပါတယ် .. ဒါက ပထမဆုံးနေဖူးတဲ့ ကျောင်းအကြောင်းပါ
နောက်ထပ်ပြောင်းရတဲ့နေရာက ၀န်ထမ်းတွေစုနေတဲ့ ၀န်ထမ်းအိမ်ရာ စခန်းတစ်ခုဆီကိုပါ.. အဲဒီမှာက လူတွေရောက်ခါစမို့ စာသင်ကျောင်းမရှိပါဘူး.. အဲဒီနေရာနဲ့ တစ်မိုင်မရှိတစ်ရှိဝေးတဲ့ မူလတန်းကျောင်းလေးကို ဆိုက်ကားနဲ့ သွားတက်ရပါတယ် .. ကျွန်တော့်မေမေပြောစကားအရ တစ်ပတ်မှာ ကျောင်းတက်ရက် ငါးရက်ရှိတာမှာ ကျွန်တော့်ကျောင်းတက်ရက်က နှစ်ရက်နဲ့ တစ်ပိုင်းပါတဲ့.. တတိယရက်ရောက်ရင် ရှမ်းပြည်က လက်ဆောင်ရခဲ့တဲ့ ငှက်ဖျားထလာလို့ ဆိုက်ကားဆရာက စောင့်ခေါ်ပြီးပြန်လာရတာပဲတဲ့ .. အဲဒီကျောင်းအကြောင်းမှတ်မိသမျှပြောရရင် အတန်းပိုင်ဆရာမလား ကျောင်းအုပ်လားမသိဘူး စာမသင်ဘဲ မုန့်ပဲ ရောင်းတာကိုပါ အဲဒီကျောင်းလေးမှာ သူငယ်ချင်းမရလိုက်ပါဘူး တစ်လမရှိတစ်ရှိလောက်မှာပဲ ကျွန်တော်တို့ ၀န်ထမ်းအိမ်ရာက ၀န်ထမ်းတွေစုပြီး ၀င်းထဲမှာပဲ မူလတန်းကျောင်းလေး ဖွင့်လို့ အဲဒီကျောင်းကနေ ပြောင်းခဲ့ရပြန်ပါတယ် .. အဲဒါကြောင့် သူငယ်တန်းကို သုံးခါပြောင်းပြီး သုံးကျောင်းပြောင်းတက်ခဲ့ရပါတယ်..
Labels: Memories