"မီး"ဆိုတဲ့ အသံကြားရင် သွေးလန့် မိတာ ရတနာပုံဈေးကြီးမီးလောင်ပြီးကတည်းကပါ.. အခုလည်း မနေ့ က ကျွန်တော်တို့ ရုံးနဲ့ ကပ်ရပ် Kanebo အလှကုန်မှာ မီးလောင်ပါတယ်.. ၀ါယာရှော့လို့ ပြောတယ်.. မီးးး မီးးး ဆိုတော့ ကျွန်တော်က ရုံးကဖွင့်တဲ့ Cyber ထဲမှာ.. ကိုယ့်ဂျူတီချိန်မဟုတ်ပေမယ့် လုပ်စရာရှိနေလို့ Cyber ထဲရောက်နေခဲ့တယ်.. မီးလို့အသံကြားလိုက်တာနဲ့ အင်တာနက်သုံးနေတဲ့သူတွေလည်း အကုန်ထပြန်ကြတယ်.. Cyber ကမောင်လေးက မီးသတ်ဗူးဆွဲပြီး အပြင်ထွက်သွားတယ်.. မီးစက်ကိုလည်း ရပ်လိုက်တယ်.. အပြင်ထွက်ကြည့်လိုက်တော့ ကျွန်တော်တို့ နဲ့ကပ်ရပ်မှာ မီးခိုးတွေက လုံးလို့ .. Cyber ထဲ အပြေးဝင်ပြီး ကျွန်တော်လည်း စက်ကိုဖြုတ်သိမ်းရင်းနဲ့ ငါ့မှာ ဘာပစ္စည်းယူစရာရှိသလဲ အပြေးအလွှားစဉ်းစားတော့ မနေ့က မိုးရွာလို့ ကိုယ့်ဆီအပ်ထားခဲ့တဲ့ Laptop တစ်လုံးနဲ့ ကိုယ့်ရဲ့ ပိုက်ဆံအိတ်တွေ သတိရလိုက်ပါတယ်.. (လူဟာ ကိုယ့်ကိုယ်ကိုယ်အချစ်ဆုံးဆိုတာ အရေးအကြောင်းဆိုပေါ်တာပဲ..ဟီးး ).. ကိုယ့်ပစ္စည်းတွေက သုံးထပ်မှာ.. အပေါ်တက်မယ်လို့ သင်တန်းဘက်ကူးခဲ့တော့ အပေါ်ကလူတွေ (သင်တန်းသားတွေ+ဆရာမတွေ)အားလုံး ပြေးဆင်းလာကြပြီ.. ဒါနဲ့ အပေါ်တန်းတက်လို့မရဘူး.. အောက်မှာပဲရပ်စောင့်ရင်း နည်းနည်းလူပါးမှ တက်.. နွေရာသီကလေးတန်းဖွင့်ထားချိန်ဆိုတော့ သင်တန်းသားတွေက ကလေးတွေခပ်များများပါ.. တချို့ကလေးတွေက လှေကားမှာတင်ရပ်နေကြလို့.. ဆင်းဆင်းဆိုပြီး လက်ကကိုင်ဆွဲထိန်း အောက်ကိုဆင်းခိုင်းရတယ်.. မီးစက်ပိတ်ချလိုက်တော့ မှောင်ကလည်းမှောင်.. မီးလောင်တယ်ဆိုတော့ ကြောင်သွားကြတာလည်း ပါပါလိမ့်မယ်.. ပစ္စည်းယူရမယ့်အထပ်ကိုရောက်တော့ ဖိနပ်ချွတ်မှာ ဖိနပ်တွေအများကြီး.. တချို့ကလေးတွေနဲ့ ဆရာမတွေ ဖိနပ်မယူနိုင်ဘဲ ပြေးဆင်းသွားကြပုံပဲ.. အထဲကိုဝင်တော့ တံခါးဝမှာတင် အနံ့တစ်ခုက နှာခေါင်းထဲ စူးခနဲဝင်.. ဒီအနံ့ကို သိပ်ရင်းနှီးတာပဲ.. ဟုတ်တာပေါ့.. သိပ်ကိုရင်နာစရာကောင်းတဲ့အနံ့.. တုန်လှုပ်ရတဲ့အနံ့... ICT မီးလောင်တော့ တစ်နေကုန် ဒီအနံ့က နှိပ်စက်ခဲ့တာ.. စိတ်ထဲမှာ ဆတ်ခနဲတုန်သွားတာသိလိုက်တယ်.. ဒါပေမယ့် ကိုယ့်လာရင်းကိစ္စကို သတိရလိုက်ပြီး ပစ္စည်းတွေထားတဲ့အခန်းကို အပြေးဝင်.. Laptop ကိုကောက်လွယ်.. ပိုက်ဆံအိတ်ပြေးယူ.. မနက်ကမှ သူငယ်ချင်းအကြုံပါးလိုက်တဲ့ သူ့ မင်္ဂလာဆောင်ဓါတ်ပုံတွေ အိတ်ထဲကောက်ထည့် (တိုက်က အာစီတိုက်ဆိုတော့ ချက်ချင်းတော့ မီးမကူးလာနိုင်ဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ပေါ့ ).. ရုံးမှာ ညအိပ်လို့ ယူလာတဲ့အ၀တ်အစားတွေနဲ့ အိပ်ရာလိပ်ကိုတော့ ချန်ထားခဲ့လိုက်တယ်.. ဒါတွေမရှိလည်း ဖြစ်တာပဲလေ.. မှောင်နဲ့မည်းမည်းကို အောက်ထပ်အပြေးဆင်း.. ထမင်းစားခန်းအထပ်ဝင်ပြီး စာအုပ်တွေ သယ်ရမလားစဉ်းစားသေးတယ်.. နောက်တော့.. မသယ်တော့ဘူးကွာ.. ခုလောလောဆယ် ပါလာတဲ့ပစ္စည်းတွေတောင် ဘယ်နားသွားထားရမှန်းမသိသေးဘူး.. ရုံးက ပစ္စည်းတွေလည်း နိုင်သလောက်ကူသယ်ရဦးမှာ.. စာအုပ်က ဒီအချိန်မှာ အရေးမကြီးတော့ဘူးဆိုပြီး.. အောက်ကိုဆင်းချလာလိုက်တယ်.. ဓါတ်ပုံတွေကို ယူလာပေးတဲ့သူငယ်ချင်းလက်ထဲ ထည့်ခဲ့လိုက်တယ်.. သူလည်း ဘာယူလို့ယူရမှန်းမသိဖြစ်နေတဲ့အချိန် ဓါတ်ပုံတွေသတိရလိုက်တာဖြစ်မယ်.. :)
လူတွေလည်း တရုန်းရုန်း.. ကိုယ်ကလည်း Laptop နှစ်လုံး ၊ အိတ်တစ်လုံးနဲ့ စက်ဘီးနားမှာသွားရပ်ရင်း ဘယ်လိုလုပ်ရမှန်းမသိ စဉ်းစားနေတာ.. ရုံးက ပစ္စည်းတွေလည်း သယ်ချင်သေးတယ်.. ကိုယ့်ပစ္စည်းလည်း ချထားခဲ့လို့ မဖြစ်.. ဘာလုပ်ရမယ်မှန်းမသိဖြစ်နေတုန်း.. ဖိုရမ်ကနေ ခင်ခဲ့တဲ့ သူငယ်ချင်းရောက်လာတယ်.. ပစ္စည်းတွေ ငါ့ပေးလိုက်တော့.. ရုံးပစ္စည်းတွေ သယ်မယ်ဆို သွားသယ်ဆိုပြီး ကျွန်တော့်ဆီက ပစ္စည်းတွေရယ်.. ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ Laptop တစ်လုံးရယ်ကို ယူသွားပေးတယ်.. သူ့အိမ်က ကျွန်တော်တို့ ရုံးနဲ့ နီးတော့ ကံကောင်းတာပေါ့.. ပစ္စည်းတွေသယ်ကြမယ်ဆိုတော့ စက်ပစ္စည်းတွေထည့်ဖို့ စက္ကူပုံးတွေ လိုလာပါရော.. အဲဒါတွေက အပေါ်ထပ်မှာ.. အရောင်းခန်းက ညီမလေးက ဘယ်လိုလုပ်ရမလဲဖြစ်နေတုန်း.. လာ .. ယူမယ်ဆို အစ်မလိုက်ခဲ့မယ်.. မီးက ချက်ချင်းတော့ ဒီဘက်မရောက်နိုင်ဘူး..ဆိုပြီး အပေါ်ထပ်ကို ဒုတိယအခေါက်တက်ရတယ်.. ပထမတစ်ခေါက်တက်တည်းက ခြေထောက်တွေတုန်ပြီး အားမရှိသလိုဖြစ်နေတာ.. ခုတစ်ခေါက်လည်း ဒီလိုပဲ.. ဒါပေမယ့် အပေါ်ကိုရောက်အောင်တက်.. ဓါတ်မီးရှာပြီး နိုင်သမျှ စက္ကူပုံးတွေ သယ်ချလာလိုက်တယ်... ကျွန်တော်တို့ တက်ပြီးတော့ နောက်က သုံးလေးယောက်လည်းလိုက်တက်လာလို့ ပစ္စည်းသယ်ရလောက်အောင် အဆင်ပြေတယ်ပေါ့.. စိတ်ထဲမှာတော့ ရတနာပုံဈေးမီးလောင်တုန်းကလို အဖြစ်မခံနိုင်ဘူး.. ရုံးကပစ္စည်းသယ်နိုင်သမျှသယ်မယ်လို့ စိတ်ထဲမှာထားထားတော့ အပေါ်လည်းတက်ရဲခဲ့တယ်.. ရတနာပုံဈေးမီးလောင်တုန်းက ကိုယ့်အထပ် ကိုယ့်ရုံးကပစ္စည်းတွေ မသယ်နိုင်ဘဲ မလောင်မချင်း တစ်နေကုန်ဒီတိုင်းထိုင်ကြည့်နေခဲ့ရတာ.. ငါတို့ မသယ်ခဲ့လိုက်ရလေခြင်းဆိုတဲ့ ခံစားချက်က အရမ်းကိုခါးပါတယ်.. ခု သယ်နိုင်ခွင့်ရတော့ ကိုယ်နိုင်သမျှ သယ်မယ်လို့ စိတ်ကူးထားတော့ ဘာတွေအရေးကြီးလဲ.. ရန်ကုန်ကိုခရီးထွက်သွားတဲ့ ဆရာနဲ့ ဆရာမက ဘာတွေအရေးကြီးတယ် ၊ ဘာတွေသယ်ရမယ်ပြောလဲ ဖုန်းသတင်းကို နားစွင့်နေရတယ်.. ဆရာမကတော့ တစ်ခုခုဆို လူသာအရေးအကြီးဆုံးလို့ မှာထားပေမယ့် ကိုယ်တွေက လက်လွတ်ထွက်မပြေးချင်တာတော့ အမှန်ပါ.. နောက်တော့ အရေးကြီးတာတွေ ပြန်တက်ယူ.. (အင်း ရေးရင်းမှ သတိရတယ်.. မီးလောင်နေတုန်းက အပေါ်ထပ်ကို တက်လိုက်ဆင်းလိုက်လုပ်ခဲ့တဲ့အခေါက်ရေက နည်းမှ မနည်းပဲ)..
အရောင်းခန်းနဲ့ Cyber က ပစ္စည်းတွေရွှေ့.. အရေးထဲ.. မီးသတ်ကလား ဘယ်အဖွဲ့ကလည်းမသိ.. လူတစ်ယောက်က ပစ္စည်းတွေသယ်မနေနဲ့.. မီးက နိုင်တယ်.. ပျက်ဆီးတာပဲ အဖတ်တင်မယ်ဘာညာနဲ့ လာဟောက်နေတာ.. စိတ်ထဲကတော့ ထောင်းခနဲပဲ..ကိုယ်က လူငယ်မို့ သာပြန်မပြောဖြစ်လိုက်တာ.. မီးကိုနိုင်ပါတယ်ဆိုတဲ့စကားက ဘယ်လောက်များ ယုံစားလို့ ရနိုင်ပါမလဲ.. တကယ်မနိုင်ရင် ကျွန်တော်တို့လည်း မထင်ခဲ့လို့လို့ ဆိုတဲ့စကားနဲ့တင် ကိုယ်တွေက ခံလိုက်ရမှာ.. တစ်ခါခံရဖူးတဲ့လူတွေအနေနဲ့ ဘယ်တော့မှ ဒုတိယတစ်ခါ အဖြစ်မခံနိုင်ဘူးဆိုတဲ့စိတ်က ပိုပြင်းထန်လာပါတယ်.. မီးသတ်ကားတွေ ထပ်ရောက်လာတာ.. မီးငြှိမ်းနေတာသိပေမယ့် အဲဒါကို အရေးမလုပ်အားပါဘူး.. ရောက်လာတဲ့ကားတွေပေါ် ပစ္စည်းတွေ ကူတင်.. မီးအခြေအနေစောင့်ကြည့်.. အရောင်းခန်းက ပစ္စည်းတွေ အကုန်သယ်ပြီးမှ မီးက လုံးလုံးငြိမ်းသွားပါတယ်.. ဟားဟား.. တကယ်ပါပဲ.. မီးလည်းငြိမ်းသွားရော လူတွေလည်း ခြေကုန်လက်ပန်းကျ.. မီးလောင်နေတုန်းက သိပ်သတိမထားမိတာ.. မီးငြိမ်းသွားတော့မှ ရင်တွေတလှပ်လှပ်ဖြစ်နေပြီး ကိုယ့်ရင်ခုန်သံကိုယ် ပြန်ကြားနေရတဲ့အထိ စိတ်ကအရမ်းလှုပ်ရှားနေပါရောလား.. ကဲ.. မီးငြိမ်းသွားပြီဆိုတော့ အပြီးသတ်အခြေအနေခဏစောင့်ကြည့်ပြီး ပစ္စည်းတွေ ပြန်နေရာချရပါတယ်.. အရောင်းခန်းက အဓိကပေါ့.. Cyber ဘက်ကို Service က ယောက်ျားလေးတွေဝင်.. အရောင်းခန်းကို ကျွန်တော်အပါအ၀င် အရောင်းခန်းက ညီမတွေ ၊ Copier ခန်းဘက်က ညီမတွေ၊ Training Reception ကအစ်မတွေနဲ့ ပစ္စည်းတွေ ပြန်ထား.. အရောင်းခန်းက ညီမကို နောက်မိသေးတယ်.. နောက်တစ်ခါ အရောင်းခန်းက ပစ္စည်းတွေ ကူရှင်းဖို့လိုတယ်ဆို အေးအေးဆေးဆေးပြောပါဟယ်.. လာကူပေးပါ့မယ်.. ခုလိုတော့ အလန့်တကြားကြီးမလုပ်စမ်းပါနဲ့ လို့.. ဟူးးး မောခဲ့ရတဲ့ ဒုတိယအကြိမ်မီးအတွေ့ အကြုံပါ.. ဒီတစ်ခါတော့ အားလုံးပြီးဆုံးသွားတဲ့အချိန် ဆက်မမောရလို့ ဘယ်သူ့ကို ကျေးဇူးတင်မှန်းမသိ.. ကျေးဇူးတင်ပါတယ်..