ဒီစကားက ကျနော့်ဘဝထဲ ကြုံဆုံခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့ စကားပေါ့..
သူ့ပတ်ဝန်းကျင်က လူတစ်ယောက်(ကျနော်ကိုယ်တိုင်ပဲဖြစ်စေ) ကိုယ့်အတွက်ပဲ ကိုယ်ကြည့်နေရင်၊ တခြားဘယ်သူ့အတွက်မှ ထည့်မတွက်တတ်ရင် စတဲ့.. ငါ့ဖို့ ငါ့အတွက် ငါအတွက်သာလျှင် အသက်ရှင်မယ်... ဆိုတဲ့အတွေးမျိုး ဝင်လာပြောလာခဲ့ရင် ဒီလိုမှတ်ချက်ချပါတယ်... သူ့မှတ်ချက် ဘယ်လောက်မှန်တယ် မမှန်ဘူး မပြောချင်ပါဘူး........

နှစ်အတော်ကြာကြာကနေ ခုချိန်ထိ ကြုံခဲ့ဆုံခဲ့ ဖြတ်သန်းခဲ့တဲ့ ကိုယ့်ရဲ့အတွေ့အကြုံတွေရော ၊ တဖျတ်ဖျတ် ပြောင်းလဲဖြစ်ပျက်နေတဲ့ စိတ်အတွေးအလျဉ်တွေရော သေချာပြန် ကြည့်တဲ့အခါ ကျနော်အပါအဝင်လူတွေရဲ့ လှောင်ပြုံးပြုံးချင်စရာ တစ်ခုတွေ့ပါတယ်..... ဒါကိုတွေ့လိုက်ရတဲ့အချိန် ဒါမှ လူပီသတာဆိုတဲ့စကားကို အမှတ်ရမိတယ်....

ကိုယ်နဲ့ထိစပ်ပတ်သက်နေရတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ထက် ငွေကြေး၊ ပညာ၊ အောင်မြင်မှု... တစ်ခုခုမှာ သာလွန်တဲ့လူတွေ ရှိနေပြီဆိုပါတော့... အဲဒီအချိန်မှာ အများစုဟာ ကိုယ်အထင်ကြီးရာ၊ တန်ဖိုးထားရာအလိုက် ကိုယ့်ထက်သာလွန်တယ်လို့ ထင်ထားတဲ့သူက ကိုယ့်အတွက် တစ်ခုခုလုပ်ပေးခဲ့ရင် အရမ်းကို ကျေးဇူးတွေ ပစ်တင်နေမိတော့တယ်... ဟယ် သူက ငါ့လိုလူကို ဒီလိုတောင် လုပ်ပေးတယ်... ပြောပေးတယ်... ပြုံးပြတယ်... နှုတ်ဆက်တယ်.. ဘာညာပေါ့လေ...
ဒါပေမယ့် ကိုယ့်ထက် နိမ့်တယ်လို့ သတ်မှတ်ထားတဲ့သူ ၊ ဒါမှမဟုတ် သာမန်ပဲလို့ ကိုယ်ထင်တဲ့သူက ကိုယ့်ကို မျက်မှန်းတန်းမိလို့ပဲဖြစ်ဖြစ် ပြုံးပြနှုတ်ဆက်ရင် ဒါမှမဟုတ် တစ်ခုခု လုပ်ပေးခဲ့ရင် ဒါဟာ လုပ်ပေးသင့်တယ်လို့ တွေးတတ်ကြတယ်... ကိုယ့်ထက်သာတယ်ထင်တဲ့သူဆီက တစ်ခုခုလက်ခံရရှိတာနဲ့ ကိုယ်နဲ့တန်းတူ - ဒါမှမဟုတ် ကိုယ့်ထက်အဆင့်နိမ့်တယ်လို့ သတ်မှတ်ထားတဲ့သူဆီက တစ်ခုခုကိုလက်ခံရရှိတာ.. လက်ခံရရှိတဲ့အရာချင်းတူရင်တောင် ကိုယ်ထက်သာတယ်လို့ တွေးထားမိတဲ့သူကို ပိုကျေးဇူးတင်တတ်ကြတယ်... ကြည့်စမ်း သူ့အဆင့်နဲ့ ငါ့ကို ဒီလောက်တောင် လုပ်ပေးတယ်ဆိုပြီး ပိုပျော် ပိုကျေးဇူးတင် တစ်သက်လုံးတောင် အမှတ်တရရ ဖြစ်နေဦးမယ်...

ကျနော်ကရော... ဘယ်လိုလူမျိုးတွေဆီကနေ ဘာတွေမျှော်လင့်ဖူးပြီး ဘာတွေ ရရှိဖူးလဲ... ဘယ်လောက်ပျော်ဖူးလဲတွေးကြည့်တော့....
အကျင့်စာရိတ္တအရ၊ အတွေးအခေါ်အနေအထိုင်အရ ကျနော်ချစ်ခင်လေးစားရတဲ့သူတွေဆီက ဂရုစိုက်တဲ့စကားလေးတစ်ခွန်းရခဲ့ရင် အတော်ကို မှတ်မှတ်ရရ ပျော်မိတယ်.... ကျန်တဲ့အပိုင်းကတော့ ငွေကြေး-အာဏာရှိတဲ့သူ ကိုယ့်ကို တစ်ခုခု လုပ်ပေးတယ်ဆိုရင်တောင် အဲလိုလုပ်ပေးဖို့ ကိုယ်က ထိုက်တန်နေလို့သာ လုပ်ပေးတယ်ပဲ မှတ်ပါတယ်... (ကျေးဇူးမတင်ဘူးလို့ မဆိုလို)... ဘယ်အရာဖြစ်ဖြစ် အလကားမရဘူးဆိုတဲ့ အတွေးမျိုးနဲ့ ရှင်သန်လာတဲ့လူတစ်ယောက်မှာ ဘယ်နေရာမှာဖြစ်ဖြစ် အယူရှိလို့ အပေးရှိတယ်.... အပေးရှိလို့ အယူရှိတယ်လို့ အချိန်တော်တော်များများမှာ တွေးရင်း.... ကိုယ့်ထက်သာတယ်ထင်သူများရဲ့ ကိုယ့်အတွက် တစ်ခုခု ပေးကမ်းတာအပေါ် အပျော်ကြီးပျော်.. တတ်တဲ့ လူ့မနောလေးကို လှောင်ပြုံး ပြုံးတတ်လာခဲ့တယ်..... အဲလိုလှောင်တတ်တာလည်း လူပီသတာပဲ ထင်တယ်နော့...

ကျွန်တော့်စိတ်ထဲမှာ မကြာခဏဖြစ်ခဲ့ဖူး-ဖြစ်နေဆဲ အရာလေးတစ်ခုကို တစ်ရက်မှာ
ဘွားခနဲမြင်မိလိုက်ပါတယ်... အဲဒီ စိတ်လေးကြောင့်ပဲ ကျွန်တော်ဟာ
ကျွန်တော်အရင်းနှီးဆုံး၊ အချစ်ဆုံးလူတွေနဲ့ ခဏခဏ အဆင်မပြေ ဖြစ်ရတယ်ဆိုတာ
အဲဒီရက်မှာပဲ သဘောပေါက်သွားရပါတယ်... အဲဒီသဘောတရားကို အရင်က
ဆရာတော်ဦးဇောတိက ရေးတဲ့စာအုပ်လေးမှာ ဖတ်ဖူးမှတ်ဖူးသိဖူးခဲ့ပေမယ့်
သညာသိနဲ့ ပညာသိက ကွာလေတော့ မဖြစ်သင့်တဲ့စိတ်တွေဖြစ်ပြီး ကိုယ်တိုင်လည်း
စိတ်ပင်ပန်းရ- ကိုယ်နဲ့ပတ်သက်တဲ့သူတွေလည်း စိတ်ပင်ပန်းခဲ့ရတယ်...
ဒီစိတ်ကလေးက ကိုယ့်ဆီမှာ ဖြစ်နေလို့ ဖြစ်နေမှန်းမသိ... ဆိုတော့
ကိုယ်ချစ်တဲ့သူဖြစ်ဖြစ် ကိုယ်ကြည့်မရတဲ့သူဖြစ်ဖြစ် သူက တစ်နေရာရာမှာ
ကိုယ့်ထက်သာနေတယ်ဆိုရင် မကျေမချမ်းဖြစ်ရရော...
ကိုယ်ကြည့်မရတဲ့သူအပေါ်ကိုဆိုရင် မကျေမနပ်ဖြစ်ရတဲ့ခံစားချက်က ပိုသိသာ
ပိုဆိုးဝါးပါတယ်... ဒီလိုခံစားရတာက မနာလိုစိတ်ကြောင့်လို့
ပြောရမယ်ထင်ပါရဲ့... ဒါပေမယ့် တစ်ခါတလေမှာ
အဲလိုမကျေမနပ်ဖြစ်တာမျိုးမဟုတ်ဘဲ ကိုယ်ကြည့်မရတဲ့သူမို့လို့ သူဘာလုပ်လုပ်
အကောင်းမထင်နိုင်တာ (ဒါမှမဟုတ်) သူ ဒီနေရာမှာတော်တယ်ဆိုတာကို အသိအမှတ်
ပြုမပေးနိုင်တာမျိုးပေါ့... အဲလိုအနေအထားမျိုးကျတော့
မနာလိုစိတ်သက်သက်ကြောင့်လို့ ပြောရခက်ပြန်ပါတယ်... အဲဒီစိတ်ဖြစ်တာများ
ဘာဖြစ်တုန်း.. သူများကိုလည်း ထိခိုက်တာမှမဟုတ်ဘဲ ဖြစ်ချင်ဖြစ်ပါစေ...လို့
ပြောချင်ပြောလို့ရပါတယ်... အဲဒီစိတ်က သူများကိုတော့
တိုက်ရိုက်မထိခိုက်ပါဘူး... ဒါပေမယ့် ကိုယ့်အတွက်တော့
အများကြီးထိခိုက်သွားပါတယ်... ကိုယ့်ကို ထိခိုက်တဲ့အတွက်
ကိုယ်နဲ့ပတ်သက်ဆက်စပ်တဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ခုတရာ
ယုတ်လျော့သွားပါတယ်... အဓိက ထိခိုက်တဲ့သူက ကိုယ်ကိုယ်တိုင်ပါပဲ...
ဘယ်လိုထိခိုက်လဲဆိုရင် ကိုယ်ကြည့်မရတဲ့သူရဲ့ ကောင်းတဲ့အရည် အချင်းကို
လက်မခံနိုင်- အသိအမှတ်မပြုနိုင်- မချီးကျူးနိုင်တဲ့အတွက် အဲဒီလူရဲ့
ကောင်းတဲ့အရည်အချင်းမျိုး ကိုယ်ကိုယ်တိုင်မှာ
ရှိလာအောင်မကြိုးစားတော့ဘူး... ဘာလို့ဆို သူလုပ်နိုင်တာကို
ကောင်းတဲ့အရာလို့မှ ကိုယ်က မထင်ထားတာ.. လူဆိုတာ
ကိုယ့်စိတ်ထဲကောင်းတယ်လို့ လက်ခံထားတဲ့အရာမျိုးကိုပဲ ရအောင်ကြိုးစားချင်
တတ်ကြတာပါ... ကောင်းတယ်မထင်-အသိအမှတ်မပြုတဲ့အတွက် အဲဒီအရည်အချင်းမျိုး
ကိုယ်တိုင်ရအောင် မကြိုးစားချင်တော့ဘူး... ဒီတော့
ကိုယ့်အရည်အချင်းမတက်ဘူးပေါ့... ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)ကတော့
သူ့ရဲ့ကောင်းတဲ့အရည်အချင်းကို အသိအမှတ်ပြုနိုင်ရင် ကိုယ့်မှာလည်း
အဲလိုအရည်အချင်းမျိုး ရဖို့အခွင့်အလမ်းရှိတယ်လို့ ရှင်းရှင်းလေး
ရေးခဲ့ဖူးပါတယ်... မလိမ်မိုး မလိမ္မာဖြစ်ခဲ့တဲ့ ကျွန်တော်ကတော့
အလွန်ရှင်းတဲ့စာကို ဖတ်ရုံသာဖတ် မှတ်ရုံမှတ်ခဲ့ပြီး ဘဝထဲထိ
အသုံးမချနိုင်ခဲ့တဲ့အတွက် အချိန်ကာလတစ်ခုမှာ
စိတ်မောခဲ့ရဖူးပါကြောင်း.......

အိပ်ပျော်နေတဲ့ ဘလော့လေး လှုပ်နှိုးလိုက်ပါဦးမယ်.. လာလေရော့...ဟယ်..
၂၀၁၃ အဖွင့်က ကျွန်တော့်အတွက် ကောင်းခြင်း-မကောင်းခြင်းတွေ
ရောရှက်လို့နေတယ်.. လုပ်လက်စ အလုပ်ကထွက်တော့ အချိန်မရွေး Welcome Back
ပါလို့ ပြောတဲ့အတွက် ၀မ်းသာရတယ်... ပြီးတော့ offer လုပ်တဲ့လစာကလည်း
အများကြီးမဟုတ်တောင် ကိုယ့်စိတ်ကျေနပ်စရာကောင်းပါတယ်.. ပိုကျေနပ်စရာ
ကောင်းတာက ကိုယ့်အရည်အချင်းကို သူတို့အသိအမှတ်ပြုတယ်.. ဆိုတာရယ်
ကိုယ်လုပ်ပေးခဲ့တာ ၊ ကိုယ့်စေတနာကို သူတို့မြင်တယ်ဆိုတဲ့
အတွေးကြောင့်ပါ...
၂၀၁၃ ဇန်န၀ါရီ ၁ ရက်နေ့မှာ အလုပ်အသစ်ကို စဆင်းရတယ်..
ကျွန်တော့်ကိုကြိုဆိုကြတဲ့ပုံစံက ခပ်သင်းသင်းပဲ.. ၂ ရက်နေ့ကို သူတို့က
ကျိုက်ထီးရိုးသွားကြမှာတဲ့.. ဟာဟ.. အစ်မရော လိုက်ဦးမလားတဲ့.. ဒီနေ့မှ
အလုပ်စဆင်းတဲ့ကိုယ့်အတွက် လိုက်ဖို့ရာ အဆင်မပြေဘူးလို့
ချက်ချင်းငြင်းလိုက်တယ်.. ဟုတ်တယ်လေ ကိုယ်က တစ်ယောက်တည်းလည်း နေတတ်တာပဲ..
ဒါပေမယ့် နည်းနည်းတော့ တင်းတာပေါ့.. ရောက်ရောက်ချင်းပဲ သူတို့ SW
တစ်ခုကို ရှင်းပြတယ်.. ၉ နာရီခွဲလောက်မှာ ရွှေပြည်သာက Client Site
တစ်ခုကို သွားရတယ်.. အထွက်မှာတင် အလုပ်က CEO ရောက်လာတာနဲ့ကြုံလို့
ကိုယ့်ရဲ့ Software Manager က မိတ်ဆက်ပေးပါတယ်.. ဒီနေ့ရောက်
ဒီနေ့တစ်ခါတည်း Client Site ကို တန်းခေါ်သွားလို့ မင်းတို့ကလည်းကွာ..
ဆိုပြီး ပြောပါသေးတယ်.. ဟုတ်တယ်လေ.. ဘယ်အလုပ်ကများ ခုမှရောက်တဲ့သူကို
ချက်ချင်းကြီး အလုပ်လုပ်ခိုင်းလို့လဲ... ဒါနဲ့ ရွှေပြည်သာကို
သွားကြလေသတည်းပေါ့... အဲ. မဟုတ်ပါဘူး.. ပြည်လမ်းပေါ်က သူတို့ရုံးချုပ်ကို
အရင်သွားရတယ်.. ပြီးမှ ရွှေပြည်သာကို ဆက်ပေါ့.. သွားရတာလည်း
တစ်နေရာတည်းမဟုတ်ဘူး.. သြော်..ပြောဖို့မေ့သွားလို့..
ကျွန်တော်တစ်ယောက်တည်း သွားရတာမဟုတ်ဘူးနော်.. ကျွန်တော်နဲ့ရာထူးတူ Senior
နှစ်ယောက် ပါတယ်.. သူတို့တွေကတော့ တစ်လမ်းလုံး
ကျိုက်ထီးရိုးကိစ္စချိန်းလိုက်ကြ၊ ကားလက်မှတ် မှာလိုက်ကြနဲ့ပေါ့.. အလုပ်ထဲ
စိတ်နဲ့ကိုယ်နဲ့လည်း ကပ်ဟန်မတူကြပါဘူး.. ဒီလိုပါပဲလေ.. ကျွန်တော်တို့လည်း
နက်ဖြန် ခရီးထွက်ရမယ်ဆိုရင် အလုပ်ထဲ စိတ်ရှိကြတော့တာမဟုတ်ဘူး..
ခရီးအကြောင်းပဲ တွေးနေတတ်တော့တာ မဟုတ်လား.. ဒါက ပြဿနာမဟုတ်ပါဘူး.. ပြဿနာက
ခုမှလာမှာ..
ရွှေပြည်သာကနေထွက်တော့ ၂း၀၀ ကျော်သာသာပေါ့.. ကျွန်တော်တို့ကိုလိုက်ပို့တဲ့
သူတို့ရုံးကားက ပန့်မကောင်းလို့တဲ့.. တစ်လမ်းလုံး
ဆန့်ငင်ဆန့်ငင်ဖြစ်လာတာကနေ အင်းစိန်-ဖော့ကန် စာသင်ကျောင်းရှေ့မှာ
လျှောသွား..အဲလေ ရပ်သွားရော.. ကဲ... ဘယ်လိုလုပ်ကြမတုန်း.. ဒီနေရာကနေ Taxi
စီးရလို့ကတော့ မချောင်ဘူးလို့ ညည်းမိတယ်... သြော်.. ပြောဖို့
ကျန်သွားသေးတယ်.. ကားမပျက်ခင် ကျွန်တော်နဲ့အတူရှေ့ခန်းထိုင်တဲ့ စီနီယာက
ပြောတယ်.. အပြန်ကို ပြည်လမ်းက ရုံးချုပ်ကိုလည်း ပြန်ဝင်ရဦးမှာ..
သူတို့လည်း နက်ဖြန်အတွက် ပစ္စည်းဘာညာဝယ်ရဦးမှာနဲ့ဆိုတော့
ရုံးကိုပြန်ရောက်ရင်လည်း ၄း၃၀ လောက်ရှိရောပေါ့.. ဆိုတော့ သူတို့လည်း
တစ်ခါတည်းပြန်မယ်.. အစ်မလည်း တစ်ခါတည်း ပြန်လိုက်ပါတဲ့.. ဟဲဟဲ..
ဒီအရေတွေကို မြင်လို့နေမှာပေါ့.. ကိုယ့် Software Manager က တစ်ခါတည်း
မှာလိုက်တယ်.. ဒီရုံးမှာ Client ဆိုက်ကိုသွားပြီးရင်
ရုံးချိန်မလွန်သေးတာတောင် ရုံးကိုပြန်မလာဘဲ အိမ်ကို
တန်းပြန်သွားတဲ့အကျင့်ရှိကြတယ်.. အစ်မ အဲလိုမဖြစ်ပါစေနဲ့လို့
မှာလိုက်လေရဲ့.. ဒါနဲ့ ချက်ချင်းပဲ အစ်မကတော့ ရုံးပြန်မှဖြစ်မှာ..
မန်နေဂျာက ပြန်လာဖို့ မှာလိုက်တယ်ဆိုပြီး.. ပြောရတာပေါ့.. အဲဒီမှာ..
အဲဒီမှာပေါ့.. ဒီနေ့မှလည်း ၀င်သေး.. သူတို့စကားလည်း
ကလန်ကဆန်လုပ်သေး..ဆိုတဲ့သဘောနဲ့ ဒင်းတို့နှစ်ယောက်က ရုံးကို
ကျွန်တော်အ၀င် နောက်ကျမှာစိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
ကားလည်းပျက်တာနဲ့ရောချပြီး လိုင်းကားနဲ့ ပြန်ခိုင်းတယ်.. ကိုယ်ကတော့
ကိစ္စမရှိပါဘူး.. သြော် ပြောရဦးမယ်.. ကားပျက်တော့ သူတို့ Software
Manager ကြီးကို ဖုန်းဆက်တယ်.. ကျိုက်ထီးရိုးကိစ္စ ဘာညာကွိကွနေမှာပေါ့..
ဟင်..ဘယ်သူဆက်တာလဲ ဟုတ်လား.. စီနီယာညီမလေးပေါ့ကွယ်.. အဟမ်း.. ဂျာကြီးက
Software ကိစ္စမပြီးလို့ မလိုက်တော့ဘူးလို့ ပြောပုံရပါတယ်..
စီနီယာညီမလေးခမျာ မျက်နှာကြီးမည်းသွားလိုက်တာ ပြိုတော့မယ့် မိုးလိုပဲ.. နောက်တော့ ဒီလောက်နံနံစော်စော်
မြောင်းပုပ်နံဘေးမှာ ငုတ်တုတ်ကြီး ထိုင် စိတ်ကောက်နေလေရဲ့.. အတူပါလာတဲ့
စီနီယာကောင်လေးက ချော့ရှာပါတယ်... အစ်မရယ် အဲလိုကြီးတော့ မလုပ်ပါနဲ့တဲ့..
အကြာကြီးပဲဗျာ... ကျွန်တော် ၂၀၂ လိုင်းကားပေါ်ရောက်သွားတဲ့အထိကို သူက
မြောင်းနံ့ကို အောက်ဆီဂျင်အမှတ်နဲ့ ရှူရှိုက်နေတုန်း.. သနားစရာ.. :P
ကဲကဲ.. ကိုယ့်အကြောင်း ဆက်ပြော..အဲ ဆက်ရေးမယ်... ၂၀၂ ကြီးစီးပြီး
န၀ဒေးမှတ်တိုင်မှာဆင်း.. ၇၉ ဒိုင်နာစီး ရုံးကို ဆက်သွားပေါ့.. အဲ..
ကိုယ်ရောက်ပြီး မိနစ် ၂၀ လောက်ပဲ ခြားမယ်... စီနီယာနှစ်ယောက်က
ပြန်ရောက်လာပါရောဗျာ.. နည်းနည်းတောင် အံ့သြသွားတယ်.. ဟိုဘက် client
ဆိုက်က ကားလွှတ်ခေါ်မယ်ဆိုလည်း ဒီလောက်မမြန်ဘူးလို့.. အသွားအပြန်က
ရှိသေးတာလေ.. ဟိုဘက်ရုံးချုပ်ကို ၀င်ရဦးမယ်ဆိုပြီး
ဒီလောက်မြန်မြန်ရောက်လာတာ Taxi ငှါးလာတာမဟုတ်လို့ ဘာရှိရမှာလဲနော့..
ကိုယ့်စိတ်ထဲတော့ ခဏလောက် တစ်မျိုးဖြစ်သွားပြီး ဖျတ်ခနဲအာရုံပြောင်း
ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေလိုက်တယ်... ရုံးကိုရောက်တော့ ဂျာကြီးက
မိတင်တဲ့.. ပြန်ရောက်ကြောင်းတောင် သတင်းမပို့လိုက်ရပါဘူး...
ဟိုစီနီယာနှစ်ယောက်ကို ဂျာကြီးက ဘာနဲ့ပြန်လာကြတာလဲမေးလို့ Taxi
နဲ့လည်းဆိုရော ဂျာကြီးက အဲဒီစီနီယာညီမကို စကားလှည့်မပြောတော့ဘဲ HR
အခန်းထဲ ၀င်သွားလေရော..... ကဲ မောင်လေး ညီမလေးတို့ရေ
နောက်ဆက်တွဲပုံပြင်လေးတွေကို နောက်များမှ ဆက်ပြောပြမယ်နော်....
ဘာပဲဖြစ်ဖြစ် ဘ၀မှာ တစ်ခါလောက်ကလေး အပေါ်စီးကနေကစားရတဲ့ Game တစ်ခု
ကစားကြည့်နေတာလို့ စာဖတ်သူများ တွေးပေးကြပါ... ဇာတ်လမ်းအစမှာတော့
မင်းသမီးက နှိပ်စက်ခံရတတ်တယ်လေ.. ဟုတ်တယ်မဟုတ်လား... အနာခံရလေ
ကိုယ့်အရည်အချင်းတက်လာလေ.... ဘ၀ဆိုတာ အတွေ့အကြုံတွေက
သင်ယူခြင်းပါပဲလေ....

ဖမ်းကိုင်လည်းမရ
အပိုင်ဆိုတာ ဝေးရော..
ခပ်ကြည်ကြည်အရောင်မှာ
အရိပ်တွေက အရောင်စုံ ရွဲ့တိရွဲ့စောင်း
ကြီးသင့်တာငယ် ငယ်သင့်တာကြီး
အမှန်မဟုတ်တဲ့ ဘ၀ဘ၀တွေ
လေမှာလွင့်ခိုက်
တခဏတော့ ခင်းကျင်းကခုန်...။

                                          

၁ မေလ ၂၀၁၂
ညနေ ၆း၃၄

ပြာရင့်မှောင်
ဖျတ်ခနဲ တစ်ချက်အလင်းနဲ့
ဆတ်ခနဲ ရှေ့ဆက်တိုး....။
အနားသတ်က ဖျော့တော့လွန်း
ခုချိန်ထိ မည်းမည်းမှောင်...။
တိတ်တဆိတ်ပျောက်သွားတော့မှာလား
အကြိမ်ကြိမ်စဉ်းစား...။
ပြာသလိုလိုနဲ့ ရင့်လွန်းတဲ့အမှောင်
တစ်ထောင့်တစ်နေရာက ဖျတ်ခနဲအလင်းတွေဝါးဝါးမျိုဆဲ
ဘယ်တော့များမှ လင်းချင်းမလဲ....။

နွေနှင်း(gcc-mdy)
18-Feb-2012



ရှေ့ဆက်စို့
တွဲလက်တွေ မလွှတ်တမ်း
အိပ်မက်တွေ အသက်သွင်းရအောင်...။
ယုံကြည်စမ်းချစ်သူ
ဒီခရီးခဲ မင်းရှိရင် ကိုယ်သွားရဲတယ်...။
ဆူးလမ်းဆိုလည်း ဆူးထွင်ရင်းလျှောက်
ပန်းခင်းတယ်ဆို ရနံ့အတူရှိုက်ရင်းလျှောက်
မဟောင်းသောအဖြစ်တွေ ပြန်ပြန်ပြောရင်း
မျက်လုံးတွေပိတ် ထာဝရအိပ်စက်တဲ့ထိချစ်မယ်။

နွေနှင်း(gcc-mdy)


ဒီရက်ပိုင်း သူငယ်ချင်းတစ်ယောက်ကောင်းမှုနဲ့ ဒုက္ခနည်းနည်းရောက်သွားတယ်.. သူက သူ့အသိကောင်မလေး တစ်ယောက် ရန်ကုန်မှာ အလုပ်လုပ်ချင်တာ-အဆင်ပြေရင် အလုပ်ရှာထားပေးပါဦး.. ပြောတာနဲ့.. ကိုယ်လည်း ချစ်သူနဲ့ အဆက်အစပ်ပတ်သက်ရာပတ်သက်ကြောင်း အလုပ်မှာ လူလိုတယ်သိထားတော့ အတော်ပဲပေါ့.. တကယ်ကျ လာမယ်ဆိုတဲ့သူကလည်း မလာဖြစ်.. ကိုယ်က လိုရမယ်ရမေးလိုက်မိတာလည်း တစ်ဘက်က ပိုင်ရှင်အထိ တကယ်ကြီးပြောထားပြီးတယ်ဆိုတော့ ပျာလောင်ခတ်သွားတယ်.. ဘယ်နေ့ခေါ်လာမယ်ဆိုတာပါ ထည့်ချိန်းလိုက်တော့ တစ်ဘက်က လူကြီးတွေနဲ့လည်း မျက်နှာမပျက်ချင်.. ဒီဘက်က သူငယ်ချင်းကို စိတ်ဆိုးနေလို့လည်း မပြီး.. ဒါနဲ့ပဲ အသည်းအသန်လူရှာရတော့တယ်.. အလုပ်က မြို့ထဲမှာမဟုတ်တော့ လုပ်ချင်တဲ့သူကလည်း အရှားသား... ပြီးတော့ လုပ်ရမှာကလည်း Data Entry ဆိုတော့ ဘွဲ့ရ-လုပ်ငန်းအတွေ့ အကြုံရှိတဲ့သူက ကြာရှည်ကြာများလုပ်နိုင်မယ် မဟုတ်.. ဖယ်ရီရှိတာလေးတစ်ခုပဲ ကိုယ့်မှာ ပြောအားရှိတယ်.. ရန်ကုန်ရောက်နေတဲ့ အစ်ကိုသူငယ်ချင်းများ၊ ရန်ကုန်ပတ်ဝန်းကျင်နေတဲ့ သူငယ်ချင်းများ.. လှည့်ပတ်ပြီး လူရှာခိုင်းရတယ်.. တစ်ယောက်ကလုပ်ချင်တယ်.. ဒါပေမယ့် သင်တန်း တစ်ဘက်နဲ့မို့ မလုပ်နိုင်.. ရလာတဲ့တစ်ယောက်ကျတော့လည်း ခုမှ ဆယ်တန်းအောင်ထားတာ.. အလုပ်လုပ်ချင်စိတ်ရှိတာလေးပဲပေါ့.. ကျန်တာတော့ ခုမှ သင်ရမယ်... ဒါနဲ့ သူက သင်တန်းတက်ဆိုလည်း တက်ပါ့မယ်ပြောတာနဲ့ ဟိုဘက်ကို လူရှာနေသေးတယ်လို့ပဲပြောပြီး တစ်ပါတ်အတွင်း သင်ပေးစရာရှိတာတွေ အားချင်းသင်.. တကယ်လည်း ခေါ်သွားရော အဝေးသင်စာမေးပွဲဖြေဖို့ခွင့်မပေးချင်တာရယ် ၊ လူက ငယ်တယ်ဆိုတာနဲ့ရယ် မခန့်ချင်ဖြစ်ရော.. ကိုယ်က လူမရခင်တုန်းကလည်း လူရှာဖို့မောရ.. ကိုယ်သင်ပေးထားတာတွေနဲ့ အဆင်ပြေပါ့မလား ဆိုပြီး တွေးပူရ..နဲ့.. ခုကျ မခန့်ချင်ဘူးဆိုတော့ တော်တော်တော့ ဒေါကန်သွားတယ်.. ဒါပေမယ့် ကိုယ့်ဒေါသကိုယ် ကိုယ့်ဖာသာမျိုချ.. တကယ်လည်းလူလိုနေတဲ့နေရာမှာ တကယ်အလုပ်လုပ်ချင် တဲ့လူ တွေ့တာတောင် မခန့်ချင်ဖြစ်ရသေး.. သူ့အလုပ်က အလွန်အင်မတန်ကို တိုးတက်မယ့်နေရာဆိုတော့ ဒီလောက်မောင်းတင်ထားတာ .. နေပါစေ..ဆိုပြီး ပြန်လာခဲ့ရတယ်..နောက်များတော့ လူရှာပေးပါဆိုရင် တော်ပါပြီပဲ.. ကလေးမလေးကိုတော့ ကွန်ပျူတာနဲ့ပတ်သက်ပြီး လိုအပ်တာအပြင် အင်္ဂလိပ်စာပါ ထပ်သင်ပေးဖြစ်တယ်.. ကိုယ်က အသည်းအသန်ပြောထားတဲ့ အလုပ်မပေးနိုင်တော့ အားနာတာလည်းပါ.. ကိုယ်တိုင်လည်း စာပြန်ကြည့်ဖြစ်ချင်တာလည်းပါပေါ့လေ.. ဒါကြောင့် ခုလောလောဆယ် စာပြန်သင်ဖြစ်နေပါတယ်..

အသက်ရှူမ၀တဲ့ တိုက်ခန်းတွေနဲ့…

အလျင်လိုနေတဲ့ အရွယ်စုံကားတွေနဲ့…

အသစ်အသစ်သော ဆွဲဆောင်ခြင်းတွေနဲ့….

ခပ်သုတ်သုတ် ခြေလှမ်းတွေနဲ့…

တစ်ခါလေးဆုံဖို့ရာ

အကြိမ်ကြိမ်ချိန်းချက်ရခြင်းတွေနဲ့…

ကျယ်ပြန့်တဲ့ကောင်းကင်

ငါတို့ခေါင်းပေါ်တင် ပျောက်နေတတ်တဲ့….

တစ်ခါက နိုင်ငံ့မြို့တော်….။

နွေနှင်း(gcc-mdy)

အားလုံးပဲ Merry Christmas ပါ.. ခရစ်စ်မတ်စ်နေ့ဆိုတာ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး.. ဒါပေမယ့် တရားဝင်ရုံးပိတ်ရက်ဖြစ်တော့ ဒီဇင်ဘာရောက်ရင် ခရစ်စ်မတ်စ်နေ့ကို မျှော်ပါတယ်.. ဒီနှစ် ခရစ်စ်မတ်စ်ကတော့ ကျွန်တော့်အတွက် ပျော်ရွှင်စရာအမှတ်တရတွေ ယူလာတယ်.. ခရစ်စ်မတ်စ်နေ့ရုံး ပိတ်ရက်မှာ ကျွန်တော့်ချစ်သူရဲ့အမေ့ရွာကို သွားခဲ့တယ်.. ´´စစ်ပင်ဆိပ်´´တဲ့.. ခရစ်စ်မတ်စ်နေ့ မနက်အစောကြီး ငါးနာရီမှာ ချစ်သူတို့အိမ်ကနေ ချစ်သူရဲ့အဘိုး ၊ ချစ်သူ ၊ ချစ်သူရဲ့အစ်မတွေနဲ့အတူ
အောင်မင်္ဂလာကားဝင်းကို သွားကြတယ်.. ကားဝင်းကိုရောက်တော့ ´´၀င်း´´ ကားဂိတ်မှာ ကားလက်မှတ်ဖြတ်.. ပဲခူးထိထိုင်စီးရမယ်.. ကျွန်တော်တို့သွားချင်တဲ့ ဘုရားကြီးထိတော့ မတ်တပ်ရပ်စီးရမယ်.. ရပ်စီးရမှာက ၁၅ မိနစ်လောက်ဆိုတော့ အဆင်ပြေပါတယ်.. ကားပေါ်ရောက်မှ မနက်စာ ပေါက်စီတစ်ယောက်တစ်လုံး.. အဆာပြေပေါ့လေ..

ဘုရားကြီးကိုရောက်တော့ ဘုရားကြီးဈေးနားမှာ ထပ်စားကြတယ်.. ပြီးမှ ချစ်သူရဲ့အမေ့ရွာကို ဆိုင်ကယ်ကယ်ရီနဲ့ ဆက်သွား.. ချစ်သူနဲ့ကျွန်တော်က တစ်စီး.. စီးရတယ်.. ရွာကိုအရောက် ၁၀ မိနစ် သာသာလောက် မောင်းရတယ်.. ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရဲ့ဘေးမှာဆိုတော့ သွားရတာ လမ်းသာပါတယ်.. ကျွန်တော်တို့ဆိုင်ကယ်က အရင်ဆုံးရောက်တော့ နောက်ကလူတွေကို ဘုန်းကြီးကျောင်း အ၀င်ဝက ရပ်စောင့်နေတုန်း ချစ်သူရဲ့ညီ ထွက်ကြိုတယ်.. ထွက်ထွက်လာချင်း ဘယ်သူမှန်းမသိဘူး..
လူမှားနေရော... စွပ်ကျယ်ချိုင်းပြတ်နဲ့.. ဘုန်းကြီးကျောင်းသားစတိုင်နဲ့ဆိုတော့ ၀င်လေ..အထဲကို´´ဆိုတဲ့ အသံကြားမှ မှတ်မိတော့တာ.. ချစ်သူရဲ့ညီမလေးကလည်း ၀မ်းသာအားရ လှမ်းအော်နှုတ်ဆက်...
ကျောင်းထိုင်ဆရာတော်ကို ဖူးဖို့ ကျောင်းပေါ်တက်တော့ အလှူအတွက် ချက်ပြုတ်နေကြတဲ့ ချစ်သူရဲ့ဆွေမျိုးတွေလည်း ကျောင်းပေါ်ကို တက်လာကြတယ်.. ဆွေပြမျိုးပြလာကြတာ..ဆိုပြီး ချစ်သူရဲ့ညီမလေးက မိတ်ဆက်ပေးတော့ မျက်နှာကို ဘယ်နားသွားထားရမှန်းမသိအောင် ရှက်သွားပါတယ်..
နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်ကျဲကျဲနဲ့....(သိတယ်ဟုတ်..လူကြီးရှက်တော့ ရယ်...ဆိုတာ).. ရွာဦးကျောင်းဆရာတော်ကို ၀တ်ဖြည့်ပြီးတဲ့နောက် ဘုန်းကြီးကျောင်းဝင်းထဲပတ်ကြည့်..

ဘုန်းကြီးကျောင်းနဲ့ယှဉ်လျက်နေရာက ကုန်းပေါ်မှာ စေတီရှိတယ်... ကုန်းမြင့်ပေါ်မှာဆိုတော့ စေတီရင်ပြင်ကို
မရောက်ဖြစ်ခဲ့တော့ဘူး.. ပြီးတော့ ရွာထဲကို လည်ကြတယ်.. ချစ်သူရဲ့အစ်မ၀မ်းကွဲအိမ်မှာ လက်ဖက်တစ်ပန်း ကန်နဲ့ ၀ိုင်းဖွဲ့မိကြပြန်တယ်.. ဆွမ်းက ၁၀း၃၀ လောက်မှကပ်မယ်ဆိုတော့ နာရီဝက် တစ်နာရီတော့ လူငယ်တွေချည်း စကားပြောကြ.. ချစ်သူတို့မောင်နှမတွေ တစ်ယောက်တစ်ပေါက်ပြောကြဆိုကြတာ နားထောင်၊ လိုက်ပြော၊ လိုက်နောက်နဲ့.. အမှတ်ရစရာပါပဲ.. မနေ့က ကြိုရောက်နှင့်တဲ့ ချစ်သူရဲ့ညီက
ရွာကလူတွေကို သူ့အစ်ကို မိန်းမရသွားပြီလို့ပြောထားတာ.... သူကရှေ့ကပြော သူ့ညီမက နောက်ကနေ လိုက်ဖော်...တယ်တဲ့... ဘယ်လိုပဲဖြစ်ဖြစ် ရယ်ရယ်မောမောနဲ့ ပျော်စရာ စကားဝိုင်းတစ်ခုမှာ ပါဝင်ခဲ့ရတယ်.. ဆွမ်းကပ်ချိန်အမီ ကျောင်းကိုပြန်ပြီး ဆွမ်းကပ်ဖို့ပြင်ဆင်.. ဆွမ်းကပ်ကြ.. နေ့လည်စာစားကြ.. စားပြီးတရားနာ..
တရားနာပြီးတော့ ဘုန်းကြီးကျောင်းဝင်း အရိပ်ကောင်းတဲ့နေရာမှာ ချစ်သူရဲ့ညီနဲ့ ချစ်သူက ပိုက်ကျော်ခြင်းခတ်ကြတယ်.. ခြင်းကလည်း ခတ်ရတယ်ကိုမရှိဘူး... ကောက်နေရတာချည်းပဲ.. သူတို့နှစ်ယောက် ပိုက်ကျော်ခြင်းကနေ ၀ိုင်းခြင်းဖြစ်သွားကြတော့ ကျွန်တော်နဲ့ညီမလေးက
ကျောင်းသားတွေကစားတဲ့ ဘောလုံးယူပြီး ဘောလုံးကန်ကြ.. ဘောလုံးကန်ရတာ ပျင်းလာတော့
ခြင်းခတ်နေတဲ့ နှစ်ယောက်ကိုခေါ်ပြီး အဲဒီဘောလုံးနဲ့ ဘောလီဘောပုတ်ကြတယ်.. သိတဲ့အတိုင်း.. ကန်တဲ့ဘောလုံးကို ဘော်လီဘောလုပ်ပြီး ပုတ်တော့ လက်တွေက ဘယ်ခံနိုင်မှာတုန်း.. အရေးထဲ ဘောလုံးက ကွဲနေသေးတယ်... ကိုယ်ပေးဖို့ အလှည့်ရောက်တိုင်း ပိန်သွားတဲ့ဘောလုံးကို လက်နဲ့ ပြန်ပြန်ဖောင်း.. ပြီးမှ ပြန်ပေး.. အလုပ်ကိုဖြစ်လို့...

ဘောလုံးကန်နေကျ ချစ်သူကလည်း တစ်ဘက်ကလာတဲ့ဘောလုံး လက်နဲ့မဖမ်းဘဲ ခြေထောက်နဲ့ချည်း လှမ်းဖမ်းတယ်.. သူလည်း ဘောလီဘောတစ်ခါမှ မကစားဖူးဘူးလေ.. ကျွန်တော်လည်း အတူတူပဲ..
မကစားဖူးတော့ လက်အနေအထားမမှန်.. ညာလက်မဆစ် ဘောလုံးနဲ့ထိတော့ ချက်ချင်းရောင်တက်လာတယ်.. ၁၀ မှတ်ကြေး လေးပွဲလောက်ကစားလိုက်တဲ့အခါ လူတွေက ခြေကုန်လက်ပမ်းကျ.. ချစ်သူနဲ့ ကျွန်တော်က ပိုဆိုးပေါ့.. နှစ်ယောက်သားက ကွန်ပျူတာရှေ့မှာသာ ဒေါင်းတိမောင်းတိလေ.. ပြေးဟယ်လွှားဟယ် ကစားဟယ်ဆိုတော့ ခဏလှုပ်ရုံနဲ့ လူက ဟိုက်နေပြီ.. ပွဲလက်စသတ်တော့ ကျွန်တော်တို့ဘက်က
လေးပွဲလုံးအရှုံးပြ.. ရှုံးတဲ့သူ အအေးတိုက်ကြေးလောင်းထားပေမယ့် နိုင်တဲ့သူတွေတိုက်တဲ့အအေးပဲ လိုက်သောက်လိုက်တယ်.. :P

အအေးဆိုင်မှာ ရပ်ထားတဲ့ဆိုင်ကယ်မြင်တော့ လူကမနေနိုင်မထိုင်နိုင် တက်စီးဖို့လုပ်သေးတာ..
ဆိုင်ကယ်က နင်းနှိုးတာတောင် လုံးဝမနှိုးတော့တာနဲ့ စိတ်လျှော့လိုက်ရတယ်.. အအေးသောက်ပြီးတော့ ဘုန်းကြီးကျောင်းပြန်သွား.. ချစ်သူရဲ့အစ်မတွေက ရွာထဲသွားလည်ကြတယ်.. ကျောင်းပေါ်မှာ နားရင်းစကားပြောကြ.. ချစ်သူရဲ့အမျိုးတွေကတော့ ဆွမ်းမကပ်ခင်ကတည်းက ကောက်ညင်းထုပ် လုပ်နေကြတယ်.. အိမ်အပြန်လက်ဆောင်ပေါ့.. ကောက်ညင်းထုပ်ကျက်မှ ပြန်ရမယ်တဲ့.. ပြန်ဖို့ပြင်ကြတော့ ညနေ ၃း၀၀ .. ကောက်ညင်းထုပ်တွေလည်း အသင့်ဖြစ်ပြီပေါ့... ရွာဦးကျောင်းဆရာတော်ကတော့ ကျွန်တော့်ချစ်သူကို မိန့်လိုက်တယ်.. ခုလာပြတဲ့လူကို မှတ်ထားလိုက်ပြီ.. နောက်တစ်ယောက် မပြောင်းနဲ့တော့တဲ့.. ကားစောင့်ဖို့သွားကြတော့ အိမ်အပြန်ခြေလှမ်းတွေက အလာတုန်းကလောက် မမြန်တော့ဘူး.. (သဲရုန်းနေရလို့.. ;) ).. အမြန်လမ်းကနေစောင့်ပြီး ကားတားကြတာ တော်တော်နဲ့မရ.. ကားစောင့်ရင်း အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်.. သူငယ်ချင်းတွေကိုကြွားဖို့ရာ ကျွန်တော်လည်း ချစ်သူနဲ့တစ်ပုံတွဲရိုက်.. ကျွန်တော့် ချစ်သူခင်သူတွေဆီ ကျွန်တော်တို့နှစ်ယောက်ပုံကို
နောက်မှပို့ပေးလိုက်မယ်.. ရန်ကုန်ပြန်ဖို့ တွေ့တဲ့ကားတိုင်းတား.. တားသမျှကားကလည်း မရပ်ဘူးဗျာ..
နောက်ဆုံး ဘုရားဖူးကားတစ်ကားက တင်ခေါ်မှ ရန်ကုန်ပြန်ရတော့တယ်.. ကျေးဇူးအကြီးကြီးတင်ရပါ၏... ရန်ကုန်ပြန်ရောက်တော့ အဆောင်ပြန်ဖို့လူက ခြေကုန်လက်ပမ်းကျနေပြီ.. အစ်မတွေက အိမ်မှာပဲ အိပ်လိုက်တော့ဆိုတာနဲ့ ညစာထမင်းဝိုင်းကို ချစ်သူရဲ့မိသားစုနဲ့ လက်ဆုံစားဖြစ်ကြပြန်တယ်... ဒီလိုဒီလိုနဲ့..... 2011 ခရစ်စ်မတ်စ်ညလေးက သံယောဇဉ်ကြိုးအသစ်အသစ်တွေ ရစ်ပတ်နှောင်ဖွဲ့ .. မေတ္တာတေးတွေ လွင့်ပျံလျက်... ချစ်သူနဲ့အတူ အဘိုးကြီးအဘွားကြီးဖြစ်တဲ့အထိ မကြာခဏတမ်းတဖြစ်နေမယ့်
နေ့လေးတစ်နေ့ ပေါ့လေ.....

စစ်ကိုင်းဦးဖိုးသင်းရေးတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိနဲ့ကျော်ရင်မြင့်ရေးတဲ့ အရောင်သွေးစုံစုံ ဘ၀ဇာတ်ခုံ အဖုံဖုံ
စာအုပ်ဖတ်ဖြစ်ပါတယ်.. စစ်ကိုင်းဦးဖိုးသင်းရေးတဲ့စာတွေကို အရင်ကမဖတ်ဖူးပါဘူး.. လက်လှမ်းမမီခဲ့ဘူး ဆိုပါတော့.. သူ့စာအုပ်ကိုဖတ်ကြည့်မှ သူရေးတဲ့စာတွေအများကြီးရှိမှန်းသိရပါတယ်..သူ့ရဲ့စာရေးသားဟန်ကို
သဘောကျပါတယ်.. ပွင့်လင်းတယ်.. ဘုဂလန့်တော့နိုင်တယ်.. သူတို့ခေတ်ကပညာရေးကို သိရတယ်..
ဘုန်းကြီးကျောင်းမှာစာသင်ပြီး အဲဒီခေတ်က ခုနစ်တန်းကို ဘုန်းကြီးကျောင်းသား မောင်သင်းက စူးစမ်းစိတ်အင်မတန်ကြီးတာတွေ့ရပါတယ်.. ကိုယ်ငယ်ငယ်တုန်းကနဲ့များ ကွာပလို့ တွေးမိတယ်.. ကိုယ်သာသူ့နေရာမှာဆိုပညာတတ်-လူတစ်လုံးသူတစ်လုံး ဖြစ်လာဖို့ မလွယ်လှဘူး အောက်မေ့တယ်..
ဗိုလ်ချုပ်အောင်ဆန်းကလည်း ဦးဘိုးသင်းဆီကနေ နိုင်ငံရေးအကြံဥာဏ်တွေရခဲ့တယ်လို့ ခန့်မှန်းမိရတယ်..
ဦးခန္တီတန်ဆောင်းတွေဆောက်တာအပေါ်မှာ ဦးဘိုးသင်းရဲ့အမြင်က တစ်မျိုးပါ.. အင်္ဂလိပ်ခေတ်မှာ သူရေးတဲ့စာတွေဟာ နိုင်ငံရေးနဲ့ငြိတဲ့စာတွေဖြစ်လို့စာအုပ်အဖြစ်မထုတ်ဘဲ ကျောင်းသုံးဖတ်စာအုပ်အဖြစ် ပြဌာန်းဖို့ပဲ
သူလုပ်ခဲ့ပါသတဲ့... လွတ်လပ်ရေးရပြီးနောက်ပိုင်းခေတ်တွေမှာလည်း သူရေးတဲ့စာအုပ်တွေဟာ နိုင်ငံပြုပြင်ရေး စာအုပ်တွေပါပဲ.. ဒါပေမယ့် စာရေးတဲ့အလုပ်ကို သူ့အိမ်မှာ ဟင်းရွက်ကန်စွန်း စိုက်တဲ့အလုပ်လောက်
အားမရမိပါဘူးတဲ့.. စိုက်ထားတဲ့ဟင်းသီးဟင်းရွက်တွေဟာ စားချင်တဲ့သူရှိနေသေးတယ်.. စားတဲ့သူရှိနေတယ်..
ပြောရရင် စားသုံးသူက အကျိုးရတယ်ပေါ့... သူရေးတဲ့စာတွေကတော့ ဖတ်သင့်တဲ့သူတွေ(ဥပမာ-
စီးပွားရေးသမားတွေ) မဖတ်ဘဲ စာရေးချင်တဲ့သူတွေကသာ ဖတ်သလိုဖြစ်နေတဲ့အတွက် စားသုံးသူဆီ တကယ်မရောက်ဘူး.. စာဖတ်သူက သူ့စာအုပ်ကနေ အကျိုးမရတဲ့အတွက် စာရေးတဲ့အလုပ်ကို ဟင်းသီးဟင်းရွက်စိုက်တဲ့အလုပ်လောက် အားမရပါဘူးလို့ ပြောထားပါတယ်... စာရေးဖို့တောင် အားလျော့သွားသလိုပဲ.. :)

ကျော်ရင်မြင့်ရဲ့စာအုပ်ကတော့ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ နိုင်ငံရေးနဲ့ အနုပညာနယ်ပယ်မှာ ထင်ရှား-မထင်ရှား ကြိုးစားရုန်းကန်နေတဲ့ သူတွေရဲ့အကြောင်းကို ရေးထားတာပါ.. မစိုးရိမ်တိုက်အုပ်ဆရာတော်၊ ရဲတိုက်၊
လေထီးဒေါ်မြရင်၊ မုံရွာက သစ်ပင်စိုက်နေတဲ့သူအကြောင်း.... စသဖြင့် လူအများကြီးရဲ့ အကြောင်းကို ဆောင်းပါးတိုလေးတွေ ရေးထားတာပါ.. မဆိုးပါဘူးလို့ပြောရပါမယ်.. ဘ၀မှာရုန်းကန်နေရတာ
ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး ဆိုတဲ့အတွေးနဲ့ အားသစ်တွေဖြစ်နိုင်ပါတယ်..


 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews