အငြိမ်းစားယူကြတဲ့အခါ..
အသက်ကြီးလာတဲ့အခါ (အသက် ၆၀ ၊ ၇၀ ထိ အသက်ရှည်ရှည်နေရတဲ့အခါ) စိတ်ဝင်တစားနဲ့ လုပ်စရာအလုပ်တစ်ခုရှိနေမှ ကောင်းမယ်လို့ ဒီရက်ပိုင်းမှာ ပိုတွေးမိနေပါတယ်.. အထူးသဖြင့် ၀န်ထမ်းလုပ်နေသူတွေပေါ့.. ကျွန်တော် သတိထားမိသမျှ ၀င်ငွေရတဲ့အလုပ်ကို မလုပ်တော့တဲ့ သက်ကြီးရွယ်အိုတွေမှာ ကိုယ့်ကိုယ်ကိုယ် လူရာမ၀င်တော့တဲ့ ခံစားချက်မျိုး ဖြစ်လွယ်ပါတယ်.. အတူနေအသက်ငယ်သူတွေက ပုံမှန်အတိုင်း အရင်ကလို ပြောဆိုဆက်ဆံနေရင်တောင်မှ သူတို့ကို အရေးမထားပစ်ပယ်တယ်ဆိုတဲ့ အမြင်မျိုး သူတို့မှာဖြစ်ဖို့ ပိုလွယ်ပါတယ်.. သူတို့တွေက လူကသာအလုပ်ကနေ အနားယူလိုက်တာသာရှိတာ.. သူတို့ရဲ့စိတ်တွေက အနားမှမယူနိုင်ကြဘူး.. သူတို့စိတ်ထဲမှာလည်း အရင်လို လုပ်စရာကိစ္စတွေ ထည့်ထားစဉ်းစားနေစရာ မရှိတော့ဘူး.. အရင်ကထက် ပိုပြီးအားလပ်နေတဲ့စိတ်က တောင်တွေးမြောက်တွေး ဖြစ်ဖို့ရာ ပိုလွယ်ပါတယ်.. ၀င်ငွေရတဲ့အလုပ်ကနေ အနားယူလိုက်တာနဲ့ ဘာသာရေးဘက်ကို လုံးဝနှစ်မြှုပ်လိုက်နိုင်တဲ့ သက်ကြီးတစ်ချို့အတွက်တော့ လုပ်စရာအလုပ်ရှိသွားတယ်လို့ ပြောရမှာပဲ.. စိတ်ကို ထိန်းတဲ့အလုပ်ပေါ့.. ဒါတောင်မှ သူတို့စိုက်လိုက်မတ်တပ် လုပ်ဖြစ်တဲ့အလုပ်က ၀ိပဿနာအလုပ်မဟုတ်ရင် စိတ်ကိုထိန်းနိုင်ဖို့ သိပ်မသေချာသေးဘူးလို့ ထင်ပါတယ်.. အငြိမ်းစားယူပြီး စိတ်မတည်ငြိမ်နိုင်တဲ့ အငြိမ်းစားတွေကိုကြည့်ပြီး အတွေးတွေပွားမိပြန်ပါတယ်..
ကျွန်တော်သာ ၀င်ငွေရတဲ့အလုပ် မလုပ်နိုင်တော့တဲ့ သက်ကြီးပိုင်းအထိ အသက်ရှည်မယ်ဆိုရင် ဘာလုပ်မလဲလို့ စဉ်းစားမိတယ်.. စာရေးစာဖတ်အလုပ်ကို ပိုလုပ်မယ်.. ပရဟိတလုပ်ငန်းတွေအတွက် ခုထက်ပိုပြီး အချိန်ပိုပေးမယ်..ပြီးတော့ ကိုယ်နဲ့အတူနေရတဲ့ လူငယ်တွေရဲ့ဘ၀ကို နားလည်ပေးနိုင်အောင် ကြိုးစားမယ်.. အထူးသဖြင့် သူတို့တွေရဲ့စိတ်ပေါ့.. သူတို့ရဲ့စိတ်တွေ အတွေးအခေါ်တွေ ခံယူချက်တွေ ရုန်းကန်နေရတဲ့အနေအထားတွေကို နားလည်အောင် ကြိုးစားနိုင်တာလည်း ကိုယ်ကအသက်ကြီးလာသလို စိတ်ပါကြီးရင့်လာဖို့ အခွင့်အရေးတစ်ခုလို့ ကျွန်တော်မြင်တယ်..ပြီးတော့ လူငယ်တွေကို နားလည်အောင် ကြိုးစားတဲ့သက်ကြီးတွေဟာ သက်ကြီးအသိုင်းအ၀ိုင်းမှာ ၀င်ဆံ့သလို လူငယ်အသိုင်းအ၀ိုင်းမှာလည်း အနည်းနဲ့အများ ၀င်ဆံ့နိုင်ပါလိမ့်မယ်..အဲဒီအခါ စိတ်ပျိုကိုယ်နုနိုင်တဲ့ အခွင့်အရေးပါရနိုင်တယ်..ပြီးတော့ ကိုယ့်အတွေးအခေါ်တွေကလည်း ဘယ်တော့မှ ခေတ်နောက်ကျကျန်တော့မှာ မဟုတ်ဘူးလို့ တွေးမိပါရဲ့.. ဘာရယ်မဟုတ်ပါဘူး.. ရောက်တက်ရာရာလေးတွေပါ..
Labels: Thoughts