“ကျွန်တော်၏ သူ”

သူ၏ မျက်လုံးတို့ သည် ကျယ်၏။ ကြီး၏ ။ မျက်တောင်တို့ ရှည်စင်း၏။ သူ့ တစ်ကိုယ်လုံးတွင် အလှဆုံးက မျက်လုံးဖြစ်သည်။ သို့ သော် ကျွန်တော်သဘောကျသော ထိုမျက်လုံးတွေကို သူကိုယ်တိုင်က မကြိုက်ပါ။ မျက်လုံးရှေ့တွင် မျက်မှန်မပါလျှင် ဘာကိုမှ မမြင်ရသောကြောင့်ဟု ဆိုပါသည်။ သူ့ မျက်လုံးများသည် သူ၏ပွင့်လင်းမှုကိုပြသည်။ ရိုးသားမှုအရောင်လည်း လင်းလက်သည်။ ဖြူစင်သည်ဟုတော့ မဖွင့်ဆိုနိုင် ။ ထိုမျက်လုံးများ၏အကြည့်မှာ စိတ်ကိုဆွဲငင်သည်။ ထမင်းစားသည့်အခါတိုင်း မျက်မှန်ချွတ်ပြီးမှ စားတတ်သည်။ ထိုအခါမှ သူ့မျက်လုံးများကို အားပါးတရမြင်ရသည်။ ကျွန်တော်ကတော့ သူ့မျက်လုံးနှင့် သူ့အကြည့်ကို ချစ်သည်။ မသိုဝှက်တတ်သော ၊ မညာတတ်သောမျက်လုံးများ၏အရောင်သည် တစ်မျိုးချစ်စရာကောင်းလေသည်။ ထိုအကြည့်များက တခါတရံတွင် နာကျင်စေတတ်သော်လည်း ကျွန်တော်ချစ်သည်။

ထိုမျက်လုံးများနှင့်သူကမူ ကျွန်တော်ချစ်သည်ကို မသိဟုထင်သည်။ မသိချင်ယောင်ဆောင်ခြင်းလည်းဖြစ်နိုင်သည်။ သိလျက်နှင့် ကျွန်တော်ရှေ့မတိုးသာအောင် နေတတ်ခြင်းလည်းဖြစ်နိုင်သည်။ သူသည် ကျွန်တော့်ကို သူငယ်ချင်းအဖြစ်တော့ ချစ်ခင်သည်။ သူနှင့်ပတ်သက်၍ ကမ္ဘာပြိုသည့်နေ့လည်း ကျွန်တော့်တွင်ရှိခဲ့ဖူးလေသည်။ သူ ကျွန်တော့်ကို မချစ်နိုင်ဟု သိခွင့်ရသည့်နေ့က ဖြစ်သည်။ သို့သော်လည်း သူ့မျက်လုံးများနှင့် သူ့အကြည့်ကို ဆက်ချစ်မြဲဖြစ်သည်။ သူ့ မျက်လုံးများသည် မညာတတ်သော ၊ မာယာမပါသောအကြည့်တည်ရာအဖြစ် ယုံကြည်မိမြဲဖြစ်သည်။ သူ့ကိုလည်း ဆက်ချစ်မြဲသာဖြစ်သည်။

နောက်ထပ်ပြောင်းတက်ရတဲ့ကျောင်းကတော့ နေးတစ်မြန်မာဖိုရမ်က မန်ဘာနှစ်ယောက်ရဲ့ နေရာဟောင်းကကျောင်းကိုပါ .. အဲဒီကနေ ပြောင်းခဲ့ပြီးကတည်းက အဲဒီကို တစ်ခေါက်မှ ပြန်မရောက်တော့တဲ့အတွက် နေရာဒေသ အနေအထားတွေ အဖြစ်အပျက်တွေ လွဲနေနိုင်ပါတယ်..

အဲဒီကျောင်းက တောင်ကုန်းလေးပေါ်မှာရှိတယ် အမှန်တော့ ကျောင်းရှိတဲ့ နေရာတင်မကပဲ အဲဒီနယ်တစ်ဝိုက်ကကို ကုန်းတက်ကုန်းဆင်းတွေပေါတာပါ.. ကျွန်တော်နေတဲ့အိမ်ကနေ ကျောင်းကိုရောက်ဖို့ မိနစ် ၂၀ ၊၂၅ လောက် စက်ဘီးနင်းရတယ်ထင်ပါရဲ့.. အိမ်နဲ့ကျောင်းနဲ့က နည်းနည်း အလှမ်းဝေးတယ်.. အိမ်က စက်ဘီးဝယ်မပေးနိုင်ခင်ကဆို အကျဉ်းဦးစီးကကျောင်းကားနဲ့ လိုက်ရပါတယ်.. မျက်နှာငယ်ငယ်နဲ့ပေါ့ .. ကျောင်းကိုရောက်ခါစ တစ်ရက်.. ကျောင်းဆင်းချိန်မှာ ကျောင်းကားက ကျွန်တော်တို့ကိုမခေါ်ပါဘူး.. ဒါနဲ့ မခေါ်လည်းနေကွာ..ဆိုပြီး ကျောင်းကနေ အိမ်အထိ မောင်နှမနှစ်ယောက်သား လမ်းလျှောက်ပြန်ခဲ့ဖူးပါတယ်.. တစ်နာရီလောက် လမ်းလျှောက်လိုက်ရတယ် မှတ်တာပဲ.. နောက်ပိုင်းကျတော့ဆိတ်ငါးကောင် တရုတ်စက်ဘီးလေးကို အိမ်က ၀ယ်ပေးပါတယ် အဲဒီအခါမှပဲ သူများကျောင်းကားကို တားစီးရတဲ့ဒုက္ခ လွတ်တော့တာပါ...

ကျွန်တော်တို့ ပထမတစ်ခါငှါးနေတဲ့အိမ်ကနေ စက်ဘီးနဲ့ကျောင်းကို အဝေးပြေးလမ်းမကြီးကနေ သွားရင် လမ်းဘေးဝဲယာက လယ်ကွင်းတွေပါ.. နောက်.. ရွာအ၀င်က ဆည်ရေသွယ်ထားတဲ့မြောင်းနံဘေးကနေ ဖြတ်ပြီး ရွာထဲဝင်၊ ရွာကိုဖြတ်သွားပြီးတဲ့နောက် တက္ကသိုလ်ကျောင်းတွေ ရှိတဲ့နေရာကို ဖြတ်ရပါတယ်.. အဲဒီနယ်မှာ အထင်ကရ တက္ကသိုလ်သုံးခုရှိတယ်.. စားသောက်ဆိုင်တန်းတွေမှာ ကျောင်းသား ကျောင်းသူတွေ တရုံးရုံးနဲ့ .. မြင်ရတာနဲ့ကို ပျော်စရာကောင်းပါတယ်.. အဲဒီနောက် မြေပြန့်လမ်းမှာ စက်ဘီးဆက်နင်း..

ကျောင်းကိုရောက်ဖို့ ကွန်ကရစ်ခင်းတဲ့ ကုန်းမော့မော့ကို အရင်တက်ရတယ်.. ကွန်ကရစ်လမ်းလွန်ရင် မြေနီလမ်း .. ကျောင်းသွားတဲ့လမ်းက တလျှောက်လုံး အတက်ချည်းပါပဲ .. အဲဒီအတက်တွေကို ကျွန်တော်က စက်ဘီးနင်းတက်နေကျ .. တွန်းတက်ရင် ပိုမောတယ်ထင်လို့ .. ကျောင်းဝင်းထဲမှာ စက်ဘီးထားစရာနေရာမရှိ တော့ ကျောင်းနားပတ်ဝန်းကျင်မှာရှိတဲ့ ၀န်ထမ်းအိမ်တစ်အိမ်မှာ စက်ဘီးအပ်ထားခဲ့ရတယ်.. ပိုက်ဆံပေးစရာမလိုပါဘူး.. အဲဒီကမှ ကျောင်းကို ခြေလျင်ဒိုး စာသင်ဆောင်တွေအားလုံးက တောင်ကုန်းပေါ်မှာ .. ကိုယ့်စာသင်ခန်းအရောက် လမ်းလျှောက်တက်ပေရော့ပဲ ...

ကျောင်းကုန်းပေါ်မှာ ကျောက်စရစ်ခဲအလွန်ပေါတာ မှတ်မိတယ် .. တောင်ကုန်းရဲ့ ဘေးနှစ်ဘက်က လျှိုတွေရှိတယ် .. အရှေ့ဘက် (ထင်တာပဲ) အဲဒီဘက်က တောစပ်.. သစ်ပင်ခပ်အုပ်အုပ် .. ခပ်ဝေးဝေးဆက်သွားရင် ရေတံခွန်အသေးစားလေးတွေ ရှိတယ် .. ဟိုးအတွင်းဘက်ထိဆက်သွားရင် ရွှေကျင်တဲ့နေရာတွေရှိတယ်လို့ ပြောကြတယ် .. တောစပ်နဲ့နီးလို့ တစ်ခါက တောကင်းခြေများကြီးတစ်ကောင် (တော်တော်ကြီးတဲ့အကောင်) စာသင်ခန်းထဲ ရောက်လာဖူးတယ် .. အတန်းထဲကကောင်လေးတွေ ခဲနဲ့ ၀ိုင်းထုကြလေရဲ့..

ကျွန်တော့်ရဲ့ မိန်းကလေးသူငယ်ချင်းတစ်ချို့ပြောပြဖူးတဲ့ မှုံရွှေရည်ဆိုတဲ့ ကောင်မလေးရဲ့ ဇာတ်လမ်းကိုလည်း နားထောင်ခဲ့ဖူးတယ် .. တောထဲက ဂူတစ်ခုမှာ ရည်းစားက သတ်လို့သေသွားတယ် ဆိုလား .. ဘယ်လိုပဲပြောပြော အဲဒီကျောင်းလေးက ကျွန်တော့်ရဲ့ ဆယ်ကျော်သက် အစပိုင်းအချိန်တွေထဲမှာ ပျော်စရာအကောင်းဆုံးနေရာလေးတစ်ခုပါ.. ဟန်ဆောင်ခြင်းမရှိ အားနာတယ်ဆိုတဲ့စကားကို မသိ .. ပီဘိ ကလေးတစ်ယောက်ရဲ့ ပွင့်လင်းလွတ်လပ်တဲ့ပျော်ရွှင်ခြင်းတွေ နောက်ဆုံးရခဲ့တဲ့ နေရာလို့လည်း ပြောလို့ရပါတယ်..

ကျောင်းကို ရောက်စမှာ အတူတူထိုင်တဲ့ သူငယ်ချင်းက ကျွန်တော့်နားမှာရှိတဲ့ သူ့ခြင်းတောင်းကို လှမ်းတောင်းပါတယ်.. သူ့စကားကို တော်တော်နဲ့ နားမလည်ဘူး.. ရှင်းတောင်းပေး ၊ ရှင်းတောင်းပေးနဲ့.. နောက်ကျတော့ တောင်းတဲ့သူက စိတ်မရှည်လို့ သူ့ခြင်းသူ ထယူတော့မှ ခြင်းတောင်းကို ပြောမှန်းသိတော့တာ .. အဲဒီနယ်ဘက်ကလူတွေက ချနဲ့ ရှအသံကို ပြောင်းပြန်ပြောကြတာ.. ဥပမာ.. ချိုတယ် ဆိုရင် ရှိုတယ်၊ ရှောက်သီးဆိုရင် ခြောက်သီး ၊ ချစ်တယ်ဆိုရင် ရှစ်တယ်.. ဒါမျိုးတွေပေါ့ သူတို့ပြောတာ ကြားရခါစက နားမျက်စိလည်တယ်.. ရယ်လည်းရယ်ချင်တယ် .. အစအနောက်သန်တဲ့ ကျွန်တော်ကတော့ သူတို့ပြောသလိုလိုက်ပြောပြီး သူတို့ကို စတာပဲ..

အဲဒီကျောင်းလေးက တက္ကသိုလ်သုံးခုက၀န်ထမ်းသားသမီးအများစု နေတဲ့ကျောင်းမို့ တောထဲရောက်နေပေမယ့် ပညာရေးမညံ့ပါဘူး.. ပညာရေးမှာ အပြိုင်အဆိုင်များတယ်.. ကျွန်တော်ရောက်ခါစနှစ်မှာ မြို့ကျောင်းရဲ့ ကျောင်းခွဲ အမှတ် ၄ အထက အနေနဲ့နာမည်တပ်ပေမယ့် နောက်နှစ်ကျ ကျောင်းအမှတ်မတပ်တော့ပါဘူး.. အ.ထ.က လို့ပဲ သုံးတော့တယ်.. ဆရာဆရာမ အများစုကလည်း တက္ကသိုလ်က၀န်ထမ်းတွေရဲ့ အိမ်ထောင်ဘက်တွေများပါတယ် ဒီနေရာမှာ အခြေကျနေသူတွေပေါ့ ..

မှတ်မှတ်ရရ ကျွန်တော်ကျောင်းကို ရောက်တဲ့နှစ်မှာပဲ ကျောင်းအုပ်တစ်ယောက် ပြောင်းတယ် ထင်ပါရဲ့.. အဲဒီကျောင်းကိုရောက်တော့ ငါးတန်း၊ စာသင်ခန်းက ကျောင်းအုပ်ကြီးရုံးခန်းနဲ့နီးတယ်.. ဆောက်လက်စ ကျောင်းဆောင်ထဲ ၀င်ကစားကြတာ မှတ်မိတယ်.. ငါးတန်းမှာကို စာသင်ဆောင်နှစ်ဆောင် ပြောင်းရပါတယ်..

ဒုတိယတစ်ခါ ပြောင်းရတဲ့ စာသင်ဆောင်က တောစပ်နဲ့နီးတဲ့စာသင်ဆောင် ကျွန်တော်တို့အခေါ် တဲဆောင်ပေါ့.. အဲဒီအဆောင်မှာ နေရတာ အပျော်ဆုံးပဲ.. ဘာလို့လဲဆိုတော့ ကျောင်းအုပ် ရုံးခန်းနဲ့က အလှမ်းဝေး ၊ ဆရာ မလာလို့ကတော့အတန်းထဲမှာ ဗြောင်းဆန်အောင် ကစားရလို့.. နောက်ပြီး နေ့ခင်းထမင်းစားပြီးချိန် သူငယ်ချင်းတစ်အုပ်ကြီး နဲ့တောထဲ လျှောက်သွားလို့ရတယ်.. တစ်ခါကဆို ရေတံခွန်တွေရှိတဲ့ဘက်ကို ရောက်သွား သေးတယ်.. အတန်းထဲမှာ ကျွန်တော်က အလွန်စွာသောမိန်းကလေးတစ်ယောက်.. သူများကျောင်းကို လည်းလာတက်သေး ၊ နည်းနည်းမှအထိမခံကို စွာခဲ့တာ ပြန်တွေးကြည့်ရင် ရယ်စရာကောင်းပါတယ်..

ကျွန်တော်နဲ့အတွဲများတဲ့သူငယ်ချင်းတွေက အေးတော့ မခံချင်အောင်စ,တတ်တဲ့ အတန်းဖော်ကောင်လေးတွေကို ကျွန်တော်က ဒိုင်ခံရန်တွေ့ရတာပဲ .. ဘယ်ကနေ ဘယ်လိုစမှန်းမသိတဲ့ ရန်စနဲ့ အဲဒီကျောင်းမှာ နေခဲ့တဲ့နှစ်နှစ်လုံးလုံး အတန်းဖော်ကောင်လေးတွေနဲ့ ကျွန်တော်က မဆုံလိုက်နဲ့.. ဆုံတာနဲ့ စကားများရန်ဖြစ်ခဲ့ရတာချည်းပါပဲ.. ကျွန်တော့်ကို သူတို့က လူဆိုးဗိုလ် .. ကျွန်တော်က သူတို့ကို မေတ္တာတုံး ၊ ကျက်သရေတုံး .. ၊ အိမ်မှာ ရေခဲထုပ်ထုပ် ရောင်းတဲ့ သူငယ်ချင်းကောင်လေးကို ဆေးသကြားများများ အချိုရည်ကနည်းနည်းထည့်တာ၊ အပါးခိုတာ ဘာညာ.. နာရင်ပြီးရော ပေါက်တတ်ကရ အကုန်လျှောက်ပြောခဲ့တာတွေ.. အကုန်တောင်မမှတ်မိတော့ဘူး... အဲလို ရန်ဖြစ်ခဲ့ကြလို့ ရန်ဖြစ်ဘက် ကောင်လေးတော်တော်များများကို ခုချိန်ထိ ကျွန်တော်မှတ်မိနေတယ် .. သာမန် ခင်ခင်မင်မင်နေခဲ့တဲ့ သူငယ်ချင်းအများစုကို မမှတ်မိတော့ပါ .. (အင်း..အဲဒီသူငယ်ချင်းတွေကြားလို့ကတော့ ရေရေ လည်လည် အကောခံရမှာ သေချာတယ်) မှတ်ဥာဏ်ဆိုတာကလည်း ဘယ်လိုဟာကြီးလည်း မသိ .. မှတ်မိသင့်တဲ့လူတွေကို မမှတ်မိ .. မေ့သင့်တဲ့ အကြောင်းအရာတွေတော့ အမှတ်ရနေတတ်တာ .. အံ့သြစရာလည်းကောင်း .. မချင့်မရဲဖြစ်စရာလည်း ကောင်းပါရဲ့...

အဲဒီကျောင်းမှာပဲ ဆယ်နှစ်ပြည့်မှတ်ပုံတင်လုပ်ရတယ် .. သွေးစစ်ဖို့ အပ်နဲ့ လက်ထိပ်လေးဖောက်ရတာ .. ခုခေတ်လို ဆိုရင်တော့ AIDS ကို ကြောက်တာနဲ့ ဖောက်ရဲမှာ မဟုတ်ဘူး.. မှတ်ပုံတင်လုပ်ဖို့ လျှောက်လွှာထဲမှာ ကိုယ်မမှတ်မိ.. မသိတဲ့ အဘိုးအဘွားတွေအကြောင်း လည်း ကိုယ်ထင်ရာမြင်ရာတွေလျှောက်ထည့် ၊ ပြီးတော့ ဆရာမတွေကောင်းမှုနဲ့ ပိုက်ဆံများ များစားစားမကုန်ဘဲ မှတ်ပုံတင်တစ်ခု ရလိုက်တယ်...

ကျွန်တော်တို့အတန်းထဲမှာ အရပ်ရှည်ဆုံးစာရင်းဝင် ကောင်လေး နှစ်ယောက်ရှိတယ်.. တစ်ယောက်က ကျွန်တော်တို့ အတန်းရဲ့ မော်နီတာ ကောင်လေး (အိမ်ထောင်ကျသွားပြီလို့ပြောတယ် .. ဤကားစကားချပ်း) ) မိန်းကလေး နဲ့ စကားပြောရင် မျက်နှာကဘယ်ထားရမှန်း မသိ.. စာတော့ တော်ပါရဲ့ အူကြောင်ကြောင် အတော်နိုင်သူပါ.. စာတော်လို့ ဆရာမတွေရဲ့ အချစ်ခံရသလို အူကြောင်ကြောင် မထုံတက်တေးနဲ့မို့ အမြင်ကတ်လည်း ခံရတယ်..
အဲလို ကမောက်ကမနိုင်တဲ့သူမို့ မှတ်မိနေတာ တင်ပါရဲ့ ..

နောက်တစ်ယောက်က ကျွန်တော်နဲ့ မတည့်ဆုံးကောင်လေး စာရင်းမှာ ထိပ်ဆုံးကပါသူ.. ဘာကိစ္စလေးပဲဖြစ်ဖြစ် ကျွန်တော်နဲ့ အမြဲတမ်းလိုလို ထိပ်တိုက်တွေ့သူ ...အင်မတန် ရန်တွေ့ကောင်းသူဖြစ်လို့ မှတ်မိနေတာပါ.. မိန်းကလေးသူငယ်ချင်းတဲမှာလည်း ကျွန်တော်နဲ့ မတည့်တဲ့သူ နှစ်ယောက်ကို ပိုမှတ်မိနေပါတယ် .. ကိုယ်လို စွာသူချင်းမို့ လို့လားပဲ..

အဲဒီမှာ နှစ်နှစ်နေရတဲ့ကာလက တော်တော်ပျော်စရာ ကောင်းပါတယ် .. အခုထိ အမှတ်ရနေတာက အန်တီမုံရဲ့ အင်္ဂလိပ်စာ ကျူရှင်၊ မမာလာသင်တဲ့ သင်္ချာကျူရှင်၊ ဆရာ ဦးအောင်ကျော်မြင့်သင်တဲ့ ကျူရှင်မဟုတ်တဲ့ ကျူရှင် ၊ကျောင်းနဲ့ မပတ်သက်ပေမယ့် ကျောင်းကအပြန် ကျူရှင်ကအပြန် ၀င်နေကျ “တမာရိပ်” ရခိုင်မုန့်တီဆိုင်လေး ၊ စာအုပ်ငှါးနေကျ “ဟေမာန်” စာပေ ။ ဆေးဝယ်နေကျ “သန့်” ဆေးဆိုင်၊ စာအုပ် ဘောပင် ၀ယ်နေကျ “မွန်မင်းသား” စတိုးဆိုင်၊ သူငယ်ချင်းတစ်ယောက်အိမ်နားက ဆယ်သိန်းတန်ကုန်း ၊ ဆည်ဘောင်ပေါ်က လှမ်းကြည့်ရင် ဟိုး..အရှေ့ဘက်က တောင်တန်းပြာနဲ့ ပဏာရတဲ့ ဆည်ရေပြင်ပြာပြာ........ခုတော့လည်း အချိန်နာရီတွေ တိုက်စားလို့ အရင်လို အနေအထားရှိတော့မှာ ဟုတ်ပါဘူး ... လွမ်းစရာလေးတွေပေါ့လေ..

ကျွန်တော် တတိယတန်းတက်တော့ မြို့ငယ်လေးတစ်မြို့ ကို ထပ်ပြောင်းရပါတယ်.. အဲဒီ မြို့နဲ့ အနီအနားပတ်ဝန်းကျင်မြို့တွေမှာ တူတာတစ်ခုရှိပါတယ်.. အဝေးပြေးလမ်းမကြီးကနေ မြို့ထဲကို ၂ မိုင် လောက် ၀င်ရသေးတဲ့အချက်ပါ.. ဒါကြောင့် မြို့တိုင်းနီးပါးမှာ တာဆုံဆိုတာရှိပါတယ်.. အဝေးပြေးလမ်းမနဲ့ မြို့ထဲဝင်တဲ့လမ်း ဆုံတဲ့နေရာကို တာဆုံလို့ခေါ်တာဆိုပါတော့..

ဘယ်ကိုပဲပြောင်းရပြောင်းရ ကျွန်တော်တို့ ရောက်တဲ့အချိန်က ကျောင်းဖွင့်စ ဇွန် နှင့် ဇူလိုင်လတွေပဲ ဖြစ်နေတတ်ပါတယ်.. အဲဒီ မြို့လေးကကျောင်းကို ရောက်တော့လည်း ကျောင်းစတက်တဲ့ တစ်ပတ်အတွင်းမှာပဲ ကျောင်းအုပ်ဆရာမကြီးပြောင်းလို့နှုတ်ဆက်တဲ့ပွဲနဲ့ သွားတိုးပါတယ်.. အဲ .. ဘာပြောကောင်းမလဲ နှုတ်ဆက်ပွဲမှာ ဆရာမကြီး ရဲ့ နှုတ်ဆက်စကားတွေကြားမှာမျော..ကိုယ်က သူ့ကို ဆရာ မတော်လိုက်ရပေမယ့် စိတ်မကောင်းဖြစ်လို့ ငိုမိပါရော .. အတန်းထဲရောက်တဲ့အထိ တရှုံ့ရှုံ့ငိုနေတဲ့ ကျွန်တော့်ကို ကျောင်းသူဟောင်းတွေက လိုက်ပြောင်ကြပါတယ်.. ကိုယ်က ကျောင်းသူသစ်လည်း ဖြစ်နေပြန်၊ စိတ်မကောင်းဖြစ်လို့ ငိုမိနေရတဲ့အထဲ သူတို့က လိုက်ပြောင်နေတော့ တော်တော်စိတ်ဆိုးတာပါ .. မြင်ပြင်းလည်းကတ်တယ်.. ဒါပေမယ့် နောက်ကျတော့ အဲလိုလိုက်နောက်တဲ့ ကောင်မလေးကပဲ ကျွန်တော့်ရဲ့ အချစ်ဆုံး၊ အတွဲဆုံးသူငယ်ချင်း ဖြစ်လာပါတယ်..

အဲဒီကျောင်းမှာ ပထမဆုံး ခင်တဲ့သူငယ်ချင်းက ကျွန်တော်တို့ အိမ်နားက .. သူက သူ့မိဘနဲ့ အတူမနေရဘဲ အလွန်တရာ ကပ်စေးနှဲသော အဘိုးအဘွား ၊ အဒေါ်အပျိုကြီးများနဲ့ နေရတာပါ.. အဲလိုနေရတယ်ဆိုတာ ကျွန်တော်ကသိနေတော့ သူ့ကို သနားစိတ်နဲ့ ခင်ပါတယ်.. သူ့မှာ မပြည့်စုံတဲ့ ကျောင်းသုံးပစ္စည်းတွေကိုဆို ကိုယ်နဲ့ တစ်ခုံတည်းထိုင်သူဖြစ်လို့ ခဲတံ၊ပေတံ ...စတဲ့ မျှသုံးလို့ရတဲ့ ပစ္စည်းမှန်သမျှ အတူသုံးပါတယ်.. တစ်ရက်မှာ ကျွန်တော်က ကျွန်တော့်ပေတံနဲ့ မျဉ်းသားနေတုန်း သူက ပေတံပေးဖို့ တောင်းပါတယ်.. ကျွန်တော်က ခုလက်ရှိသားနေတဲ့ မျဉ်းသားပြီးရင် ပေးမယ်..ခဏလေးနေဦး လို့ ပြောလိုက်တာ.. သူက စိတ်ဆိုးပြီး ကျွန်တော့်ကို ခုံပေါ်က တွန်းချပါတယ်.. ခုံအောက်ကိုကျလုနီးနီး ပခုံးကိုင်ပြီး အတွန်းခံရတာကြောင့် ကျွန်တော့်မှာ လန့်လည်း လန့်.. ငိုလည်းငို ၊ သူက ကိုယ့်ထက်လူကောင်ထွားတော့ ပြန်မလုပ်ရဲပေမယ့် ဆရာမကို ငိုရင်းသွားတိုင်လိုက်တာပါပဲ .. ဆရာမကတော့ သူ့ကို မရိုက်ပေမယ့် ခေါ်တော့ ပြောပုံရပါတယ် .. ကျွန်တော့်စိတ်ထဲ သူ့ကို စိတ်လည်းဆိုး .. စိတ်လည်းနာပါတယ်.. ခံလည်းခံပြင်းပါတယ် ငါ့မှာတော့ .. သူ့ကို သနားလိုက်ရတာ.. သူကဖြင့် ငါ့ကို ဒီလို ဆက်ဆံတယ်ဆိုပြီးပေါ့လေ ..

အဲဒီအဖြစ်ကို ခုနေပြန်စဉ်းစားတော့ မိစုံဖစုံ မနေရတဲ့ကလေးတွေဟာ သူများနဲ့ ဆက်ဆံရင် ရန်လိုတတ်တဲ့သဘောကို ကိုယ်က ငယ်ငယ်နဲ့ ကြုံခဲ့ရတာပဲလို့ တွေးမိပါတယ်.. ဒါပေမယ့် အဲဒီ အဖြစ်လေးရဲ့ နောက်ဆက်တွဲရလဒ်က ကျွန်တော်ဟာ အဲဒီအချိန်လောက်က စပြီး ဆတ်ဆတ်အထိမခံ.. အတော်စွာခဲ့တာပါ.. ကျွန်တော့် မသိစိတ်ထဲမှာ ငါ..ဒီလိုမနေရင် ငါ့ကို သူများတွေက အနိုင်ကျင့်တာ ခံရလိမ့်မယ်ဆိုတဲ့ အတွေးက ၀င်သွားခဲ့ပုံပါပဲ .. သူငယ်ချင်းနဲ့ ပတ်သက်ရင် ကိုယ့်အမှားမဟုတ်ဘဲ ကိုယ့်ကို ရမယ်ရှာပြီး မခေါ်လို့ကတော့ ကိုယ်ကလည်း တာ့တာပဲ .. နှစ်ခါမခေါ်တာ ဆိုတဲ့ သဘောလေးတွေ ၀င်လာခဲ့ပါတယ်.. ကလေးဘ၀ရဲ့ စိတ်ပြောင်းလဲသွားပုံလေးကို သတိထားမိသမျှပေါ့..

အဲဒီကျောင်းမှာ နှစ်နှစ်နေခဲ့ရတဲ့ ကာလအတွင်း ကျောင်းကျန်းမာရေး စစ်တဲ့အဖွဲ့ ခဏခဏလာစစ်တာကို မှတ်မိပါတယ်.. အဲဒီကျောင်းရဲ့အရင် နေခဲ့ဖူးတဲ့ကျောင်း ၊ နောက်ထပ်နေရတဲ့ကျောင်းတွေ ဘယ်ကျောင်းမှာမှ ကျောင်းကျန်းမာရေး စစ်ပေးတာမျိုး မကြုံခဲ့၊ မကြုံရတော့ပါဘူး .. နောက်ပြီး ကျောင်းကထိန်လား ၀ါဆိုသင်္ကန်းကပ်လား မသိ.. အဲဒီအချိန်ဆိုရင် ကျောင်းသူကျောင်းသားတွေရော ဆရာဆရာမတွေအားလုံး အိုးစည် ဗုံမောင်းတွေ၊ အကအခုန်တွေနဲ့ သင်္ကန်းတွေကိုင် ၊ လှူဖွယ်ပစ္စည်းတွေကိုင်ပြီး မြို့ကိုလှည်.. ပြီးတော့ လှူမယ့် ဘုန်းကြီးကျောင်းကို သွားကြပါတယ်..

အဲဒီမြို့မှာ ဘုန်းကြီးကျောင်းက တော်တော်ပေါတယ်.. ပြီးတော့ ဘုရားရှင်ရဲ့ စွယ်တော်ပွါးလည်း အဲဒီမြို့မှာ ရှိပါတယ်.. ဘုန်းကြီးကျောင်းဆိုလို့ ယဉ်ကျေးမှုသင်တန်းတွေကို ဘုန်းကြီးကျောင်းတွေမှာ တက်ခဲ့ရတာ မှတ်မိပါသေးတယ်.. နွေကျောင်းပိတ် နှစ်နှစ်နဲ့ကြုံတာ နှစ်နှစ်လုံး သင်တန်းတွေတက်ခဲ့ပါတယ်.. ကျောင်းက ဖွင့်တဲ့ သင်တန်းကိုလည်းတက်၊ ဘုန်းကြီးကျောင်းကဖွင့်တဲ့ အတန်းကိုလည်း သွားတက်တာပါပဲ .. ပျော်စရာကောင်းပါတယ် ..

ကျွန်တော်နဲ့ ယဉ်ကျေးမှုသင်တန်းတက်ဖော် သူငယ်ချင်းမလေးက ကျွန်တော်တက်တဲ့ကျောင်းက မဟုတ်ပါဘူး.. မြို့လေးမှာရှိတဲ့ မူလတန်းကျောင်းကပါ.. အိမ်နီးနားချင်းလည်းဖြစ် သင်တန်းတက်တဲ့ ဘုန်းကြီးကျောင်းလည်းတူတော့ ခင်သွားတာပါ .. တစ်ရက်မှာ ကျွန်တော်တို့ကို သင်တန်းဖွင့်တဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဘုန်းကြီးကိုယ်တိုင်စာသင်တယ်.. ပြီးတော့ ကျွန်တော်တို့ကို သူ့ဆီစာပြန်ခိုင်းပါတယ်... စာသင်ရင်းနဲ့ သူက ကျွန်တော့်ရဲ့ ဖတ်စာအုပ်ကို သိမ်းသွားပါတယ်.. အဲဒီစာအုပ်က ဆရာတွေမှ ကိုင်ရတာဆိုပြီး သိမ်းသွားတာပါ.. ကျွန်တော်ကတော့ ဆရာကိုင်တဲ့စာအုပ်ပဲဖြစ်ဖြစ်.. ဘာပဲဖြစ်ဖြစ် ကိုယ်က လိုချင်လို့ အိမ်ကို ပူဆာပြီးဝယ်ခိုင်းထားတာ ကိုယ့်စာအုပ်က ကိုယ့်စာအုပ်ပဲ၊ ငါ့စာအုပ်ပြန်မပေးရင်တော့ စာသွားမပြန်ဘူးလို့ စိတ်ထဲက တေးထားလိုက်ပါတယ် .. (ဘုန်းကြီးကိုတော့ ကြောက်လို့ ပြန်မပြောရဲဘူးလေ ..ဟီး) ပါးစပ်ကလည်း သူငယ်ချင်းကို ပြောလိုက်ပါသေးတယ် .. စာအုပ်ပြန်မပေးရင်တော့ စာသွားမပြန်ဘူးလို့လေ .. စာက အရင်တစ်နှစ်ကတည်းက သင်ပြီးတဲ့စာမို့ ထူးပြီးကျက်စရာမလိုဘဲ ရနေတာ.. ဒါကိုပဲ သူများတွေ အကုန်နီးပါး စာပြန်ပြီးတဲ့အချိန်ထိ ကျွန်တော်က ဆန္ဒပြပြီး စာသွားမပြန်ပါဘူး (ယဉ်ကျေးမှုသင်တန်းတက်တာမို့လို့ တော်သေးတာ .. ) ကျွန်တော်စာလာမပြန်တဲ့ အကြောင်းကို သူငယ်ချင်းက ဘုန်းကြီးကို သွားပြောလိုက်ပုံရပါတယ်.. မကြာခင်မှာပဲ ဘုန်းကြီးက အဲလိုမလုပ်ရဘူး.. စာအုပ်လာယူလှည့် ဆိုတော့မှ နေရာက ထတော့တာပါ ..

ကျောင်းသူသစ်ကျွန်တော်ရောက်လာလို့ အတန်းမှာ ဆုရစာရင်းကပြုတ်သွားတဲ့သူက နှုတ်ဆက်ပွဲမှာ ကျွန်တော်ငိုလို့ လိုက်စတဲ့သူငယ်ချင်းပါ.. သူ့ကို အဆင့်မ၀င်လို့ဆိုပြီး သူ့အမေကျောင်းဆရာမက ထမင်းတစ်နပ် အငတ်ထားတဲ့ သတင်းကိုလည်း အံ့သြတစ်ကြီး ကြားခဲ့ဖူးပါတယ် .. ကျွန်တော့်မိဘတွေက အဲလိုမျိုးမှ မဟုတ်ကြတော့.. အဲလိုလုပ်တယ်ဆိုတဲ့ မိဘကို တော်တော် အံ့သြတာပါ ..

နောက်... ကျောင်းမှာရှိတဲ့ ပန်းချီခန်းမှာ ပန်းချီသွားဆွဲရတာ မှတ်မိပါတယ် ပန်းချီပြိုင်ပွဲလည်း ၀င်ခဲ့ဖူးတယ် ဆုတော့ မရပါဘူး .. သူတို့ ပေးတဲ့ ညှစ်ဆေးဗူးတွေအကုန်နိးပါး ညှစ်ပြီး ဟိုအရောင်စပ် ဒီအရောင်စပ် လျှောက်လုပ်ခဲ့လို့နဲ့တူတယ် (အဟိ .. ကိုယ်ညံ့တာတော့ ထည့် မပြောဘူး)..

ငါးတန်းနှစ်စ တစ်လလောက် အဲဒီကျောင်းမှာ တက်ခဲ့ရပါသေးတယ်.. အမှတ်ရမိတာတစ်ခုက ကျွန်တော်တို့ကို သင်တဲ့ဆရာထဲမှာ မိန်းမဘ၀ကနေ ယောက်ျားဘ၀ ပြောင်းသွားတယ် ဆိုတဲ့ဆရာပါတယ် .. အဲဒီဆရာက အရပ်ပုပုလေးရယ်.. အရပ်က ကျွန်တော်တို့ ကျောင်းသူတွေနဲ့ မတိမ်းမယိမ်း.. တစ်ရက်မှာ ကျွန်တော့်သူငယ်ချင်းက စာသင်ခန်းထဲကအထွက် - ဆရာက အခန်းထဲကိုအ၀င်.. ဗြုန်းခနဲ ဆုံပြီး နှစ်ယောက်လုံးလန့်အော်ကြတာ... အရပ်က တူနေတာကိုး .. အဲဒီဆရာက သင်္ချာ(၂) သင်ပါတယ်.. အရပ်က သင်ပုန်းကို မမီတော့ ပုံတွေဆို ကျောက်သင်ပုန်းအောက်နားမှာပဲ ကပ်ဆွဲတတ်လို့ နောက်က ကျောင်းသားတွေက မမြင်ရဘူး .. ကျွန်တော် အဲဒီကျောင်းမှာ တက်ခဲ့တာ မိန်းကလေးသူငယ်ချင်း တော်တော်များများနဲ့ ယောက်ျားလေးသူငယ်ချင်း တစ်ယောက်ကိုပဲ မှတ်မိပါတော့တယ်..

ကျောင်းတစ်နှစ်ပိတ်ပြီး ကျောင်းပြန်တက်ရတော့ ဒုတိယတန်းပါ.. တက်နေလက်စ ကျောင်းလေးမှာ မဟုတ်တော့ပါဘူး.. နောက်ထပ် ၀န်ထမ်းအိမ်ရာစခန်းတစ်ခုကို ထပ်ရွှေ့ရပါတယ်.. အဲဒီမှာက ကျောင်းသားဆိုလို့ ကျွန်တော်တို့အိမ်က နှစ်ယောက်နဲ့ အခန်းချင်းကပ်နေတဲ့ ကျောင်းသားနှစ်ယောက်.. စုစုပေါင်း လေးယောက်ပဲရှိပါတယ်.. ကျောင်းက အိမ်ရာစခန်းနဲ့ တစ်မိုင်သာသာလောက် ဝေးတဲ့နေရာမှာ ..မနက်ခင်းက သွားရင် ညနေကျောင်းဆင်းမှ အိမ်ကို ပြန်ရပါတယ်..

မနက်ခင်းကျောင်းအသွားမှာ အလုပ်ထဲက ကားကြုံနဲ့ ဖြစ်ဖြစ် မြင်းလှည်းနဲ့ ဖြစ်ဖြစ် လေးယောက်သားစုသွားကြလို့ အဆင်ပြေတယ်.. ဒါပေမယ့် ကျောင်းပြန်ချိန်ဆိုရင် ဘာနဲ့ ပြန်ရမလဲဆိုတာ မသေချာလှပါဘူး.. ကားကြုံရင်ကားနဲ့ ..စက်ဘီးနဲ့ လာကြိုရင် စက်ဘီးနဲ့ ပြန်ရပါတယ်.. တစ်ခါတလေလည်း ခြေလျင်လျှောက် ပြန်ရတာမျိုးရှိပါတယ်..

ကျောင်းလေးက ကရင်ရွာနားမှာတည်ထားတဲ့ အထက်တန်းကျောင်းလေးပါ.. ကျောင်းသားကျောင်းသူ အများစုက ကရင်စစ်စစ်တွေနဲ့ ကရင်ဗမာတွေများပါတယ်.. ဒါပေမယ့် ကျောင်းသားဦးရေကတော့ သိပ်မရှိဘူး.. ကျွန်တော်နေရတဲ့ ဒုတိယတန်းမှာ စုစုပေါင်းကျောင်းသားဦးရေ ဆယ်ယောက်တည်းရှိပါတယ်.. ကျန်တဲ့အတန်းတွေလည်း သိပ်မများပါဘူး.. သူငယ်တန်းကနေ တတိယတန်းလောက်ထိက တစ်တန်းနဲ့တစ်တန်း အကာအရံမရှိ ဟင်းလင်းပြင်ဖြစ်နေတဲ့ ကျောင်းဆောင်လေးမှာ စုပြီးစာသင်ရတယ်.. ကျောင်းကိုရောက်ခါစကဆို နည်းနည်းစိတ်ညစ်ပါတယ်.. ကိုယ့်ကို သူတို့က စကားလာပြောတော့ ဗမာလို.. သူတို့အချင်းချင်းပြန်ပြောကြတော့ ကရင်လို .. သူတို့ချင်းဘာပြောမှန်းမသိတဲ့ကိုယ်က မျက်လုံးကလေး ကလယ်ကလယ်နဲ့..

သူငယ်တန်းအတန်းပိုင်ဖြစ်တဲ့ ဆရာမရဲ့သမီးက ကျွန်တော်နဲ့ သူငယ်ချင်းဖြစ်လာပါတယ်.. ကရင်မလေး.. ခပ်စွာစွာကောင်မလေးပေမယ့် ဖြူဖြူဖွေးဖွေးချစ်စရာလေးပါ.. စာလည်းတော်တယ်.. ကျွန်တော်မရောက်ခင်က သူက အမြဲပထမရတယ်.. ကျွန်တော်ရောက်လာတော့ သူနဲ့ စာပြိုင်ဘက်ဖြစ်လာသလို သူငယ်ချင်းလည်း ဖြစ်လာပါတယ်.. စုစုပေါင်းကျောင်းသားဆယ်ယောက်မှာ ယောက်ျားလေးတစ်ယောက်မှ မပါဘူးလို့ မှတ်မိနေပါတယ်.. နောက်ထပ်သူငယ်ချင်းတစ်ယောက် ရှိပါသေးတယ်.. ကရင်ဆိုပေမယ့် ကရင်မအစစ်ဟုတ်ပုံမရတဲ့ အသားခပ်ညိုညိုဗမာရုပ်ပေါက်တဲ့ ကောင်မလေးပါ.. ယောက်ျားလေးပုံစံနေတတ်တယ်.. ကျွန်တော့်ကိုလည်း ခင်တယ်.. ကျွန်တော့်ထက်လည်း အသက်နည်းနည်းကြီးတယ်လို့ မှတ်မိနေပါတယ် ..

ညနေဘက်ကျောင်းမဆင်းခင် ပီတီချိန်မှာ အုပ်စုနှစ်စုခွဲပြီး အဖြူအမဲကစားနည်း ကစားကြရတာ မှတ်မိပါတယ်.. ကစားချိန်မှာ ကျောင်းသားတိုင်းမဖြစ်မနေ ကစားကြရတာပါ .. ကရင်အများစုနေတဲ့ရွာပေမယ့် ကျောင်းအုပ်ဆရာကြီးက ဗမာပါ.. အမြဲလိုလို ခပ်ပြုံးပြုံးနဲ့နေတတ်ပြီး ခင်စရာကောင်းပါတယ်..

အဲဒီကျောင်းလေးက တောကျောင်းဆိုပေမယ့် ကရင်တွေနေတဲ့ကျောင်းမို့လားမသိဘူး အင်္ဂလိပ်စာသင် ကောင်းပါတယ်.. အင်္ဂလိပ်အသံထွက်လည်း တော်တော်ကောင်းတာ မှတ်မိတယ် ကဗျာသင်ပေးရင် အင်္ဂလိပ်ကဗျာလေးတွေ သင်ပေးတာများပါတယ်.. ရွာစပ်နား ချောင်းနံဘေးမှာရှိတဲ့ကျောင်းမို့လို့ ချောင်းက လူစားတတ်တဲ့ပုံပြင်တွေလည်း အဲဒီမှာ စပြီး ကြားဖူးတာပါ..

ကျောင်းက ရွာအစပ်နားသင်္ချိုင်းနဲ့လည်း နီးတော့ မီးသင်္ဂြိုဟ်တဲ့အခါ ညှော်နံ့တွေရပါတယ်.. အဲဒီအခါ သူငယ်ချင်းတွေခူးပေးပြီး ရှူခိုင်းတာ ယူကလစ်ရွက်တွေပေါ့.. အနံ့ခပ်သင်းသင်းနဲ့ ယူကလစ်ရွက်ဆိုတာလည်း အဲဒီကျောင်းမှာ စပြီး မြင်ဖူးပါတယ်.. ယူကလစ်ပင်တွေက ရှည်ရှည်မြင့်မြင့်နဲ့ အရွက်တွေကိုင်းကျနေတတ်တာ လေတိုက်ရင်တရှဲရှဲနဲ့ မြည်တတ်တာမှတ်မိပါတယ်.. ကျောင်းအိမ်သာနားမှာ ယူကလစ်ပင်တွေက တန်းစီပြီးပေါက်နေတာပါ.. ကျောင်းအိမ်သာကလည်း ကျင်းအိမ်သာ.. တော်ရုံတန်ရုံနဲ့တော့ ကျောင်းအိမ်သာကို သွားတက်ခဲတာလည်း မှတ်မိနေတယ်..

အဲဒီကျောင်းနဲ့ ပတ်သက်လို့ နောက်ထပ်မှတ်မှတ်ရရရှိနေတာတစ်ခု .. ကျောင်းကိုပြောင်းပြီးလို့ ရက်သိပ်မကြာခင်မှာပေါ့.. တစ်မနက်ကျောင်းလာတော့ မိုးခပ်ဖွဲဖွဲမှာ ကျောင်းထဲဝင်လို့ သိပ်မကြာခင် ကျွန်တော် ချော်လဲပါရော.. ချော်လဲတာက ရိုးရိုးမဟုတ်ဘူး.. ကျွန်တော့်ရှေ့ကသွားတဲ့သူတွေကို ပါးစပ်ကနေ ချော်လဲမယ်နော် သတိထားဦးလို့ပြောရင်းက ချော်လဲသွားတာ ကျွန်တော်ဖြစ်နေတာ (ဟီး...) ကျောင်းဝတ်စုံတွေရွှံ့ပေသွားလို့ လိုက်ပို့ပေးတဲ့ ကားက အင်္ကျီသွားပြန်ယူပေးရပါတယ် .. နောက်အမှတ်ရစရာ တစ်ခုက အာစရိယပူဇော်ပွဲမှာ အစီအစဉ်မရှိ ၊ ကြိုမသိထားပဲ မှုံရွှေရည်သီချင်းကို ဆရာတစ်ယောက်တီးပေးတဲ့ တယောသံနဲ့ ကပေးခဲ့ရဖူးတယ်.. တယောသံကို သဘောကျသွားတာ အဲဒီကတည်းက ထင်ပါတယ်.. အဲဒီကျောင်းမှာ ကိုးလလောက်ပဲနေခဲ့ရပါတယ် စာမေးပွဲပြီးလို့ သိပ်မကြာခင်မှာပဲ နောက်ထပ်တစ်မြို့ကို ပြောင်းခဲ့ရပြန်ပါတယ်..

ကျွန်တော်သူငယ်တန်းတက်တော့ မှတ်မိနေတာလေးတစ်ခုရှိပါတယ်.. ကျွန်တော်တို့ကို စာသင်ပေးတဲ့ဆရာမက ၀၀တုတ်တုတ်လေးပါ .. သူ့ကို ချစ်စနိုးနဲ့ စ,နောက်ပြီး ကဗျာလေးတောင်စပ်ထားကြပါသေးတယ်..ဘယ်သူက စလို့ ဆိုကြမှန်းမသိတဲ့ ကဗျာလေးပေါ့.. “သူငယ်တန်းက ဆရာမ အက်ဖ် အေ တီ ဖက်တ် ၀ ”တဲ့ ..

ကျွန်တော့်သူငယ်ချင်းတွေကတော့ မိန်းကလေးရော ယောက်ျားလေးရော စုံလို့ .. မိန်းကလေးသူငယ်ချင်းနာမည်တွေထဲမှာ မှတ်မိတာသုံးယောက်လောက်ပဲ ရှိပါတော့တယ်.. ယောက်ျားလေးသူငယ်ချင်းတွေကိုလည်း ကိုယ်နဲ့ အိမ်နီးနားချင်း ကျောင်း၊ကျူရှင်အတူသွားရတဲ့ လူတွေလောက်ပဲ မှတ်မိတော့တယ် .. ကလေးဘ၀မှာ အပျော်ဆုံးနေရာကိုပြပါဆိုရင် အဲဒီဝန်ထမ်းအိမ်ရာ စခန်းလေးကို ပြရပါလိမ့်မယ်..

သူငယ်တန်းဆိုတော့ ဆရာမတွေက ကျွန်တော်တို့ ကလေးတွေပျော်အောင် ကဗျာရွတ်ခိုင်း ၊ အဆိုအက ၀ါသနာပါတဲ့လူကို ဆိုခိုင်းကခိုင်းကြတာကို မှတ်မိနေပါတယ်.. ဆိုရ ကရတာလည်း တော်တော်ပျော်စရာကောင်းပါတယ်.. ယောက်ျားလေးနဲ့ မိန်းကလေး အုပ်စုခွဲပြီး စာပြိုင်ခိုင်းလို့ မိန်းကလေးဘက်ကရှုံးရင် ထိပ်ဆုံးကငိုတာ ကျွန်တော်ပါပဲ.. အဲလိုမျိုး ကျွန်တော်ငိုရင် ဆရာမက မိန်းကလေးတွေနိုင်တယ်လို့ အနိုင်ပေးရပါတယ်..

သူငယ်တန်းရော ပထမတန်းပါ အဲဒီကျောင်းမှာပဲ တက်ရပါတယ်.. ရေခဲချောင်းတစ်ချောင်း ပြားနှစ်ဆယ်လား ၊တစ်မတ်လားရှိတဲ့ခေတ်မှာ နေ့တိုင်းရေခဲချောင်းဝယ်စားဖို့ မုန့် ဖိုးလေးတောင် အိမ်က မပေးနိုင်ခဲ့တာလည်း မှတ်မိပါတယ်.. နောက်ထပ် မှတ်မိနေတာတစ်ခုက ညနေပိုင်းဆို ကျူရှင်သွားတက်ရတာ.. တစ်လကို ကျူရှင်လခက ၅ ကျပ်လား တစ်ဆယ်လား မသိဘူး.. ကျူရှင်ဆရာမလေးက သိပ်ချစ်ဖို့ကောင်းပါတယ်.. အသားညိုညိုနဲ့ ပြည့်ပြည့်လေးပါ..ဆရာမနာမည်က သန်းသန်းတဲ့.. စေတနာလည်း ကောင်းသလို အသင်အပြလည်းကောင်းပါတယ်.. စာသင်ပေးတဲ့အပြင် မုန့်ပါကျွေးသေးတယ်.. တေဆေး တေဆေးဆိုပြီး ကျွေးတတ်တာက ဇီးထန်းလျက်တွေပေါ့.. အဲဒီဆရာမက ကျွန်တော့်ကိုလည်း သိပ်ချစ်တယ်.. ကျွန်တော် အခြားတစ်နေရာကိုပြောင်းသွားပြီး အတန်းနည်းနည်းကြီးတဲ့အထိ လက်ဆောင်တွေပို့ပေးနေတုန်း.. စာနဲ့ရေးပြီး ဆုံးမစကားတွေပြောပေးတုန်းပဲ..

နောက်တစ်ခု.. သူငယ်ချင်းနဲ့ ပတ်သက်လို့ မှတ်မိတာနေတာလေးတွေက... တစ်ညနေဘက်မှာ သူငယ်ချင်းအိမ်ကိုသွားပြီး အဆော့လွန်နေတာနဲ့ အိမ်ပြန်နောက်ကျလို့ ထိုင်ထအခါတစ်ရာလုပ်ရတာ ၊ ကျူရှင်အတူတက်ဖော် သိပ်ရှက်တတ်တဲ့ ညိုညိုပုပု ချင်းကောင်လေးကို လိုက်စတာ.. ကျူရှင်ပြန်ချိန်မှာ သူက လမ်းမြန်မြန်လျှောက်ရင် ကိုယ်ကမြန်မြန်လျှောက်.. သူနှေးနှေးလျှောက်ရင် ကိုယ်ကနှေးနှေးလိုက်လျှောက်.. ခေါင်းကြီးငုံ့လို့ လမ်းလျှောက်နေတဲ့သူ့ကို လိုက်စခဲ့တာပါ.. ခုနေပြန်တွေးကြည့်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အတော်အစအနောက်သန်တဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်မိပါတယ်.. ပြီးတော့ ကျွန်တော် ဒုတိယတန်းတက်မယ့်နှစ်မှာ အရေးအခင်းဖြစ်ပါတယ်.. ကိုယ့်အိမ်ရှေ့က ဖြတ်ဖြတ်သွားတဲ့ လူအုပ်ကို ကြည့်ရင်း ဒီလူတွေဘယ်သွားကြပါလိမ့် .. ငါတို့တွေရော ဘာလို့မသွားရပါလိမ့်.. လို့ တွေးခဲ့ဖူးပါတယ်.. ပြီးတော့ ဂျင်ကလိဆိုတဲ့ ဝေါဟာရကို အဲဒီကာလမှာပဲ စပြီးကြားဖူးတယ်.. ဂျင်ကလိဆိုတာ ဘယ်လိုဟာမျိုးလဲ ခုချိန်ထိ မသိပါ.. အဲဒီစခန်းလေးမှာ ကျောင်းတက်ခဲ့တဲ့ ကျောင်းသားဘ၀ထက် ကလေးပီပီ ဆော့ခဲ့ ကစားခဲ့တာကိုပဲ ပိုမှတ်မိနေပါတယ်.. ကလေးဘ၀ အပျော်ဆုံးအချိန်မို့လို့လည်း ဖြစ်ကောင်းဖြစ်မယ်ထင်ပါရဲ့..

ကျွန်တော်ငယ်ငယ်က နေခဲ့ရတဲ့ ကျောင်းတွေအကြောင်း၊ ခုထိ အမှတ်တရရှိနေတဲ့ အတန်းဖော်တွေအကြောင်း နေးတစ်မြန်မာဖိုရမ်မှာ “ငယ်ငယ်က ကျောင်းများနဲ့ သူငယ်ချင်းများ” တော့ပစ်တင် ရေးဖြစ်ခဲ့တာလေးတွေ ဘလော့မှာ ပြန်တင်တာပါ.. ဖိုရမ်က သူငယ်ချင်းတွေက ဖတ်ပြီးသားဖြစ်မှာပါ.. ဘလော့မှာ ပို့စ်မတင်ဖြစ်တာ ကြာတာနဲ့ အကြံအဖန်လုပ်တာပေါ့လေ..း)

ကျွန်တော့် မိဘက ၀န်ထမ်းဖြစ်လို့ ကျွန်တော်မွေးကတည်းက တစ်နေရာတည်းမှာ အခြေချနေရတာမဟုတ်ပဲ ဟိုပြောင်းဒီရွှေ့နဲ့ နေခဲ့ရတာပါ .. ငယ်ငယ်က မူကြိုကျောင်းဆိုတာ မနေခဲ့ရဖူးပါ .. တစ်နယ်ကနေ တစ်နယ်ပြောင်းရင်း မန္တလေးကို ရောက်လာပါတယ် ကျောင်းနေဖို့သတ်မှတ်တဲ့အသက်မပြည့်လို့ ကျွန်တော့်ရဲ့အဒေါ်တွေက အကြံအဖန်လုပ်ပြီး ကျောင်းအပ်တော့ ၄နှစ်ခွဲလောက်နဲ့ ကျောင်းစတက်ရပါတယ် မန္တလေး တီတီစီကျောင်းမှာပါ .. ဒါပေမယ့်အဲဒီကျောင်းမှာနေခဲ့တာ အချိန်ကလည်း ဘာမှမကြာတော့ သူငယ်ချင်းတွေ ဆရာတွေကို သိပ်မမှတ်မိလိုက်ပါဘူး ငယ်သေးတာလည်း ပါပါလိမ့်မယ် တစ်ခုပဲ မနက်ခင်းကျောင်းသွားချိန်နဲ့ နေ့ခင်းထမင်းစားပြီး ကျောင်းကိုပြန်လာချိန်မှာ ကျောင်းက သူငယ်ချင်းတွေက ကျွန်တော့်ကို လာကြိုတတ်တာကိုပါ .. ငယ်ငယ်က ကျန်းမာရေးချူချာတဲ့ ကျွန်တော်က တခြားလူတွေနဲ့ ပြေးတမ်းလိုက်တမ်းကစားတာမျိုးကို ဆော့လည်းမဆော့နိုင် သူများတွေပြေးဆော့နေရင် ငုတ်တုတ်ထိုင်ကြည့် နေရတဲ့ဘ၀ပါ .. အဲဒါကြောင့်ပဲ သူငယ်ချင်းတွေက သနားချစ်နဲ့ ချစ်ကြပုံရပါတယ် ဒါပေမယ့် ဘာမှမကြာတဲ့အချိန်မှာပဲ တစ်နယ်ကို ပြောင်းရပြန်ပါတယ် .. ဒါက ပထမဆုံးနေဖူးတဲ့ ကျောင်းအကြောင်းပါ

နောက်ထပ်ပြောင်းရတဲ့နေရာက ၀န်ထမ်းတွေစုနေတဲ့ ၀န်ထမ်းအိမ်ရာ စခန်းတစ်ခုဆီကိုပါ.. အဲဒီမှာက လူတွေရောက်ခါစမို့ စာသင်ကျောင်းမရှိပါဘူး.. အဲဒီနေရာနဲ့ တစ်မိုင်မရှိတစ်ရှိဝေးတဲ့ မူလတန်းကျောင်းလေးကို ဆိုက်ကားနဲ့ သွားတက်ရပါတယ် .. ကျွန်တော့်မေမေပြောစကားအရ တစ်ပတ်မှာ ကျောင်းတက်ရက် ငါးရက်ရှိတာမှာ ကျွန်တော့်ကျောင်းတက်ရက်က နှစ်ရက်နဲ့ တစ်ပိုင်းပါတဲ့.. တတိယရက်ရောက်ရင် ရှမ်းပြည်က လက်ဆောင်ရခဲ့တဲ့ ငှက်ဖျားထလာလို့ ဆိုက်ကားဆရာက စောင့်ခေါ်ပြီးပြန်လာရတာပဲတဲ့ .. အဲဒီကျောင်းအကြောင်းမှတ်မိသမျှပြောရရင် အတန်းပိုင်ဆရာမလား ကျောင်းအုပ်လားမသိဘူး စာမသင်ဘဲ မုန့်ပဲ ရောင်းတာကိုပါ အဲဒီကျောင်းလေးမှာ သူငယ်ချင်းမရလိုက်ပါဘူး တစ်လမရှိတစ်ရှိလောက်မှာပဲ ကျွန်တော်တို့ ၀န်ထမ်းအိမ်ရာက ၀န်ထမ်းတွေစုပြီး ၀င်းထဲမှာပဲ မူလတန်းကျောင်းလေး ဖွင့်လို့ အဲဒီကျောင်းကနေ ပြောင်းခဲ့ရပြန်ပါတယ် .. အဲဒါကြောင့် သူငယ်တန်းကို သုံးခါပြောင်းပြီး သုံးကျောင်းပြောင်းတက်ခဲ့ရပါတယ်..

ပထမဆုံး မနက်ခင်း

အပြေးလေးရောက်လာတဲ့တိမ်
ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့
မိုးစက်တွေ မခို့တရို့ခြွေချ
စိုမြတဲ့မနက်ခင်းတစ်ခု ခင်းကျင်းတယ်..။

မလင်းတလင်း ဒီမနက်ခင်းမှာ
လင်းချင်းတဲ့ထိခရီးနှင်မယ့် လေအလျင်ကြား
ခပ်ရိုင်းရိုင်းကခုန်နေတဲ့မျက်နှာများ...
တစ်ဆယ့်ငါးနှစ်ကြာပြီဖြစ်ခဲ့
နူးနူးညံ့ညံ့တံတိုင်းတစ်ခု
တအိအိပြိုအဆင်း...
နက်ရှိုင်းတဲ့ခံစားချက်တွေဝန်းရံရင်း
ပန်းလေးတစ်ပွင့်
ဖျတ်ခနဲဝတ်လွှာဖွင့်..
ပထမဆုံးမနက်ခင်းကို....
ကြိုလင့်..။

၂၃.၇.၂၀၀၈

အရင်တစ်ပတ်တုန်းက ရပ်ကွက်ထဲကအစ်မကြီးတစ်ယောက်ဆီက ကြားလိုက်ရတယ်.. သူတို့ ရုံးက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ အမျိုးသမီး ဆုံးသွားတဲ့အကြောင်းပါ.. သေတာများ သတင်းအဖြစ်ပြောစရာလား မေးချင်မယ်.. သေတာက မဆန်းပါဘူး.. သေပုံက ဆန်းတာပါ.. ဆုံးသွားတဲ့အမျိုးသမီးက ခေါင်းမှာ သန်းစွဲလို့ ညဘက်မှာ ပုရွက်ဆိတ်ဆေးကို လိမ်းအိပ်သတဲ့.. တစ်ညလုံးမအိပ်နိုင်ဖြစ်နေပြီး မနက်အစောမှ ဆေးရုံတင်လိုက်ရတယ်.. ဆေးရုံရောက်တော့လည်း အမှန်ကိုမပြောဘဲ ဝေ့နေတာ.. ဆရာဝန်တွေက အတင်းအကျပ်မေးမှ အဖြစ်မှန်ကို ပြောတယ်.. အဲဒီချိန်ကျ လူနာက မျော့နေပြီ.. သူတို့သုံးတယ်ဆိုတဲ့ ပုရွက်ဆိတ်သတ်ဆေးက လက်ပေါ်တင်ကြည့်တာနဲ့ကို ပူနေတာပဲတဲ့.. လူနာကို ကုတော့ကုကြတယ်.. အသက်မမီလိုက်တော့ဘူး.. ဆုံးသွားတာတော့ဟုတ်ပြီ.. လူမမယ်ကလေးတစ်ယောက်က ကျန်ခဲ့သေး.. လူတွေနှယ်.. သန်းသတ်ဆေးတွေမရှိမဟုတ်.. ရှိရဲ့သားနဲ့ အလွယ်တကူ လက်သင့်ရာယူသုံးတော့ အသက်ပါ ပါသွားရတဲ့အထိပဲ.. ကိုယ်အသိမရှိလိုက်တာနဲ့ ကိုယ်တင်မဟုတ်.. ကိုယ့်မိသားစုပါ ဒုက္ခရောက်ကျန်ခဲ့တာ သတိထားစရာပါ..

နေးတစ်မြန်မာဖိုရမ်မှာ “ရပ်ကွက်ထဲမှာဗျာ..” ဆိုပြီး တော့ပစ်တင်ရေးဖူးတဲ့ ပို့စ်လေးတွေပါ.. ပြီးခဲ့တဲ့ နှစ်ရက်လောက်က သိခဲ့ရတယ်.. ရုံးက သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိကြရင်းပေါ့.. သူက သူနေတဲ့ရပ်ကွက်ထဲမှာ ဖြစ်သွားတဲ့အကြောင်းလေး ပြောပြပါတယ်.. သူပြောတဲ့နေ့ရဲ့ အရင်တစ်ရက်က မန္တလေးမှာ မိုးရွာတဲ့နေ့ပါ.. နေ့ခင်းဘက်ကနေ ညထိ ဆက်ရွာတာ.. အရမ်းကြီးသည်းတာမဟုတ်ပေမယ့် တဖွဲဖွဲနဲ့ စွေရွာနေတဲ့မိုးပါ.. ကျွန်တော်တို့တောင် ရုံးဆင်းတော့ မိုးတဖြောက်ဖြောက်ထဲမှာ ခပ်သုတ်သုတ်ပြန်ခဲ့ရတဲ့ညပါ.. အဲဒီမိုးညက ကျွန်တော်သူငယ်ချင်းနေတဲ့ ရပ်ကွက်က ထမင်းဆိုင်လေးမှာ ရှမ်းမလေးတစ်ယောက် ကလေးမွေးပါသတဲ့.. ထမင်းဆိုင်ဆိုတာ ဟိုလို ထုနဲ့ထည်နဲ့ ဆိုင်ကြီးမျိုးမဟုတ်ပါဘူး.. လမ်းဘေးထမင်းဆိုင်လေးပါ.. ညဘက်ဆို လူရှင်းနေပြီပေါ့.. အိပ်စရာဆိုတာလည်း ခုံတန်းနဲ့ မြေမွေ့ရာပဲရှိပါလိမ့်မယ်.. မိုးတစိုစိုနဲ့ ဘယ်လောက်များ ဒုက္ခရောက်လိမ့်မယ်မသိဘူး.. အဲဒီရှမ်းမလေးက မန်းသားတစ်ယောက်နဲ့ အိမ်ထောင်ကျပါသတဲ့.. သူ့ယောက်ျားမှာ မယားကြီးငုတ်တုတ်ရှိနေရော.. သူ့ယောက်ျားနဲ့လိုက်ပြေးတုန်းက အရင်မယားကြီးမှာ မီးဖွားပြီးစ သုံးရက်လောက်ပဲရှိပါသေးတယ်တဲ့.. ခု သူ့မှာ ကိုယ်ဝန်ရှိပြီး အရင့်အမာဖြစ်လာတဲ့အချိန်ကျ သူ့ယောက်ျားက အရင်မယားကြီးနဲ့ ပြန်ပေါင်းနေပါသတဲ့.. သူ့ယောက်ျားက ပစ်သွားတော့ အဲဒီရပ်ကွက်ထဲမှာ အိမ်တကာအ၀တ်လှည့်လျှော်ရင်း စားဖို့အတွက် ဖြေရှင်းရတယ်.. ညဘက်တော့ ဘယ်ဆီနားခိုတယ်မသိဘူးပေါ့လေ.. ခုလို ထမင်းဆိုင်ထဲမီးဖွားရတယ်ဆိုတော့ ရပ်ကွက်ထဲကမနေနိုင်သူတွေက ထမင်းဆိုင်ပတ်လည်ကို အ၀တ်ဟောင်းတွေနဲ့ကာပေး.. ပိုက်ဆံလည်း ကိုယ်တတ်နိုင်သလောက်ကူပေးကြပေါ့.. နောက်တော့ မိခင်နဲ့ကလေး စောင့်ရှောက်ရေးဆီ ပို့လိုက်တယ်ဆိုလား ပြောပါတယ်.. မယားကြီးဘက်ကနာမယ့်သူတွေတော့ ဒီကောင်မလေးအဖြစ်က ၀မ်းသာစရာမဟုတ်တောင် ၀မ်းနည်းစရာဖြစ်ပါ့မလားလို့ တွေးမိတယ်.. သူငယ်ချင်းက ဆက်ပြောပါသေးတယ်.. ကြားရသမျှတော့ အဲလိုပဲတဲ့.. ဒါပေမယ့် ကောင်မလေးရဲ့အကျင့်စာရိတ္တကတော့ ဘယ်လိုလဲမသိသေးဘူးတဲ့.. ကျွန်တော်လည်း လေကိုဖမ်း ၀ါးတန်းမှာ ကြိုးနဲ့ချည်ခဲ့ပါသေးတယ်.. ဘယ်မိန်းမမှတော့ မယားငယ်အဖြစ်မခံချင်လောက်ပါဘူး.. ယူပြီးမှသိတော့လည်း ချစ်တာရယ် ၊ မျက်စိမှိတ်နေလိုက်တော့တာရယ်ကြောင့် ဒီလိုဇာတ်လမ်းတွေ ဖြစ်လာတာ ကြားရတာနေမှာပေါ့လို့.. ရှမ်းမလေးရဲ့ ယောက်ျားဆိုတာကိုတော့ အကြားနဲ့တင် သတ်ချင်တာ အမှန်ပဲ..

ကျွန်တော့်သူငယ်ချင်းတွေနဲ့ ဇွန်လလယ်လောက်မှာ မော်လမြိုင်ကျွန်းမြို့နယ်က ပန်းဖူးမြစ်တန်းရွာမူလတန်းကျောင်းပြန်ဆောက်ဖို့အတွက် လှူဖြစ်ပါမယ်.. ရွာအထိတော့ လိုက်ဖြစ်မယ်မဟုတ်ဘူး.. အဲဒီဘက်က ပြန်လာတဲ့မိတ်ဆွေပေးတဲ့ သတင်းတွေအရ မော်လမြိုင်ကျွန်းမြို့နယ်ဘက်ကလူတွေဟာ ရေလွှမ်းမိုးတာမခံရဘဲ လေဒဏ်ပဲခံလိုက်ရတယ်.. လူအသေအပျောက်ထက် အဆောက်အဦးပျက်စီးတာများတယ်.. ဒီတော့ အထောက်အပံ့ရဖို့က ဦးစားပေးအဆင့်ထဲမပါတဲ့အတွက် မပြေလည်တာတွေရှိနေတယ်လို့ ကြားသိရပါတယ်.. ပြီးတော့ တခြားနယ်တွေကနေ မော်လမြိုင်ကျွန်းဘက်ကို လူတွေရောက်လာကြတဲ့အတွက် အစားအသောက် မလုံလောက်တဲ့ပြဿနာတွေလည်းရှိနေတယ်.. လုယက်မှုတွေလည်းရှိနေတယ်လို့ ကြားသိရပါတယ်.. နာဂစ်နှိပ်စက်လို့ အပြိုပြိုအလဲလဲဖြစ်ခဲ့သမျှ စိတ်ရှည်လက်ရှည်နဲ့ ရေရှည်စီမံကိန်းတွေဆွဲပြီး လှူဒါန်းနိုင်ကြပါစေလို့သာ ဆုတောင်းနေရတော့တာပါပဲ.. ပြိုလဲရတဲ့အထဲမှာ ချစ်ခင်သူတွေ ၊ ကိုယ်တွယ်တာတဲ့နေရပ် ၊ ကိုယ့်အလုပ်အကိုင်အားလုံး ကိုယ့်မျက်စိရှေ့မှာ ပျက်စီးဆုံးရှုံးလိုက်ရတဲ့အတွက် လဲပြိုသွားရသော စိတ်ဓါတ်တွေကိုလည်း ပြန်လည်ထူထောင်ရေး စီမံကိန်းတွေ ရှိသင့်ပါတယ်.. ကျွန်တော်တို့မြန်မာပြည်မှာက စိတ်ဓါတ်ရေးရာအားပေးတဲ့ (နှစ်သိမ့်ဆွေးနွေးပေးတဲ့ )သူတွေ (အဲဒီအလုပ်လုပ်တဲ့သူတွေ ) သိပ်နည်းနေပါသေးတယ်.. ကျွန်တော့်ဘ၀မှာ စိတ်အပါဝင်စားဆုံးအလုပ်က စာရေးတာ.. ဒုတိယစိတ်ပါဝင်စားမိတာ စိတ်ပျက်အားငယ်သူတွေကို နှစ်သိမ့်အားပေးတဲ့အလုပ်ပါ.. ဒါပေမယ့် ခုလောလောဆယ်တော့ ကိုယ့်ကိုယ်ကိုယ်တောင် အနိုင်နိုင်ဖြစ်နေတာ တော်တော်ဆိုးတယ်ဆိုရမှာပဲ.. သူများအတွက်လုပ်ပေးဖို့က ကိုယ်ကိုယ်တိုင် စိတ်ခိုင်နေမှ ပိုအဆင်ပြေမှာမဟုတ်လား.. မဟုတ်ရင် အမေမာပြောသလို .. အိုကွယ်.. သူ အဆင်မပြေတာ စိတ်မကောင်းလွန်းလို့ သူ့အိမ်က ချဉ်ရည်တစ်ဇွန်းတောင် ကူသောက်ပေးခဲ့ရသေး.. ဆိုတာမျိုး ဖြစ်နေမှာစိုးပါတယ်.. သူတို့ကိုအားပေးဖို့သွားတာ ကိုယ်ကပါ မျက်ရည်တဖြိုင်ဖြိုင်ဖြစ်နေမှ ပိုဆိုးကုန်မလားလို့ တွေးမိပါရဲ့လေ.. အဲလိုပါပဲ.. ကိုယ့်စိတ်ကိုယ် ယုံကြည်စိတ်ချတာ..

နွေနှင်းပျောက်နေတယ်လို့ စီဘောက်ခ်စ်မှာ မှတ်မှတ်ရရ လာပြောသွားတဲ့သူတွေကို ကျေးဇူးတင်ပါတယ်..

ဟုတ်ကဲ့.. အွန်လိုင်းကို သိပ်မလာဖြစ်တာရယ်.. စာသိပ်မရေးဖြစ်တော့တာရယ်.. မအားတော့တာရယ်ကြောင့်ပါ.. နောက်တစ်ချက်က အပြင်မှာ စကားပြောဖော်ရနေတဲ့အတွက်ကြောင့် ဆိုပါတော့လေ..

ခုလောလောဆယ်တော့.. ကျွန်တော်သိတဲ့ မန္တလေးက ပရဟိတအဖွဲ့နဲ့ မော်လမြိုင်ကျွန်းမြို့ဘက်က ရွာလေးတစ်ရွာမှာ မူလတန်းကျောင်း ဆောက်လှူဖို့အတွက် နီးစပ်ရာလူတွေဆီ အလှူလိုက်ခံနေပါတယ်.. လေဘေးသင့်တဲ့သူတွေအတွက် ရေရှည်လုပ်ပေးရမယ့်အလုပ်တွေက အများကြီးပါ.. အဲဒီအလုပ်တွေထဲက မကြာခင်ကျောင်းဖွင့်တော့မှာဖြစ်တဲ့အတွက် တက်မယ့်ကျောင်းသားလည်းရှိတယ်.. သင်ပေးမယ့်ဆရာလည်းရှိတယ်.. အဆောက်အဦးလိုတယ်ဆိုတဲ့နေရာမှာ ကိုယ်တတ်နိုင်သမျှ အင်အားလေးနဲ့ ကျောင်းဆောက်လှူမှာပါ... ကျွန်တော်ကိုယ်တိုင် မသွားနိုင်ပေမယ့် ကိုယ်ယုံကြည်စိတ်ချရတဲ့သူတွေက စုံစမ်းပေးလာပါတယ်.. အကူအညီလိုသူတွေအများကြီးထဲမှာ ကျွန်တော်တို့ ကူနိုင်တဲ့သူတွေကို ကူညီဖို့ ကြိုးစားကြည့်တာပါ.. နှမ်းတစ်လုံးနဲ့ဆီမဖြစ်ပေမယ့် ဆုံကပ်နှမ်းတော့ ဖြစ်နိုင်ပါသေးတယ်လို့ ဖြေတွေးရပါတယ်.. ဒီအဖြစ်ဆိုးကြီးဖြစ်တော့ ကျွန်တော် ခုလက်ရှိအနေအထားထက် အများကြီးပိုကြိုးစားရမယ်လို့ စဉ်းစားမိပါတယ်.. ဘာလို့လဲဆိုတော့ ကိုယ်သာ လုပ်ပိုင်ခွင့်များများရှိတဲ့နေရာ ၊ အများလေးစားတဲ့နေရာတစ်ခုကိုရနေခဲ့ရင် လူတွေကို ခုအနေအထားထက် ပိုပြီးကူညီနိုင်မယ်လို့ တွေးမိလို့ပါ.. ခုတော့ ကိုယ်တတ်နိုင်တဲ့အင်အားလေးနဲ့ ကိုယ်နိုင်သမျှကူဖို့ ဆက်ကြိုးစားရဦးမယ်ပေါ့လေ..

ဒီနှစ်ပိုင်းတွေအတွင်း သေမင်းက အကောင်းသိပ်ကြိုက်တယ်လို့ ပြောရတော့မယ်.. ရုပ်ရှင်မင်းသားဒွေး ဆုံးပြီးတဲ့နောက် စာရေးဆရာတာရာမင်းဝေ ၊ နောက် အဆိုတော် စိုင်းထီးဆိုင် ဆုံးတယ်.. ခု စာပေပညာရှင် အမေ လူထုဒေါ်အမာ ဆုံးပြန်ပါပြီ.. အမေ သိပ်ကျန်းမာရေးမကောင်းဘူးလို့ ကလျာမဂ္ဂဇင်းမှာ ဖတ်မိပါတယ်.. ဒါပေမယ့် ဒီနေ့မနက်ခင်း ၈း၃၇ မှာ အမေမာဆုံးပြီလို့ သိလိုက်ရတော့ အံ့သြမိတယ်.. အမေ့အသက်က ရင့်မှည့်တဲ့အချိန် ကြွေချိန်တန်လို့ကြွေတယ်လို့ ပြောရင်ရပေမယ့် အမေ့ကို စာတွေအများကြီး ဆက်ရေးစေချင်နေပါသေးတယ်.. စာအများကြီးရေးနိုင်အောင် အသက်ရှည်ကျန်းမာနေစေချင်ပါသေးတယ်.. ဒါပေမယ့် သေခြင်းတရားက ဘယ်သူ့မို့ဆိုပြီး မျက်နှာလိုက် ချန်မထားတတ်တော့လည်း မကောင်းသူလည်းပါ ကောင်းသူလည်းခေါ်မှာပါပဲ.. အဆိုတော် ရုပ်ရှင်မင်းသား ၊ မင်းသမီးတွေဖြစ်ဖို့ ဒီဘက်ခေတ်မှာ လွယ်ပေမယ့် တကယ်စာရေးကောင်းပြီး နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်တဲ့စာရေးဆရာဆိုတာ သိပ်ရှားသွားပါပြီ..
ကျွန်တော့်ဘ၀ရဲ့ အချိန်တော်တော်များများကို စာဖတ်တာနဲ့ ကုန်လွန်တတ်တဲ့သူမို့ စာရေးကောင်းတဲ့ စာရေးဆရာတစ်ယောက်ဆုံးတာ သိပ်ကို နှမြောပါတယ်.. အမေမာ ကောင်းရာသုဂတိလားပါစေလို့ ဆုမတောင်းပေးတော့ပါဘူး.. အမေ့စာ အမေ့စေတနာတွေကြောင့် အမေဟာကောင်းရာဘ၀မွန်ကို ရောက်မှာမလွဲပါဘူး..

ပျော်ချင်တိုင်းလည်း မပျော်ရပါ..
ချစ်မိသူတိုင်းလည်း ချစ်ခြင်းမခံခဲ့ရပါ
မသိသေးတဲ့ ဒီလောကရဲ့အထာ
အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ....

ဒီသီချင်းလေးကို ဆွေးဆွေးမြည့်မြည့်အသံနဲ့ သီဆိုခဲ့သူ စိုင်းထီးဆိုင်တစ်ယောက် သူ့ သီချင်းချိုတွေ ပျော်ဝင်ဖူးခဲ့တဲ့နေရာအရပ်ကနေ အပြီးတိုင် နှုတ်ဆက် ထွက်ခွါသွားခဲ့ပြီ.. သတင်းကြားကြားချင်း စိတ်မကောင်းဖြစ်မိသွားတာ အမှန်ပဲ.. ငယ်ငယ်ကတည်းက ကျွန်တော့်ပတ်ဝန်းကျင်မှာ သူ့အသံတွေပျော်ဝင်ပြီး သူ့ သီချင်းတွေနဲ့ ကြီးပြင်းခဲ့ရတယ်.. သူ့ သီချင်းတစ်ချို့ကို ကြိုက်ခဲ့ပေမယ့် သူ့အသံကိုမကြိုက်တတ်ခဲ့ဘူး.. နားမထောင်တတ်ခဲ့ဘူးဆိုပါတော့.. ခု အသက်အရွယ်ရောက်လာတဲ့အချိန် အကြောင်းတစ်စုံတစ်ရာကြောင့် စိုင်းထီးဆိုင်သီချင်းတွေကို နားထောင်ဖြစ်ခဲ့တယ်.. အွန်လိုင်းပေါ်ကလည်း သီချင်းတွေရှာ.. စုဖြစ်ခဲ့တယ်.. ပြီးခဲ့တဲ့ တစ်ပတ်ထဲကတင် အိမ်မှာရှိတဲ့ စိုင်းထီးဆိုင်အမှတ်တရ(၃) တိပ်ခွေကို မရအရ ပြန်ဖွင့်နားထောင်ဖြစ်ခဲ့သေးတာ.. နားမထောင်တာကြာလို့ တိပ်ခွေကမှိုတွေတက်.. အသံက ပျောက်သွားလိုက် ပေါ်လာလိုက်နဲ့ ဖြစ်နေတာကို စိတ်ရှည်လက်ရှည် နှစ်ကျော့လောက်နားထောင်ဖြစ်ခဲ့တာပါ.. နားထောင်ရင်း သူ့အသံကိုသဘောကျလာပြီဆိုမှ သူက မရှိတော့ဘူးတဲ့.. ထူးအိမ်သင်နဲ့စာရင် သူက နောက်ကျတယ်လို့ပြောလို့ရပေမယ့် သေသင့်တဲ့အရွယ်လို့ မထင်မိသေးပါဘူး.. ကျွန်တော့်အဖေနဲ့ မှ ရွယ်တူလောက်ဖြစ်မယ်ဆိုပေမယ့် ဘယ်တော့မှ မအိုမဟောင်းတဲ့ သူ့သီချင်းတွေနဲ့ သူ့အသံကိုထပ်တူပြုရင်း ကိုစိုင်းထီးဆိုင်လို့ ပဲ ခေါ်ချင်တယ်.. ကိုစိုင်းထီးဆိုင်ရေ နောင်ဘ၀ဆိုတာရှိမယ်ဆိုရင် ရောက်ရာဘုံဘ၀ စံရာဌာနမှာ သီချင်းချိုချိုတွေနဲ့ ပျော်မွေ့နိုင်ပါစေလို့.. ဆုတောင်းပေးလိုက်ပါတယ်..

၁၉၉၈-၉၉ ,၂၀၀၀ လောက်ကစပြီး ဗယ်လင်တိုင်းမ်ဒေးအမှတ်တရ သီချင်းခွေတွေထုတ်ခဲ့ကြတာ အမှတ်ရတယ်.. တို့ရဲ့ချစ်သူများနေ့ဆိုတဲ့ အခွေပါ.. အဆိုတော်တွေအများကြီးပါတဲ့အခွေ.. သီချင်းလေးတွေလည်း ကောင်းတယ်.. ကော်ပီတွေဆိုပေမယ့် နားထောင်လို့တော့ ကောင်းပါတယ်.. ဘိုဘို ၊ စီယံ ၊ မဒီ စတဲ့ အဆိုတော်တွေအများကြီးပါ.. ကြိုက်မိတဲ့သီချင်းလေးတွေက မြတ်နိုးခြင်းမိုးတိမ် ၊ ရည်းစားဦးတို့ရင်ခုန်ည ၊ အရှေ့ဘက်မှာ ကိုယ်ကလည်းစောင့်နေတုန်း.. ဆိုတဲ့စာသားလေးပါတဲ့သီချင်းတွေပေါ့..

ကျွန်တော့်အနေနဲ့တော့ ဗယ်လင်တိုင်းမ်ဒေးကို စိတ်ထဲမှာ ထိထိရှရှခံစားချက်မရှိပါဘူး.. ဒါပေမယ့် ၂၀၀၅ လောက်ကစပြီး မနှစ် ၂၀၀၇ ထိ ဗယ်လင်တိုင်းမ်အမှတ်တရ ကဗျာတွေရေးခဲ့ဖူးတယ်.. ပို့စ်လုပ်ထားဖြစ်တဲ့ “ရာသီပေါ်အိပ်မက်” ဆိုတဲ့ ကဗျာလေးပေါ့.. ၂၀၀၅ခုနှစ် ဗယ်လင်တိုင်းမ်ဒေးအမှတ်တရထုတ်ဖြစ်တဲ့ ကဗျာစာရွက်မှာ စာစီဖြစ်ခဲ့တဲ့ကဗျာပါ.. ကဗျာစာရွက်လုပ်ကြမယ်ဆိုတော့ ဗယ်လင်တိုင်းမ်နဲ့ပတ်သက်တဲ့ကဗျာတွေ ကျွန်တော့်ဆီ တစ်ပုဒ်မှမရှိပါဘူး.. သူငယ်ချင်းကလည်း တစ်ပုဒ်တော့ ဖြစ်အောင်ရေးပါလို့ ပြောတယ်.. ဒါနဲ့ ကဗျာစာရွက်ထဲ ထည့်မယ့်ကဗျာတွေ ရွေးကြဖို့ သူငယ်ချင်းဆီအသွား စက်ဘီးစီးရင်းနဲ့ ခေါင်းထဲမှာ ကဗျာရေးဖို့ စကားလုံးတွေက အစီအရီပေါ်လာပါတယ်.. မေ့သွားမှာစိုးလို့ စက်ဘီးစီးရင်းနဲ့ပဲ စိတ်ထဲပေါ်လာတဲ့စကားလုံးတွေကို နှုတ်ကနေ တဖွဖွရွတ်ခဲ့ရတယ်.. သူငယ်ချင်းဆီရောက်တာနဲ့ စာရွက်တောင်းပြီး ချရေးဖြစ်ခဲ့တဲ့ ကဗျာပါ.. စက်ဘီးစီးရင်းရေးခဲ့တဲ့ တစ်ပုဒ်တည်းသောကဗျာဆိုပါတော့.. အဲဒီတုန်းက ကဗျာရေးတတ်တဲ့ဒုက္ခကို နည်းနည်းညည်းမိပါသေးတယ်.. ဘာမှမရေးတတ်တာ အကောင်းဆုံးပဲလို့.. ခုတော့ ဟိုစပ်စပ် ဒီစပ်စပ်လုပ်တတ်တာလေးက တော်တော်ဒုက္ခအပေးသား.. ကဗျာရေးချင်စိတ်ပေါ်ပြီး စာစီလို့မရရင်လည်း တစ်ဒုက္ခ.. စကားလုံးတွေပေါ်လာပြီး ကဗျာရေးဖို့ ဖီလင်မဖြစ်တာလည်း တစ်ဒုက္ခ.. ဒီတစ်နှစ်တော့ ဗယ်လင်တိုင်းမ်အမှတ်တရကဗျာတစ်ပုဒ်မှမရေးဖြစ်ပါဘူး.. ဖီလင်လည်းမလာဘူး.. စကားလုံးလည်းမပေါ်ဘူး.. ရေးပါဦးလို့ အရင်လို တိုက်တွန်းမယ့်သူငယ်ချင်းလည်းမရှိဘူး.. မဟုတ်ရင်တော့ ဖြစ်ညှစ်ရေးမိဦးမလားပဲ..

ဗယ်လင်တိုင်းမ်ဒေးမှာ ချော့ကလက်မရ ပန်းစည်းလည်းမရပေမယ့် အကြိုည(မနေ့ည)ကတော့ ချော့ကလက်စားလိုက်ရပါသေးတယ်.. ဟဲဟဲ.. သိပ်အထင်ကြီးသွားလား..နေပါဦး.. မလောပါနဲ့.. ရုံးမှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က သူ့ချစ်ချစ်ပေးတဲ့အရုပ်ကိုကြွားရင်း ချော့ကလက်ကျွေးလိုက်လို့ စားရတာပါ.. စားလို့အကောင်းသား..

ဒီပို့စ်လေးရေးဖြစ်ပုံကို ပြောရဦးမယ်.. ဒီညနေ ဗယ်လင်တိုင်းမ်ဒေး အမှတ်တရဆိုပြီး ချစ်စွာသောကျွန်တော့်သူငယ်ချင်းတွေဆီ ဖော်ဝဒ်မေးတစ်ခုပို့ပေးဖြစ်တယ်.. ဗယ်လင်တိုင်းမ်ဒေးဟာသဆိုတဲ့ မေးလ်ပါ.. ချစ်သူတွေကြားက ဟာသတွေပေါ့.. ဒါပေမယ့် ရှပ်ပြာလွန်းတဲ့ကျွန်တော် ဖော်ဝဒ်မေးမှာ ဘာအတက်ခ်ျဖိုင်မှ ပါမသွားတာ မသိလိုက်ဘူး.. ရုံးကညီမလေးတစ်ယောက်ပြောလို့ အစ်မဘလော့အက်ဒ်ရက်စ်ပဲပါတယ်ဆိုတာ သိရတာနဲ့ ဟယ်..မဖြစ်ချေသေးဘူးဆိုပြီး ကဗျာလေးနဲ့ ဒီပို့စ်လေးကို ကမန်းကတန်းရေးတင်လိုက်တာဖြစ်ပါကြောင်း..

ပျော်ရွှင်စရာ ဗယ်လင်တိုင်းမ်ဒေးဖြစ်ပါစေ..လို့ ကျွန်တော်ချစ်သောချစ်သူနှင့်တကွ အွန်လိုင်းနဲ့ လူချင်းခင်တဲ့သူငယ်ချင်းအားလုံးအတွက် ဆုတောင်းပေးလိုက်ပါတယ်..

ရာသီပေါ်အိပ်မက်

ဖေဖော်ဝါရီ ...
ရာသီလေ သိပ်မမှန်ဘူး ......။

လမ်းလျှောက်ထွက်တဲ့လေရူး
ငါ့ရပ်ဝန်းကို ခဏခဏခလုတ်တိုက်တယ်
အလွမ်းတွေက မကြာမကြာကြွေကျ ...
ဟိုတစ်စ ဒီတစ်စ .....။

နှစ်ချို့နေတဲ့ ချော့ကလက်တွေ
မှိုတက်ဖို့မေ့နေတဲ့ ငါ့အချစ်တွေက
ရယ်ဟဟ မေးနေရဲ့
ဒီတစ်နှစ်ကော......တဲ့ ။

Accounting မတတ်တဲ့ ငါ့နှလုံးသား
Balance Sheet လည်း မညှိနိုင်ဘူး
မြတ်နိုးတာလေးတစ်ခုနဲ့တင်
တမ်းတစရာတွေ ဆာနေတတ်တဲ့..ငါ့ရင်ကို
အခါလွန်ကော်ဖီတစ်ခွက်နဲ့
ကျေနပ်လိုက်ဖို့ပဲ ပြောနေရတယ် ....။

ဒီတစ်ခါရော....
ရာသီစာလေး
နင့်ကို ကျွေးခွင့်ရှိမလား
အိပ်မက်ထဲမှာတော့ ................။

၇.၂.၂၀၀၅

မတူတဲ့လူတွေကြား မတူတဲ့အယူအဆတွေ ၊ အမူအကျင့်တွေ ရှိတယ်.. လူချင်းတူရင်တောင် အသက်ရှူချင်းကွဲတယ်.. ဘာညာသာရကာ စာသိနဲ့ သိခဲ့တာ ကြာခဲ့ပြီ.. ဒါပေမယ့် ငါသိ သိလိုက်ရတဲ့အချိန် ဖြစ်လာတဲ့ ခံစားချက်တွေမှာ ဒီလိုသိလိုက်ရတာကို လန့်သွားတဲ့စိတ်ကလေးကို မြင်လိုက်ရတယ်.. လူတွေဆီက သင်ယူစရာ မကုန်နိုင်ပါလား လူတွေအကြောင်း သိစရာမကုန်နိုင်ပါလားလို့ ရေးတေးတေးသဘောပေါက်လာတယ်.. ပင်လယ်ကို မမြင်ဖူးတဲ့ကျွန်တော်.. ခရီးသွားရင်း ပင်လယ်ဆီရောက်ခဲ့တဲ့အချိန်၊ ပင်လယ်ဆိုတာကို မြင်လိုက်ရတဲ့အချိန်လန့်သွားခဲ့ဖူးတယ်.. ကျွန်တော် အစက မျှော်လင့်ခဲ့တာ ပင်လယ်ကိုတွေ့ရင် ပျော်လိမ့်မယ်ပေါ့.. ပျော်တာက နောက်မှရောက်လာခဲ့ပါတယ်.. လန့်တာက အရင်လာတယ်.. ပင်လယ်က ကျယ်တယ်.. ကမ်းမမြင်လမ်းမမြင်ဆိုတဲ့စကား စာထဲမှာလည်း ဖတ်ဖူးသား.. ရုပ်ရှင်ထဲမှာလည်းကြည့်ဖူးသား.. သူများတွေအပြောကိုလည်း ကြားဖူးသား.. ကိုယ်တိုင်မြင်လိုက်ရတော့ တကယ့်ကို အံ့သြတကြီးစိတ်နဲ့ လန့်သွားခဲ့ဖူးပါတယ်.. ခုလည်း အဲလိုပဲ.. ကိုယ့်အတွေးသိ သိခဲ့ရတဲ့လူတွေအကြောင်း ခပ်တိမ်တိမ်သိခဲ့ရတဲ့ လူတွေအကြောင်းကို နည်းနည်းလေးပိုသိလာရတဲ့အချိန် လန့်သွားတယ်..

လူအများစု စိတ်ရင်းလေးကောင်းတယ်.. ဒါပေမယ့် အစအနောက်သန်တယ်.. တချို့ လူတွေက ပြောတဲ့အတိုင်းလုပ်သလို လုပ်တဲ့အတိုင်းပဲ ပြောတယ်.. တချို့လူတွေက ကိုယ်မလုပ်တာကိုလည်း ပြောတတ်တယ်.. ကိုယ်မကြားခဲ့တာကိုလည်း ကြားခဲ့သယောင် ကြံဖန်လုပ်ပြောတဲ့နေရာမှာ သိပ်တော်တယ်.. တချို့ တွေက ကတိပေးထားပြီးရင် တည်တတ်သလို ချိုးဖောက်ဖို့က သူတို့အတွက် ခဲယဉ်းတယ်.. တချို့တွေအတွက်ကျ ကတိပေးလွယ်ပြီး ချိုးဖောက်ဖို့လည်း လွယ်တတ်ကြတယ်.. တချို့လူတွေကျတော့ ကိုယ်က မမှန်တာမပြောတတ်သလို သူများတွေက အမှန်ကိုပဲပြောလာဖို့ မျှော်လင့်ကြတယ်.. တချို့လူတွေကျတော့ ကိုယ်တိုင်လည်း လျှို့ဝှက်သိုသိပ်သလို တခြားသူတွေကိုလည်း သိုသိုသိပ်သိပ်နေထိုင်တတ်ဖို့ မျှော်လင့်ကြတယ်.. တချို့သူတွေကျတော့ ကိုယ့်အကြောင်းကို ထိန်ဝှက်မထားတတ်သလို သူနဲ့ပတ်သက်တဲ့သူတွေကိုလည်း ပွင့်ပွင့်လင်းလင်းပြောဆိုလာဖို့ မျှော်လင့်တယ်.. ကိစ္စချင်းအတူတူတောင် တချို့ လူတွေက သူတို့စိတ်ထဲမှာ အဲဒီကိစ္စက ရက်ပိုင်းလပိုင်းလောက်ပဲခံတယ်.. သူတို့တွေက တခြားသူတွေလည်း သူတို့လိုပဲ မေ့လွယ်ပျောက်လွယ်ရှိလိမ့်မယ်လို့ မျှော်လင့်တယ်.. တချို့လူတွေအတွက် ရှင်းလင်းတဲ့အသိတစ်ခုမရနိုင်မချင်း သူတို့စိတ်ထဲမှာ နှစ်နဲ့ ချီပြီးရှိတယ်.. သူတို့တွေကကျတော့ တခြားသူတွေရဲ့စိတ်ထဲမှာ သူတို့လိုပဲ နှစ်နဲ့ချီခံစားနေမလားလို့ ထင်မိတတ်ကြတယ်..

အစအနောက်သန်တဲ့သူတွေကြောင့် ကျွန်တော့်ဘ၀မှာ နင့်နင့်နဲနဲစိတ်ထိခိုက်ရခဲ့တဲ့အချိန်တွေ အများကြီးပဲ.. ဘာလို့လဲဆိုတော့ ကျွန်တော်က သူများကို စခဲနောက်ခဲတဲ့သူမို့ပါ.. စတယ်နောက်တယ်ဆိုရင်လည်း သူ အများကြီးမထိခိုက်နိုင်မယ့် (အထူးသဖြင့် သူ့ စိတ်ကိုမထိခိုက်နိုင်မယ့် ) နည်းနဲ့ ပျော်စေပြက်စေဆိုတဲ့သဘောလောက်ပဲ စနောက်လေ့ရှိတယ်... ကိုယ်က ခပ်ပေါ့ပေါ့ စကားတွေမပြောတတ်သလို သူများတွေရဲ့စကားကိုလည်း ပေါ့ပေါ့ပါးပါးသဘောမထားတတ်တာနဲ့ ကိုယ့်ကို စရင် နောက်ရင် အတည်ထင်တတ်တာ အားနည်းချက်တစ်ခုဖြစ်ခဲ့ဖူးတယ်.. ခုချိန်ထိလည်း အားနည်းချက်တစ်ခုအနေနဲ့ ရှိနေတုန်းပဲ.. ဒါနဲ့အတူ လူတွေကို မယုံသင်္ကာများတဲ့စိတ်လည်း ဖြစ်လာခဲ့တယ်.. ကိစ္စတစ်ခုဖြစ်သွားရင် အဲဒီကိစ္စနဲ့ပတ်သက်လို့ မရှင်းလင်းတာများရှိခဲ့ရင် ကျွန်တော့်စိတ်ထဲမှာ နှစ်တော်တော်ကြာရှိနေတတ်တယ်.. သိပ်ခါးသည်းတဲ့အရာတစ်ခုကို ရင်အနာခံပြီး အမှန်အတိုင်းပဲသိချင်တယ်.. ဖြစ်နေတဲ့အချိန် ချူံးပွဲချငိုရတာ ကျွန်တော့်အတွက် ပြဿနာမဟုတ်ဘူး.. မသိရရင် ဖွဲမီးလိုတငွေ့ငွေ့နဲ့ အမြဲလောင်နေတတ်တာကမှ တကယ့်ပြဿနာ..

ဘာရယ်မဟုတ်ပါဘူး.. အပြင်မှာ နေတာထိုင်တာ လျှို့ဝှက်သေသပ်သလောက် ကိုယ့်မျက်နှာမမြင်ရတဲ့ အွန်လိုင်းလိုနေရာမျိုးမှာ Express လုပ်မိလွန်းတဲ့ ကိုယ့်စိတ်ကိုယ်လည်း နားမလည်နိုင်ဘူး.. ခုလောလောဆယ် ကျွန်တော်သိတာတစ်ခုပဲ ရှိတယ်.. အွန်လိုင်းမှာ ပြန်တွေ့ခဲ့တဲ့သူငယ်ချင်းတစ်ယောက်ကို အွန်လိုင်းပေါ်မှာတင် လုံးလုံးဆုံးရှုံးလိုက်ရပြီ ဆိုတာပါပဲ.. ဘယ်တော့မှ ပြန်မဆက်နိုင်တော့မယ့် သံယောဇဉ်တွေရော ဆုံးရှုံးလိုက်ရတာပဲ.. အသိတစ်ခုရဖို့အတွက် ကျွန်တော်ပေးဆပ်လိုက်ရတာ တန်တယ် မတန်ဘူး မပြောတတ်ပေမယ့် ပေးလိုက်ရတဲ့ပမာဏတော်တော်ကြီးတယ်လို့ပဲ ခံစားမိနေတယ်.. သူငယ်ချင်းတစ်ယောက်ဆုံးရှုံးလိုက်ရသလို ချစ်ခင်သူတစ်ယောက်ကိုလည်း ဆုံးရှုံးလိုက်ရတာပါပဲ.. တကယ်ကိုဘာရယ်မဟုတ်ပါဘူးလေ.. တခြားသူတွေအမြင်မှာကြည့်ရင် တကယ်ကို ဘာရယ်မှ မဟုတ်တာသေချာမှာပါပဲ...

ဆရာကံချွန်ရဲ့ ဘ၀ကိုပုံဖော်ဖို့ စာအုပ်လေးထဲက ကျွန်တော်ကြိုက်မိတဲ့ အတွေးတွေရှိပါတယ်.. အဆင်ပြေရင် ပြေသလို ဒီမှာရေးကြည့်ပါ့မယ်.. ဆရာက သူ့စာအုပ်ကို အသက် ၃၀ ကျော် ၄၀ ကျော် လူကြီးတွေအတွက် ရည်ရွယ်ရေးတယ်ဆိုပေမယ့် အသက် ၃၀ အောက် လူငယ်တွေအတွက် အသုံးဝင်တဲ့အတွေးတွေ အများကြီးတွေ့ပါတယ်.. လူကြီးအရွယ် (အသက်ငါးဆယ်ကျော်အရွယ်) ရောက်တဲ့အခါ စိတ်သွားတိုင်းကိုယ်မပါဘူးလို့ ပြောတတ်ကြတယ်.. လူငယ်တွေဘက်ကိုကြည့်ရင်လည်း တစ်မျိုးလှည့်တွေးလို့ ရပါတယ်တဲ့.. လူငယ်တိုင်းဟာ စိတ်သွားတိုင်း ကိုယ်ပါကြပေမယ့် ကိုယ်သွားတိုင်း စိတ်မပါကြပါဘူးတဲ့.. အဲဒါကြောင့်သာ စိတ်က အလုပ်ထဲမရှိဘဲ ဘယ်ရောက်နေလဲ အလုပ်မှာအာရုံထားစမ်းမှပေါ့ ဆိုတဲ့စကားမျိုး အပြောခံကြရတဲ့အရွယ်တွေတဲ့.. ဆရာ့စကားလေးက ကိုယ့်ကိုများ တည့်တည့်ပြောသလား အောက်မေ့ရတယ်လို့ စာဖတ်ရင်း တွေးမိတယ်.. သွေးထွက်အောင်မှန်တဲ့စကားပါ.. လူငယ်ဆိုတာ လုပ်နိုင်ကိုင်နိုင်.. သန်သန်မြန်မြန်ရှိသလို စိတ်သွားတိုင်း ကိုယ်ရောက်နိုင်တဲ့အရွယ် ဖြစ်သလို ရည်မှန်းချက် ရည်ရွယ်ချက်များ စိတ်များတဲ့အရွယ်လည်း ဖြစ်နေတယ်.. အဲဒါကြောင့် ကိုယ့်အလုပ်ကိုယ်လုပ်ရင်း အလုပ်ထဲ စိတ်မရှိနိုင်ဘဲ ကိုယ်နဲ့မဆိုင်တဲ့တခြားအလုပ်တွေ ခေါင်းထဲရောက်နေ.. စိတ်ကူးယဉ်နေရတာနဲ့ပဲ ကိုယ်လုပ်ရမယ့်အလုပ်တွေ ပြီးသင့်သလောက်မပြီးတာ ကိုယ်တွေ့မို့ သွေးထွက်အောင် မှန်လိုက်တာလို့ ဆရာ့အတွေးကို ထောက်ခံလိုက်မိတယ်..

ဘယ်လမ်းကို ကျွန်တော်သွားချင်လဲ .. မှန်းဆလို့မရနိုင်သေးတာ အမှန်ပဲ.. အသက်က သုံးဆယ်နားရောက်တော့မယ်.. ခုလောလောဆယ်တော့ ဆရာကံချွန်ရေးတဲ့ ဘ၀ကိုပုံဖော်ဖို့ ဆိုတဲ့စာအုပ်ဖတ်နေမိတယ်.. အသက်သုံးဆယ်ကျော်ကနေစပြီး လေးဆယ်ကျော်.. ငါးဆယ်ကျော်လူတွေအတွက် ဆောင်ရန်ရှောင်ရန်လေးတွေ ဖြစ်သင့်တာ ဖြစ်စေချင်တာလေးတွေ သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး ရေးထားတာပါ.. သဘောကျမိတဲ့ စာအုပ်လေးပေါ့.. ပျက်အစဉ် ပြင်ခဏ.. ဆိုတဲ့ စကားလေးထဲကလို ပျက်နေတာတွေ ပြင်ချင်စိတ်ရှိအောင် တွန်းအားပေးတဲ့စာအုပ်လေးလို့ ပြောရင်မမှားပါဘူး..

မနေ့ညနေလို့ ပြောရတော့မယ်.. နေ့ကူးသွားပြီဆိုတော့လေ.. မနေ့ညနေ ၆း၃၀ က ၃၅-အေလမ်းပေါ်က ကောင်းကောင်း အသားကင်ဆိုင်မှာ နေးတစ်မြန်မာ ဖိုရမ်မန်ဘာတွေ မီတင်လုပ်ဖြစ်ပါတယ်.. နေးတစ်မြန်မာဖိုရမ်မန်ဘာတွေဖြစ်တဲ့ ကိုဖိုးချမ်းနဲ့ ကိုမျိုးကျော်ထွန်းတို့လာကြမှာမို့ မီတင်ဖြစ်တာပါ.. ကျွန်တော်ရောက်သွားတော့ လူတောင်တော်တော်စုံနေပါပြီ.. ဖိုရမ်မန်ဘာ ငွေနှင်းမြူ ၊ ကိုမောင်လှ ၊ မဂရေ့စ်ချမ်းနဲ့ သူတို့သမီးလေး ၊ ကိုဖိုးချမ်းနဲ့ ကိုမျိုးကျော်ထွန်းတို့က ရောက်နှင့်နေပါပြီ.. ဧည့်သည်နှစ်ယောက်က နောက်ထပ်ဧည့်သည်တွေပါ ခေါ်လာပါသေးတယ်.. သူတို့နှစ်ယောက်က ဖိုရမ်လည်းရေး ဘလော့လည်းရေးဆိုတော့ သူတို့နဲ့အတူ ဘလော့ဂါတွေနဲ့ပါ မီတင်ဖြစ်ပါတယ်.. မန်းဘလော့ဂါတွေဖြစ်တဲ့ ကိုနေကြီး ၊ ကိုမျိုးအောင်တို့လည်း မီတင်ကိုလာပါတယ်.. တခြားသူတွေလည်း ပါလာပါသေးတယ်.. စားရင်းသောက်ရင်း လက်လှမ်းမီရာ လမ်းကြောင်းသင့်ရာ စကားစပ်မိစပ်ရာ ဘလော့အကြောင်း ဘလော့ဂါတွေအကြောင်း ပြောဖြစ် မိတ်ဆွေဖွဲ့ဖြစ်ပါတယ်.. ကိုမျိုးကျော်ထွန်းကတော့ သူ့ဘလော့ကဓါတ်ပုံထဲမှာလို ရှုတည်တည်မျက်နှာနဲ့ မဟုတ်လို့ထင်ပါရဲ့.. ဓါတ်ပုံထဲကထက် အသက်ပိုငယ်ပါတယ်.. ဖိုးချမ်းကလည်း ဖော်ဖော်ရွေရွေနဲ့ ခင်တတ်ပါတယ်.. (အခမဲ့ကြော်ငြာပေးတာ) .. ဒီမီတင်က ကျွန်တော့်အတွက်တော့ ပျော်စရာကောင်းတယ်ဗျ..

ကျိုက်ထီးရိုးတောင်က နှစ်ကူးည

ရွှေ
အလင်း
မီးမကြောက်တဲ့အကောင်တွေနဲ့
မြေပြင်ကကြယ်ပွင့်တွေကြားက

အတက်အဆင်းမှာ
ငါတို့ထိုင်ကြစို့....။

၃၁.၁၂.၂၀၀၇

ကျိုက်ထီးရိုးဘုရားတောင်အောက်ကိုဆင်းတဲ့ လှေကားမှာထိုင်ရင်း လက်တန်းစပ်ဖြစ်ခဲ့တဲ့ ကဗျာလေးပါ..


 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews