ဇော်ဂျီဖောင့်ကို စမ်းကြည့်ထားတယ်..ရ-မရတော့ မသိဘူး..ရရင်တော့ ကိုမောင်လှကို ကျေးဇူးတင်ရမယ်..ကျွန်တော့်ဘာသာဆို ဘာမှမှ မလုပ်တတ်တာ..
အခါတစ်ရာပြုံးပြသူ တစ်ခါယောင်ပြီးအမဲ့မှာ
ကြင်နာသူဘ၀ အပျက်ခံတာ....
စိုင်းထီးဆိုင်ရဲ့ ကွတ်ခိုင်က ဇာတ်လမ်းတစ်ပုဒ်” ဆိုတဲ့ သီချင်းထဲက စာသားလေးပါ.. အဲဒီသီချင်းကို ကျွန်တော် တစ်ခါမှ မကြားဖူးမိဘူး.. စိုင်းထီးဆိုင်ရဲ့ သီချင်းအဟောင်းတွေကို ပြန်နားထောင်ဖြစ်မှ ကြားဖူးတာ... သံစဉ်မဆန်းကြယ်ဘူး.. ဆိုပုံမဆန်းကြယ်ဘူး.. ဇာတ်လမ်းကလည်း မဆန်းကြယ်ဘူး.. ဒါပေမယ့် သီချင်းကိုနားထောင်ကြည့်ရင် သီချင်းတဲက ကွတ်ခိုင်သူလေးကို သနားလာ ချစ်လာတာအမှန်ပဲ.. ဒီသီချင်းကို ဘယ်သူရေးလဲ ကျွန်တော်မသိပေမယ့် ကျွန်တော့်ကိုဆွဲဆောင်နိုင်တာ စာသားလေး နှစ်ကြောင်းပါ..
“အခါတစ်ရာခေါင်းယမ်းသူ တစ်ခါယောင်ပြီး အညိတ်မှာ ကြင်နာသူဘ၀ အရယူတာ” ဆိုတဲ့စာသားနဲ့ အပေါ်မှာရေးခဲ့တဲ့ စာသားလေးပါ.. စာသားလေးတွေက လှတယ်.. အဓိပ္ပါယ်လည်း ပြည့်နေလေရဲ့.. ကဗျာဆန်တဲ့သီချင်းတစ်ပုဒ်ပါ..
အဲဒီသီချင်းကိုနားထောင်ရင်း ကျွန်တော်တို့ဘ၀တွေနဲ့ ယှဉ်တွေးမိပါတယ်.. သမီးရည်းစား အချစ်ကိစ္စကိုတင်မကပါဘူး..မြောက်မြားစွာသော အချစ်အမျိုးအစားတွေကို အဲဒီစာသားလေးရဲ့အဓိပ္ပာယ်နဲ့ ချိန်ထိုးတွေးဆမိပါတယ်...
အခါတစ်ရာပြုံးပြသူ တစ်ခါယောင်ပြီးအမဲ့မှာ ကြင်နာသူဘ၀ အပျက်ခံတဲ့သူတွေ ဘယ်နစ်ယောက်များရှိနေသလဲနော်.. ကြင်နာသူဘ၀မဟုတ်ပေမယ့် ချစ်သူခင်သူတွေဘ၀ရော တစ်ခါလေးမဲ့မိရုံနဲ့ သူတို့တွေကြားမှာရှိတဲ့ ရင်းနှီးခင်မင်မှုတွေ ချစ်ခင်မှုတွေ ဘယ်နစ်ယောက်များ ကျေပျက်ခံကြသလဲ ဆိုတာကို တွေးမိပါရဲ့.. တစ်သက်လုံးမွေးလာတဲ့ကြက် တစ်မနက်တည်းနဲ့သတ်လိုက်သလိုဖြစ်တယ်ဆိုတာမျိုးပေါ့...
ဒီသီချင်းလေးကိုနားထောင်ပြီးတော့ တစ်သက်လုံးထားခဲ့တဲ့ ကိုယ့်စေတနာတွေကိုလည်း ကိုယ့်မျက်နှာတစ်ချက်ပျက်သွားရုံနဲ့ အပြစ်ပယ်ခံလိုက်ရမှာ စိုးမိတယ်.. နောက်တစ်ခုက တစ်ပါးသူ ကိုယ့်အပေါ်ကောင်းသမျှ သူ စိတ်အခန့်မသင့်လို့ တစ်ချက်မဲ့တာလေးနဲ့ မချေမိပါစေနဲ့လို့ ဆန္ဒဖြစ်မိပါရဲ့ ....
Labels: Thoughts
လူဆိုတာ ကိုယ့်အကြောင်းကိုယ် မသိဆုံးဆိုတဲ့ စကားလေးက ကျွန်တော့်အတွက်တော့ မှန်နေတယ်..
ခုတလော စိုင်းထီးဆိုင်သီချင်းတွေ နားထောင်ဖြစ်တယ်.. သုံးတန်း ၊လေးတန်းလောက်တုန်းက အိမ်မှာအမြဲလိုလိုနားထောင်ဖြစ်ခဲ့တဲ့ သူ့ရဲ့ အကောင်းဆုံးတေး (၁)၊(၂)၊(၃)၊(၄) က သီချင်းတွေပါ.. နားမထောင်ရတာကြာပြီမို့လားမပြောတတ်ဘူး.. နားထောင်လို့ အရသာတစ်မျိုးရှိနေတယ်.. တစ်ချို့သီချင်းတွေကို တစ်ပိုင်းတစ်စပဲသိတယ်.. ဒီသီချင်းနားမထောင်ဖူးဘူးလို့တွေးနေတုန်း သီချင်းတစ်ဝက်လောက်ရောက်တော့မှ ဒီသီချင်းငါသိတယ်လို့ သတိရပြန်တယ်..
စိုင်းထီးဆိုင်သီချင်းတွေကို စိုင်းထီးဆိုင်ဆိုတာမကြိုက်ဘူး.. သူများပြန်ဆိုရင်ကြိုက်တယ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့စကားကို အမှတ်ရမိပါတယ်.. စိုင်းထီးဆိုင်သီချင်းတွေကို စိုးသူ ၊ ရင်ဂို၊ ဆောင်းဦးလှိုင်+စည်သူလွင်+အဲလက်စ် ၊ ဘိုဖြူတို့ ပြန်ဆိုခဲ့ကြဖူးတယ်.. ကျွန်တော့်သူငယ်ချင်းကတော့ ရင်ဂိုဆိုတာကို ပိုကြိုက်ပါသတဲ့.. စိုးသူပြန်ဆိုတာတော့ နားထောင်လို့ တကယ်မကောင်းတာပါ.. ကျွန်တော်က စိုးသူမကြိုက်တာလည်း ပါမယ်ထင်ပါရဲ့..
အရင်တုန်းကဆို ကျွန်တော်လည်း ကျွန်တော့်သူငယ်ချင်းလိုပါပဲ.. စိုင်းထီးဆိုင်သီချင်းတွေကို စိုင်းထီးဆိုင်ဆိုရင် သိပ်မကြိုက်ဘူး.. ဘိုဖြူဆိုတာကို ပိုကြိုက်တယ်.. ဘာလို့ မကြိုက်တာလဲ ကိုယ့်ဖာသာကိုယ် မသိခဲ့ဘူး.. ဘိုဖြူရဲ့ ပြည့်စုံပါစေ သီချင်းခွေထွက်လာတော့မှ ဘိုဖြူသီချင်းတွေကိုနားထောင်ရင်း စိုင်းထီးဆိုင်နဲ့ ဘိုဖြူ့ အသံ ကွာခြားချက်တွေကို သိလာတယ်..သူတို့နှစ်ယောက်ရဲ့အသံ ဘယ်လိုကွာတယ်ဆိုတာကို သတိထားမိပြီးတဲ့နောက် ကျွန်တော် ဘယ်အဆိုတော်မျိုးရဲ့အသံကို သဘောကျမိတာလဲဆိုတာကိုပါ သတိထားမိလာတယ်..
ကျွန်တော်က အဆိုတော်ဆိုရင် သံပြတ်နဲ့ဆိုတဲ့အသံကို သိပ်မကြိုက်တတ်ဘူး.. ရင်ဂိုတို့ ဘိုဖြူတို့ အာဇာနည်တို့လို ဆွဲဆွဲငင်ငင်ဆိုနိုင်တဲ့ အသံချိုချိုတွေကို ပိုကြိုက်တယ်ဆိုတာကို ကိုယ့်ဖာသာ သိလာတယ်.. အဲဒီ အသံမျိုးကို ညာသံလို့ခေါ်မလားနော်..
စိုင်းထီးဆိုင်နဲ့ဘိုဖြူ အသံဆင်တူပြီး ဘိုဖြူကိုပိုကြိုက်မိတဲ့အချက်က ဘာကြောင့်ဆိုတာ ကျွန်တော်သိသွားတယ်.. ဘိုဖြူ့အသံက သီချင်းကို အသံချိုနဲ့ ဆွဲငင်ဆိုနိုင်တဲ့အသံမျိုးမို့ ကြိုက်မိတာ.. စိုင်းထီးဆိုင်ကျတော့ အသံပြတ်နဲ့ မို့ မကြိုက်တာလို့ အဖြေထွက်လာတယ်.. ဒါကြောင့် ပြောကြတာနေမှာပါပဲ...လူဆိုတာ ကိုယ့်အကြောင်းကိုယ် မသိဆုံးလို့...
ခုတော့လည်း စိုင်းထီးဆိုင်အသံကို တစ်မျိုးကြိုက်မိသလို ဘိုဖြူ့အသံကိုလည်း တစ်မျိုးကြိုက်မိတာပါပဲ..
ခုလောလောဆယ် ခပ်တိုးတိုလေးညည်းမိတဲ့သီချင်းက....
မျှော်နေသူနဲ့ ..ပြန်ချင်သူနဲ့ မတွေ့သမျှကွယ်.. အနေကြာသွားရင်..စိတ်ပြောင်းမှာကို ရင်လေးတယ်.. ချစ်တဲ့..မင်းတစ်ယောက်..ကြင်နာသူ မရှိနှင့်စေဖို့ရယ် ချယ်ရီပင်အောက်..နောက်တစ်ခေါက်ပြန်တွေ့တဲ့အထိကွယ်..
Labels: Thoughts
ကျွန်တော် လှမ်းလျှောက်ခဲ့တာ ကမ်းစပ်ကသဲသောင်ပြင်မှတ်နေတာ.. ရေလှိုင်းပုတ်ရင် ခြေရာတွေပျောက်သွားလိမ့်မယ်ပေါ့.. ခြေရာကောက်တဲ့ သူနဲ့ဆုံမှ ကိုယ်လျှောက်ခဲ့တဲ့လမ်း သဲသောင်မဟုတ်မှန်းသိရတယ်..
ခြေရာကောက်သူရဲ့အပြစ်မဟုတ်ပါဘူး.. အဲဒီလမ်းကိုလျှောက်မိသူ ကျွန်တော့်ရဲ့အပြစ်သာပါလေ...
ရှိပါစေတော့...
Labels: Feeling
ဒီနေ့ ဆယ်တန်းအောင်စာရင်းတွေ ထွက်တယ်.. ဇွန် ၂၄ မှာထွက်မယ်ဆိုပြီး မထွက်ဖြစ်လို့ ... ဇူလိုင် ၁ ရက်နေ့ (တနင်္ဂနွေနေ့) မှ ထွက်တော့မယ်ထင်ထားတာ ဇွန်လကုန်(စနေနေ့) ကြီးကို ထွက်ပေးတယ်.. ဇွန်လမှာထွက်တယ် ဆိုတာမျိုး ဖြစ်အောင် ထင်ပါရဲ့..
ဒီထွက်တဲ့သူနည်းတယ်လို့လည်း ကြားရဲ့.. အကျများတယ်လို့လည်း ကြားရဲ့..
အွန်လိုင်းကသူငယ်ချင်းတစ်ယောက်တော့ သူ့ရဲ့တစ်ယောက်သောသူ စာမေးပွဲအောင်တယ်ဆိုတဲ့အတွက် ၀မ်းသာနေတယ်.. သူ ဂိုက်လုပ်ပေးခဲ့တာလေ.. ကျွန်တော်ပြောမှ အောင်စာရင်းထွက်တာသိပြီး ချက်ချင်းဖုန်းဆက်မေးခဲ့တာ... သူ့ရဲ့အလေးထားမှုကို မြင်လိုက်ရတယ်.. သူ့ရဲ့တစ်ယောက်သောသူအတွက် ၀မ်းသာတဲ့အကြောင်း မှတ်တမ်းတင်ပါတယ်..
ကျွန်တော်တို့ရုံးက ညီမတစ်ယောက်ရဲ့ အမြွာတူလေးတွေလည်း တစ်ယောက်က ငါးဘာသာ ၊ တစ်ယောက်က တစ်ဘာသာပါတယ်.. အစ်မတစ်ယောက် ဂိုက်လုပ်ပေးတဲ့ ကျောင်းသားတစ်ယောက်လည်း အောင်တယ်..သူတို့တွေအတွက် ၀မ်းသာပါတယ်..
မနှစ်ကတည်းက ဆယ်တန်းအတူတူတက်ပြီး အတူတူကျတဲ့ ကျွန်တော့်ညီမနဲ့ ညီမ၀မ်းကွဲတစ်ယောက်လည်း ဒီတစ်နှစ်ထပ်ကျပြန်ပြီ.. တိုင်ပင်ထားသလား အောက်မေ့ရတယ်..
ကျွန်တော် နည်းနည်းစိတ်ရှုပ်နေတယ်.. ညီမလေးကတော့ နယ်မြို့တစ်မြို့က ကျူရှင်ဆရာဦးလေးအိမ်မှာ သွားနေပြီးဖြေမယ် ပြောတယ်.. သူက မနှစ်ကတည်းက သွားနေချင်တယ်ပြောတာ.. ကျွန်တော်တို့က ဦးလေးအိမ်ကို အားနာလို့.. နည်းနည်းလည်းအလှမ်းဝေးတော့ ခဏခဏ သွားမကြည့်နိုင်တာလည်း ပါတယ်.. အဲဒါကြောင့် အိမ်မှာပဲနေပြီးဖြေပါလို့ နေခိုင်းလိုက်မိတာ မှားတာပဲ.. ဒီတစ်နှစ်တော့ ဦးလေးအိမ်ကို ပို့မှဖြစ်တော့မယ်.. ညီမလေးကလည်း သွားမယ်တဲ့..
ကျွန်တော့်ဆီခေါ်ထားဖို့ကျတော့ အဆင်မပြေဘူး.. ကျွန်တော်ကိုယ်တိုင် စိတ်ကျဉ်းကျပ်တဲ့နေရာမှာ ညီမလေးကိုပါခေါ်ပြီး စိတ်ကျဉ်းကျဉ်းကျပ်ကျပ် မနေခိုင်းချင်ဘူး..
သူသာ အဲဒီမြို့ကိုသွားရင် ကျွန်တော်တို့မိသားစုတော့ တကယ့်ကို တကွဲတပြားစီပဲဖြစ်ကုန်ပြီ.. မိသားစုဝင်အားလုံး တစ်ယောက်တစ်နေရာစီပဲ..
သူပါသွားရင် အိမ်မှာ အမေတစ်ယောက်တည်း ကျန်မယ်.. အမေ တစ်ယောက်တည်း အဆင်ပြေပါ့မလား..လို့ ကျွန်တော်စိုးရိမ်နေတယ်.. ဖုန်းထဲက အမေ့အသံက ငိုသံပါနေသလား ကျွန်တော် ဖမ်းမမိဘူး... ခုချိန်မှာ အမေရော ဘယ်လိုခံစားနေရမလဲ.. အားငယ်စိတ်ပျက်နေမလား.. အဖေ့ဆီက ဖုန်းကိုပဲ မျှော်နေမလား..အဖေက အောင်စာရင်းထွက်တာ မသိလောက်သေးဘူး.. ထင်တာပဲလေ..
ခုချိန်မှာ ကျွန်တော်... ငိုနေပါတယ်.. တစ်ယောက်သောသူ့ကိုလည်း တမ်းတနေမိတယ်.. အေးလေ..သူသိရင်ရော ဘာတတ်နိုင်မှာကျလို့.. ကျွန်တော် အရူးပါပဲ.. သဘက်ခါကျရင် ကျွန်တော်အိမ်ပြန်ရဦးမယ်.. အမေနဲ့ တိုင်ပင်ရဦးမယ်...
ညီမလေး နယ်မြို့လေးကို သွားဖြစ်ရင်တော့ ကျင်လည်ခဲ့ဖူးတဲ့နေရာဟောင်းကို ပြန်ရောက်ဦးမှာပေါ့လေ.. သူငယ်ချင်းတွေတော့ မရှိကြတော့ဘူးထင်ရဲ့.. ဆည်ကြီးကရော အရင်လို ပြာလဲ့နေတုန်းပဲလား.. တောင်ပေါ်က ကျောင်းလေးရော အရင်လို ပျော်စရာကောင်းနေတုန်းပဲလား..
Labels: Events
ဒီနေ့ နေးတစ်မြန်မာဖိုရမ်ရဲ့ အွန်လိုင်းမီတင်ဖြစ်တယ်..
ဖိုရမ်မှာ လူတွေအများကြီးပဲ.. ပျော်စရာကြီး ဒီမှာသွားကြည့်ကြနော်.....
Labels: Events
ခုတလော မန္တလေးရဲ့ရာသီဥတုက အပြောင်းအလဲ သိပ်မြန်တယ်.. နေ့ခင်းဘက် သိပ်ပူတယ်.. မနေ့ညနေက မိုး သည်းသည်းမည်းမည်း ခဏလောက်ရွာချလိုက်ပြီး ညပိုင်းနေလို့ကောင်းတယ်.. နည်းနည်းတောင် အေးချင်သလိုပဲ.. ပြတင်းပေါက်ဖွင့်ပြီး အိပ်လိုက်မိတာ မနက်ခင်းနိုးလာတော့ချမ်းနေတယ်.. ပြီးတော့ ခေါင်းတွေကိုက်နေတယ်.. မနက်ကသာ အေးတာ.. ထွက်လာတဲ့နေက ကျဲတောက်နေအောင် ပူပါတယ်.. ခေါင်းကိုက်တာလည်း ခု ညပိုင်းထိ မပျောက်နိုင်ဘူး...
မန္တလေးရာသီဥတုကို တော်တန်ရုံလူမခံနိုင်ပါဘူး.. သိပ်အပြောင်းအလဲမြန်ပြီး သိပ်ကြမ်းတာကိုးနော်.. တစ်ခါက သူငယ်ချင်းတစ်ယောက်ကို စçခဲ့ဖူးတယ်.. သူ့မှာမောင်လေးရှိတော့ မောင်ကိုနှမြောတဲ့ သူငယ်ချင်းကို စçနောက်ရင်း တော်ပါပြီကွာ..မန္တလေးသားတွေက မန္တလေးရာသီဥတုလိုပဲ အပြောင်းအလဲမြန်တယ်.. မစဉ်းစားရဲပါဘူးလို့ .. ပြောခဲ့ဖူးတာ အမှတ်ရမိပါရဲ့...
ခေါင်းသိပ်မကြည်တော့ စာလည်းသိပ်မဖတ်ဖြစ်ဘူး..ဖတ်စရာတွေးစရာ“စာ” ခေါင်းထဲမ၀င်လာတော့ ဆွေးစရာအကြောင်းတွေက ရောက်ရောက်လာတယ်..
လူတစ်ယောက်ကို ကျွန်တော်လွမ်းနေမိတာ ရက်နည်းနည်းကြာပြီ.. ဒါပေမယ့် ဒီနေ့မှာ ပိုလွမ်းတယ်.. အဆင်ပြေရဲ့လား.. နေရောကောင်းရဲ့လား ဆိုတဲ့အတွေးက ကျွန်တော့်ကို တော်တော်နှိပ်စက်ပါတယ်.. လွမ်းတယ်ဆိုတာထက် စိတ်ပူနေတာက နည်းနည်းပိုတယ်ပြောရမလား.. ခေါင်းကိုက်တာရယ် ၊ သတိရတာရယ် ၊ လွမ်းတာရယ် ၊ စိတ်ပူတာရယ်..အားလုံးပေါင်းတော့ စိတ်ထဲမှာ နောက်ကျိလာတယ်.. သက်ပြင်းကိုပဲ ခဏခဏချမိတယ်. .. ကျွန်တော်သိပ်မကြိုက်ပေမယ့် သူကြိုက်တဲ့ အဆိုတော်ရဲ့သီချင်းတွေကို နားထောင်ဖြစ်တယ်.. အလွမ်းများပြေမလားလို့ပါ.. ဒါပေမယ့် ပိုပြီးတော့သာ လွမ်းလာတာပဲ... ဒီလိုနဲ့ပဲ ကျွန်တော့်ရဲ့ ဒုတိယနဲ့ နောက်ဆုံးအချစ်က တရားဝင်ဖူးပွင့်ခွင့်မရတော့ဘဲ ကန့်လန့်ကာပိတ်သိမ်းလိုက်ရတော့မယ် ထင်ပါရဲ့...
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လွမ်းနေတာကို သူသိမယ် မဟုတ်ဘူး.. သိရင်လည်း ယုံနိုင်မယ်မထင်လို့ပါ..သူ မန္တလေးသား မဟုတ်ဘူးလေ.. အပြောင်းအလဲမြန်မယ့်သူမဟုတ်ဘူးလို့ မှန်းမိတယ်.. ကျွန်တော့်ကြောင့် သူ့စိတ်တွေမပြောင်းလဲလာနိုင်ပါဘူး.. တသတ်မတ်တည်းရပ်တည်တတ်တဲ့ သူ့ သဘောထားက မပြောင်းလဲလာနိုင်ဘူးလို့ ကျွန်တော်စိတ်ထဲ ထင်နေမိတယ်.. အဲဒါဟာလည်း သူ့အတွက် ကောင်းတာပါပဲလို့ တွေးမိပြန်တယ်.. ရည်မှန်းချက်တွေအပြည့်နဲ့ ရှေ့ကိုရွက်လွှင့်နေတဲ့ သူ့ဘ၀လှေလေး ကျွန်တော့်ကြောင့် နောက်ကြောင်းပြန်လှည့်လာစရာ မလိုတော့ဘူးလို့ တွေးမိတော့ ကျွန်တော်နာနာကျင်ကျင်နဲ့ပဲ သူ့အတွက် နှစ်သိမ့်မိပြန်ပါတယ်.. ကျွန်တော်ကတော့ ကျောက်ချရပ်နားနေရတဲ့ လှေငယ်တစ်စင်းပေါ်မှာလေ..
းးးးးးယုံကြည်စရာ အနာဂတ်မရှိရင် လူဆိုတာ ပျက်စီးတတ်တယ် ကလေးရားးးးး
ငယ်ငယ်ကသိပ်ကြိုက်ခဲ့တဲ့ ဆောင်းဦးလှိုင်သီချင်းထဲက စာသားလေးပါ.. ခုချိန်ထိလည်း အဲဒီသီချင်းကို ကြိုက်ပါတယ်.. လောလောလတ်လတ်တင် နားထောင်ဖြစ်ရင်း သီချင်းလိုက်ညည်းရင်း ဒီစာသားလေးကိုရေရွတ်မိတော့ တစ်ယောက်တည်းစိတ်ထဲက ပြုံးမိပါတယ်.. ငါကရော ပျက်စီးနေတဲ့လူစာရင်းထဲ ပါနေပြီလားလို့.. တွေးမိလို့ပါ.. ကျွန်တော့်အတွက် ယုံကြည်စရာအနာဂတ် ပျောက်နေခဲ့တာ ကြာခဲ့ပြီမို့လေ.. အနာဂတ်ဆိုတာကို သိပ်စိတ်မ၀င်စားတတ်တော့တာ ဘယ်လောက်ကြာနေပြီလဲတောင် မသိတော့ပါဘူး..
မူလတန်းကျောင်းသူ..အလယ်တန်းကျောင်းသူ..အထက်တန်းကျောင်းသူ.. အဲဒီဘ၀တွေတုန်းက မျှော်လင့်ချက်တစ်လှေကြီးနဲ့ အနာဂတ်အတွက် တက်ကြွနေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရပါတယ်..
မူလတန်းကျောင်းသူဘ၀တုန်းက ကျွန်တော်ဖြစ်ချင်ခဲ့တာ စာသင်တဲ့ ဆရာမ.. အလယ်တန်းကျောင်းသူဖြစ်တော့ ဆရာ-ဆရာမတွေဖြစ်စေချင်ခဲ့တဲ့ ဆရာဝန်ဘ၀ဆိုတာကို အိပ်မက်ပြောင်းမက်ခဲ့တယ်.. အထက်တန်းကျောင်းသူဖြစ်တော့ အင်ဂျင်နီယာဖြစ်ဖို့ အိပ်မက်ပြောင်းသွားပြန်ရော.. MIT ကျောင်းကို အသေအလဲသွားချင်ခဲ့တာ.. ဒါပေမယ့် ဘယ်လိုင်းကို ၀ါသနာပါလှတယ်ရယ်လို့မဟုတ်ဘူး.. MIT ကျောင်းကို သွားတက်ချင်တာ.. အဲဒီတုန်းက ဆယ်တန်းအောင်ရင်ဆိုတဲ့.. ကျွန်တော့်အတွက် အနာဂတ်အိပ်မက်ဆိုတာ ပြိုးပြိုးပြက်ပြက်တောက်ပနေတဲ့အချိန်ပေါ့..
ဒီလိုနဲ့ ဆယ်တန်းအောင်ပါရော.. ဆရာ-ဆရာမတွေ နှစ်သိမ့်ပြုံးနဲ့ ဆေးကျောင်းမီမှာပါဆိုတဲ့ နှစ်သိမ့်စကားတွေကြားတိုင်း စိတ်ပျက်လက်ပျက်နဲ့ ဆေးကျောင်းမမီပါစေနဲ့လို့ ရင်တထိတ်ထိတ်ဆုတောင်းခဲ့ရတယ်.. အဲဒီအချိန်ထိ အမ်အိုင်တီကိုပဲ ရောက်ချင်ခဲ့တာ..ဘာရယ်မဟုတ်ပါဘူး.. ကျွန်တော်တို့တုန်းက ဆေးကျောင်းတွေပြီးရင် ဒုတိယအမှတ်အမြင့်ဆုံးက အမ်အိုင်တီလေ.. မှန်းထားတဲ့အတိုင်း MIT ကိုတက်ဖို့ အမှတ်မီတယ်.. ဒါပေမယ့် တက္ကသိုလ်ဝင်ခွင့်မှာ ထည့်မလျှောက်ဖြစ်လိုက်ဘူး.. အဖေက မလျှောက်ခိုင်းလို့.. ပြီးတော့ ကျွန်တော့်စိတ်ကလည်း MIT မတက်ရရင် တစ်ပိုင်းသေမလောက် ပြင်းပြတဲ့စိတ်အနေအထားမျိုးမရှိခဲ့တာလည်း ပါပါတယ်.. အဲဒီအချိန်ထိ ကျွန်တော့်အနာဂတ်က မပျောက်သေးဘူး.. သေချာပေါက် အမှတ်မီတဲ့ ကွန်ပျူတာတက္ကသိုလ်တက်ဖို့ အိမ်မှာ ဈေးရောင်းရင်းစောင့်ခဲ့တယ်.. ကွန်ပျူတာတက်မယ်သာပြောတာ.. ဘာကွန်ပျူတာသင်တန်းမှ မတက်ဖြစ်ခဲ့ဘူး.. တကယ်ပြောတာ..
နှစ်နှစ်လောက်အိပ်စောင့်လိုက်ရပြီး ရန်ကုန်ကျောင်းက ခေါ်စာရောက်လာတယ်.. ရန်ကုန်ကွန်ပျူတာကို သွားတက်ရတော့မယ်ဆိုပြီး ကြောက်လည်းကြောက်.. ရင်တွေလည်းခုန်ပေါ့.. (ရန်ကုန်ကို အောက်မြန်မာပြည်မှာနေတုန်းက ငယ်ငယ်တုန်းကပဲ ရောက်ခဲ့ပြီး မန္တလေးဘက်ပြောင်းလာရကတည်းက ပြန်မရောက်တော့တာ ခုချိန်ထိပဲ.. တောသူဖြစ်နေတာ အတော်ကြာခဲ့ပြီဆိုပါတော့.. ) ..ရန်ကုန်သွားဖို့ပြင်ဆင်.. ဘယ်မှာ ဘယ်လိုနေရမလဲ စိတ်ကူးအစီအစဉ်တွေဆွဲ... မန္တလေးကွန်ပျူတာကျောင်းက အဲဒီတုန်းက MIT ၀င်းထဲမှာ.. ကျွန်တော်တို့လို regular တန်းတွေအတွက် အတန်းမရှိသေးဘဲ ကြားဖြတ်ပြီး ၀င်ခွင့်နဲ့ခေါ်ထားတဲ့ အတန်းတွေပဲရှိသေးတယ်.. အဲဒီမှာ ညနေပိုင်းဒီပလိုမာတန်းတက်နေတဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်တော်ရန်ကုန်ကွန်ပျူတာတက်ရမယ်ဆိုတော့ ၀မ်းသာအားရနဲ့.. ရန်ကုန်ကျောင်းတက်ရတာ ပိုကောင်းမယ့်အကြောင်း.. မန္တလေးကျောင်းက စာမသင်တဲ့အကြောင်းပြောပါတယ်.. ကျွန်တော်လည်း ရန်ကုန်သွားဖို့ အိပ်မက်တွေမက်လို့ပေါ့..
ကျွန်တော့်အိပ်မက်က တာရှည်မခံလိုက်ပါဘူး.. တစ်လလောက်နေတော့ မန္တလေးကွန်ပျူတာကျောင်းက ခေါ်စာထပ်ရောက်လာတယ်.. ဒဟတ်တောကွန်ပျူတာကို တက်ရမယ်ဆိုတဲ့အကြောင်း.. ရင်ထဲမှာ ငိုချင်တာလိုလို ရယ်ချင်တာလိုလိုနဲ့.. ငိုချင်တာက အင်မတန်တက်ချင်တဲ့ ရန်ကုန်ကျောင်းကို တက်ခွင့်မရတော့ဘူး.. ရယ်ချင်တာတော့ ကိုယ်ကျင်လည်နေကျပတ်ဝန်းကျင်ကနေ ဝေးဝေးမသွားရ .. ကိုယ့်အတွက် အိမ်က စရိတ်သိပ်မကုန်တော့ဘူးဆိုတဲ့ အတွေးကြောင့်ပါ.. အဲဒီတုန်းက ကျွန်တော့်အနာဂတ်လှမ်းကြည့်လိုက်တော့ ထင်ထားသလောက် အရောင်မတောက်ပတော့ပေမယ့် ခပ်လက်လက်လေး မြင်နေမိသေးတယ်..
ကျွန်တော်တို့ကျောင်းက ၂၀၀၀ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့မှာဖွင့်တယ်.. ကျောင်းမဖွင့်ခင် ကျောင်းသွားအပ်ကြတယ်.. ဒဟတ်တောဆိုတာ ဘယ်နားမှန်းမသိ.. လိုက်ပို့ပေးတဲ့ ဦးလေးတစ်ယောက်နဲ့ ကျွန်တော် မေးရင်းမြန်းရင်း ကျောင်းကိုရောက်သွားခဲ့တယ်.. အပင်ကြီးကြီးမားမားမရှိ လူသူမရှိ..ခြောက်သယောင်းနေတဲ့ပတ်ဝန်းကျင်ရယ် .. ခပ်နုပ်နုပ်စာသင်ဆောင်လေးတွေကိုကြည့်ရင်း ကျွန်တော့်စိတ်ထဲ အတော်မောသွားပါတယ်.. ကိုယ့်တူမကို စိတ်မချတဲ့ ကျွန်တော့်ဦးလေးက ပြောရှာတယ်.. ဒီလောက်ဝေးတဲ့ကျောင်းကို တက်မယ့်ကျောင်းသူရော ရှိပါ့မလား.. ယောက်ျားလေးတွေပဲတက်မယ်ဆိုရင်တော့ ငါ့တူမ ဒီကျောင်းကို မတက်ရဘူးတဲ့.. ကျွန်တော့်စိတ်ထဲမှာတော့ ဦးလေးကို ဘာမှပြန်မပြောနိုင်လောက်အောင် စိတ်ပျက်လက်ပျက်ဖြစ်နေပြီ.. အနာဂတ်ဆိုတာ အရောင်တော်တော် မှိန်ကျသွားတယ်ထင်တာပါပဲ..
နောက်..ကျောင်းတက်ရတော့ တစ်ကျောင်းလုံးမှာ တစ်တန်းတည်းရှိတဲ့ ကျွန်တော်တို့အတန်းကို ဆရာမတွေက စာဖိသင်ကြတယ်.. ထင်ထားတာနဲ့ လွဲနေတော့ ပြန်အားတက်လာတယ်.. စာသင်သားပဲဟဲ့ပေါ့.. ကျွန်တော်တို့ အတန်းကို ဘယ်လောက်စာသင်လဲဆို MIT ကျောင်းဘက်က ရွှေ့လာတဲ့ ကျွန်တော်တို့ရဲ့စီနီယာတန်းတွေက မနာလိုဖြစ်ယူရလောက်အောင် သင်ပါတယ်.. ကျွန်တော်တို့ကိုကျတော့ စာသင်တယ်.. သူတို့ကိုကျတော့ မသင်ဘူးပေါ့.. ကျွန်တော်တို့အတန်းကို ဘာလို့စာဖိသင်လဲဆိုတော့ အတန်းက ၉၆ အောင်တွေရော ၊ ၉၇ ၊ ၉၈ အောင်တွေကိုပါ ပေါင်းခေါ်ထားလို့ ကျောင်းသားတွေ သိပ်နစ်နာမှာစိုးတဲ့အတွက် ၄ လနဲ့တစ်တန်း ပြီးရမယ်ဆိုတာကိုး.. ဒါပေမယ့် ၆လတန်းဖြစ်သွားပါတယ်.. ဒီလိုနဲ့ ပထမနှစ် ခြောက်လ ၊ ဒုတိယနှစ်ခြောက်လနေပြီး တတိယနှစ်ကျတော့ ဆယ်လတန်းပြန်ဖြစ်သွားတယ်..
ဒါနဲ့ကျောင်းပြီးရောဆိုပါတော့ .. ကျောင်းနေနေတုန်းက တစ်နှစ်တစ်တန်းအောင်ဖို့ ကြိုးစားစရာရှိသေးတယ်.. ကျောင်းလည်းပြီးသွားရော လူလည်း မျောက်သစ်ကိုင်းလွတ်သလို ဖြစ်သွားတယ်.. ဘာဆက်လုပ်ရမှန်းလည်း မသိတော့ဘူး..အနာဂတ်ဆိုတာ တွယ်ရာမဲ့ ဟာလာဟင်းလင်းကြီးဖြစ်နေခဲ့တာ ခုချိန်ထိပဲ...
ကိုယ်ဖြစ်ချင်တဲ့ဘ၀နဲ့ လက်ရှိအနေအထားက ဝေးကွာလွန်းတယ်.. ကျောင်းစာတော်တိုင်း အပြင်လောကမှာတိုးလို့မရဘူးဆိုတာ ကျောင်းမှာ rollျ ကောင်းခဲ့တဲ့ ကျွန်တော့်သူငယ်ချင်းတစ်ချို့က သက်သေခံတယ်.. ကျောင်းစာမတော်ပေမယ့် ကိုယ်စိတ်ဝင်စားရာအပိုင်းမှာ တော်တဲ့သူငယ်ချင်းတစ်ချို့ လိုအပ်တဲ့ ငွေကြေးအထောက်အပံ့မရှိလို့ ရှေ့ဆက်မသွားနိုင်ဖြစ်ပြီး ဆယ်တန်းဂိုက်လုပ်ရင်း ပိုက်ဆံရှာနေရတဲ့သူတွေရှိတယ်.. ပညာရေးလည်းကောင်း ၊ ထောက်ပံ့ပေးတဲ့သူလည်းရှိပေမယ့် ဒီလောကကို ကျောခိုင်းပြီး မင်္ဂလာဆောင်ရင် အမြီးတပ်ကောင်းရုံ ကျောင်းတက်သွားတဲ့ သူငယ်ချင်းတွေလည်းရှိတယ်.. စာသင်ရတာ ၀ါသနာပါလို့ကို ကျောင်းမှာ ဆရာမပြန်လုပ်တဲ့ သူငယ်ချင်းလည်းရှိတယ်.. စာသင်တာ ၀ါသနာ ပါပါ-မပါပါ လုပ်စရာမရှိလို့ ကျောင်းမှာဆရာမပြန်လျှောက်တဲ့ သူငယ်ချင်းတွေလည်းရှိတယ်..
ကျွန်တော်ကရော.. စာမသင်ချင်လို့ အစိုးရ၀န်ထမ်းမလုပ်ချင်လို့ ဆရာမ မလျှောက်ခဲ့တာ အပြင်မှာလုပ်ရတော့လည်း စာသင်ရတဲ့အလုပ်ပါပဲ.. ကျွန်တော့်အနာဂတ်ကဘာလဲလို့ မေးလိုက်ရင် အလင်းရောင်ရေးရေးတောင် မခံစားမိတဲ့ အမှောင်ထုတစ်ခုလို့ပဲ ဖြေရပါတော့မယ်..
ကျွန်တော်တွေးကြည့်မိတယ်.. ပျက်စီးနေတယ်ဆိုတဲ့သူတွေထဲမှာ ကျွန်တော်ပါနေပြီလားလို့....
ကျွန်တော်နှင့် “ကျွန်တော် ၊ ကျွန်မ အသုံးအနှုန်း”
အလယ်တန်းကျောင်းသူဘ၀အစထိ စကားပြောတဲ့အခါ ကိုယ့်ကိုယ်ကိုယ် နာမ်စားသုံးချင်ရင် ကိုယ့်နာမည်ကိုပဲ ထည့်ပြောလေ့ရှိပါတယ်... အလယ်တန်းမှာ အတန်းတွေကြီးလာတော့ မန္တလေးနဲ့ နီးတဲ့မြို့ငယ်လေး တစ်မြို့ကိုပြောင်းခဲ့ရတယ်.. အဲဒီမှာ မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျွန်တော်လို့ နာမ်စားသုံးတယ်..တခြားသူကိုတော့ ခင်ဗျားပေါ့.. အဲဒီမှာ “ကျွန်တော်” ဆိုတဲ့ အသုံးလေးကို သဘောကျသွားပြီး ကိုယ့်ကိုယ်ကိုယ်ရည်ညွှန်းချင်တိုင်း “ကျွန်တော်” လို့ပဲ နာမ်စားသုံးဖြစ်ခဲ့တယ်.. နာမည်ကိုထည့်ပြောရင် ကိုယ့်နာမည်မသိစေချင်တဲ့ လူတွေ နာမည်သိသွားမှာ ကြောက်တာလည်း ပါတာပေါ့..
နောက် အင်တာနက်သုံးဖြစ်လို့ ပုဂံဖိုရမ်ဝင်ရေးဖြစ်တဲ့အခါ အပြင်မှာ စကားပြောသလိုပဲ “ကျွန်တော်” လို့သုံးပါတယ်.. အဲဒီတော့ တစ်ချို့ ဖိုရမ်မန်ဘာတွေက ယောက်ျားလေးထင်ကြပါတယ်.. တစ်ချို့အကြောင်း အရာအဖြစ်အပျက်တွေကို ရေးပြတဲ့အခါ ဇဝေဇ၀ါဖြစ်သွားတတ်ကြတယ်.. အဲဒါကြောင့် နေးတစ်မြန်မာဖိုရမ်ကိုရောက်တဲ့အခါ မိန်းကလေးမှန်း သိသာအောင် ကျွန်မလို့ပဲ နာမ်စားသုံးဖြစ်ခဲ့တယ်..ဒါပေမယ့် “ဗျ” “ဗျာ” “ကွာ” အသုံးတွေကိုတော့ မဖျောက်နိုင်ခဲ့ပါဘူး..
မိန်းကလေးဖြစ်ပြီး “ကျွန်တော်” လို့သုံးတဲ့အတွက်ကြောင့် ရယ်စရာလေးတွေလည်း ကြုံဖူးပါရဲ့.. တောင်ကြီးဘက်က မိတ်ဆွေတွေနဲ့တွေ့ရင် သူတို့ဘက်ကမိန်းကလေးတွေ ကိုယ့်ကိုယ်ကိုယ် သမီး ၊ ကျွန်မလို့ပဲ နာမ်စားသုံးလေ့ရှိတော့ ကျွန်တော်နဲ့စကားပြောရင် သူတို့တွေ ကိုးလို့ကန့်လန့်ဖြစ်ကုန်တော့တယ်.. ကျွန်တော့်ကို ပြောချင်ရင် သူတို့တွေက ကျွန်တော့်ကိုသမီးလို့မပြောတတ်ကြတော့ဘဲ “ခု ကျွန်တော်က ဘယ်ကလာတာလဲ..ကျွန်တော်ရဲ့မိဘတွေရော နေကောင်းကြလား ” ဘာညာဖြစ်ကုန်ကြပါတယ်..
ဖိုရမ်ပေါ်မှာလည်း ရယ်စရာလေးကြုံရဖူးပါတယ်.. ဖိုရမ်မင်းသားကြီး ကိုမိုးဂျိုနဲ့ပေါ့နော်.. ပုဂံဖိုရမ်က ကျွန်တော့်ပို့စ်တစ်ခုမှာ ပို့စ်ရေးပြီးတော့ “ကျွန်တော်က မိန်းကလေးဖြစ်ပါတယ်.. မန္တလေးကမို့ ကျွန်တော်လို့ သုံးတာပါ” ဆိုပြီး ကျွန်တော်က မှတ်ချက်ရေးလိုက်ပါတယ်.. အဲဒါကို ကိုမိုးဂျိုက ပို့စ်တစ်ခုလုံး ကျွန်မ အသုံးချင်းထပ်အောင်ရေး.. ပြီးတော့ ပို့စ်အောက်ခြေမှာ ကျွန်မက ယောက်ျားလေးပါ.. ဆန်ဖရန်ဆစ်စကိုကမို့ ကျွန်မလို့ ရေးတာပါဆိုပြီး ကျွန်တော့်ကို ဟာသလုပ်ခဲ့ဖူးပါတယ်.. အဲဒီတုန်းက ကိုမိုးဂျိုရဲ့ပို့စ်ကို ဖတ်ပြီး ရယ်လိုက်ရတာ ဗိုက်တွေတောင်နာလို့...
နောက်..အမှတ်တရတစ်ခုပါ.. မန်းသူတွေနဲ့ မရင်းနှီး မကျွမ်းဝင်တဲ့ ကျွန်တော့်သူငယ်ချင်းနဲ့ စကားပြောဖြစ်ကြတော့ “ဟောဗျာ” လို့ ကျွန်တော်က သုံးမိပါတယ်..သူငယ်ချင်းက “ဟောတော့်” လုပ်စမ်းပါဟာတဲ့.. သူ့နားထဲမှာ ကန့်လန့်ဖြစ်သွားပုံရပါတယ်..အဲဒီကတည်းက ကိုယ့်ကိုယ်ကိုယ် ကျွန်တော်အစား ကျွန်မလို့ သုံးဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ်.. ဒါပေမယ့် ဖိုရမ်ရေးတဲ့အခါနဲ့ သူစိမ်းနဲ့စကားပြောတဲ့အခါမှာပဲ အောင်မြင်ပါသေးတယ်..
ဟောဒီနေရာလေး.. ကျွန်တော်ပိုင်တဲ့နေရာလေးမှာတော့ မိန်းကလေးဖြစ်နေပေမယ့် ကိုယ့်ကိုယ်ကိုယ် ကျွန်တော်လို့ပဲ သုံးချင်ပါတယ်.. ကန့်သတ်ချက်တွေများတဲ့ မိန်းကလေးဘ၀မှာ ဘလော့ဂ်ရေးတဲ့အခါတော့ ကန့်သတ်ချက်တွေကနေ လွတ်မြောက်ချင်ပါတယ်.. မိန်းကလေးဖြစ်ရင် ဘယ်လိုနေရမယ် ဘယ်လိုထိုင်ရမယ် ဘယ်လိုပြောရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေကနေ တဒင်္ဂပဲဖြစ်ဖြစ် လွတ်မြောက်နေချင်ပါတယ်.. ကျွန်တော့်ရဲ့ ဘလော့ဂ်ကို ကျွန်တော့်အတွက် စိတ်လွတ်ကိုယ်လွတ်ရှိတဲ့နေရာလေးတစ်ခု အဖြစ်ပဲ ခံစားချင်တယ်.. အဲဒါကြောင့် ကျွန်တော်ကြိုက်တဲ့အသုံးအနှုန်းနဲ့ပဲ သုံးနှုန်းသွားပါမယ်.. ကျွန်တော့်ရဲ့..တစ်ယောက်သောသူ ရှေ့မှာလွဲရင်ပေါ့..း-)
Labels: Events
ပုံပြင်လေးတစ်ပုဒ် ကြားဖူးကြမလားမပြောတတ်ဘူး.. တစ်ခါတုန်းက တရုတ်လောပန်တစ်ယောက် ရှိတယ်.. သူက သိပ်ကိုကျန်းမာတယ်.. ဖျားတာနာတာမဖြစ်ဖူးဘူး.. ဒါပေမယ့် သွားကိုက်ဝေဒနာကိုတော့ အကြီးအကျယ်ခံစားရဖူးတယ်.. သူက သိပ်ကျန်းမာတော့ သူ့ဆီမှာ အလုပ်လုပ်တဲ့အလုပ်သမားတွေ နေမကောင်းဘူးလို့ခွင့်ယူရင် ဘယ်တော့မှ ခွင့်မပေးပါဘူးတဲ့.. သိပ်စိတ်ဆိုးပြီး အလွန်ကြိမ်းမောင်းဆဲဆိုတတ်ပါသတဲ့.. တစ်ရက်ကျတော့ သူ့အလုပ်သမားတစ်ယောက်က သွားသိပ်ကိုက်နေလို့ အလုပ်နားဖို့ ခွင့်တောင်းတယ်..အဲဒီမှာ တရုတ်ကြီးက ခွင့်ပေးပါသတဲ့... သွားကိုက်တဲ့ဝေဒနာက သိပ်ဆိုးတယ်... အိမ်မှာ နားနားနေနေပြန်နေ.. ရောဂါပျောက်မှ ပြန်လာပါလို့တောင် အလုပ်သမားကို ပြောလိုက်သေးတယ်တဲ့...
ဒီပုံပြင်လေးရဲ့ဆိုလိုချက်က တစ်ခုခုကို ကိုယ်တိုင်မခံစားဖူးရင် အဲဒီခံစားချက်ကို သေချာမသိနိုင်ဘူး.. ကိုယ်ချင်းမစာနိုင်ဘူးဆိုတဲ့ လူမျိုးတွေရှိတဲ့အကြောင်း ပြောပြချင်တာလို့ ကျွန်တော်ယူဆမိတယ်..
တစ်ခါက မချစ်ဖူးတဲ့ကျွန်တော့်သူငယ်ချင်းတစ်ယောက်က မေးပါတယ်.. အချစ်ဆိုတာ
ဘာလဲတဲ့.. ကျွန်တော်သူ့ကို တစ်ခုပဲ ပြောပြလိုက်တယ်.. နင် ခလုတ်တိုက်ဖူးသလားလို့.. ခလုတ်တိုက်ခံရရင် သိပ်နာတယ်ဟုတ်.. ဒါပေမယ့် နင်က ခလုတ်တစ်ခါမှ မတိုက်ဖူးတဲ့သူဖြစ်ရင် အဲဒီခလုတ်တိုက်ခံရလို့ရတဲ့ဝေဒနာကို ပြောပြရုံနဲ့ နင်သိပါ့မလား.. ခံစားနိုင်ပါ့မလား..ခလုတ်တိုက်မိရင်ခံစားရတဲ့ ဝေဒနာကိုသိချင်ရင် ခလုတ်တိုက်ကြည့်လိုက်..အဲလိုပဲ အချစ်ဆိုတာဘာလဲသိချင်ရင် ချစ်ကြည့်လိုက်လို့ ပြောခဲ့ဖူးတယ်.. သူငယ်ချင်းကတော့ ရယ်နေလေရဲ့.. အဲဒီသူငယ်ချင်းက အသည်းကွဲရမှာ သိပ်ကြောက်တဲ့သူငယ်ချင်းပေါ့.. အသည်းကွဲရမှာစိုးလို့ ဘယ်သူ့ကိုမှ သံယောဇဉ်မထားမိအောင် နေပါသတဲ့.. အဲဒီသူက အချစ်ဆိုတာဘာလဲ သိချင်ပါသတဲ့..
ကျွန်တော်ကိုယ်တိုင်လည်း ဆိုးဝါးတဲ့တစ်ချို့ခံစားချက်တွေကို ခုချိန်ထိ မခံစားဖူးသေးဘူး... အဲဒါကြောင့် လူတစ်ချို့ရဲ့ စိတ်နာကျင်မှုတွေ ၊ ကြောက်လန့်မှုတွေကို နားမလည်နိုင်သေးတာ ထင်ပါရဲ့.. ကိုယ်ချင်းစာတရား များများထားနိုင်ဖို့ ကိုယ်ကိုယ်တိုင် များများနာကျင်ခံစားဖူးဖို့ လိုမလားနော်...တွေးကြည့်မိတာလေးပါ...