ချစ်သူရေ...
မန်းရဲ့ဆောင်းက မပီတပီအနေအထားကနေ ပီပြင်လာပြီ.. အေးချမ်းတဲ့အရိပ်တွေနဲ့..
ခပ်စိမ့်စိမ့်လေးဖြစ်နေပြီ.. ချစ်သူကို သတိရတယ်.. လွမ်းတယ်ဆိုတာထက်..
အေးအေးငြိမ့်ငြိမ့်လေးနဲ့ သတိရတာ.. အအေးကြောက်တဲ့ချစ်သူကို
ရွှေမန်းရဲ့ဆောင်းတွင်းမှာ ရှိမနေစေချင်တာတော့အမှန်ပဲ.. တောင်ပေါ်က
ထင်းရှူးပင်နဲ့ချယ်ရီကြားက မြေနီလမ်းမှာတော့ ချစ်သူနဲ့အတူလက်တွဲ
လျှောက်ချင်တယ်.. ဆောင်းရယ် နှင်းရယ်..ကိုယ့်ချစ်သူရယ်..
အတူတူပါပဲကွယ်လို့.. ချစ်သူပြောတာကြားချင်ပါရဲ့..
ချစ်သူရဲ့ချစ်သူ...
Labels: Memories
အလွမ်းကဗျာ (၁)
ညို့ ညို့ တိမ်ညို.. ပြိုမလိုဆင်..
မိုးသက်လေလျှင်
ငိုချင်လက်တို့ ...... စို့ စို့ မျက်ရည်
လွမ်းဖို့ ဖန်သည်..
တနယ်ဝေးလို့ ဆွေးရသည်..။
Labels: Poem
အပြုံးတွေ ကိုယ့်အနား
အမြဲတမ်းဝေပါ..
နှလုံးသားအခြေထိဆင်း........
ရင်ရဲ့အနက်ရှိုင်းဆုံးနေရာ..
သူ့အတွက်ပေးထားတာ။
နားလည်မှုတွေ ခင်းကျင်း
ယုံကြည်မြတ်နိုးခြင်း တပုံတပင်နဲ့
ကြင်သူရေ ခရီးကိုဆက်မယ်
တွဲလက်တို့ ခိုင်ခိုင်မြဲစေကွယ်.....။
Labels: Poem
တလောကလုံး သူနဲ့ တင်ပြည့်။
သူမရှိတဲ့အခါ...
အလွမ်းတွေနဲ့ တလောကလုံးပြည့်။
နွေနှင်း
Labels: Poem
အတုအယောင်တွေနဲ့ တည်ဆောက်တဲ့ဘဝ
စိတ်ညစ်ခြင်း-စိတ်ပျော်ခြင်း ကိုယ့်စိတ်ကဖန်ဆင်းမှတော့
ပျော်စရာကိုပဲ မြင်ကြည့်မယ်...
သာမန်လူဖြစ်တဲ့ ကိုယ့်အတွက်
အိုမာခရမ် လိုအပ်သလောက်ပဲ
လိုပါတယ်.....။
Labels: Poem
မိုးတစိမ့်စိမ့် အေးငြိမ့်ငြိမ့်မှာ
ဝင်သက်ထွက်သက် နာရီစက်မျှ
ဆက်ဆက်ရင်ခုန် ရက်တို့ စုံသော်
လသို့ ချဉ်းနင်း နှစ်သို့ ယွန်းမည်
ချစ်ခြင်းထာဝရတည်စေသောဝ်.....။
5:00 pm
အိပ်မက်တစ်ခုမက်ခဲ့တာ မေ ၂၁ ညကပေါ့.. ကျွန်တော်က တောင်ပေါ်ဒေသတစ်နေရာမှာ
ရှမ်းလိုလိုတောင်ပေါ်သားတွေနဲ့ လိုက်သွားရတယ်.. သူတို့က
ကိုယ့်ကိုဖမ်းပြီးခေါ်သွားသလိုမျိုး.. အကြမ်းပတမ်း
ကြိုးတွေဘာတွေတုပ်ပြီးခေါ်သွားတာမျိုးမဟုတ်ဘဲ ကိုယ့်ကို
သူတို့လူတွေဝန်းရံပြီး ခေါ်သွားခံရတာ.. ကိုယ့်ပုံစံကလည်း
အားမတန်လို့မာန်လျှော့ပြီး သူတို့နဲ့လိုက်သွားရတဲ့ပုံစံမျိုး..
သူတို့ရဲ့ရွာကိုရောက်တော့.. ရွာလူကြီးလိုလိုလူတစ်ယောက်က ကျွန်တော့်ကို
တစ်ခုခုပြောတယ်.. ပြီးတော့ ဂမုန်းပင်(ကွင်းထိုးဂမုန်းပင်)ကို
ကျွန်တော့်ရှေ့မြေပေါ်ပစ်ချပေးလိုက်တယ်.. ကျွန်တော်ကလည်း ပါးစပ်ကနေ
တစ်ခုခုပြောပြီး မြေပေါ်လဲနေတဲ့ဂမုန်းပင်ကို ရေနဲ့လောင်းလိုက်တဲ့အခါ
အပင်ကနေ ပန်းအဖူး ရိုးတံနဲ့ချက်ချင်းထွက်လာ.. ငုံရာကဖူး.. ဖူးရာကနေ
ချက်ချင်းပွင့်သွားပါတယ်.. ပန်းက နှစ်ပွင့်လားသုံးပွင့်လား မပြောတတ်ဘူး..
ဖြူဖွေးပြီးအပွင့်ခပ်ကြီးကြီးနဲ့လှတာတော့ မှတ်မိတယ်.. အဲလိုပန်းတွေ
ချက်ချင်းပွင့်လာတာမြင်တော့ ရွာလူကြီးလိုလိုလူနဲ့ တခြားသူတွေ
ကျွန်တော့်ကိုကြည့်တဲ့အကြည့်တွေ ပြောင်းကုန်တယ်.. အိပ်မက်က
ဒီမှာတင်ပဲပြီးသွားလေရဲ့.. အဲဒီအိပ်မက်မက်ပြီးတဲ့နောက်မှာ..
နောက်ထပ်နောက်ထပ် မမျှော်လင့်ထားတဲ့အိပ်မက်တွေ လက်တွေ့ဘ၀မှာ
ဆက်တိုက်ဖြစ်လာခဲ့တယ်.. ကိုယ့်အသားကိုယ်ဆွဲဆိတ်ကြည့်တော့လည်း အနာသားပဲ..
အိပ်မက်က ကျွန်တော့်အတွက် လှလွန်းလို့ ဒီအိပ်မက်ကနေ လန့်နိုးသွားမှာကို
စိုးရိမ်မိပါရဲ့.. ထီးစိုင်သီချင်းထဲကလို "အိပ်မက်ကလှတယ်..
ဘ၀ကရုပ်ဆိုးတယ် ထင်နေသူကို.. နှစ်သိမ့်ပါရစေ... မိုးမလင်းသေးဘူး..
အိပ်ဦးလို့.." ခပ်တိုးတိုးလာပြောပေးနေစေချင်ပါရဲ့လေ..
How I wish to be like you.
Can happily fly in the sky.
No, no , dear flower.
When your friends the sun,
wind and rain lose temper,
I am in great danger.
Oh, birdie!
Is it not great to be in the sky?
No, but someday,
as you smile in a vase,
I may cry in a cage.
So,... dream not of the high
but thank and love your soil.
Labels: Poem
"မီး"ဆိုတဲ့ အသံကြားရင် သွေးလန့် မိတာ ရတနာပုံဈေးကြီးမီးလောင်ပြီးကတည်းကပါ.. အခုလည်း မနေ့ က ကျွန်တော်တို့ ရုံးနဲ့ ကပ်ရပ် Kanebo အလှကုန်မှာ မီးလောင်ပါတယ်.. ၀ါယာရှော့လို့ ပြောတယ်.. မီးးး မီးးး ဆိုတော့ ကျွန်တော်က ရုံးကဖွင့်တဲ့ Cyber ထဲမှာ.. ကိုယ့်ဂျူတီချိန်မဟုတ်ပေမယ့် လုပ်စရာရှိနေလို့ Cyber ထဲရောက်နေခဲ့တယ်.. မီးလို့အသံကြားလိုက်တာနဲ့ အင်တာနက်သုံးနေတဲ့သူတွေလည်း အကုန်ထပြန်ကြတယ်.. Cyber ကမောင်လေးက မီးသတ်ဗူးဆွဲပြီး အပြင်ထွက်သွားတယ်.. မီးစက်ကိုလည်း ရပ်လိုက်တယ်.. အပြင်ထွက်ကြည့်လိုက်တော့ ကျွန်တော်တို့ နဲ့ကပ်ရပ်မှာ မီးခိုးတွေက လုံးလို့ .. Cyber ထဲ အပြေးဝင်ပြီး ကျွန်တော်လည်း စက်ကိုဖြုတ်သိမ်းရင်းနဲ့ ငါ့မှာ ဘာပစ္စည်းယူစရာရှိသလဲ အပြေးအလွှားစဉ်းစားတော့ မနေ့က မိုးရွာလို့ ကိုယ့်ဆီအပ်ထားခဲ့တဲ့ Laptop တစ်လုံးနဲ့ ကိုယ့်ရဲ့ ပိုက်ဆံအိတ်တွေ သတိရလိုက်ပါတယ်.. (လူဟာ ကိုယ့်ကိုယ်ကိုယ်အချစ်ဆုံးဆိုတာ အရေးအကြောင်းဆိုပေါ်တာပဲ..ဟီးး ).. ကိုယ့်ပစ္စည်းတွေက သုံးထပ်မှာ.. အပေါ်တက်မယ်လို့ သင်တန်းဘက်ကူးခဲ့တော့ အပေါ်ကလူတွေ (သင်တန်းသားတွေ+ဆရာမတွေ)အားလုံး ပြေးဆင်းလာကြပြီ.. ဒါနဲ့ အပေါ်တန်းတက်လို့မရဘူး.. အောက်မှာပဲရပ်စောင့်ရင်း နည်းနည်းလူပါးမှ တက်.. နွေရာသီကလေးတန်းဖွင့်ထားချိန်ဆိုတော့ သင်တန်းသားတွေက ကလေးတွေခပ်များများပါ.. တချို့ကလေးတွေက လှေကားမှာတင်ရပ်နေကြလို့.. ဆင်းဆင်းဆိုပြီး လက်ကကိုင်ဆွဲထိန်း အောက်ကိုဆင်းခိုင်းရတယ်.. မီးစက်ပိတ်ချလိုက်တော့ မှောင်ကလည်းမှောင်.. မီးလောင်တယ်ဆိုတော့ ကြောင်သွားကြတာလည်း ပါပါလိမ့်မယ်.. ပစ္စည်းယူရမယ့်အထပ်ကိုရောက်တော့ ဖိနပ်ချွတ်မှာ ဖိနပ်တွေအများကြီး.. တချို့ကလေးတွေနဲ့ ဆရာမတွေ ဖိနပ်မယူနိုင်ဘဲ ပြေးဆင်းသွားကြပုံပဲ.. အထဲကိုဝင်တော့ တံခါးဝမှာတင် အနံ့တစ်ခုက နှာခေါင်းထဲ စူးခနဲဝင်.. ဒီအနံ့ကို သိပ်ရင်းနှီးတာပဲ.. ဟုတ်တာပေါ့.. သိပ်ကိုရင်နာစရာကောင်းတဲ့အနံ့.. တုန်လှုပ်ရတဲ့အနံ့... ICT မီးလောင်တော့ တစ်နေကုန် ဒီအနံ့က နှိပ်စက်ခဲ့တာ.. စိတ်ထဲမှာ ဆတ်ခနဲတုန်သွားတာသိလိုက်တယ်.. ဒါပေမယ့် ကိုယ့်လာရင်းကိစ္စကို သတိရလိုက်ပြီး ပစ္စည်းတွေထားတဲ့အခန်းကို အပြေးဝင်.. Laptop ကိုကောက်လွယ်.. ပိုက်ဆံအိတ်ပြေးယူ.. မနက်ကမှ သူငယ်ချင်းအကြုံပါးလိုက်တဲ့ သူ့ မင်္ဂလာဆောင်ဓါတ်ပုံတွေ အိတ်ထဲကောက်ထည့် (တိုက်က အာစီတိုက်ဆိုတော့ ချက်ချင်းတော့ မီးမကူးလာနိုင်ဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ပေါ့ ).. ရုံးမှာ ညအိပ်လို့ ယူလာတဲ့အ၀တ်အစားတွေနဲ့ အိပ်ရာလိပ်ကိုတော့ ချန်ထားခဲ့လိုက်တယ်.. ဒါတွေမရှိလည်း ဖြစ်တာပဲလေ.. မှောင်နဲ့မည်းမည်းကို အောက်ထပ်အပြေးဆင်း.. ထမင်းစားခန်းအထပ်ဝင်ပြီး စာအုပ်တွေ သယ်ရမလားစဉ်းစားသေးတယ်.. နောက်တော့.. မသယ်တော့ဘူးကွာ.. ခုလောလောဆယ် ပါလာတဲ့ပစ္စည်းတွေတောင် ဘယ်နားသွားထားရမှန်းမသိသေးဘူး.. ရုံးက ပစ္စည်းတွေလည်း နိုင်သလောက်ကူသယ်ရဦးမှာ.. စာအုပ်က ဒီအချိန်မှာ အရေးမကြီးတော့ဘူးဆိုပြီး.. အောက်ကိုဆင်းချလာလိုက်တယ်.. ဓါတ်ပုံတွေကို ယူလာပေးတဲ့သူငယ်ချင်းလက်ထဲ ထည့်ခဲ့လိုက်တယ်.. သူလည်း ဘာယူလို့ယူရမှန်းမသိဖြစ်နေတဲ့အချိန် ဓါတ်ပုံတွေသတိရလိုက်တာဖြစ်မယ်.. :)
လူတွေလည်း တရုန်းရုန်း.. ကိုယ်ကလည်း Laptop နှစ်လုံး ၊ အိတ်တစ်လုံးနဲ့ စက်ဘီးနားမှာသွားရပ်ရင်း ဘယ်လိုလုပ်ရမှန်းမသိ စဉ်းစားနေတာ.. ရုံးက ပစ္စည်းတွေလည်း သယ်ချင်သေးတယ်.. ကိုယ့်ပစ္စည်းလည်း ချထားခဲ့လို့ မဖြစ်.. ဘာလုပ်ရမယ်မှန်းမသိဖြစ်နေတုန်း.. ဖိုရမ်ကနေ ခင်ခဲ့တဲ့ သူငယ်ချင်းရောက်လာတယ်.. ပစ္စည်းတွေ ငါ့ပေးလိုက်တော့.. ရုံးပစ္စည်းတွေ သယ်မယ်ဆို သွားသယ်ဆိုပြီး ကျွန်တော့်ဆီက ပစ္စည်းတွေရယ်.. ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ Laptop တစ်လုံးရယ်ကို ယူသွားပေးတယ်.. သူ့အိမ်က ကျွန်တော်တို့ ရုံးနဲ့ နီးတော့ ကံကောင်းတာပေါ့.. ပစ္စည်းတွေသယ်ကြမယ်ဆိုတော့ စက်ပစ္စည်းတွေထည့်ဖို့ စက္ကူပုံးတွေ လိုလာပါရော.. အဲဒါတွေက အပေါ်ထပ်မှာ.. အရောင်းခန်းက ညီမလေးက ဘယ်လိုလုပ်ရမလဲဖြစ်နေတုန်း.. လာ .. ယူမယ်ဆို အစ်မလိုက်ခဲ့မယ်.. မီးက ချက်ချင်းတော့ ဒီဘက်မရောက်နိုင်ဘူး..ဆိုပြီး အပေါ်ထပ်ကို ဒုတိယအခေါက်တက်ရတယ်.. ပထမတစ်ခေါက်တက်တည်းက ခြေထောက်တွေတုန်ပြီး အားမရှိသလိုဖြစ်နေတာ.. ခုတစ်ခေါက်လည်း ဒီလိုပဲ.. ဒါပေမယ့် အပေါ်ကိုရောက်အောင်တက်.. ဓါတ်မီးရှာပြီး နိုင်သမျှ စက္ကူပုံးတွေ သယ်ချလာလိုက်တယ်... ကျွန်တော်တို့ တက်ပြီးတော့ နောက်က သုံးလေးယောက်လည်းလိုက်တက်လာလို့ ပစ္စည်းသယ်ရလောက်အောင် အဆင်ပြေတယ်ပေါ့.. စိတ်ထဲမှာတော့ ရတနာပုံဈေးမီးလောင်တုန်းကလို အဖြစ်မခံနိုင်ဘူး.. ရုံးကပစ္စည်းသယ်နိုင်သမျှသယ်မယ်လို့ စိတ်ထဲမှာထားထားတော့ အပေါ်လည်းတက်ရဲခဲ့တယ်.. ရတနာပုံဈေးမီးလောင်တုန်းက ကိုယ့်အထပ် ကိုယ့်ရုံးကပစ္စည်းတွေ မသယ်နိုင်ဘဲ မလောင်မချင်း တစ်နေကုန်ဒီတိုင်းထိုင်ကြည့်နေခဲ့ရတာ.. ငါတို့ မသယ်ခဲ့လိုက်ရလေခြင်းဆိုတဲ့ ခံစားချက်က အရမ်းကိုခါးပါတယ်.. ခု သယ်နိုင်ခွင့်ရတော့ ကိုယ်နိုင်သမျှ သယ်မယ်လို့ စိတ်ကူးထားတော့ ဘာတွေအရေးကြီးလဲ.. ရန်ကုန်ကိုခရီးထွက်သွားတဲ့ ဆရာနဲ့ ဆရာမက ဘာတွေအရေးကြီးတယ် ၊ ဘာတွေသယ်ရမယ်ပြောလဲ ဖုန်းသတင်းကို နားစွင့်နေရတယ်.. ဆရာမကတော့ တစ်ခုခုဆို လူသာအရေးအကြီးဆုံးလို့ မှာထားပေမယ့် ကိုယ်တွေက လက်လွတ်ထွက်မပြေးချင်တာတော့ အမှန်ပါ.. နောက်တော့ အရေးကြီးတာတွေ ပြန်တက်ယူ.. (အင်း ရေးရင်းမှ သတိရတယ်.. မီးလောင်နေတုန်းက အပေါ်ထပ်ကို တက်လိုက်ဆင်းလိုက်လုပ်ခဲ့တဲ့အခေါက်ရေက နည်းမှ မနည်းပဲ)..
အရောင်းခန်းနဲ့ Cyber က ပစ္စည်းတွေရွှေ့.. အရေးထဲ.. မီးသတ်ကလား ဘယ်အဖွဲ့ကလည်းမသိ.. လူတစ်ယောက်က ပစ္စည်းတွေသယ်မနေနဲ့.. မီးက နိုင်တယ်.. ပျက်ဆီးတာပဲ အဖတ်တင်မယ်ဘာညာနဲ့ လာဟောက်နေတာ.. စိတ်ထဲကတော့ ထောင်းခနဲပဲ..ကိုယ်က လူငယ်မို့ သာပြန်မပြောဖြစ်လိုက်တာ.. မီးကိုနိုင်ပါတယ်ဆိုတဲ့စကားက ဘယ်လောက်များ ယုံစားလို့ ရနိုင်ပါမလဲ.. တကယ်မနိုင်ရင် ကျွန်တော်တို့လည်း မထင်ခဲ့လို့လို့ ဆိုတဲ့စကားနဲ့တင် ကိုယ်တွေက ခံလိုက်ရမှာ.. တစ်ခါခံရဖူးတဲ့လူတွေအနေနဲ့ ဘယ်တော့မှ ဒုတိယတစ်ခါ အဖြစ်မခံနိုင်ဘူးဆိုတဲ့စိတ်က ပိုပြင်းထန်လာပါတယ်.. မီးသတ်ကားတွေ ထပ်ရောက်လာတာ.. မီးငြှိမ်းနေတာသိပေမယ့် အဲဒါကို အရေးမလုပ်အားပါဘူး.. ရောက်လာတဲ့ကားတွေပေါ် ပစ္စည်းတွေ ကူတင်.. မီးအခြေအနေစောင့်ကြည့်.. အရောင်းခန်းက ပစ္စည်းတွေ အကုန်သယ်ပြီးမှ မီးက လုံးလုံးငြိမ်းသွားပါတယ်.. ဟားဟား.. တကယ်ပါပဲ.. မီးလည်းငြိမ်းသွားရော လူတွေလည်း ခြေကုန်လက်ပန်းကျ.. မီးလောင်နေတုန်းက သိပ်သတိမထားမိတာ.. မီးငြိမ်းသွားတော့မှ ရင်တွေတလှပ်လှပ်ဖြစ်နေပြီး ကိုယ့်ရင်ခုန်သံကိုယ် ပြန်ကြားနေရတဲ့အထိ စိတ်ကအရမ်းလှုပ်ရှားနေပါရောလား.. ကဲ.. မီးငြိမ်းသွားပြီဆိုတော့ အပြီးသတ်အခြေအနေခဏစောင့်ကြည့်ပြီး ပစ္စည်းတွေ ပြန်နေရာချရပါတယ်.. အရောင်းခန်းက အဓိကပေါ့.. Cyber ဘက်ကို Service က ယောက်ျားလေးတွေဝင်.. အရောင်းခန်းကို ကျွန်တော်အပါအ၀င် အရောင်းခန်းက ညီမတွေ ၊ Copier ခန်းဘက်က ညီမတွေ၊ Training Reception ကအစ်မတွေနဲ့ ပစ္စည်းတွေ ပြန်ထား.. အရောင်းခန်းက ညီမကို နောက်မိသေးတယ်.. နောက်တစ်ခါ အရောင်းခန်းက ပစ္စည်းတွေ ကူရှင်းဖို့လိုတယ်ဆို အေးအေးဆေးဆေးပြောပါဟယ်.. လာကူပေးပါ့မယ်.. ခုလိုတော့ အလန့်တကြားကြီးမလုပ်စမ်းပါနဲ့ လို့.. ဟူးးး မောခဲ့ရတဲ့ ဒုတိယအကြိမ်မီးအတွေ့ အကြုံပါ.. ဒီတစ်ခါတော့ အားလုံးပြီးဆုံးသွားတဲ့အချိန် ဆက်မမောရလို့ ဘယ်သူ့ကို ကျေးဇူးတင်မှန်းမသိ.. ကျေးဇူးတင်ပါတယ်..
ဒီနေ့ ကျွန်တော့်အချစ်ဆုံးလူတွေထဲက တစ်ယောက်ရဲ့မွေးနေ့ပါ.. အခုမွေးနေ့မှာတော့ သူကိုယ်တိုင်က လူချစ်လူခင်များတဲ့သူဖြစ်၊ မြန်မာပြည်မဟုတ်တဲ့နေရာမှာ နေသားကျနေလောက်ပြီလည်းဖြစ်လို့ ပျော်ရွှင်စရာမွေးနေ့ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်.. မွေးနေ့လက်ဆောင်ဘာပေးရမလဲဆိုတာ အရင်ရက်တွေကတည်းက ကြိုတင်စဉ်းစားခဲ့တာ.. မနက်ခင်းက တောင်ပေါ်ကိုပြန်သွားဖြစ်တဲ့အတွက် မနက်ခင်းအတွက်လက်ဆောင် မပေးဖြစ်တော့ပါဘူး.. ဘ၀ဆိုတာ ကြံစည်တိုင်းလည်းမဖြစ်.. မကြံစည်လည်းဘဲ ဖြစ်တတ်ပါသတဲ့.. ကြံစည်တိုင်းမဖြစ်ခဲ့ရတဲ့ အစီအစဉ်တစ်ခုဖြစ်သွားတယ်.. အဲဒီလက်ဆောင်မပေးရလည်း ကြိုတင်စဉ်းစားထားတာထဲက နောက်တစ်ခုကို ပေးဖြစဖို့ ဒီပို့စ်လေးတင်ဖြစ်တာပါ..
စာဖတ်ပျင်းတဲ့သူငယ်ချင်းရေ.. ဒီပို့စ်ကိုတော့ ပြီးအောင်ဖတ်ပေးပါ..
ချစ်ခင်သူတွေဝိုင်းဝိုင်းလည်နေတဲ့သူငယ်ချင်းကို သီချင်းလေးတစ်ပုဒ်ဆိုပြချင်တယ်... အဲဒီသီချင်းထဲက စာသားတချို့ကို ကျွန်တော်သိပ်သဘောကျပါတယ်.. သီချင်းက ခေတ်ဟောင်းသီချင်းတစ်ပုဒ်ပါ.. တစ်ကျော့နှစ်ကျော့တေးကိုသီတဲ့.. ဆရာမင်းသုဝဏ်ရဲ့ ပန်းကောက်ကဗျာလေးနဲ့ အစပျိုးထားပါတယ်.. ဒီသီချင်းဟာ ရုပ်ရှင်ဇာတ်ဝင်သီချင်းလည်း ဖြစ်တယ်.. တစ်ကျော့နှစ်ကျော့တေးကိုသီ ဇာတ်ကားထဲမှာ အဆိုတော်တင်တင်မြ ဆိုထားတဲ့သီချင်းပါ.. ဇာတ်လမ်းကတော့ တော်တော်များများသိပြီးသားဖြစ်မယ်ထင်ပါတယ်.. တင်တင်မြဟာ သူ့ချစ်သူဝင်းဦးကို ညီမဖြစ်သူချိုပြုံးကလုယက်ခြင်းခံရပြီး မရှေးမနှောင်းမှာပဲ သူဟာမွေးစားသမီးလို့ သိလိုက်ရတယ်.. အမေရင်းကိုလိုက်ရှာပြီးတွေ့တော့လည်း နှင်ထုတ်ခံရတယ်.. ညီမဖြစ်တဲ့ချိုပြုံးရဲ့အမုန်းကိုလည်း သူရပါတယ်(၀င်းဦးကို လုတုန်းကလုပြီး ၀င်းဦးက သူ့ကိုမချစ်လာတော့ အစ်မဖြစ်တဲ့သူကို ဒေါကန်တာပါ).. ချစ်သူလည်းရှုံး၊ မိဘလည်းမဲ့၊ မွေးစားအိမ်ကညီမရဲ့ချစ်ခြင်းကိုလည်းမရတဲ့ တင်တင်မြက ဒီသီချင်းလေးကို နောက်ဆုံးဇာတ်ဝင်ခန်းမှာ ဆိုသွားတာပါ.. သီချင်းစာသားတွေထဲက..
"ကျွန်မတို့ငယ်ငယ် အမိရယ်အဖရယ်ဘ၀၀ယ်စုံစုံညီ
ချစ်သဒ္ဓါလောင်း မေတ္တာအပေါင်း
ချစ်ကြောင်းကုန်စင်သည်.. ချစ်ကြောင်းကုန်စင်သည်
တစ်မိတစ်ဝမ်းချမ်းမြလျှမ်းပ ဘယ်သူ့မှ မမျှမဝေ
ရလေလိုလေ ဖြစ်ခဲ့မိပါသည်….
သစ္စာအမြဲ မရမနေအထိသာ…
မေတ္တာ အသည်းမျှဝေကြည့်ကာ သိရတာ စာနာပြီ..
အဖြစ်ဇာတ်နမူ စုံလင်..မမေ့သည်
အချစ်ငတ်သူတွေ တစ်ပုံတပင်တွေ့ရပါပြီ
ချစ်တတ်သူဆွေ ဂုဏ်အင်္ဂါကပဲ
အသည်းတွေ…ခွဲဝေ… ပေးနိုင်ရပါမည်
မေတ္တာယူတော့ မေတ္တာပေး
တေးအဓိပ္ပာယ် အသွယ်သွယ်ထူးတလီ
ကျေးဇူးတင်ရပါစေမည်" .. ဆိုတဲ့အပိုဒ်ရယ်.. နောက်တစ်ပိုဒ်က..
"ကျွန်တော်တို့ ကျွန်မတို့လေ..
ချစ်လေသူကို.. ချစ်လေသူကို..
ကိုယ်ကတဖန် ပြန်လည်ချစ်တတ်ကြပါစေအတည်…
ဘ၀တေးဆိုလျှင် ခဏလေးမဆိုချင်
ကျော့ကျော့လွင်မှ အသွင်လှပါလေမည်
သို့သော်လည်း… မုန်းတေးတစ်ခါကျော့လျှင်
ချစ်တေး တစ်ခါနှစ်ခါ.. သုံးခါလေးခါ..
အခါခါကျော့စေချင်ပါသည်.. အခါခါကျော့စေချင်ပါသည်.." .. စာသားလေးတွေက သိပ်လှပါတယ်..
လူတွေမှာ ချစ်ခြင်းနဲ့ပတ်သက်လို့ အမျိုးအစားခွဲကြည့်ရင် ချစ်တတ်တဲ့သူ-မချစ်တတ်တဲ့သူ ၊ ချစ်ခြင်းကိုရအောင်လုပ်တတ်တဲ့သူ-ရအောင် မလုပ်တတ်တဲ့သူ၊ ရရှိပြီးသားချစ်ခြင်းတွေ တည်မြဲအောင် ထိန်းသိမ်းတတ်တဲ့သူ-မထိန်းသိမ်းတတ်တဲ့သူ၊ အချစ်ခံရခြင်း-ချစ်ရခြင်းမှာ ရောင့်ရဲနိုင်သူနဲ့ မရောင့်ရဲနိုင်သူ.. စသဖြင့် ကျွန်တော်ခွဲခြားကြည့်မိတယ်.. ဘယ်လိုပဲဖြစ်ဖြစ် အချစ်ဆိုတာ မူလက ဘာအရောင်မှမရှိကြည်လင်တဲ့သဘောသာရှိမယ် (တရားသဘောနဲ့ကြည့်ရင်တော့ တစ်မျိုးဖြစ်မယ်ပေါ့လေ).. အချစ်ဖြစ်တည်တဲ့ နေရာ(လူ)အပေါ်မူတည်ပြီး အချစ်ဟာ အရောင်တွေ ပြောင်းသွားတတ်ပါတယ်.. ချစ်ခြင်းဖြစ်ပေါ်တဲ့ လူပေါ်မူတည်ပြီး အချစ်ရဲ့တန်ဖိုးကလည်း ပြောင်းလဲသွားတတ်ပါတယ်.. ကျွန်တော်ဆိုလိုတဲ့အချစ်ဟာ သူငယ်ချင်းချင်း၊ မိသားစုချင်း၊ ချစ်သူချင်းချင်း အားလုံးကြားမှာ ဖြစ်တတ်တဲ့အချစ်ပါ.. လူနှစ်ဦး(လူအချင်းချင်း) ကြားကအချစ်ဟာ ချစ်တတ်ခြင်းနဲ့ ထိန်းသိမ်းနိုင်တဲ့အစွမ်း-ရောင့်ရဲနိုင်စွမ်းပေါ်မူတည်ပြီး တည်တံ့ခြင်းအချိန်ကွာပါလိမ့်မယ်.. (မိဘနဲ့ သားသမီးကြားကအချစ်က ချွင်းချက်ပေါ့လေ).. ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ပေါ်လာတဲ့ချစ်ခြင်းတွေကို တည်တံ့အောင်ထိန်းသိမ်းပြီး မဖြစ်နိုင်တော့ဘူးဆိုမှ လက်လွှတ်စေချင်ပါတယ်.. မုန်းဖို့ဆိုတာ လွယ်တယ်မဟုတ်လား.. ကိုယ့်အပေါ်သူလုပ်ဖူးတဲ့အမှားတွေ ထပ်ခါထပ်ခါမြင်ပစ်လိုက်တာနဲ့ အမုန်းတရားဆိုတာ ချက်ချင်းပွားသထက်ပွားလာနိုင်တာပဲ.. တကယ်ချစ်ဖို့ဆိုတာ ခက်ခဲပါတယ်..
တစ်ဖက်သားကို ပြန်ချစ်တဲ့နေရာမှာလည်း တစ်ဖက်ကလိုချင်တဲ့ပုံစံနဲ့မဟုတ်ရင်တောင် တခြားပုံသဏ္ဍာန်မျိုးနဲ့ ချစ်နိုင်ပါသေးတယ်..
ချစ်သူခင်သူများတဲ့ သူငယ်ချင်းရေ… အချစ်ငတ်သူတွေ တစ်ပုံတစ်ပင်ရှိနေလေတော့ ကိုယ့်ကိုချစ်လေသူကို ကိုယ်ကတဖန် ပြန်လည်ချစ်တတ်ပါစေ… မုန်းတေးတစ်ခါကျော့မိရင် ချစ်တေးတွေ အခါခါဆိုနိုင်ပါစေလို့… အဖြစ်အပျက်များစွာ အတွေ့အကြုံများစွာထဲက ရှာဖွေတွေ့ရှိခဲ့တဲ့ ချစ်ခြင်းဖြင့် စိတ်ငြိမ်းချမ်းခြင်းသဘောတစ်ခုကို မွေးနေ့လက်ဆောင်အဖြစ် ဝေမျှလိုက်ပါရစေ.. Happy Birthday, May Zin!!
Labels: BirthdayWish, Events