ခုတလော ကိုယ့်ကိုယ်ကိုယ် ပြန်သတိထားမိတဲ့အချက်တွေ ရှိလာတယ်.. ကွန်ပျူတာနဲ့ပတ်သက်တဲ့ ပညာရပ်တွေကို ကျွန်တော်တကယ်ဝါသနာမပါဘူး ဆိုတာပါပဲ.. ဒါပေမယ့် သင်ရင်တတ်လွယ်.. ဟိုစပ်စပ် ဒီစပ်စပ် စိတ်ဝင်စားတတ်တဲ့ ဥာဉ်ကလေးကြောင့်သာ အနည်းအကျဉ်း သိနေတာပါ.. တကယ်ဝါသနာပါတာက စာဖတ်တာနဲ့ စာရေးတာပဲ.. အဲဒါကို ဖိုရမ်တွေ ရေးဖြစ်လာမှ သတိထားမိလာတယ်.. တစ်ရက်မှာ ကိုယ်လေ့လာရမယ့် ပညာရပ်နဲ့ မဆိုင်တဲ့ စာအုပ်တစ်အုပ်မှ ကောက်မဖတ်မိရင် တစ်ခုခု လိုနေသလို ခံစားရတယ်.. ဖိုရမ်မှာတစ်ရက်ဝင်မရေးဖြစ်ရင် မနေနိုင်တဲ့ကိုယ့်ကိုယ်တွင်းက တကယ့်ဝါသနာကို မနေ့တစ်နေ့ကမှ သေချာရိပ်မိလိုက်တော့ ကွန်ပျူတာလိုင်းကို ရွေးလိုက်မိတာ နည်းနည်းနောင်တရချင်သွားတယ်... ငါ မြန်မာစာမေဂျာယူခဲ့ရ အကောင်းသားလို့ တွေးမိပါရဲ့..
ဒါပေမယ့် ဆက်တွေးမိလိုက်တာရှိသေးတယ်.. ကွန်ပျူတာကျောင်းကို တက်ခဲ့မိလို့သာ ဒီလို အင်တာနက်နဲ့ ရင်းနှီးရ ၊ ဖိုရမ်နဲ့ ရင်းနှီးရ ၊ စာတွေရေးဖြစ်ရတာလို့ တွေးလိုက်ပြန်တော့ ကွန်ပျူတာလိုင်းကို ရွေးမိတာလည်း မမှားပါဘူးလို့ ထင်မိပြန်ရော.. ပြီးတော့ တကယ်သာ မြန်မာစာမေဂျာကို ရွေးခဲ့မိရင်လည်း စာရေးစာဖတ်အလုပ်ကိုများ မုန်းသွားပြီး တခြားဘယ်လိုင်းကို ရွေးခဲ့မိရင် မီခဲ့ရင်ကောင်းမှာပဲလို့ တွေးမိမလားပဲ..
လူဆိုတာ ကိုယ်ရောက်နေ ရနေတဲ့အနေအထားကို ဘယ်တော့မှ ကျေနပ်နိုင်တဲ့သူတွေ မဟုတ်ဘူးလေ..
လောကကြီးပဲမှားနေသလား..ကျွန်တော်တို့ကပဲ မှားနေသလား.. ကျွန်တော့်မိဘတွေကပဲ မှားခဲ့သလား မပြောတတ်ဘူး... တကယ်တမ်းကျတော့ ရွေးချယ်စရာနည်းတဲ့ပတ်ဝန်းကျင်မှာ လူဖြစ်ခဲ့တာက အမှားနဲ့တူပါရဲ့.. ပြီးတော့ အဲဒီပတ်ဝန်းကျင်ကနေ ရုန်းထွက်နိုင်တဲ့အင်အားမရှိတာ မတတ်နိုင်တာက ဒုတိယအမှားနဲ့တူပါရဲ့....တောင်စဉ်ရေမရအတွေးတွေပါ.. တောင်စဉ်တောင်တန်းပါဆိုမှ ဘယ်ရေလို့ရမလဲနော်..ရေရင်းနဲ့ မျက်စိလည်တာ အဖတ်တင်တာပါပဲ...
Labels: Events