ခုတလောမှာ ဆယ်တန်းတုန်းက Physics ဆရာပြောတာလေး အမှတ်ရပါတယ်.. အတန်းထဲက ပိန်ပိန်ပါးပါးဖြူဖြူသေးသေးနဲ့ စာတော်တဲ့ ကျောင်းသားတစ်ယောက်က ဆရာသင်တာကို အာရုံမထားသလိုမို့ သူ့ကိုဦးတည်ပြီး ပြောခဲ့တာပါ..
ဆရာပြောတာကို အတိအကျမဟုတ်ပေမယ့် ကျတော်မှတ်သားမိခဲ့သလောက်ကတော့ ဒီလိုပါ.. ဘဝမှာ ရပ်တည်ဖို့အတွက် ကိုယ်က ကိုယ်ကာယအားကို အသုံးပြု ပြီး ရှာဖွေစားနိုင်မယ့်သူလားဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင်မေးတဲ့..
ကိုယ်က ကာယအားနဲ့ ရှာဖွေနိုင်မယ့်သူမဟုတ်ရင် ဥာဏအားနဲ့ရှာစားနိုင်ဖို့အတွက် ပညာကိုတော့ ကြိုးကြိုးစားစား သင်သင့်တယ်လို့ ပြောပါတယ်.. သဘောကတော့ ကာယအားမစွမ်းရင် ဥာဏအားစွမ်း၊ ဥာဏအားမစွမ်းရင် ကာယအားတော့စွမ်း..
တစ်ခုခုမှာတော့ စွမ်းနေမှ လောကမှာ ကိုယ့်ခြေပေါ်ကိုယ် ရပ်တည်နိုင်မယ့်လူဖြစ်မယ်လို့ ဆရာ့ဆိုလိုရင်းကို သဘောပေါက်မိပါတယ်..

လောကထဲ ကျင်လည်ခဲ့ရတဲ့ ကိုယ့်သက်တမ်းနဲ့အမျှ လူတွေနဲ့ ကြုံဆုံလာရတဲ့အခါမှာ ဆရာ့စကားကို မကြာခဏ အမှတ်ရမိတယ်… ပြီးတော့ ကိုယ်ထပ်ဖြည့်ပြောချင်တာလေးတွေ ရှိလာတော့တယ်… ကာယအားနဲ့ဘဝရပ်တည်သည်ပဲဖြစ်စေ.. ဥာဏအားနဲ့ ဘဝရပ်တည်သည်ပဲ ဖြစ်စေ ကိုယ်ရော စိတ်ရော ကျန်းမာနေဖို့ လိုပါတယ်… တကယ်လို့ နှစ်ခုလုံးမစွမ်းရင်တောင် တစ်ခုခုက စွမ်းနေမှသာ ဘဝရပ်တည်ဖို့ သိပ်မခက်ခဲမှာပါ… ခန္ဓာကိုယ်မာသလားဆိုတော့လည်း မမာ.. စိတ်ဓာတ်မာသလားဆိုတော့လည်း မမာဆိုရင် အဲ့ဒီလူ လူလုပ်ဖို့မလွယ်ဘူးလို့သာ ပြောချင်တယ်… ငွေကြေးချမ်းသာတဲ့လူတွေအပါအဝင် လူတွေအားလုံးရဲ့ ဘဝဟာ ခက်ခဲပါတယ်.. သူများဘဝတွေက အင်မတန်လွယ်ကူပြီး ကိုယ့်ဘဝမှ လာခက်ခဲနေတာမဟုတ်ဘူးဆိုတာ ကိုယ့်ဘဝကိုယ် မရပ်တည်ရခင်ကတည်းက မြင်တတ်ဖို့ လိုအပ်ပါတယ်.. ခက်ခဲတဲ့ဘဝကို ကျော်ဖြတ်ဖို့ ကိုယ်အား၊ ဥာဏ်အား၊ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ စီမံတတ်မှု၊ မျှော်မြင်တတ်မှု၊ ဆင်ခြင်တတ်မှုနဲ့ အထူးသဖြင့် စိတ်ရှည်မှု လိုအပ်ပါတယ်…

ကျတော်ဆို မွေးကတည်းက ကျန်းမာလှတယ်မဟုတ်.. ကိုယ့်ရဲ့ကလေးဘဝဟာ ဆေးနဲ့ အသက်ဆက်ခဲ့ရတဲ့သူလို့ ပြောလို့ရပါတယ်… အသက်သုံးနှစ်လောက်မှာ အမေ့ဘက်က ကျတော့်ဘကြီးက ကျတော့်ကိုချီထားရင်း သတိထားမိလို့ ဆေးခန်းပြတော့ ကိုယ့်ရဲ့နှလုံးမှာ အပေါက်ပါတယ်လို့ သိရတယ်.. အဲဒါကလည်း အသက် ၁၂-၁၃ လောက်မှ သူ့အလိုလို ပိတ်ရင်ပိတ်၊ မပိတ်ရင်တော့ ခွဲစိတ်မှသာ အဆင်ပြေနိုင်မယ်.. အသက် ၁၂-၁၃ ထိ စောင့်ကြည့်ပါလို့ ဆရာဝန်က ပြောပါတယ်… ကျောင်းစနေတော့ ငှက်ဖျားဖျားလို့ တစ်ပတ်မှာ နှစ်ရက်ပဲ ကျောင်းတက်နိုင်ပါတယ်… ကိုယ်နဲ့ရွယ်တူ ကလေးတွေ ပြေးလွှားဆော့နေတဲ့အချိန်မှာ ကိုယ်က မပြေးနိုင်လို့ သူများဆော့တာ ငုတ်တုတ်ထိုင်ကြည့်နေခဲ့ရတယ်..အဲလိုအခြေအနေတွေက ကိုယ်မှတ်မိလို့မဟုတ်ပါဘူး.. အမေပြောပြလို့ သိရတာပါ… အမေဟာ သူ့သမီးကို စိတ်ဓာတ်ရေးရာ ကြံ့ခိုင်အောင် ကောင်းကောင်းလေ့ကျင့်ပေးခဲ့တယ်.. ကိုယ့်ကိုယ်ကိုယ် ရောဂါသည်လို့တောင် မသိခဲ့ရဘူး..နှလုံးမှာ အပေါက်ပါတယ်၊ ကိုယ်က သိပ်အမောမခံနိုင်ဘူးဆိုပေမယ့် အရွယ်ကလေးနည်းနည်းရလာတဲ့အချိန်မှာ သူများလို ပြေးလွှားဆော့နိုင်ခဲ့တယ်… ကိုယ့်အဖေက ဝန်ထမ်း(အရာရှိမှ အရာရှိငယ်) ဖြစ်တဲ့အပြင် ကိုယ်တွေငယ်ငယ်က
ဘာဖြစ်ဖြစ် ရှားပါးတဲ့အတွက် အစားအသောက်လည်း အကောင်းအမွန်တွေ စားခဲ့နိုင်လှတယ် မဟုတ်ဘူးရယ်.. ပြီးတော့ နှလုံးအတွက်လည်း ထူးခြားပြီး ဘာဆေးမှ စွဲစွဲမြဲမြဲသောက်ခဲ့ရတယ် မရှိခဲ့ဘူး.. ဆရာဝန်ပြောတဲ့ အသက် ၁၂-၁၃လောက်မှာလည်း ကိုယ့်ရဲ့နှလုံးအပေါက်က သူ့ဖာသာ ပိတ်မသွားခဲ့သလို ကိုယ့်မိသားစုအခြေအနေကလည်း ခွဲစိတ်နိုင်တယ်ဆိုတဲ့ အနေအထားလည်း မရှိခဲ့ဘူးရယ်... အမေ သေချာလုပ်ပေးနိုင်ခဲ့တာက
အပြင်စာမစားစေခဲ့တာပဲ.. မုန့်ဆိုလည်း အိမ်မှာ လုပ်ကျွေးတယ်… ထမင်းဟင်းလည်း ကျန်းမာရေးနဲ့အညီ ချက်ကျွေးခဲ့တယ်.. အမေဟာ ကိုယ်တွေ့ဖူးသမျှ အမျိုးသမီးထဲမှာ အင်မတန်စိတ်မာတဲ့ အမျိုးသမီးဖြစ်လို့ ကိုယ့်ကိုစိတ်ဓာတ်ခွန်အားတွေ အများကြီး ပေးခဲ့တယ်.. နောက်တစ်ခုက ဘာသာရေးနဲ့ စိတ်ဓာတ်တည်ဆောက်ခြင်းကို အမေက ကောင်းကောင်းမျိုးစေ့ချပေးနိုင်ခဲ့တာပါ.. ဒီတော့ သူငယ်ချင်းတွေကြားမှာ ကိုယ့်နှလုံးမကောင်းဘူးဆိုတာ သိသူအင်မတန်နည်းပါတယ်.. ကျတော့်နှုတ်ကလည်း ဖွင့်မပြောခဲ့ပါဘူး.. ပတ်ဝန်းကျင်ရဲ့အမြင်နဲ့ ကိုယ့်ကိုယ်ကိုယ် မသတ်ချင်တဲ့သူဆိုပါတော့လေ... သူငယ်ချင်းတွေကလည်း သူတို့ထက်တောင် ကိုယ်ကမာသလိုဖြစ်နေလို့ ကိုယ့်ကို ရောဂါသည်လို မမြင်ခဲ့ကြဘူး.. အမှန်တော့ စိတ်ဆောင်လို့သာ လူရွေ့နေခဲ့တာပါ.. အင်မတန်ဆိုးရွားတဲ့ နှလုံးရောဂါမျိုး မဟုတ်ခဲ့တာလည်း ကိုယ့်အတွက် ခံသာနေခဲ့တယ်… ဒီလိုနည်းနဲ့ အသက်ဘယ်လောက်ထိနေရမယ်လို့တော့ မမှန်းတတ်ဘူး..
ဒါပေမယ့် ကိုယ်နေနိုင်သလောက်မှာ တွေ့သမျှအခက်အခဲ အသေအချာ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ စိတ်ဓာတ်အင်အားမွေးထားပါမယ်.. မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ အကူအညီကိုယူရင်းနဲ့ ဘဝခရီးကို ဆက်နိုင်သလောက် ဆက်ပါ့မယ်.. ခန္ဓာကိုယ်မစွမ်းဘူးလား.. စိတ်ဓာတ်ကို စွမ်းအောင်တော့လုပ်ထားလို့ ကိုယ့်ကိုယ်ကိုယ် အားပေးနေတယ်.. ဟုတ်ကဲ့.. ဒီစာကို ကျတော့်ဘဝရဲ့ အခက်အခဲဆုံးအချိန်မှာ ကိုယ်ဖြတ်ကျော်နိုင်ခဲ့တဲ့ အခက်အခဲတွေကို ပြန်မြင်ရင်း၊ ကိုယ့်ကိုယ်ကိုအားပေးရင်း အမှတ်တရရေးတာပါ..

အထီးကျန်ရာသီ

နှင်းစက်ထက် အေးစက်ခဲ့
ငါ့အချစ် နိုဝင်ဘာ
သူစိမ်းတစ်ရံဆံတဲ့ ဒီဇင်ဘာလက်မှာ
ငါ့ကို မျက်နှာလွှဲထားခဲ့ပြန်ပြီ...။

ငိုတတ်သူ မုန့်ပိုရတဲ့လောက
မျိုသိပ်တတ်တဲ့ ငါ့အတွက်
ဆာလောင်ခြင်းတွေ နှိပ်စက်လည်း
ရပါတယ်လေ...လို့
အသာအယာပြုံး...
နေတတ်အောင် နေခဲ့ပါရဲ့လေ..။

နွေနှင်း(gcc-mdy)
25 Dec, 2015


ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတိုင်း ကိုယ်မြင်တဲ့အရာဟာ အမှန်လို့ တစ်ထစ်ချဆုံးဖြတ်နိုင်ပြီလို့ ယူဆမိသလား။ ဒါဆို အများအသွားအလာလုပ်နေတဲ့ လမ်းမကြီးတစ်ခုရဲ့ နံဘေးရပ်လိုက်ပါ။ ပြီးတော့ ကိုယ်ရပ်နေတဲ့ လမ်းရဲ့ တစ်ဖက်ခြမ်းကို လှမ်းကြည့်လိုက်ပါ။ အဲဒီဘက်ခြမ်းက လမ်းက ကိုယ်ရပ်နေတဲ့ဘက်ကလမ်းထက် ပိုကျဉ်းတယ်လို့ မြင်လိမ့်မယ်။ ကိုယ်က လမ်းအကျယ်ကြီးရသယောင်ပေါ့လေ။ တကယ်က ပိုကျဉ်းတာမဟုတ်။ အကျယ်က ညီတူညီမျှလောက်ပဲဆိုတာကိုမြင်ရဖို့ အပေါ်စီးကနေလှမ်းကြည့်နိုင်မယ့် အနေအထားလိုအပ်တာ။ ဒါပေမယ့် လမ်းနံဘေးကရပ်ကြည့်လို့ တစ်ဖက်ခြမ်းလမ်းက ကိုယ့်ဘက်ခြမ်းထက် ပိုကျဉ်းတယ်လို့ မြင်နေတာလည်း အမှန်ပဲ။ ဆိုတော့ ကိုယ့်မျက်စိနဲ့မြင်တိုင်း ကိုယ်မြင်တာဟာ အမှန်လို့ ဆုံးဖြတ်မရတဲ့အခြေအနေတွေရှိနေပါတယ်။ ဒီလိုမျိုး လမ်းကိုကြည့်တဲ့ကိစ္စလေးမှာတောင် အမှန်ကိုမြင်နိုင်ဖို့ အပေါ်စီးကနေကြည့်တတ်ဖို့၊ ကြည့်နိုင်ဖို့လိုအပ်နေရင် ကျွန်တော်တို့နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်း၊ ကိုယ့်အလုပ်က လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်အလုပ်နဲ့ပတ်သက်ရတဲ့လူတွေရဲ့ သဘောထား၊ စိတ်ထားကို အမှန်နဲ့အနီးစပ်ဆုံး မြင်တတ်အောင်ကြိုးစားဖို့ လိုပါတယ်။ အဲ အမှန်ကိုသိအောင် ကြိုးစားဖို့အခွင့်အရေးလုံးဝမရှိတော့ဘူး (ဒါမှမဟုတ်) လုံးဝမလိုအပ်တော့ဘူး ဆိုရင်တော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် အကြံပေးဖူးသလိုပဲ ကိုယ်စိတ်ချမ်းသာသလိုသာ တွေးလိုက်တာ ကိုယ့်အတွက် စိတ်ပင်ပန်းမှု အနည်းဆုံးဖြစ်ပါလိမ့်မယ်။ ပေါ်လီယာနာအတွေးလို့ပဲဆိုဆို ၊ ယောနိသော မနဿိကာယလို့ပဲ ပြောပြော၊ အကောင်းမြင်စိတ်ပဲသတ်မှတ် သတ်မှတ် ကိုယ့်လက်ထဲမရှိတဲ့ အချို့သောကိစ္စတွေအတွက် ကိုယ့်စိတ်သက်သာအောင် စိတ်ထားတတ်ဖို့ လိုအပ်ပါတယ်။




အဲဒီမြို့....
အဟောင်းတွေနဲ့ ချစ်စရာ့မြို့
ဓလေ့အကောင်းတွေ တော်တော်များများ
ကျန်ရစ်နေသေးတဲ့မြို့..။

ဒါပေမယ့်...
အဟောင်းကိုချစ်လွန်းလို့
အပြောင်းအလဲလုပ်ရမှာ ကြောက်တဲ့မြို့..။

တို့ပြည်ရဲ့ ဒုတိယမြို့တော်ဟောင်းဖြစ်ပြီး
နည်းပညာမှာ နောက်ကျနေခဲ့တဲ့မြို့
ကလေးကြီးတွေများတဲ့မြို့..။

အဲဒီမြို့ကို
ကျနော်ချစ်နေတုန်းပဲ...
ဒါပေမယ့်
အဟောင်းတွေထဲက ပြောင်းစရာ...
အတွေးအခေါ်တွေ
အလုပ်အကိုင်တွေ
အနာဂတ်အတွက်အမြော်အမြင်တွေ
ပံ့ပိုးမှုတွေ
သူများမြို့တွေထက်
ပိုဖြစ်စေချင်မိတဲ့မြို့....။

အဲဒီ...မန္တလေးမြို့။

နွေနှင်း(gcc-mdy)
၁၆.၆.၂၀၁၅

အိပ်မက်ရဲ့အဆုံး
======================
ကြွေလွင့်တော့မယ့်နောက်....
ကြွေလွင့်နေဆဲ...နောက်
ကြွေလွင့်သွားပြီးသည်နောက်....

ရှင်သန်ခြင်း
သေဆုံးခြင်း
ချစ်ခြင်း
မုန်းခြင်း
ချီးမွမ်းခြင်း
ကဲ့ရဲ့ခြင်း
ပျော်ရွှင်ခြင်း
ဝမ်းနည်းခြင်း
ကြင်နာခြင်း
ရက်စက်ခြင်း
ဖြစ်ခြင်း
ပျက်ခြင်း

အရာရာသည်
အိပ်မက်ကမ္ဘာမှာသာ ချန်ခဲ့ရလေသည်.........။


နွေနှင်း
၂၇ ဇွန်၊ ၂၀၁၄။

ဒီစကားက ကျနော့်ဘဝထဲ ကြုံဆုံခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့ စကားပေါ့..
သူ့ပတ်ဝန်းကျင်က လူတစ်ယောက်(ကျနော်ကိုယ်တိုင်ပဲဖြစ်စေ) ကိုယ့်အတွက်ပဲ ကိုယ်ကြည့်နေရင်၊ တခြားဘယ်သူ့အတွက်မှ ထည့်မတွက်တတ်ရင် စတဲ့.. ငါ့ဖို့ ငါ့အတွက် ငါအတွက်သာလျှင် အသက်ရှင်မယ်... ဆိုတဲ့အတွေးမျိုး ဝင်လာပြောလာခဲ့ရင် ဒီလိုမှတ်ချက်ချပါတယ်... သူ့မှတ်ချက် ဘယ်လောက်မှန်တယ် မမှန်ဘူး မပြောချင်ပါဘူး........

နှစ်အတော်ကြာကြာကနေ ခုချိန်ထိ ကြုံခဲ့ဆုံခဲ့ ဖြတ်သန်းခဲ့တဲ့ ကိုယ့်ရဲ့အတွေ့အကြုံတွေရော ၊ တဖျတ်ဖျတ် ပြောင်းလဲဖြစ်ပျက်နေတဲ့ စိတ်အတွေးအလျဉ်တွေရော သေချာပြန် ကြည့်တဲ့အခါ ကျနော်အပါအဝင်လူတွေရဲ့ လှောင်ပြုံးပြုံးချင်စရာ တစ်ခုတွေ့ပါတယ်..... ဒါကိုတွေ့လိုက်ရတဲ့အချိန် ဒါမှ လူပီသတာဆိုတဲ့စကားကို အမှတ်ရမိတယ်....

ကိုယ်နဲ့ထိစပ်ပတ်သက်နေရတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ထက် ငွေကြေး၊ ပညာ၊ အောင်မြင်မှု... တစ်ခုခုမှာ သာလွန်တဲ့လူတွေ ရှိနေပြီဆိုပါတော့... အဲဒီအချိန်မှာ အများစုဟာ ကိုယ်အထင်ကြီးရာ၊ တန်ဖိုးထားရာအလိုက် ကိုယ့်ထက်သာလွန်တယ်လို့ ထင်ထားတဲ့သူက ကိုယ့်အတွက် တစ်ခုခုလုပ်ပေးခဲ့ရင် အရမ်းကို ကျေးဇူးတွေ ပစ်တင်နေမိတော့တယ်... ဟယ် သူက ငါ့လိုလူကို ဒီလိုတောင် လုပ်ပေးတယ်... ပြောပေးတယ်... ပြုံးပြတယ်... နှုတ်ဆက်တယ်.. ဘာညာပေါ့လေ...
ဒါပေမယ့် ကိုယ့်ထက် နိမ့်တယ်လို့ သတ်မှတ်ထားတဲ့သူ ၊ ဒါမှမဟုတ် သာမန်ပဲလို့ ကိုယ်ထင်တဲ့သူက ကိုယ့်ကို မျက်မှန်းတန်းမိလို့ပဲဖြစ်ဖြစ် ပြုံးပြနှုတ်ဆက်ရင် ဒါမှမဟုတ် တစ်ခုခု လုပ်ပေးခဲ့ရင် ဒါဟာ လုပ်ပေးသင့်တယ်လို့ တွေးတတ်ကြတယ်... ကိုယ့်ထက်သာတယ်ထင်တဲ့သူဆီက တစ်ခုခုလက်ခံရရှိတာနဲ့ ကိုယ်နဲ့တန်းတူ - ဒါမှမဟုတ် ကိုယ့်ထက်အဆင့်နိမ့်တယ်လို့ သတ်မှတ်ထားတဲ့သူဆီက တစ်ခုခုကိုလက်ခံရရှိတာ.. လက်ခံရရှိတဲ့အရာချင်းတူရင်တောင် ကိုယ်ထက်သာတယ်လို့ တွေးထားမိတဲ့သူကို ပိုကျေးဇူးတင်တတ်ကြတယ်... ကြည့်စမ်း သူ့အဆင့်နဲ့ ငါ့ကို ဒီလောက်တောင် လုပ်ပေးတယ်ဆိုပြီး ပိုပျော် ပိုကျေးဇူးတင် တစ်သက်လုံးတောင် အမှတ်တရရ ဖြစ်နေဦးမယ်...

ကျနော်ကရော... ဘယ်လိုလူမျိုးတွေဆီကနေ ဘာတွေမျှော်လင့်ဖူးပြီး ဘာတွေ ရရှိဖူးလဲ... ဘယ်လောက်ပျော်ဖူးလဲတွေးကြည့်တော့....
အကျင့်စာရိတ္တအရ၊ အတွေးအခေါ်အနေအထိုင်အရ ကျနော်ချစ်ခင်လေးစားရတဲ့သူတွေဆီက ဂရုစိုက်တဲ့စကားလေးတစ်ခွန်းရခဲ့ရင် အတော်ကို မှတ်မှတ်ရရ ပျော်မိတယ်.... ကျန်တဲ့အပိုင်းကတော့ ငွေကြေး-အာဏာရှိတဲ့သူ ကိုယ့်ကို တစ်ခုခု လုပ်ပေးတယ်ဆိုရင်တောင် အဲလိုလုပ်ပေးဖို့ ကိုယ်က ထိုက်တန်နေလို့သာ လုပ်ပေးတယ်ပဲ မှတ်ပါတယ်... (ကျေးဇူးမတင်ဘူးလို့ မဆိုလို)... ဘယ်အရာဖြစ်ဖြစ် အလကားမရဘူးဆိုတဲ့ အတွေးမျိုးနဲ့ ရှင်သန်လာတဲ့လူတစ်ယောက်မှာ ဘယ်နေရာမှာဖြစ်ဖြစ် အယူရှိလို့ အပေးရှိတယ်.... အပေးရှိလို့ အယူရှိတယ်လို့ အချိန်တော်တော်များများမှာ တွေးရင်း.... ကိုယ့်ထက်သာတယ်ထင်သူများရဲ့ ကိုယ့်အတွက် တစ်ခုခု ပေးကမ်းတာအပေါ် အပျော်ကြီးပျော်.. တတ်တဲ့ လူ့မနောလေးကို လှောင်ပြုံး ပြုံးတတ်လာခဲ့တယ်..... အဲလိုလှောင်တတ်တာလည်း လူပီသတာပဲ ထင်တယ်နော့...

ကျွန်တော့်စိတ်ထဲမှာ မကြာခဏဖြစ်ခဲ့ဖူး-ဖြစ်နေဆဲ အရာလေးတစ်ခုကို တစ်ရက်မှာ
ဘွားခနဲမြင်မိလိုက်ပါတယ်... အဲဒီ စိတ်လေးကြောင့်ပဲ ကျွန်တော်ဟာ
ကျွန်တော်အရင်းနှီးဆုံး၊ အချစ်ဆုံးလူတွေနဲ့ ခဏခဏ အဆင်မပြေ ဖြစ်ရတယ်ဆိုတာ
အဲဒီရက်မှာပဲ သဘောပေါက်သွားရပါတယ်... အဲဒီသဘောတရားကို အရင်က
ဆရာတော်ဦးဇောတိက ရေးတဲ့စာအုပ်လေးမှာ ဖတ်ဖူးမှတ်ဖူးသိဖူးခဲ့ပေမယ့်
သညာသိနဲ့ ပညာသိက ကွာလေတော့ မဖြစ်သင့်တဲ့စိတ်တွေဖြစ်ပြီး ကိုယ်တိုင်လည်း
စိတ်ပင်ပန်းရ- ကိုယ်နဲ့ပတ်သက်တဲ့သူတွေလည်း စိတ်ပင်ပန်းခဲ့ရတယ်...
ဒီစိတ်ကလေးက ကိုယ့်ဆီမှာ ဖြစ်နေလို့ ဖြစ်နေမှန်းမသိ... ဆိုတော့
ကိုယ်ချစ်တဲ့သူဖြစ်ဖြစ် ကိုယ်ကြည့်မရတဲ့သူဖြစ်ဖြစ် သူက တစ်နေရာရာမှာ
ကိုယ့်ထက်သာနေတယ်ဆိုရင် မကျေမချမ်းဖြစ်ရရော...
ကိုယ်ကြည့်မရတဲ့သူအပေါ်ကိုဆိုရင် မကျေမနပ်ဖြစ်ရတဲ့ခံစားချက်က ပိုသိသာ
ပိုဆိုးဝါးပါတယ်... ဒီလိုခံစားရတာက မနာလိုစိတ်ကြောင့်လို့
ပြောရမယ်ထင်ပါရဲ့... ဒါပေမယ့် တစ်ခါတလေမှာ
အဲလိုမကျေမနပ်ဖြစ်တာမျိုးမဟုတ်ဘဲ ကိုယ်ကြည့်မရတဲ့သူမို့လို့ သူဘာလုပ်လုပ်
အကောင်းမထင်နိုင်တာ (ဒါမှမဟုတ်) သူ ဒီနေရာမှာတော်တယ်ဆိုတာကို အသိအမှတ်
ပြုမပေးနိုင်တာမျိုးပေါ့... အဲလိုအနေအထားမျိုးကျတော့
မနာလိုစိတ်သက်သက်ကြောင့်လို့ ပြောရခက်ပြန်ပါတယ်... အဲဒီစိတ်ဖြစ်တာများ
ဘာဖြစ်တုန်း.. သူများကိုလည်း ထိခိုက်တာမှမဟုတ်ဘဲ ဖြစ်ချင်ဖြစ်ပါစေ...လို့
ပြောချင်ပြောလို့ရပါတယ်... အဲဒီစိတ်က သူများကိုတော့
တိုက်ရိုက်မထိခိုက်ပါဘူး... ဒါပေမယ့် ကိုယ့်အတွက်တော့
အများကြီးထိခိုက်သွားပါတယ်... ကိုယ့်ကို ထိခိုက်တဲ့အတွက်
ကိုယ်နဲ့ပတ်သက်ဆက်စပ်တဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ခုတရာ
ယုတ်လျော့သွားပါတယ်... အဓိက ထိခိုက်တဲ့သူက ကိုယ်ကိုယ်တိုင်ပါပဲ...
ဘယ်လိုထိခိုက်လဲဆိုရင် ကိုယ်ကြည့်မရတဲ့သူရဲ့ ကောင်းတဲ့အရည် အချင်းကို
လက်မခံနိုင်- အသိအမှတ်မပြုနိုင်- မချီးကျူးနိုင်တဲ့အတွက် အဲဒီလူရဲ့
ကောင်းတဲ့အရည်အချင်းမျိုး ကိုယ်ကိုယ်တိုင်မှာ
ရှိလာအောင်မကြိုးစားတော့ဘူး... ဘာလို့ဆို သူလုပ်နိုင်တာကို
ကောင်းတဲ့အရာလို့မှ ကိုယ်က မထင်ထားတာ.. လူဆိုတာ
ကိုယ့်စိတ်ထဲကောင်းတယ်လို့ လက်ခံထားတဲ့အရာမျိုးကိုပဲ ရအောင်ကြိုးစားချင်
တတ်ကြတာပါ... ကောင်းတယ်မထင်-အသိအမှတ်မပြုတဲ့အတွက် အဲဒီအရည်အချင်းမျိုး
ကိုယ်တိုင်ရအောင် မကြိုးစားချင်တော့ဘူး... ဒီတော့
ကိုယ့်အရည်အချင်းမတက်ဘူးပေါ့... ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)ကတော့
သူ့ရဲ့ကောင်းတဲ့အရည်အချင်းကို အသိအမှတ်ပြုနိုင်ရင် ကိုယ့်မှာလည်း
အဲလိုအရည်အချင်းမျိုး ရဖို့အခွင့်အလမ်းရှိတယ်လို့ ရှင်းရှင်းလေး
ရေးခဲ့ဖူးပါတယ်... မလိမ်မိုး မလိမ္မာဖြစ်ခဲ့တဲ့ ကျွန်တော်ကတော့
အလွန်ရှင်းတဲ့စာကို ဖတ်ရုံသာဖတ် မှတ်ရုံမှတ်ခဲ့ပြီး ဘဝထဲထိ
အသုံးမချနိုင်ခဲ့တဲ့အတွက် အချိန်ကာလတစ်ခုမှာ
စိတ်မောခဲ့ရဖူးပါကြောင်း.......

အိပ်ပျော်နေတဲ့ ဘလော့လေး လှုပ်နှိုးလိုက်ပါဦးမယ်.. လာလေရော့...ဟယ်..
၂၀၁၃ အဖွင့်က ကျွန်တော့်အတွက် ကောင်းခြင်း-မကောင်းခြင်းတွေ
ရောရှက်လို့နေတယ်.. လုပ်လက်စ အလုပ်ကထွက်တော့ အချိန်မရွေး Welcome Back
ပါလို့ ပြောတဲ့အတွက် ၀မ်းသာရတယ်... ပြီးတော့ offer လုပ်တဲ့လစာကလည်း
အများကြီးမဟုတ်တောင် ကိုယ့်စိတ်ကျေနပ်စရာကောင်းပါတယ်.. ပိုကျေနပ်စရာ
ကောင်းတာက ကိုယ့်အရည်အချင်းကို သူတို့အသိအမှတ်ပြုတယ်.. ဆိုတာရယ်
ကိုယ်လုပ်ပေးခဲ့တာ ၊ ကိုယ့်စေတနာကို သူတို့မြင်တယ်ဆိုတဲ့
အတွေးကြောင့်ပါ...
၂၀၁၃ ဇန်န၀ါရီ ၁ ရက်နေ့မှာ အလုပ်အသစ်ကို စဆင်းရတယ်..
ကျွန်တော့်ကိုကြိုဆိုကြတဲ့ပုံစံက ခပ်သင်းသင်းပဲ.. ၂ ရက်နေ့ကို သူတို့က
ကျိုက်ထီးရိုးသွားကြမှာတဲ့.. ဟာဟ.. အစ်မရော လိုက်ဦးမလားတဲ့.. ဒီနေ့မှ
အလုပ်စဆင်းတဲ့ကိုယ့်အတွက် လိုက်ဖို့ရာ အဆင်မပြေဘူးလို့
ချက်ချင်းငြင်းလိုက်တယ်.. ဟုတ်တယ်လေ ကိုယ်က တစ်ယောက်တည်းလည်း နေတတ်တာပဲ..
ဒါပေမယ့် နည်းနည်းတော့ တင်းတာပေါ့.. ရောက်ရောက်ချင်းပဲ သူတို့ SW
တစ်ခုကို ရှင်းပြတယ်.. ၉ နာရီခွဲလောက်မှာ ရွှေပြည်သာက Client Site
တစ်ခုကို သွားရတယ်.. အထွက်မှာတင် အလုပ်က CEO ရောက်လာတာနဲ့ကြုံလို့
ကိုယ့်ရဲ့ Software Manager က မိတ်ဆက်ပေးပါတယ်.. ဒီနေ့ရောက်
ဒီနေ့တစ်ခါတည်း Client Site ကို တန်းခေါ်သွားလို့ မင်းတို့ကလည်းကွာ..
ဆိုပြီး ပြောပါသေးတယ်.. ဟုတ်တယ်လေ.. ဘယ်အလုပ်ကများ ခုမှရောက်တဲ့သူကို
ချက်ချင်းကြီး အလုပ်လုပ်ခိုင်းလို့လဲ... ဒါနဲ့ ရွှေပြည်သာကို
သွားကြလေသတည်းပေါ့... အဲ. မဟုတ်ပါဘူး.. ပြည်လမ်းပေါ်က သူတို့ရုံးချုပ်ကို
အရင်သွားရတယ်.. ပြီးမှ ရွှေပြည်သာကို ဆက်ပေါ့.. သွားရတာလည်း
တစ်နေရာတည်းမဟုတ်ဘူး.. သြော်..ပြောဖို့မေ့သွားလို့..
ကျွန်တော်တစ်ယောက်တည်း သွားရတာမဟုတ်ဘူးနော်.. ကျွန်တော်နဲ့ရာထူးတူ Senior
နှစ်ယောက် ပါတယ်.. သူတို့တွေကတော့ တစ်လမ်းလုံး
ကျိုက်ထီးရိုးကိစ္စချိန်းလိုက်ကြ၊ ကားလက်မှတ် မှာလိုက်ကြနဲ့ပေါ့.. အလုပ်ထဲ
စိတ်နဲ့ကိုယ်နဲ့လည်း ကပ်ဟန်မတူကြပါဘူး.. ဒီလိုပါပဲလေ.. ကျွန်တော်တို့လည်း
နက်ဖြန် ခရီးထွက်ရမယ်ဆိုရင် အလုပ်ထဲ စိတ်ရှိကြတော့တာမဟုတ်ဘူး..
ခရီးအကြောင်းပဲ တွေးနေတတ်တော့တာ မဟုတ်လား.. ဒါက ပြဿနာမဟုတ်ပါဘူး.. ပြဿနာက
ခုမှလာမှာ..
ရွှေပြည်သာကနေထွက်တော့ ၂း၀၀ ကျော်သာသာပေါ့.. ကျွန်တော်တို့ကိုလိုက်ပို့တဲ့
သူတို့ရုံးကားက ပန့်မကောင်းလို့တဲ့.. တစ်လမ်းလုံး
ဆန့်ငင်ဆန့်ငင်ဖြစ်လာတာကနေ အင်းစိန်-ဖော့ကန် စာသင်ကျောင်းရှေ့မှာ
လျှောသွား..အဲလေ ရပ်သွားရော.. ကဲ... ဘယ်လိုလုပ်ကြမတုန်း.. ဒီနေရာကနေ Taxi
စီးရလို့ကတော့ မချောင်ဘူးလို့ ညည်းမိတယ်... သြော်.. ပြောဖို့
ကျန်သွားသေးတယ်.. ကားမပျက်ခင် ကျွန်တော်နဲ့အတူရှေ့ခန်းထိုင်တဲ့ စီနီယာက
ပြောတယ်.. အပြန်ကို ပြည်လမ်းက ရုံးချုပ်ကိုလည်း ပြန်ဝင်ရဦးမှာ..
သူတို့လည်း နက်ဖြန်အတွက် ပစ္စည်းဘာညာဝယ်ရဦးမှာနဲ့ဆိုတော့
ရုံးကိုပြန်ရောက်ရင်လည်း ၄း၃၀ လောက်ရှိရောပေါ့.. ဆိုတော့ သူတို့လည်း
တစ်ခါတည်းပြန်မယ်.. အစ်မလည်း တစ်ခါတည်း ပြန်လိုက်ပါတဲ့.. ဟဲဟဲ..
ဒီအရေတွေကို မြင်လို့နေမှာပေါ့.. ကိုယ့် Software Manager က တစ်ခါတည်း
မှာလိုက်တယ်.. ဒီရုံးမှာ Client ဆိုက်ကိုသွားပြီးရင်
ရုံးချိန်မလွန်သေးတာတောင် ရုံးကိုပြန်မလာဘဲ အိမ်ကို
တန်းပြန်သွားတဲ့အကျင့်ရှိကြတယ်.. အစ်မ အဲလိုမဖြစ်ပါစေနဲ့လို့
မှာလိုက်လေရဲ့.. ဒါနဲ့ ချက်ချင်းပဲ အစ်မကတော့ ရုံးပြန်မှဖြစ်မှာ..
မန်နေဂျာက ပြန်လာဖို့ မှာလိုက်တယ်ဆိုပြီး.. ပြောရတာပေါ့.. အဲဒီမှာ..
အဲဒီမှာပေါ့.. ဒီနေ့မှလည်း ၀င်သေး.. သူတို့စကားလည်း
ကလန်ကဆန်လုပ်သေး..ဆိုတဲ့သဘောနဲ့ ဒင်းတို့နှစ်ယောက်က ရုံးကို
ကျွန်တော်အ၀င် နောက်ကျမှာစိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
ကားလည်းပျက်တာနဲ့ရောချပြီး လိုင်းကားနဲ့ ပြန်ခိုင်းတယ်.. ကိုယ်ကတော့
ကိစ္စမရှိပါဘူး.. သြော် ပြောရဦးမယ်.. ကားပျက်တော့ သူတို့ Software
Manager ကြီးကို ဖုန်းဆက်တယ်.. ကျိုက်ထီးရိုးကိစ္စ ဘာညာကွိကွနေမှာပေါ့..
ဟင်..ဘယ်သူဆက်တာလဲ ဟုတ်လား.. စီနီယာညီမလေးပေါ့ကွယ်.. အဟမ်း.. ဂျာကြီးက
Software ကိစ္စမပြီးလို့ မလိုက်တော့ဘူးလို့ ပြောပုံရပါတယ်..
စီနီယာညီမလေးခမျာ မျက်နှာကြီးမည်းသွားလိုက်တာ ပြိုတော့မယ့် မိုးလိုပဲ.. နောက်တော့ ဒီလောက်နံနံစော်စော်
မြောင်းပုပ်နံဘေးမှာ ငုတ်တုတ်ကြီး ထိုင် စိတ်ကောက်နေလေရဲ့.. အတူပါလာတဲ့
စီနီယာကောင်လေးက ချော့ရှာပါတယ်... အစ်မရယ် အဲလိုကြီးတော့ မလုပ်ပါနဲ့တဲ့..
အကြာကြီးပဲဗျာ... ကျွန်တော် ၂၀၂ လိုင်းကားပေါ်ရောက်သွားတဲ့အထိကို သူက
မြောင်းနံ့ကို အောက်ဆီဂျင်အမှတ်နဲ့ ရှူရှိုက်နေတုန်း.. သနားစရာ.. :P
ကဲကဲ.. ကိုယ့်အကြောင်း ဆက်ပြော..အဲ ဆက်ရေးမယ်... ၂၀၂ ကြီးစီးပြီး
န၀ဒေးမှတ်တိုင်မှာဆင်း.. ၇၉ ဒိုင်နာစီး ရုံးကို ဆက်သွားပေါ့.. အဲ..
ကိုယ်ရောက်ပြီး မိနစ် ၂၀ လောက်ပဲ ခြားမယ်... စီနီယာနှစ်ယောက်က
ပြန်ရောက်လာပါရောဗျာ.. နည်းနည်းတောင် အံ့သြသွားတယ်.. ဟိုဘက် client
ဆိုက်က ကားလွှတ်ခေါ်မယ်ဆိုလည်း ဒီလောက်မမြန်ဘူးလို့.. အသွားအပြန်က
ရှိသေးတာလေ.. ဟိုဘက်ရုံးချုပ်ကို ၀င်ရဦးမယ်ဆိုပြီး
ဒီလောက်မြန်မြန်ရောက်လာတာ Taxi ငှါးလာတာမဟုတ်လို့ ဘာရှိရမှာလဲနော့..
ကိုယ့်စိတ်ထဲတော့ ခဏလောက် တစ်မျိုးဖြစ်သွားပြီး ဖျတ်ခနဲအာရုံပြောင်း
ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေလိုက်တယ်... ရုံးကိုရောက်တော့ ဂျာကြီးက
မိတင်တဲ့.. ပြန်ရောက်ကြောင်းတောင် သတင်းမပို့လိုက်ရပါဘူး...
ဟိုစီနီယာနှစ်ယောက်ကို ဂျာကြီးက ဘာနဲ့ပြန်လာကြတာလဲမေးလို့ Taxi
နဲ့လည်းဆိုရော ဂျာကြီးက အဲဒီစီနီယာညီမကို စကားလှည့်မပြောတော့ဘဲ HR
အခန်းထဲ ၀င်သွားလေရော..... ကဲ မောင်လေး ညီမလေးတို့ရေ
နောက်ဆက်တွဲပုံပြင်လေးတွေကို နောက်များမှ ဆက်ပြောပြမယ်နော်....
ဘာပဲဖြစ်ဖြစ် ဘ၀မှာ တစ်ခါလောက်ကလေး အပေါ်စီးကနေကစားရတဲ့ Game တစ်ခု
ကစားကြည့်နေတာလို့ စာဖတ်သူများ တွေးပေးကြပါ... ဇာတ်လမ်းအစမှာတော့
မင်းသမီးက နှိပ်စက်ခံရတတ်တယ်လေ.. ဟုတ်တယ်မဟုတ်လား... အနာခံရလေ
ကိုယ့်အရည်အချင်းတက်လာလေ.... ဘ၀ဆိုတာ အတွေ့အကြုံတွေက
သင်ယူခြင်းပါပဲလေ....

ဖမ်းကိုင်လည်းမရ
အပိုင်ဆိုတာ ဝေးရော..
ခပ်ကြည်ကြည်အရောင်မှာ
အရိပ်တွေက အရောင်စုံ ရွဲ့တိရွဲ့စောင်း
ကြီးသင့်တာငယ် ငယ်သင့်တာကြီး
အမှန်မဟုတ်တဲ့ ဘ၀ဘ၀တွေ
လေမှာလွင့်ခိုက်
တခဏတော့ ခင်းကျင်းကခုန်...။

                                          

၁ မေလ ၂၀၁၂
ညနေ ၆း၃၄

ပြာရင့်မှောင်
ဖျတ်ခနဲ တစ်ချက်အလင်းနဲ့
ဆတ်ခနဲ ရှေ့ဆက်တိုး....။
အနားသတ်က ဖျော့တော့လွန်း
ခုချိန်ထိ မည်းမည်းမှောင်...။
တိတ်တဆိတ်ပျောက်သွားတော့မှာလား
အကြိမ်ကြိမ်စဉ်းစား...။
ပြာသလိုလိုနဲ့ ရင့်လွန်းတဲ့အမှောင်
တစ်ထောင့်တစ်နေရာက ဖျတ်ခနဲအလင်းတွေဝါးဝါးမျိုဆဲ
ဘယ်တော့များမှ လင်းချင်းမလဲ....။

နွေနှင်း(gcc-mdy)
18-Feb-2012




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews