yifyef;EGrf;e,ftm;BuD;olwdkU tjrefoufomap&ef a&S;OD;olemjyKpkwJh enf;vrf;tcsKdUudk udk*sLvdkiftdyfruf&JU bavmhhrSm zwf&SKavhvmEdkifygw,f...

ရန်ကုန်မှာ မိုးသိပ်များလို့ ရေကြီးနေတယ်.. မန္တလေးမှာလည်း အရင်တစ်ပတ် စနေ-တနင်္ဂနွေနေ့က မိုးသည်းသည်းမည်းမည်းရွာလိုက်တာ အင်းခရုဘက်မှာ ရေကြီးနေတယ်လို့ သိရပါတယ်..(သတင်းက နောက်တောင်ကျနေပါပြီ).. ဟိုတစ်ရက်က အလင်းလှိုင်းအလှူကိစ္စအတွက် လှုပ်ရှားတော့ ညီမလေးတစ်ယောက်ပြောလို့သိရတာပါ.. အစ်မတို့ ရေဘေးအလှူအတွက် မလုပ်သေးဘူးလားလို့ သူကမေးလာမှ ဘယ်မှာဘာဖြစ်နေလဲလို့ စုံစမ်းမိတော့တယ်.. အင်းခရုဘက်မှာ ရေတွေကြီးနေတယ်လို့ သူက ပြောပါတယ်.. ပြီးခဲ့တဲ့ ရက်ပိုင်းက တော်ပေါ်ပြန်ဖြစ်တော့ အောင်ပင်လယ်ဘက်ကအိမ်တွေကို ကားပေါ်ကနေလှမ်းကြည့်ဖြစ်ခဲ့သေးတယ်.. တစ်ချို့နေရာတွေမှာ ရေရှိနေပါသေးတယ်..ခုချိန်တော့ ရေပြန်ကျသွားပြီလား မပြောတတ်ပါဘူး..

ဒီရက်တွေ အရင်စနေ-တနင်္ဂနွေလိုမျိုး မိုးဆက်မရွာတာ ကျေးဇူးတင်ရမယ်.. မဟုတ်ရင် ရုံးကိုမိုးထဲရေထဲကနေ လာနေရဦးမှာမို့လေ..

ဒီရက်ပိုင်း မန္တလေးမှာ မနက်ခင်းဆို မိုးသည်းသည်းမည်းမည်းရွာနေတယ်.. ပြီးခဲ့တဲ့ စနေ ၊ တနင်္ဂနွေ နှစ်ရက်လုံးမိုးရွာလို့ ရေတွေတောင်လျှံတယ်.. မုတ်သုံလေက စက်တင်ဘာမှာ ဆုတ်ခွါမယ်လို့ မိုးလေ၀သနဲ့ဇလဗေဒဌါနကတော့ ခန့်မှန်းချက်ထုတ်ထားတာပဲ.. ဒီနှစ် မုတ်သုံလေက နောက်ကျမှဝင်ပြီး စောစောစီးစီးဆုတ်ခွါသွားတယ်.. သူလာတာ ဇူလိုင်လောက်မှလေ.. ခါတိုင်းနှစ်တွေက ဇွန်လောက်မှာ မုတ်သုံလေ စ၀င်ပြီး အောက်တိုဘာနှောင်းပိုင်းရက်တွေမှ မုတ်သုံလေဆုတ်တာ.. ခုတော့ စက်တင်ဘာမှာတဲ့..

ရာသီတွေ ဖောက်ပြန်တော့ ရာသီကိုမှီ ပွင့်တဲ့ပန်းတွေလည်း ဖောက်ပြန်ကုန်တယ်.. မိုးရွာတဲ့သုံးရက်လုံး ကျွန်တော်တို့အိမ်က ပိတောက်ပင်က ပိတောက်ပန်းပွင့်တယ်.. လှိုင်လှိုင်ပွင့်တာမျိုးမဟုတ်ပါဘူး.. တစ်ခက်နှစ်ခက်ပေါ့.. အရင့်အရင်နှစ်တွေက ပိတောက်ပွင့်ရင် ပန်ဖြစ်ခဲပါတယ်.. ပန်းပွင့်ဆိုရင် ခူးပန်လိုက်တာထက် အပင်မှာ အလှကြည့်ထားရတာကို ပိုသဘောကျတဲ့အတွက် ပန်းပန်ခဲပါတယ်..ဒါပေမယ့် ပြီးခဲ့တဲ့သင်္ကြန်မတိုင်ခင်က အပင်မှာ အဆုပ်လိုက်အခဲလိုက် ပွင့်တော့မလို့အားယူနေတဲ့ ပိတောက်ဖူးတွေကိုကြည့်ပြီး ပိတောက်ပန်းကို သိပ်ပန်ချင်ခဲ့တာပဲ.. အဲလို တတမ်းမက်မက်ပန်ချင်ခဲ့လို့ထင်ပါရဲ့.. ပိတောက်ပန်းပွင့်ချိန်မှာ ရှိမနေခဲ့ဘူး.. သင်္ကြန်အမီပွင့်တဲ့ပိတောက်ကို မပန်ခဲ့ရဘူး.. သင်္ကြန်ပြီးမှပဲ တစ်ကျော့ပြန်ပွင့်တဲ့ ပိတောက်ပန်းကို ပန်ရတယ်.. ဒီနှစ်မှာ ပိတောက်ပန်းကို သိပ်တမ်းတနေခဲ့လို့လားမပြောတတ်ဘူး.. သင်္ကြန်အပြီး နွေလွန် မိုးနှောင်းထိ ပိတောက်ကို အမုန်းပန်နေရတယ်.. ပိတောက်ရယ် ငါ့ဆီအရောက်နောက်ကျလိုက်တာလို့ ပြောချင်ပေမယ့် တကယ်တမ်းကျတော့ မမုန်းဖြစ်ပါဘူး.. ကိုယ်ပန်ချင်တဲ့ပန်းပဲလေ.. ဘယ်အချိန်ရောက်ရောက် တန်ဖိုးထားခြင်းက မပျက်ပါဘူး..

မိုးရွာလို့ပွင့်တဲ့ ပိတောက်ပန်းပန်တဲ့နေ့ဆို ကျွန်တော့်ဆံစက ပိတောက်တွေကိုကြည့်ပြီး ပိတောက်က သစ္စာမရှိတော့ဘူးလို့ ပြောတဲ့သူတွေပြောကြတယ်.. ရာသီကိုမှီ ပွင့်ရတဲ့ပန်း ရာသီဖောက်ပြန်တော့ သူ ပွင့်ရမယ့်အချိန်ကို မသိတော့တာ အဆန်းမဟုတ်ပါဘူး.. သူပွင့်တော့ ကိုယ်ပန်ရတယ်.. အနည်းဆုံးတော့ သူ့ပတ်ဝန်းကျင်ကလူတွေရဲ့စိတ်ကို သူ့အသွင် သူ့အလှနဲ့ အံ့သြလန်းဆန်းစေသေးတယ်မဟုတ်လား.. အသိဥာဏ်မဲ့တဲ့ပန်းကို သစ္စာရှိဖို့ ကျွန်တော်မျှော်လင့်မထားဘူး.. အသိဥာဏ်ရှိ ၊ ကိုယ့်စိတ်ကိုကိုယ် ၊ ကိုယ့်အကျင့်ကိုကိုယ် ပြုပြင်ယူလို့ရတဲ့ “လူ” တွေထဲမှာရော သစ္စာစောင့်သိသူ ဘယ်နှယောက်များ လက်ညှိုးထိုးပြစရာရှိနေလို့လဲ.. တစ်ချို့လူတွေဆို သူရှိနေခြင်း ရပ်တည်နေခြင်းကတောင် သူ့ပတ်ဝန်းကျင်ကို အရုပ်ဆိုးအောင် ပြုလုပ်နိုင်ကြသေးတယ်မဟုတ်လား.. အဲဒါကြောင့် အဲလိုလူတွေထက်စာရင် ပိတောက်က သာပါသေးတယ်လို့ တွေးမိပါရဲ့..

ပြီးခဲ့တဲ့သင်္ကြန်အမှီ သူပွင့်ပေးခဲ့တယ်.. သူ့တာဝန်ကျေပါပြီ.. နောက်ထပ်ပွင့်လာတာ သူသစ္စာမရှိလို့လို့ မသတ်မှတ်နိုင်ဘဲ အပိုဆုရတာလို့.. အနည်းဆုံး သူနဲ့ထိစပ်နေတဲ့သူတစ်ဦးစ နှစ်ဦးစကို သူ့အလှ ၊ သူ့ ရနံ့နဲ့ စိတ်ကြည်လင်စေတာလို့ ပဲ မှတ်ယူလိုက်ပါတယ်.. ပိတောက်ရေ.. နောက်ရက်တွေရော နင်ရောက်လာဦးမှာလားဟင်လို့ ပိတောက်ပင်ကြီးကို မေးလိုက်ချင်ပါရဲ့လေ..

ခုနောက်ပိုင်း.. ကိစ္စတော်တော်များများကို စိတ်ထဲမှာ အကြာကြီးမထားဖြစ်တော့ဖို့ ကြိုးစားနေတာကြောင့်လား မပြောတတ်ဘူး.. တစ်ချို့ဟာတွေကိုဆို အစဖော်မရအောင် မေ့နေပြီ.. အဲဒါဟာ ကောင်းတာလား မကောင်းတာလား မသိဘူး..

ပြီးတော့ အသက်ကြီးလာတာနဲ့အမျှ သူများကို အရွဲ့တိုက်ပြီးလုပ်တယ် ဆိုတဲ့ကိစ္စမျိုးတွေ မလုပ်ဖြစ်တော့ဘူး.. မလုပ်မိအောင်လည်း နေတယ်.. ကိစ္စတစ်ခုကိုလုပ်ပြီဆို ကိုယ်လုပ်ချင်လို့ လုပ်တာမျိုးပဲ ဖြစ်အောင် စိတ်ကို ပြောင်းလဲယူပစ်လိုက်တယ်.. သူများကိုရွဲ့ပြီးလုပ်တယ်ဆို သူများရဲ့ထိန်းချုပ်မှုအောက်ရောက်နေတယ်ဆိုတဲ့ အယူအဆလေး ၀င်နေတာလည်း ပါတယ်ပေါ့.. ပြီးတော့ သူများအကြောင်းကို ခေါင်းထဲထည့်ထားရတာ ပင်ပန်းမှန်း ခံစားမိလာတယ်.. ဒီလိုပြောလို့ သူများကိစ္စဆို ခေါင်းထဲလုံးလုံးမထားတတ် သူများအတွက် မတွေးပေးတတ်တဲ့ လက်လွတ်စပယ်လူမျိုးဖြစ်အောင်အထိတော့ မဟုတ်ပါဘူး.. ခေါင်းထဲထည့်ထားသင့်သူ ထည့်ထားသင့်တဲ့ကိစ္စမျိုးလောက်ပဲ ရှိနေအောင် ကြိုးစားနေဖြစ်တော့တာ.. ဘာဖြစ်လို့လဲဆို ကျွန်တော်တို့ နေရတဲ့ဘ၀က တိုတိုလေးပါ.. ကိုယ့်ဘ၀အတွက် အရေးမပါ အရာမရောက်တဲ့ ကိစ္စတွေနဲ့ အချိန်ကုန်ပစ်ရမယ်ဆို ကျွန်တော်တို့လုပ်ချင်တာတွေ မလုပ်လိုက်ရဘဲ နေမှာပေါ့.. ဒီလို တွေးထားတာတောင် လုပ်သင့်တဲ့ကိစ္စတွေကို ရာနှုန်းပြည့် မလုပ်နိုင်သေးတာ ကိုယ့်ကိုယ်ကိုယ်တွေ့နေရတယ်..

နောက်တစ်ခု သူများကို အရွဲ့တိုက်ပြီးတစ်ခုခုလုပ်လိုက်ရင် ကိုယ့်စံနှုန်းနဲ့ မကိုက်၊၊ ကိုယ့်စံတွေကနေ သွေဖယ်သွားတယ်လို့ ကိုယ့်ကိုယ်ကိုယ်ခံစားမိတာမို့ အရွဲ့တိုက်တယ်ဆိုတဲ့ကိစ္စ မလုပ်မိအောင် နေမိတာလည်း ဖြစ်မယ်.. ပြီးတော့ တဖြည်းဖြည်းသိလာတာနဲ့အမျှ အရွဲ့တိုက်တယ်ဆိုတာ ကလေးဆန်တဲ့အပြုအမူ စာရင်းထဲ ထည့်ထားမိလိုက်တာကြောင့် လူကြီးဆန်ချင်တဲ့ကျွန်တော် အရွဲ့တိုက်တဲ့အလုပ်တွေ မလုပ်ဖြစ်တာပဲ နေမှာပါ.. ရှိသေးတယ်.. အရွဲ့တိုက်ရင် ဖျောက်ဖျက်ဖို့ ကိုယ်ကြိုးစားနေတဲ့ ကိုယ့်ရဲ့မကောင်းတဲ့အကျင့် မကောင်းတဲ့စိတ်လေးတွေလည်း ပြန်ပြန်ရောက်လာတတ်လို့ နေလိမ့်မယ်.. ဒီ့အပြင် အရွဲ့တိုက်တယ်ဆိုတာ နှစ်ဖက်လုံး အရှုံးမရှိတဲ့အနေအထားကို မဖန်တီးနိုင်ဘူးလို့ ယူဆမိလို့လည်း ဖြစ်ပါလိမ့်မယ်..

ဘာရယ်မဟုတ်ပါဘူး.. ကျွန်တော့်ပတ်ဝန်းကျင်မှာ တွေ့နေ ကြားနေရတဲ့ ငါက သူများထက် ပိုရွဲ့တတ်တယ်ဆိုတဲ့ ဂုဏ်ယူတာလား .. ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်တာလားမသိတဲ့ (အမှန်ကတော့ ဖြစ်နေတဲ့ပြဿနာကို
သေချာမဖြေရှင်းနိုင်တာနဲ့ပဲ အလွယ်ကောက်သုံးလိုက်တဲ့ ဆေးမြီးတို ) စကားတစ်ခုကို ၊ ကိုယ့်အတ္တကို လွဲမှားစွာ အရောင်ပြန်တင်တဲ့ နည်းလမ်းတစ်ခုကို ကိုယ်ကျင့်သုံးနေမိသေးလားလို့ ပြန်စဉ်းစားရင်း ဒီပို့စ်ကို ရေးဖြစ်တာပါလေ..

အိမ်ပြန်လမ်း

နှင်းရင်ခွင်တွင်း တိုးဝင်ခဲ့ရင်း
နေကြာဝါ၀ါ တောင်ပြာပြာမှာ
ဟိုဒီကောက်ကွေ့ လမ်းသွေ့သွေ့ဝယ်
အလွမ်းဝေ့ဝေ့ မြေ့မြေ့ဆွတ်ကြင်
တမ်းရိပ်ထင်သည် ...
ကြင်သူမသိနိုင်ပါလေ ...။

နိုဝင်ဘာ ၂၀၀၆

မန္တလေးကို ကျွန်တော် ရောက်ဖူးတာ လူမှန်းသိတတ်စ အရွယ်ကတည်းက ဆိုပါစို့.. ငယ်ငယ်က အလည်အပတ်သဘောနဲ့ ခဏတဖြုတ် ခဏခဏရောက်ပါတယ်.. အဲဒီတုန်းက ကျွန်တော်တို့တည်းခိုရာအိမ်က မြို့စွန်လို့ခေါ်လောက်တဲ့ နေရာမှာပါ.. သစ်ရိပ်ဝါးရိပ်ပေါတဲ့ ကွက်သစ်လေးတစ်ခုပါ.. ညနေစောင်းပြီဆိုရင် လူသွားလူလာ အတော်ပြတ်ခဲ့တဲ့ နေရာပေါ့.. မှတ်မှတ်ရရ တစ်မြို့လုံးနီးပါး မီးလောင်တဲ့နှစ်မှာလည်း မန္တလေးကို ရောက်ပါသေးတယ်.. မီးလောင်ပြင် ကြီးကြီးမားမား မြင်ဖူးခဲ့တာပါပဲ.. နောက်ပိုင်းနှစ်တွေမှာ မန္တလေးဟာ ကျွန်တော့်အတွက် သုံးလတစ်ကြိမ် ၊ လေးလတစ်ကြိမ်လောက်ရောက်တဲ့ နေရာဖြစ်လာတယ်.. တစ်ခါလာရင် အပြောင်းအလဲတစ်မျိုးကြုံရပါတယ်.. မြို့သစ်တွေ တိုးလာတယ်.. မြို့ထဲဆိုတဲ့နယ်ပယ်ဟာ ပိုကျယ်လာတယ်.. အရင့်အရင်ကဈေးချိုတစ်ဝိုက်မှာ အင်မတန်များခဲ့တဲ့ မုန့်တီဆိုင်တွေ ပျောက်ကုန်တယ်.. ရှမ်းခေါက်ဆွဲဆိုင်တွေ ရောက်လာတယ်.. ၀က်သားတုတ်ထိုးဆိုင်တွေ ပေါလာတယ်.. ငယ်ငယ်က စီးခဲ့ဖူးတဲ့ သုံးဘီးကားတွေ မရှိတော့ဘူး.. မြင်းလှည်းတွေလည်း သိပ်မတွေ့ရတော့ဘူး.. ကျူံးရေပြင်ကလည်း ပိုနက်သွားတယ်.. စက်ဘီးအစား ဆိုင်ကယ်တွေ အစားထိုးလာတယ်ပေါ့.. ကျွန်တော်မသိတဲ့ ဒိပြင် အပြောင်းအလဲများစွာလည်း ရှိဦးမှာပါ..

ဒါပေမယ့် မပြောင်းမလဲတဲ့ အရာတွေလည်း မန္တလေးမှာ ကျန်နေခဲ့ပါသေးတယ်.. အဲဒါက အိမ်တိုင်းနီးပါးရဲ့ရှေ့မျက်နှာစာမှာ ရေမြောင်းရှိနေတာရယ် ၊ ခြင်အလွန်ကိုက်တာရယ်ပါ.. ရေမြောင်းမှာလည်း အပြောင်းအလဲတော့ ရှိပါသေးတယ်.. အရင်တုန်းက ရေမြောင်းကရေတွေဟာ အလွန်သန့်ပါတယ်.. ကျန်းမာရေးရှုထောင့်အရ သန့်တာ မသန့်တာကို ပြောတာမဟုတ်ပါဘူး.. မြောင်းထဲကရေပေမယ့် ရွှံ့ဗွက်မဖြစ်ဘဲ ရေကြည်နေတာကို ပြောတာပါ.. အဲဒီရေနဲ့ ပန်းကန်ဆေးလို့ရတယ်.. ကျွန်တော်တို့ တည်းတဲ့အိမ်မှာဆို အဲဒီမြောင်းထဲကရေနဲ့ ခြေတောင်မဆေးရပါဘူး.. ရေကို အသန့် ပဲ ထားပါတယ်.. ခုတော့ ရေမြောင်းရေတွေ မကြည်တော့ဘူး.. တော်တော်ကို စိတ်ပျက်စရာကောင်းတဲ့ မြောင်းရေဖြစ်နေပါပြီ.. အဲ.. ဒါဆိုရင် မန္တလေးရဲ့ မပြောင်းလဲတဲ့ အကြောင်းတရားထဲမှာ ရေမြောင်းကို ထည့်လို့မရတော့ပြန်ဘူး..

ခြင်ကိုက်တာတစ်ခုကိုပဲ မပြောင်းလဲတဲ့ အကြောင်းတရားအဖြစ် ညွှန်ရပါတော့မယ်.. ဟုတ်ပါတယ်.. ခြင်ကတော့ အရင်ကလည်း အလွန်ကိုက်တယ်.. ခုလည်း အလွန်ကိုက်တုန်းပါပဲ.. တစ်ခါတစ်ခါများ တွေးမိတယ်.. အေ့ဒ်စ်ရောဂါက ခြင်ကိုက်ရာကနေများ မကူးတတ်လို့.. ကူးတတ်ရင် မန္တလေးတစ်မြို့လုံး ကုန်မှာပဲလို့လေ.. ခြင်နဲ့ပတ်သက်လို့ အရင်နဲ့ အခုကွာတာ ခြင်နှင်တဲ့နည်းပါ.. အရင်က နနွင်းတက်ကို မီးရှို့ထားတဲ့ နနွင်းမှိုင်းနဲ့ နှင်တယ်.. ခုကျတော့ တံဆိပ်အမျိုးမျိုးနဲ့ ခြင်ဆေးခွေတွေသုံးပြီးနှင်တယ်.. လျှပ်စစ်ခြင်ရိုက်တံသုံးပြီး နှင်တယ်.. ခြင်ပေါတယ် မပေါတယ်.. ဆင်းရဲသားရပ်ကွက်မှာဆို ခြင်ဆေးခွေဝယ်ဖို့အတွက် အစားကိုခြိုးခြံရတယ်လို့ ကြားဖူးပါရဲ့.. ဆင်းရဲသားတွေနဲ့ လူလတ်တန်းစားတွေအတွက်တော့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး ခြင်နှင်နည်းက ခြင်ဆေးခွေထွန်းတာပါ.. ဘယ်လိုနှင်နှင် ဘယ်လိုနှိမ်နှိမ် ကိုရွှေခြင်တွေက မဖြုံပါဘူး.. ညနေခင်းတင်မက နေ့ခင်းပါကိုက်တော့ ကလေးတွေပဲအိပ်အိပ် ၊ လူကြီးတွေက တရေးတမောပဲနှပ်နှပ် ခြင်ဆေးကိုပဲ အားကိုးရပါတယ်..

အဲဒါကြောင့် မန္တလေးမှာနေရင် ခြင်ဆေးခွေက မရှိမဖြစ်ပေါ့.. ခြင်ဆေးခွေတွေက ခြင်မကိုက်အောင် ၊ ခုတလောခေတ်စားနေတဲ့ သွေးလွန်တုပ်ကွေးမဖြစ်အောင် ကယ်တင်တဲ့ ကျေးဇူးရှင်လို့ ပြောလို့ရမယ်ထင်ပါတယ်.. ဒါပေမယ့် စက်တင်ဘာလထုတ် ကလျာမဂ္ဂဇင်းမှာ ဆရာမဂျူးရေးတဲ့ “ခြင်ဆေးခွေထွန်းမှာလား ” ဆောင်းပါးလေးကို ဖတ်လိုက်ရတဲ့အချိန်မှာ ခြင်ဆေးခွေကို ကျေးဇူးရှင်လို့ မပြောနိုင်တော့ပါဘူး.. ခြင်ဆေးတစ်ခွေကထွက်တဲ့ အခိုးအငွေ့တွေဟာ ဆေးလိပ် ၅၁ လိပ်ကထွက်တဲ့ အခိုးအငွေ့နဲ့ ညီမျှပြီး ခြင်ဆေးခွေကထွက်တဲ့ အမှုန်အမွှားတွေ အဆုတ်ထဲရောက်တာက ဆေးလိပ် ၁၃၇ လိပ်နဲ့ ညီမျှပါသတဲ့.. စုစုပေါင်းလိုက်ရင် ခြင်ဆေးတစ်ခွေက ဒုက္ခပေးနိုင်တာ ဆေးလိပ် ၁၈၈ လိပ်နဲ့ ညီနေပါရော.. ဆေးလိပ်နံ့ကို ကြောက်တဲ့ကျွန်တော် ခြင်ဆေးတစ်ခွေထွန်းရမှာတောင် တော်တော်ကြောက်သွားပါတယ်..

ကိုယ်ကသာ ခြင်ဆေးထွန်းရမှာကြောက်တာ.. ခြင်တွေက မကိုက်ဘဲ နေမှာမဟုတ်တော့ ဆရာမဂျူးရဲ့ ဆောင်းပါးကိုဖတ်ရင်း အတော် အကျပ်ရိုက်သွားပါတယ်.. ဒါနဲ့ ဆက်ဖတ်တော့.. နနွင်းမှိုင်းက အဆုတ်ကိုထိနိုင်ပေမယ့် ခြင်ဆေးလောက် အန္တရာယ်မရှိဘူးလို့ ဆရာမက ပြောထားပါတယ်.. ဒါပေမယ့် နနွင်းမှိုင်းကလည်း အန္တရာယ်အကင်းဆုံးလို့ မပြောနိုင်သေးပါဘူး.. ထင်းတို့ ၊ သစ်တိုသစ်ဆွေးကထွက်တဲ့ မီးခိုးမှိုင်းတွေဟာလည်း လူကို အန္တရာယ်ဖြစ်နိုင်စေသေးတယ်တဲ့.. တီဗွီမှာကြော်ငြာနေတဲ့ ခြေလက်တွေကို ခြင်မကိုက်အောင်လိမ်းတဲ့ဆေး ၊ ခြင်ထောင်စိမ်တဲ့ ဆေးတွေကလည်း ခြင်မကိုက်အောင်သာကာကွယ်နိုင်တာ တကယ်တမ်းကျ အဆိပ်သင့်စေတဲ့ ဆေးတွေပါပဲတဲ့.. ဆောင်းပါးကိုဖတ်ရင်းနဲ့ အတော်ရင်မောသွားပါတယ်.. ခြင်အန္တရာယ်ကို ဘယ်လိုကာကွယ်ရမှာပါလိမ့်နော်..

ဆရာမဂျူးကတော့ ခြင်မကိုက်အောင် ကာကွယ်တဲ့နည်းလမ်းတွေ ပေးထားပါတယ်.. အကောင်းဆုံးကတော့ ခြင်လုံဇကာနဲ့ နေတာပါပဲတဲ့.. တခြားနည်းတွေကတော့ .. ပန်ကာဖွင့်ထားပေးတာ(ဒီနည်းက မီးလာမှ အဆင်ပြေမယ့်နည်း..) .. လေအေးစက်ဖွင့်ပေးထားတာ (ဒီနည်းက ဖန်လုံအိမ်အာနိသင်ကို ပိုဆိုးစေတယ်တဲ့..သိပ်မဟန်ဘူးပေါ့ ).. ကလေးတွေကို ဘောင်းဘီရှည်ဝတ်ပေးထားတာ.. အိမ်ထဲမှာ စက္ကူ.. စတဲ့အမှိုက်တွေ ရှင်းလင်းထားတာ.. နို့ဆီခွက် ၊ ရေခွက် ၊ ကစားစရာအိုးပုတ်ကအစ ပက်လက်မထားဘဲ ရေမ၀င်နိုင်အောင် မှောက်ထားတာ.. ဘာဖြစ်လို့လဲဆိုတော့ ခြင်ဖြစ်မယ့်လောက်လန်းဟာ ရေအကပ်အသပ်မရှိရင်တောင် ရေောစးအလာကိုဇွဲကောင်းကောင်းနဲ့ စောင့်နိုင်တဲ့ အကောင်ပါတဲ့..

ပြီးတော့ ခြင်တွေဟာ အလင်းရောင်ကိုကြိုက်တယ်.. ဆီမီးရောင် ၊ ဖယောင်းတိုင် ၊ လူကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နံ့နဲ့ ချွေးနံ့ ၊ ဆားကဲတဲ့ အစားတွေစားပြီး ထွက်တဲ့အနံ့ ၊ ငှက်ပျောသီးစားတဲ့လူကထွက်တဲ့အနံ့တွေကိုကြိုက်ပါသတဲ့.. ခြင်မကိုက်စေချင်ရင်တော့ အဲဒီအချက်တွေ မဖြစ်အောင် ရှောင်ရမယ်ဆိုပါတော့..

ခြင်ကြိုက်တဲ့အရာတွေရှိသလို ခြင်ကြောက်တဲ့၊ ခြင်မကြိုက်တဲ့အရာတွေလည်း ရှိပါသတဲ့.. အဲဒါတွေကတော့ စပါးလင်နံ့ ၊ ပင်စိမ်းနံ့ ၊ ယူကလစ်နံ့ ၊ ကြက်သွန်ဖြူနံ့တွေကို ခြင်မကြိုက်ဘူး.. ရေဗွက်ရေအိုင်ပေါတဲ့အရပ်မှာ အဲဒီအပင်တွေကို စိုက်ထားရင် ခြင်မလာဘူး.. အဲဒီအပင်တွေကထွက်တဲ့ အဆီကို ခြေလက်တွေမှာ လိမ်းထားနိုင်ရင် ခြင်မကိုက်ဘူးလို့ ဆရာမက ဆိုပါတယ်.. ဒါပေမယ့် မျက်စိထဲမ၀င်အောင်တော့ ဂရုစိုက်ရပါမယ်.. ကြက်သွန်ဖြူ စားထားရင်တော့ လူကထွက်တဲ့ချွေးမှာ သူ့အဆီပါသွားတဲ့အတွက် ခြင်ကိုက်သက်သာပါလိမ့်မယ်တဲ့.. အလွယ်ဆုံးနဲ့အသက်သာဆုံး ခြင်ကိုက်သက်သာနိုင်မယ့်နည်းကတော့ သနပ်ခါးထဲ သံပုရာသီးညှစ်ပြီး လိမ်းတာလို့ ဆရာမရဲ့ဆောင်းပါးကိုဖတ်ရင်း ကျွန်တော်တွေးမိပါတယ်..

ခြင်ပေါတဲ့မန္တလေးအတွက် အန္တရာယ်ကင်းတဲ့ ခြင်နှင်ရေးနည်းလမ်းတွေမို့ ကျွန်တော်ဖတ်ထားသမျှထဲက မှတ်မိသမျှ ဝေမျှလိုက်ရပါတယ်.. ခြင်ဆေးခွေအန္တရာယ်နဲ့ ခြင်နိုင်မယ့်နည်းလမ်းတွေရေးပြတဲ့ ဆရာမဂျူးကို ကျေးဇူးတင်ကြောင်း ဒီပို့စ်မှာပဲ မှတ်တမ်းတင်အပ်ပါတယ်..

မျက်နှာများနှင့် လူ

လူတစ်ယောက်မှာ မျက်နှာဘယ်နှစ်ခု ရှိနိုင်ပါသလဲ..။ တစ်ယောက်တည်းမို့ မျက်နှာတစ်ခုတည်း ရှိသင့်သလား။ မျက်နှာတစ်ခု ထက်ပိုရှိသင့်တယ်ဆိုရင်ရော ဘယ်လောက်များများ ရှိနိုင်သလဲ ..။ မျက်နှာတစ်ခုတည်းရှိသူကို ချီးကျူးသင့်ပြီး မျက်နှာအများကြီးရှိသူကို အပြစ်တင်သင့်သလား။ ဘာပဲဖြစ်ဖြစ် ကျွန်မတွေ့ဖူးသော လူတစ်ယောက်မှာတော့ မျက်နှာတစ်ခုထက်မက ရှိနေသည်။ သူ့ကို .. မောင် ..လို့ပဲ ခေါ်ကြပါစို့။

မောင့်ကို တွေ့ဖူးခါစက သုန်မှုန်နေသော မျက်နှာနှင့်...။ လူမရှိသော စာသင်ခန်းက နောက်ဆုံးစာသင်ခုံမှာ မောင်တစ်ယောက်တည်း အဖော်မဲ့ငြိမ်ဆိတ်စွာထိုင်လျက်...။ အတန်းနောက်ဆုံးက အမှိုက်ပုံးထဲ ချိုချဉ်ခွံလာပစ်သော ၊တစ်ဖက်စာသင်ခန်းက ရောက်လာသော ကျွန်မကို မောင်ကဖျတ်ခနဲ မော့ကြည့်သည်။ မောင့်မျက်နှာက တင်းသလိုလို မှုန်သလိုလို ပေမယ့် မောင့်အကြည့်တွေက စူးရှလှသည် ။ တစ်ဖက်သား ရင်ထဲကို ထွင်းဖောက်ပြီး ကြည့်တတ်သော အကြည့်မျိုး။ အင်မတန်တည်ငြိမ်သော စိတ်နှလုံးဆီမှ လာသောအကြည့်မျိုး။ အဲဒီတစ်ခါလေးဆုံဖူးရုံနှင့်ပင် မောင့်ရင်ထဲမှာ မောင့်စိတ်ကို လေးလံစေသော အရာတစ်ခုခု ရှိနေမည်ဆိုတာ ကျွန်မအကဲခတ်မိသွားသည်။ မောင့်မျက်နှာနှင့် မောင့်အကြည့်က အနည်းငယ် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်ပဲ ။ တည်ငြိမ်စူးရှသည့်အကြည့်နှင့် ခပ်မှုန်မှုန် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် မျက်နှာပေးက လိုက်ဖက်စပ်ဟပ်မှုမရှိ၊ အနည်းငယ် တေ့လွဲလွဲနေသလိုပင်။ ဒါ...မောင့်ကို ပထမဦးဆုံးမြင်ဖူးစ ၊ ကျွန်မ မှတ်မိသော မျက်နှာ....။

နောက်ထပ်မှတ်မိနေသော မောင့်ရဲ့ အခြားမျက်နှာတစ်ခုက ကျောင်းသက်ဒုတိယနှစ်... ကျောင်းကအပြန် ကားပေါ်မှာမြင်ခဲ့ရသည် ...။ ကျွန်မကို တစ်ယောက်တစ်ပေါက်နှင့် မထိခလုတ် ထိခလုတ်ဝိုင်းစနေသော မောင့်သူငယ်ချင်းများကြားမှာ မောင်က တေမိ။ ၀င်လည်း မစ၊ တားလည်းမတား ဘာသိဘာသာနေသည်။ တစ်ခုပါပဲ..အဲဒီအချိန်က မောင့်မျက်နှာ ကြည်လင်နေတာ မှတ်မိသည်။ ကြည်လင်ပေမယ့် တစ်ဖက်သားကို မခန့်လေးစားပြီတီတီ မျက်နှာပေးမျိုးမဟုတ်။ ကြည်၍တည်သည့် မျက်နှာမျိုး ..။ ကျွန်မ အင်မတန်နှစ်သက်သော မောင့်မျက်ဝန်းတွေကလည်း တွေ့ဖူးစကလိုပဲ လေးနက်တည်ငြိမ်လျက်..။ ကားပေါ်က ဆင်းခါနီးမှာ မောင်က ကျွန်မကို ဖျတ်ခနဲကြည့်ပြီး ပြုံးသွားသည်။ အစအနောက်သန်ကြသော မောင့်သူငယ်ချင်းများကြောင့် ဖြစ်လာသော အားနာပြုံးလား မဆိုနိုင်..။မောင့်ရဲ့ အပြုံးမျက်နှာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ..။

နောက်တစ်နှစ်လောက်မှာ ကျောင်းပြီးသွား၍ အလုပ်တစ်ဖက်နှင့် ဘွဲ့လွန်ဆက်တက်သော မောင်နှင့် ပြန်ဆုံရသည်။ ဒီတစ်ခါ ပြန်ဆုံရသော မောင့်မျက်နှာက အရင်လိုမဟုတ်တော့...။ သုန်မှုန်ခြင်း ကင်းနေသည်။ ကြည်စင်ခြင်းရဲ့ ဟိုဘက်ကို နည်းနည်းလွန်နေသည်။ အရင်လို မျက်နှာမျိုးရှိဖို့ တမင်ကြိုးစားထားရသော မျက်နှာပေးမျိုး ..။ အထူးသဖြင့် မောင့်မျက်နှာပေါ်က မျက်ဝန်းအကြည့်တွေ..။ အရင်လို မတည်ငြိမ်တော့ ။ အနည်းငယ်လှုပ်ခတ်နေသည်...။ စူးရှလေးနက်သောအကြည့်တွေအစား ရွှန်းစိုတောက်ပသော ၊တဖျတ်ဖျတ် အရည်ကြည်လဲ့သော အကြည့်တွေက ၀င်ရောက်နေသည်။ ဘယ်လိုအရာတွေက မောင့်မျက်နှာရဲ့ တည်ကြည်ခြင်း ၊ မျက်ဝန်းအကြည့်တွေရဲ့ လေးနက်ခြင်းကို ဖျက်ဆီးပစ်သလဲ။ ရည်မှန်းချက်များ အတိုင်းအတာ တစ်ခုထိပြည့်ဝသွား၍ ကျေနပ်ခြင်းတွေနှင့် လျှော့ချပစ်လိုက်သော စိတ်အခြေအနေကြောင့်လား ..။ လုပ်ငန်းသဘာဝအရ လက်ပွန်းတတီးရှိနေသော ချက်တင်ဆိုတာကြောင့်လား။ မိန်းကလေးနှင့် ကင်းရှင်းသည်ဟု နာမည်ကြီးခဲ့သော မောင်က .. ခုကျတော့ ဖုန်း၊ ချက်တင်နှင့် မိန်းကလေးတွေနှင့် ကြည်တတ် အီတတ်ပြီဆိုသော သတင်းတွေက မကြားချင်မှ အဆုံး ...။ အဲဒါတွေကို သာယာတတ်သွားသော မောင် .. တည်ငြိမ်လေးနက်သောမျက်နှာကနေ မိန်းကလေးတွေကို ဂရုပြုမိလျက်နှင့် မပြုမိယောင် ၊ မိန်းကလေးများကို ဂရုစိုက်ချင်လျက်နှင့် ဂရုမစိုက်ယောင်ပြုထားသော မျက်နှာမျိုး ပြောင်းသွားရပြီလေ ...။ မောင့်ကိုယ်မောင်ပင် ကိုယ့်မျက်နှာကိုယ် ဒီလောက်အပြောင်း အလဲများမှန်း သိနိုင်မည်မဟုတ်။ ပွဲကြည့်ပရိသတ်ဖြစ်သော ကျွန်မ ၊ မောင့်မျက်နှာကို စာအုပ်တစ်အုပ်လို ဖတ်ရှုခွင့်ရခဲ့သော ကျွန်မက ပြောင်းလဲသွားသော မောင့်မျက်နှာတွေကို အံ့လည်းအံ့သြ ၊ တုန်လည်း တုန်လှုပ်သောစိတ်နှင့် သိခဲ့မြင်ခဲ့ရပါသည်။

နောက်ဆုံးအနေနှင့် ကျွန်မသိခွင့်ရခဲ့သော မောင့်မျက်နှာက ကျွန်မကိုအကြီးအကျယ် စိတ်ပျက်စေခဲ့ ၊ မျှော်လင့်ချက်တွေ ပျက်သုဉ်းစေခဲ့သည်။ အဲဒီနေ့က နောက်ဆုံးပေါ် စကားပြောစက်တွေရဲ့ အလယ်မှာ ကျွန်မသူငယ်ချင်းရဲ့ ဧည့်သည်အဖြစ် ကျွန်မက လိုက်ပါရောက်ရှိနေခဲ့သည်။ တိုက်ဆိုင်သည်မှာ မောင်ကလည်း အဲဒီနေရာကို ရောက်နှင့်နေခဲ့သည်ပင်။ ကျွန်မလို ဟိုငေးသည်ငေးဧည့်သည်အဖြစ်နှင့်မဟုတ်။ ဟိုမေးသည်မေး ဈေးစကားတွေပြောနေသော ၊ စိတ်ကြိုက် ပစ္စည်းရွေးနေသော ၀ယ်သူတစ်ယောက်အနေဖြင့်။ ပြီးတော့ မောင့်နံဘေးမှာ မောင်နှင့်အတူ ပစ္စည်းရွေးနေသော၊ မောင်..သိပ်အလေးထား ၊ လေးစားရသူပါသည်။ ထို့ကြောင့်ပင် ကျွန်မမျက်ဝန်း၊ ကျွန်မမျက်နှာကို မောင့်ထံမှ အတတ်နိုင်ဆုံး သတိနှင့် လွှဲဖယ်နေခဲ့သည်။ မောင်ကလည်း ကျွန်မလိုပင်။ ကျွန်မထက် တစ်ခုပဲပိုသည်။ အဲဒါက .. မောင့်ကို ကျွန်မက လာရောက်နှုတ်ဆက်မှာကို စိုးရိမ်နေသောစိတ်....။အဲဒီ စိတ်ကလေးက မောင့်မျက်နှာမှာ အထင်းသားပေါ်နေသည်။ ဆိုင်က ပြန်အထွက်မှာမှ မောင့်ကို လှမ်းမြင်သော ကျွန်မသူငယ်ချင်းက အမှတ်တမဲ့နှင့် မောင့်နာမည်ကို ရေရွတ်မိသည်။

ဖျတ်ခနဲ မော့ကြည့်လာတာ .. မောင့်မျက်နှာ မဟုတ်။ မောင့်နံဘေးက မျက်နှာ..။ သူ့မျက်နှာ ၊ သူ့မျက်လုံးမှာ စူးစမ်းစုံစမ်းသော အရောင်တွေက တဖျတ်ဖျတ်ပြေးလို့ပဲ ..။ မောင်ကရော .. မောင့်မျက်နှာကရော အဲဒီအချိန်မှာ ဘယ်လိုဖြစ်နေခဲ့သလဲ..။ ကျွန်မကောင်းကောင်းမှတ်မိသည်..။ သားတစ်ယောက်၏ ရိုကျိုးသော ၊ တစ်ခြားသူမသိအောင် လျှို့ဝှက်ဟန်ဆောင်ထားတာတွေ၊ ဖုံးဖိထိန်းသိမ်းထားတာတွေကို ကိုယ်မသိစေချင်သော လူရဲ့ရှေ့မှာမှ ဖွင့်ထုတ်ဝန်ခံလိုက်ရမှာကို စိုးရိမ်နေသော ၊ ကျွန်မသတ်မှတ်ထားသော လူတစ်ယောက်မှာရှိသင့်သည့် ရိုးသားပွင့်လင်းခြင်းမျိုး အပြည့်အ၀မရှိသော... ယောက်ျားတစ်ယောက်၏မျက်နှာကို တစ်ချိန်တည်း၊တစ်ပြိုင်တည်းမှာ ကျွန်မ မြင်ခွင့်ရလိုက်သည်။

ကျွန်မကို စူးစမ်းလာသောမျက်နှာနှင့် ရှောင်ဖယ်နေသောမျက်နှာ နှစ်ခုအတွက် ကျွန်မကိုယ်တိုင်ပင် မျှော်လင့်မထားဘဲ ပြုံးပြမိခဲ့သည်။ ကျွန်မရင်ထဲမှာတော့ ခနိုးခနဲ့ တိတ်ဆိတ်စွာရယ်မောမိခြင်းနှင့်အတူ တဆစ်ဆစ်နာကျင်ခြင်းတွေ ပြည့်ကျပ်လျက်...။ အဲဒီအချိန်က မြင်ခဲ့ရသော မောင့်ရဲ့မျက်နှာကြောင့် .. အနှစ်နှစ်အလလ ကျွန်မမက်ခဲ့သော အိပ်မက်များ တစ်စစီဖြစ်သွားခဲ့သည်။ စိတ်ကူးနှင့်ထုဆစ်ခဲ့ရသော ပုံရိပ်လွှာတစ်ခု အပိုင်းပိုင်း ပျက်ကျိုး သွားခဲ့ရသည်...။ တမက်သက်သက် ထားခဲ့ရသော မျှော်လင့်ချက်တွေကို မြေမြှုပ်ပစ်လိုက်ရသည်။ ဘာပဲဖြစ်ဖြစ်လေ... မောင့်မျက်နှာတွေကို ဖတ်ခွင့်ရခဲ့သည့်အတွက် ၊ လူတစ်ယောက်မှာ မျက်နှာတွေ အများကြီးရှိနိုင်သည်ဆိုတာကို သိခွင့်ရခဲ့သည့်အတွက် ၊ အပြင်ကမ္ဘာကဟု ကျွန်မထင်မြင်ထားခဲ့မိသော မောင့်ကို ဟောဒီကမ္တာမြေပေါ်က၊ ကျွန်မနှင့် တန်းတူလူတစ်ယောက်ပဲဆိုတာ ကျွန်မနားလည်သဘောပေါက်ခွင့် ရလိုက်သည့်အတွက် ... စွန့်လွှတ်လိုက်ရတာတွေများပေမယ့်လည်း ကျွန်မမှာ နောင်တတွေရှိမနေခဲ့တာတော့ အမှန်ပင်...။

ဒီလိုတွေပြောနေသော ကျွန်မမှာရော.. မျက်နှာဘယ်နှစ်ခု ရှိနေသည်လဲ....။ ဘယ်သူနှင့်မဆို မပြောင်းလဲတတ်သော မျက်နှာတစ်မျိုးတည်းနှင့်လား။ ဒါမှမဟုတ် .....။ မောင့်ထက်များပြားသော မျက်နှာတွေနှင့်လား။

လူနှင့်လူ့ပတ်ဝန်းကျင်မှာ ကောင်းစွာကျင်လည်ဖို့အတွက် တစ်ခုတက်မကသောမျက်နှာတွေရှိဖို့ လိုအပ်သည်လား။

ကဲ...ရှင်တို့တွေမှာရော ... ။


 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews