မျက်နှာများနှင့် လူ

လူတစ်ယောက်မှာ မျက်နှာဘယ်နှစ်ခု ရှိနိုင်ပါသလဲ..။ တစ်ယောက်တည်းမို့ မျက်နှာတစ်ခုတည်း ရှိသင့်သလား။ မျက်နှာတစ်ခု ထက်ပိုရှိသင့်တယ်ဆိုရင်ရော ဘယ်လောက်များများ ရှိနိုင်သလဲ ..။ မျက်နှာတစ်ခုတည်းရှိသူကို ချီးကျူးသင့်ပြီး မျက်နှာအများကြီးရှိသူကို အပြစ်တင်သင့်သလား။ ဘာပဲဖြစ်ဖြစ် ကျွန်မတွေ့ဖူးသော လူတစ်ယောက်မှာတော့ မျက်နှာတစ်ခုထက်မက ရှိနေသည်။ သူ့ကို .. မောင် ..လို့ပဲ ခေါ်ကြပါစို့။

မောင့်ကို တွေ့ဖူးခါစက သုန်မှုန်နေသော မျက်နှာနှင့်...။ လူမရှိသော စာသင်ခန်းက နောက်ဆုံးစာသင်ခုံမှာ မောင်တစ်ယောက်တည်း အဖော်မဲ့ငြိမ်ဆိတ်စွာထိုင်လျက်...။ အတန်းနောက်ဆုံးက အမှိုက်ပုံးထဲ ချိုချဉ်ခွံလာပစ်သော ၊တစ်ဖက်စာသင်ခန်းက ရောက်လာသော ကျွန်မကို မောင်ကဖျတ်ခနဲ မော့ကြည့်သည်။ မောင့်မျက်နှာက တင်းသလိုလို မှုန်သလိုလို ပေမယ့် မောင့်အကြည့်တွေက စူးရှလှသည် ။ တစ်ဖက်သား ရင်ထဲကို ထွင်းဖောက်ပြီး ကြည့်တတ်သော အကြည့်မျိုး။ အင်မတန်တည်ငြိမ်သော စိတ်နှလုံးဆီမှ လာသောအကြည့်မျိုး။ အဲဒီတစ်ခါလေးဆုံဖူးရုံနှင့်ပင် မောင့်ရင်ထဲမှာ မောင့်စိတ်ကို လေးလံစေသော အရာတစ်ခုခု ရှိနေမည်ဆိုတာ ကျွန်မအကဲခတ်မိသွားသည်။ မောင့်မျက်နှာနှင့် မောင့်အကြည့်က အနည်းငယ် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်ပဲ ။ တည်ငြိမ်စူးရှသည့်အကြည့်နှင့် ခပ်မှုန်မှုန် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် မျက်နှာပေးက လိုက်ဖက်စပ်ဟပ်မှုမရှိ၊ အနည်းငယ် တေ့လွဲလွဲနေသလိုပင်။ ဒါ...မောင့်ကို ပထမဦးဆုံးမြင်ဖူးစ ၊ ကျွန်မ မှတ်မိသော မျက်နှာ....။

နောက်ထပ်မှတ်မိနေသော မောင့်ရဲ့ အခြားမျက်နှာတစ်ခုက ကျောင်းသက်ဒုတိယနှစ်... ကျောင်းကအပြန် ကားပေါ်မှာမြင်ခဲ့ရသည် ...။ ကျွန်မကို တစ်ယောက်တစ်ပေါက်နှင့် မထိခလုတ် ထိခလုတ်ဝိုင်းစနေသော မောင့်သူငယ်ချင်းများကြားမှာ မောင်က တေမိ။ ၀င်လည်း မစ၊ တားလည်းမတား ဘာသိဘာသာနေသည်။ တစ်ခုပါပဲ..အဲဒီအချိန်က မောင့်မျက်နှာ ကြည်လင်နေတာ မှတ်မိသည်။ ကြည်လင်ပေမယ့် တစ်ဖက်သားကို မခန့်လေးစားပြီတီတီ မျက်နှာပေးမျိုးမဟုတ်။ ကြည်၍တည်သည့် မျက်နှာမျိုး ..။ ကျွန်မ အင်မတန်နှစ်သက်သော မောင့်မျက်ဝန်းတွေကလည်း တွေ့ဖူးစကလိုပဲ လေးနက်တည်ငြိမ်လျက်..။ ကားပေါ်က ဆင်းခါနီးမှာ မောင်က ကျွန်မကို ဖျတ်ခနဲကြည့်ပြီး ပြုံးသွားသည်။ အစအနောက်သန်ကြသော မောင့်သူငယ်ချင်းများကြောင့် ဖြစ်လာသော အားနာပြုံးလား မဆိုနိုင်..။မောင့်ရဲ့ အပြုံးမျက်နှာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ..။

နောက်တစ်နှစ်လောက်မှာ ကျောင်းပြီးသွား၍ အလုပ်တစ်ဖက်နှင့် ဘွဲ့လွန်ဆက်တက်သော မောင်နှင့် ပြန်ဆုံရသည်။ ဒီတစ်ခါ ပြန်ဆုံရသော မောင့်မျက်နှာက အရင်လိုမဟုတ်တော့...။ သုန်မှုန်ခြင်း ကင်းနေသည်။ ကြည်စင်ခြင်းရဲ့ ဟိုဘက်ကို နည်းနည်းလွန်နေသည်။ အရင်လို မျက်နှာမျိုးရှိဖို့ တမင်ကြိုးစားထားရသော မျက်နှာပေးမျိုး ..။ အထူးသဖြင့် မောင့်မျက်နှာပေါ်က မျက်ဝန်းအကြည့်တွေ..။ အရင်လို မတည်ငြိမ်တော့ ။ အနည်းငယ်လှုပ်ခတ်နေသည်...။ စူးရှလေးနက်သောအကြည့်တွေအစား ရွှန်းစိုတောက်ပသော ၊တဖျတ်ဖျတ် အရည်ကြည်လဲ့သော အကြည့်တွေက ၀င်ရောက်နေသည်။ ဘယ်လိုအရာတွေက မောင့်မျက်နှာရဲ့ တည်ကြည်ခြင်း ၊ မျက်ဝန်းအကြည့်တွေရဲ့ လေးနက်ခြင်းကို ဖျက်ဆီးပစ်သလဲ။ ရည်မှန်းချက်များ အတိုင်းအတာ တစ်ခုထိပြည့်ဝသွား၍ ကျေနပ်ခြင်းတွေနှင့် လျှော့ချပစ်လိုက်သော စိတ်အခြေအနေကြောင့်လား ..။ လုပ်ငန်းသဘာဝအရ လက်ပွန်းတတီးရှိနေသော ချက်တင်ဆိုတာကြောင့်လား။ မိန်းကလေးနှင့် ကင်းရှင်းသည်ဟု နာမည်ကြီးခဲ့သော မောင်က .. ခုကျတော့ ဖုန်း၊ ချက်တင်နှင့် မိန်းကလေးတွေနှင့် ကြည်တတ် အီတတ်ပြီဆိုသော သတင်းတွေက မကြားချင်မှ အဆုံး ...။ အဲဒါတွေကို သာယာတတ်သွားသော မောင် .. တည်ငြိမ်လေးနက်သောမျက်နှာကနေ မိန်းကလေးတွေကို ဂရုပြုမိလျက်နှင့် မပြုမိယောင် ၊ မိန်းကလေးများကို ဂရုစိုက်ချင်လျက်နှင့် ဂရုမစိုက်ယောင်ပြုထားသော မျက်နှာမျိုး ပြောင်းသွားရပြီလေ ...။ မောင့်ကိုယ်မောင်ပင် ကိုယ့်မျက်နှာကိုယ် ဒီလောက်အပြောင်း အလဲများမှန်း သိနိုင်မည်မဟုတ်။ ပွဲကြည့်ပရိသတ်ဖြစ်သော ကျွန်မ ၊ မောင့်မျက်နှာကို စာအုပ်တစ်အုပ်လို ဖတ်ရှုခွင့်ရခဲ့သော ကျွန်မက ပြောင်းလဲသွားသော မောင့်မျက်နှာတွေကို အံ့လည်းအံ့သြ ၊ တုန်လည်း တုန်လှုပ်သောစိတ်နှင့် သိခဲ့မြင်ခဲ့ရပါသည်။

နောက်ဆုံးအနေနှင့် ကျွန်မသိခွင့်ရခဲ့သော မောင့်မျက်နှာက ကျွန်မကိုအကြီးအကျယ် စိတ်ပျက်စေခဲ့ ၊ မျှော်လင့်ချက်တွေ ပျက်သုဉ်းစေခဲ့သည်။ အဲဒီနေ့က နောက်ဆုံးပေါ် စကားပြောစက်တွေရဲ့ အလယ်မှာ ကျွန်မသူငယ်ချင်းရဲ့ ဧည့်သည်အဖြစ် ကျွန်မက လိုက်ပါရောက်ရှိနေခဲ့သည်။ တိုက်ဆိုင်သည်မှာ မောင်ကလည်း အဲဒီနေရာကို ရောက်နှင့်နေခဲ့သည်ပင်။ ကျွန်မလို ဟိုငေးသည်ငေးဧည့်သည်အဖြစ်နှင့်မဟုတ်။ ဟိုမေးသည်မေး ဈေးစကားတွေပြောနေသော ၊ စိတ်ကြိုက် ပစ္စည်းရွေးနေသော ၀ယ်သူတစ်ယောက်အနေဖြင့်။ ပြီးတော့ မောင့်နံဘေးမှာ မောင်နှင့်အတူ ပစ္စည်းရွေးနေသော၊ မောင်..သိပ်အလေးထား ၊ လေးစားရသူပါသည်။ ထို့ကြောင့်ပင် ကျွန်မမျက်ဝန်း၊ ကျွန်မမျက်နှာကို မောင့်ထံမှ အတတ်နိုင်ဆုံး သတိနှင့် လွှဲဖယ်နေခဲ့သည်။ မောင်ကလည်း ကျွန်မလိုပင်။ ကျွန်မထက် တစ်ခုပဲပိုသည်။ အဲဒါက .. မောင့်ကို ကျွန်မက လာရောက်နှုတ်ဆက်မှာကို စိုးရိမ်နေသောစိတ်....။အဲဒီ စိတ်ကလေးက မောင့်မျက်နှာမှာ အထင်းသားပေါ်နေသည်။ ဆိုင်က ပြန်အထွက်မှာမှ မောင့်ကို လှမ်းမြင်သော ကျွန်မသူငယ်ချင်းက အမှတ်တမဲ့နှင့် မောင့်နာမည်ကို ရေရွတ်မိသည်။

ဖျတ်ခနဲ မော့ကြည့်လာတာ .. မောင့်မျက်နှာ မဟုတ်။ မောင့်နံဘေးက မျက်နှာ..။ သူ့မျက်နှာ ၊ သူ့မျက်လုံးမှာ စူးစမ်းစုံစမ်းသော အရောင်တွေက တဖျတ်ဖျတ်ပြေးလို့ပဲ ..။ မောင်ကရော .. မောင့်မျက်နှာကရော အဲဒီအချိန်မှာ ဘယ်လိုဖြစ်နေခဲ့သလဲ..။ ကျွန်မကောင်းကောင်းမှတ်မိသည်..။ သားတစ်ယောက်၏ ရိုကျိုးသော ၊ တစ်ခြားသူမသိအောင် လျှို့ဝှက်ဟန်ဆောင်ထားတာတွေ၊ ဖုံးဖိထိန်းသိမ်းထားတာတွေကို ကိုယ်မသိစေချင်သော လူရဲ့ရှေ့မှာမှ ဖွင့်ထုတ်ဝန်ခံလိုက်ရမှာကို စိုးရိမ်နေသော ၊ ကျွန်မသတ်မှတ်ထားသော လူတစ်ယောက်မှာရှိသင့်သည့် ရိုးသားပွင့်လင်းခြင်းမျိုး အပြည့်အ၀မရှိသော... ယောက်ျားတစ်ယောက်၏မျက်နှာကို တစ်ချိန်တည်း၊တစ်ပြိုင်တည်းမှာ ကျွန်မ မြင်ခွင့်ရလိုက်သည်။

ကျွန်မကို စူးစမ်းလာသောမျက်နှာနှင့် ရှောင်ဖယ်နေသောမျက်နှာ နှစ်ခုအတွက် ကျွန်မကိုယ်တိုင်ပင် မျှော်လင့်မထားဘဲ ပြုံးပြမိခဲ့သည်။ ကျွန်မရင်ထဲမှာတော့ ခနိုးခနဲ့ တိတ်ဆိတ်စွာရယ်မောမိခြင်းနှင့်အတူ တဆစ်ဆစ်နာကျင်ခြင်းတွေ ပြည့်ကျပ်လျက်...။ အဲဒီအချိန်က မြင်ခဲ့ရသော မောင့်ရဲ့မျက်နှာကြောင့် .. အနှစ်နှစ်အလလ ကျွန်မမက်ခဲ့သော အိပ်မက်များ တစ်စစီဖြစ်သွားခဲ့သည်။ စိတ်ကူးနှင့်ထုဆစ်ခဲ့ရသော ပုံရိပ်လွှာတစ်ခု အပိုင်းပိုင်း ပျက်ကျိုး သွားခဲ့ရသည်...။ တမက်သက်သက် ထားခဲ့ရသော မျှော်လင့်ချက်တွေကို မြေမြှုပ်ပစ်လိုက်ရသည်။ ဘာပဲဖြစ်ဖြစ်လေ... မောင့်မျက်နှာတွေကို ဖတ်ခွင့်ရခဲ့သည့်အတွက် ၊ လူတစ်ယောက်မှာ မျက်နှာတွေ အများကြီးရှိနိုင်သည်ဆိုတာကို သိခွင့်ရခဲ့သည့်အတွက် ၊ အပြင်ကမ္ဘာကဟု ကျွန်မထင်မြင်ထားခဲ့မိသော မောင့်ကို ဟောဒီကမ္တာမြေပေါ်က၊ ကျွန်မနှင့် တန်းတူလူတစ်ယောက်ပဲဆိုတာ ကျွန်မနားလည်သဘောပေါက်ခွင့် ရလိုက်သည့်အတွက် ... စွန့်လွှတ်လိုက်ရတာတွေများပေမယ့်လည်း ကျွန်မမှာ နောင်တတွေရှိမနေခဲ့တာတော့ အမှန်ပင်...။

ဒီလိုတွေပြောနေသော ကျွန်မမှာရော.. မျက်နှာဘယ်နှစ်ခု ရှိနေသည်လဲ....။ ဘယ်သူနှင့်မဆို မပြောင်းလဲတတ်သော မျက်နှာတစ်မျိုးတည်းနှင့်လား။ ဒါမှမဟုတ် .....။ မောင့်ထက်များပြားသော မျက်နှာတွေနှင့်လား။

လူနှင့်လူ့ပတ်ဝန်းကျင်မှာ ကောင်းစွာကျင်လည်ဖို့အတွက် တစ်ခုတက်မကသောမျက်နှာတွေရှိဖို့ လိုအပ်သည်လား။

ကဲ...ရှင်တို့တွေမှာရော ... ။

1 Comment:

  1. Anonymous said...
    ကိုယ်တွေ့ ထင်တယ် ။ ရေးထားတာလေး သိပ်ကောင်းပါတယ် ။ အားပေးလျက် ။

Post a Comment




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews