ကျွန်တော်သူငယ်တန်းတက်တော့ မှတ်မိနေတာလေးတစ်ခုရှိပါတယ်.. ကျွန်တော်တို့ကို စာသင်ပေးတဲ့ဆရာမက ၀၀တုတ်တုတ်လေးပါ .. သူ့ကို ချစ်စနိုးနဲ့ စ,နောက်ပြီး ကဗျာလေးတောင်စပ်ထားကြပါသေးတယ်..ဘယ်သူက စလို့ ဆိုကြမှန်းမသိတဲ့ ကဗျာလေးပေါ့.. “သူငယ်တန်းက ဆရာမ အက်ဖ် အေ တီ ဖက်တ် ၀ ”တဲ့ ..

ကျွန်တော့်သူငယ်ချင်းတွေကတော့ မိန်းကလေးရော ယောက်ျားလေးရော စုံလို့ .. မိန်းကလေးသူငယ်ချင်းနာမည်တွေထဲမှာ မှတ်မိတာသုံးယောက်လောက်ပဲ ရှိပါတော့တယ်.. ယောက်ျားလေးသူငယ်ချင်းတွေကိုလည်း ကိုယ်နဲ့ အိမ်နီးနားချင်း ကျောင်း၊ကျူရှင်အတူသွားရတဲ့ လူတွေလောက်ပဲ မှတ်မိတော့တယ် .. ကလေးဘ၀မှာ အပျော်ဆုံးနေရာကိုပြပါဆိုရင် အဲဒီဝန်ထမ်းအိမ်ရာ စခန်းလေးကို ပြရပါလိမ့်မယ်..

သူငယ်တန်းဆိုတော့ ဆရာမတွေက ကျွန်တော်တို့ ကလေးတွေပျော်အောင် ကဗျာရွတ်ခိုင်း ၊ အဆိုအက ၀ါသနာပါတဲ့လူကို ဆိုခိုင်းကခိုင်းကြတာကို မှတ်မိနေပါတယ်.. ဆိုရ ကရတာလည်း တော်တော်ပျော်စရာကောင်းပါတယ်.. ယောက်ျားလေးနဲ့ မိန်းကလေး အုပ်စုခွဲပြီး စာပြိုင်ခိုင်းလို့ မိန်းကလေးဘက်ကရှုံးရင် ထိပ်ဆုံးကငိုတာ ကျွန်တော်ပါပဲ.. အဲလိုမျိုး ကျွန်တော်ငိုရင် ဆရာမက မိန်းကလေးတွေနိုင်တယ်လို့ အနိုင်ပေးရပါတယ်..

သူငယ်တန်းရော ပထမတန်းပါ အဲဒီကျောင်းမှာပဲ တက်ရပါတယ်.. ရေခဲချောင်းတစ်ချောင်း ပြားနှစ်ဆယ်လား ၊တစ်မတ်လားရှိတဲ့ခေတ်မှာ နေ့တိုင်းရေခဲချောင်းဝယ်စားဖို့ မုန့် ဖိုးလေးတောင် အိမ်က မပေးနိုင်ခဲ့တာလည်း မှတ်မိပါတယ်.. နောက်ထပ် မှတ်မိနေတာတစ်ခုက ညနေပိုင်းဆို ကျူရှင်သွားတက်ရတာ.. တစ်လကို ကျူရှင်လခက ၅ ကျပ်လား တစ်ဆယ်လား မသိဘူး.. ကျူရှင်ဆရာမလေးက သိပ်ချစ်ဖို့ကောင်းပါတယ်.. အသားညိုညိုနဲ့ ပြည့်ပြည့်လေးပါ..ဆရာမနာမည်က သန်းသန်းတဲ့.. စေတနာလည်း ကောင်းသလို အသင်အပြလည်းကောင်းပါတယ်.. စာသင်ပေးတဲ့အပြင် မုန့်ပါကျွေးသေးတယ်.. တေဆေး တေဆေးဆိုပြီး ကျွေးတတ်တာက ဇီးထန်းလျက်တွေပေါ့.. အဲဒီဆရာမက ကျွန်တော့်ကိုလည်း သိပ်ချစ်တယ်.. ကျွန်တော် အခြားတစ်နေရာကိုပြောင်းသွားပြီး အတန်းနည်းနည်းကြီးတဲ့အထိ လက်ဆောင်တွေပို့ပေးနေတုန်း.. စာနဲ့ရေးပြီး ဆုံးမစကားတွေပြောပေးတုန်းပဲ..

နောက်တစ်ခု.. သူငယ်ချင်းနဲ့ ပတ်သက်လို့ မှတ်မိတာနေတာလေးတွေက... တစ်ညနေဘက်မှာ သူငယ်ချင်းအိမ်ကိုသွားပြီး အဆော့လွန်နေတာနဲ့ အိမ်ပြန်နောက်ကျလို့ ထိုင်ထအခါတစ်ရာလုပ်ရတာ ၊ ကျူရှင်အတူတက်ဖော် သိပ်ရှက်တတ်တဲ့ ညိုညိုပုပု ချင်းကောင်လေးကို လိုက်စတာ.. ကျူရှင်ပြန်ချိန်မှာ သူက လမ်းမြန်မြန်လျှောက်ရင် ကိုယ်ကမြန်မြန်လျှောက်.. သူနှေးနှေးလျှောက်ရင် ကိုယ်ကနှေးနှေးလိုက်လျှောက်.. ခေါင်းကြီးငုံ့လို့ လမ်းလျှောက်နေတဲ့သူ့ကို လိုက်စခဲ့တာပါ.. ခုနေပြန်တွေးကြည့်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အတော်အစအနောက်သန်တဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်မိပါတယ်.. ပြီးတော့ ကျွန်တော် ဒုတိယတန်းတက်မယ့်နှစ်မှာ အရေးအခင်းဖြစ်ပါတယ်.. ကိုယ့်အိမ်ရှေ့က ဖြတ်ဖြတ်သွားတဲ့ လူအုပ်ကို ကြည့်ရင်း ဒီလူတွေဘယ်သွားကြပါလိမ့် .. ငါတို့တွေရော ဘာလို့မသွားရပါလိမ့်.. လို့ တွေးခဲ့ဖူးပါတယ်.. ပြီးတော့ ဂျင်ကလိဆိုတဲ့ ဝေါဟာရကို အဲဒီကာလမှာပဲ စပြီးကြားဖူးတယ်.. ဂျင်ကလိဆိုတာ ဘယ်လိုဟာမျိုးလဲ ခုချိန်ထိ မသိပါ.. အဲဒီစခန်းလေးမှာ ကျောင်းတက်ခဲ့တဲ့ ကျောင်းသားဘ၀ထက် ကလေးပီပီ ဆော့ခဲ့ ကစားခဲ့တာကိုပဲ ပိုမှတ်မိနေပါတယ်.. ကလေးဘ၀ အပျော်ဆုံးအချိန်မို့လို့လည်း ဖြစ်ကောင်းဖြစ်မယ်ထင်ပါရဲ့..

0 Comments:

Post a Comment




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews