နောက်ထပ်ပြောင်းတက်ရတဲ့ကျောင်းကတော့ နေးတစ်မြန်မာဖိုရမ်က မန်ဘာနှစ်ယောက်ရဲ့ နေရာဟောင်းကကျောင်းကိုပါ .. အဲဒီကနေ ပြောင်းခဲ့ပြီးကတည်းက အဲဒီကို တစ်ခေါက်မှ ပြန်မရောက်တော့တဲ့အတွက် နေရာဒေသ အနေအထားတွေ အဖြစ်အပျက်တွေ လွဲနေနိုင်ပါတယ်..

အဲဒီကျောင်းက တောင်ကုန်းလေးပေါ်မှာရှိတယ် အမှန်တော့ ကျောင်းရှိတဲ့ နေရာတင်မကပဲ အဲဒီနယ်တစ်ဝိုက်ကကို ကုန်းတက်ကုန်းဆင်းတွေပေါတာပါ.. ကျွန်တော်နေတဲ့အိမ်ကနေ ကျောင်းကိုရောက်ဖို့ မိနစ် ၂၀ ၊၂၅ လောက် စက်ဘီးနင်းရတယ်ထင်ပါရဲ့.. အိမ်နဲ့ကျောင်းနဲ့က နည်းနည်း အလှမ်းဝေးတယ်.. အိမ်က စက်ဘီးဝယ်မပေးနိုင်ခင်ကဆို အကျဉ်းဦးစီးကကျောင်းကားနဲ့ လိုက်ရပါတယ်.. မျက်နှာငယ်ငယ်နဲ့ပေါ့ .. ကျောင်းကိုရောက်ခါစ တစ်ရက်.. ကျောင်းဆင်းချိန်မှာ ကျောင်းကားက ကျွန်တော်တို့ကိုမခေါ်ပါဘူး.. ဒါနဲ့ မခေါ်လည်းနေကွာ..ဆိုပြီး ကျောင်းကနေ အိမ်အထိ မောင်နှမနှစ်ယောက်သား လမ်းလျှောက်ပြန်ခဲ့ဖူးပါတယ်.. တစ်နာရီလောက် လမ်းလျှောက်လိုက်ရတယ် မှတ်တာပဲ.. နောက်ပိုင်းကျတော့ဆိတ်ငါးကောင် တရုတ်စက်ဘီးလေးကို အိမ်က ၀ယ်ပေးပါတယ် အဲဒီအခါမှပဲ သူများကျောင်းကားကို တားစီးရတဲ့ဒုက္ခ လွတ်တော့တာပါ...

ကျွန်တော်တို့ ပထမတစ်ခါငှါးနေတဲ့အိမ်ကနေ စက်ဘီးနဲ့ကျောင်းကို အဝေးပြေးလမ်းမကြီးကနေ သွားရင် လမ်းဘေးဝဲယာက လယ်ကွင်းတွေပါ.. နောက်.. ရွာအ၀င်က ဆည်ရေသွယ်ထားတဲ့မြောင်းနံဘေးကနေ ဖြတ်ပြီး ရွာထဲဝင်၊ ရွာကိုဖြတ်သွားပြီးတဲ့နောက် တက္ကသိုလ်ကျောင်းတွေ ရှိတဲ့နေရာကို ဖြတ်ရပါတယ်.. အဲဒီနယ်မှာ အထင်ကရ တက္ကသိုလ်သုံးခုရှိတယ်.. စားသောက်ဆိုင်တန်းတွေမှာ ကျောင်းသား ကျောင်းသူတွေ တရုံးရုံးနဲ့ .. မြင်ရတာနဲ့ကို ပျော်စရာကောင်းပါတယ်.. အဲဒီနောက် မြေပြန့်လမ်းမှာ စက်ဘီးဆက်နင်း..

ကျောင်းကိုရောက်ဖို့ ကွန်ကရစ်ခင်းတဲ့ ကုန်းမော့မော့ကို အရင်တက်ရတယ်.. ကွန်ကရစ်လမ်းလွန်ရင် မြေနီလမ်း .. ကျောင်းသွားတဲ့လမ်းက တလျှောက်လုံး အတက်ချည်းပါပဲ .. အဲဒီအတက်တွေကို ကျွန်တော်က စက်ဘီးနင်းတက်နေကျ .. တွန်းတက်ရင် ပိုမောတယ်ထင်လို့ .. ကျောင်းဝင်းထဲမှာ စက်ဘီးထားစရာနေရာမရှိ တော့ ကျောင်းနားပတ်ဝန်းကျင်မှာရှိတဲ့ ၀န်ထမ်းအိမ်တစ်အိမ်မှာ စက်ဘီးအပ်ထားခဲ့ရတယ်.. ပိုက်ဆံပေးစရာမလိုပါဘူး.. အဲဒီကမှ ကျောင်းကို ခြေလျင်ဒိုး စာသင်ဆောင်တွေအားလုံးက တောင်ကုန်းပေါ်မှာ .. ကိုယ့်စာသင်ခန်းအရောက် လမ်းလျှောက်တက်ပေရော့ပဲ ...

ကျောင်းကုန်းပေါ်မှာ ကျောက်စရစ်ခဲအလွန်ပေါတာ မှတ်မိတယ် .. တောင်ကုန်းရဲ့ ဘေးနှစ်ဘက်က လျှိုတွေရှိတယ် .. အရှေ့ဘက် (ထင်တာပဲ) အဲဒီဘက်က တောစပ်.. သစ်ပင်ခပ်အုပ်အုပ် .. ခပ်ဝေးဝေးဆက်သွားရင် ရေတံခွန်အသေးစားလေးတွေ ရှိတယ် .. ဟိုးအတွင်းဘက်ထိဆက်သွားရင် ရွှေကျင်တဲ့နေရာတွေရှိတယ်လို့ ပြောကြတယ် .. တောစပ်နဲ့နီးလို့ တစ်ခါက တောကင်းခြေများကြီးတစ်ကောင် (တော်တော်ကြီးတဲ့အကောင်) စာသင်ခန်းထဲ ရောက်လာဖူးတယ် .. အတန်းထဲကကောင်လေးတွေ ခဲနဲ့ ၀ိုင်းထုကြလေရဲ့..

ကျွန်တော့်ရဲ့ မိန်းကလေးသူငယ်ချင်းတစ်ချို့ပြောပြဖူးတဲ့ မှုံရွှေရည်ဆိုတဲ့ ကောင်မလေးရဲ့ ဇာတ်လမ်းကိုလည်း နားထောင်ခဲ့ဖူးတယ် .. တောထဲက ဂူတစ်ခုမှာ ရည်းစားက သတ်လို့သေသွားတယ် ဆိုလား .. ဘယ်လိုပဲပြောပြော အဲဒီကျောင်းလေးက ကျွန်တော့်ရဲ့ ဆယ်ကျော်သက် အစပိုင်းအချိန်တွေထဲမှာ ပျော်စရာအကောင်းဆုံးနေရာလေးတစ်ခုပါ.. ဟန်ဆောင်ခြင်းမရှိ အားနာတယ်ဆိုတဲ့စကားကို မသိ .. ပီဘိ ကလေးတစ်ယောက်ရဲ့ ပွင့်လင်းလွတ်လပ်တဲ့ပျော်ရွှင်ခြင်းတွေ နောက်ဆုံးရခဲ့တဲ့ နေရာလို့လည်း ပြောလို့ရပါတယ်..

ကျောင်းကို ရောက်စမှာ အတူတူထိုင်တဲ့ သူငယ်ချင်းက ကျွန်တော့်နားမှာရှိတဲ့ သူ့ခြင်းတောင်းကို လှမ်းတောင်းပါတယ်.. သူ့စကားကို တော်တော်နဲ့ နားမလည်ဘူး.. ရှင်းတောင်းပေး ၊ ရှင်းတောင်းပေးနဲ့.. နောက်ကျတော့ တောင်းတဲ့သူက စိတ်မရှည်လို့ သူ့ခြင်းသူ ထယူတော့မှ ခြင်းတောင်းကို ပြောမှန်းသိတော့တာ .. အဲဒီနယ်ဘက်ကလူတွေက ချနဲ့ ရှအသံကို ပြောင်းပြန်ပြောကြတာ.. ဥပမာ.. ချိုတယ် ဆိုရင် ရှိုတယ်၊ ရှောက်သီးဆိုရင် ခြောက်သီး ၊ ချစ်တယ်ဆိုရင် ရှစ်တယ်.. ဒါမျိုးတွေပေါ့ သူတို့ပြောတာ ကြားရခါစက နားမျက်စိလည်တယ်.. ရယ်လည်းရယ်ချင်တယ် .. အစအနောက်သန်တဲ့ ကျွန်တော်ကတော့ သူတို့ပြောသလိုလိုက်ပြောပြီး သူတို့ကို စတာပဲ..

အဲဒီကျောင်းလေးက တက္ကသိုလ်သုံးခုက၀န်ထမ်းသားသမီးအများစု နေတဲ့ကျောင်းမို့ တောထဲရောက်နေပေမယ့် ပညာရေးမညံ့ပါဘူး.. ပညာရေးမှာ အပြိုင်အဆိုင်များတယ်.. ကျွန်တော်ရောက်ခါစနှစ်မှာ မြို့ကျောင်းရဲ့ ကျောင်းခွဲ အမှတ် ၄ အထက အနေနဲ့နာမည်တပ်ပေမယ့် နောက်နှစ်ကျ ကျောင်းအမှတ်မတပ်တော့ပါဘူး.. အ.ထ.က လို့ပဲ သုံးတော့တယ်.. ဆရာဆရာမ အများစုကလည်း တက္ကသိုလ်က၀န်ထမ်းတွေရဲ့ အိမ်ထောင်ဘက်တွေများပါတယ် ဒီနေရာမှာ အခြေကျနေသူတွေပေါ့ ..

မှတ်မှတ်ရရ ကျွန်တော်ကျောင်းကို ရောက်တဲ့နှစ်မှာပဲ ကျောင်းအုပ်တစ်ယောက် ပြောင်းတယ် ထင်ပါရဲ့.. အဲဒီကျောင်းကိုရောက်တော့ ငါးတန်း၊ စာသင်ခန်းက ကျောင်းအုပ်ကြီးရုံးခန်းနဲ့နီးတယ်.. ဆောက်လက်စ ကျောင်းဆောင်ထဲ ၀င်ကစားကြတာ မှတ်မိတယ်.. ငါးတန်းမှာကို စာသင်ဆောင်နှစ်ဆောင် ပြောင်းရပါတယ်..

ဒုတိယတစ်ခါ ပြောင်းရတဲ့ စာသင်ဆောင်က တောစပ်နဲ့နီးတဲ့စာသင်ဆောင် ကျွန်တော်တို့အခေါ် တဲဆောင်ပေါ့.. အဲဒီအဆောင်မှာ နေရတာ အပျော်ဆုံးပဲ.. ဘာလို့လဲဆိုတော့ ကျောင်းအုပ် ရုံးခန်းနဲ့က အလှမ်းဝေး ၊ ဆရာ မလာလို့ကတော့အတန်းထဲမှာ ဗြောင်းဆန်အောင် ကစားရလို့.. နောက်ပြီး နေ့ခင်းထမင်းစားပြီးချိန် သူငယ်ချင်းတစ်အုပ်ကြီး နဲ့တောထဲ လျှောက်သွားလို့ရတယ်.. တစ်ခါကဆို ရေတံခွန်တွေရှိတဲ့ဘက်ကို ရောက်သွား သေးတယ်.. အတန်းထဲမှာ ကျွန်တော်က အလွန်စွာသောမိန်းကလေးတစ်ယောက်.. သူများကျောင်းကို လည်းလာတက်သေး ၊ နည်းနည်းမှအထိမခံကို စွာခဲ့တာ ပြန်တွေးကြည့်ရင် ရယ်စရာကောင်းပါတယ်..

ကျွန်တော်နဲ့အတွဲများတဲ့သူငယ်ချင်းတွေက အေးတော့ မခံချင်အောင်စ,တတ်တဲ့ အတန်းဖော်ကောင်လေးတွေကို ကျွန်တော်က ဒိုင်ခံရန်တွေ့ရတာပဲ .. ဘယ်ကနေ ဘယ်လိုစမှန်းမသိတဲ့ ရန်စနဲ့ အဲဒီကျောင်းမှာ နေခဲ့တဲ့နှစ်နှစ်လုံးလုံး အတန်းဖော်ကောင်လေးတွေနဲ့ ကျွန်တော်က မဆုံလိုက်နဲ့.. ဆုံတာနဲ့ စကားများရန်ဖြစ်ခဲ့ရတာချည်းပါပဲ.. ကျွန်တော့်ကို သူတို့က လူဆိုးဗိုလ် .. ကျွန်တော်က သူတို့ကို မေတ္တာတုံး ၊ ကျက်သရေတုံး .. ၊ အိမ်မှာ ရေခဲထုပ်ထုပ် ရောင်းတဲ့ သူငယ်ချင်းကောင်လေးကို ဆေးသကြားများများ အချိုရည်ကနည်းနည်းထည့်တာ၊ အပါးခိုတာ ဘာညာ.. နာရင်ပြီးရော ပေါက်တတ်ကရ အကုန်လျှောက်ပြောခဲ့တာတွေ.. အကုန်တောင်မမှတ်မိတော့ဘူး... အဲလို ရန်ဖြစ်ခဲ့ကြလို့ ရန်ဖြစ်ဘက် ကောင်လေးတော်တော်များများကို ခုချိန်ထိ ကျွန်တော်မှတ်မိနေတယ် .. သာမန် ခင်ခင်မင်မင်နေခဲ့တဲ့ သူငယ်ချင်းအများစုကို မမှတ်မိတော့ပါ .. (အင်း..အဲဒီသူငယ်ချင်းတွေကြားလို့ကတော့ ရေရေ လည်လည် အကောခံရမှာ သေချာတယ်) မှတ်ဥာဏ်ဆိုတာကလည်း ဘယ်လိုဟာကြီးလည်း မသိ .. မှတ်မိသင့်တဲ့လူတွေကို မမှတ်မိ .. မေ့သင့်တဲ့ အကြောင်းအရာတွေတော့ အမှတ်ရနေတတ်တာ .. အံ့သြစရာလည်းကောင်း .. မချင့်မရဲဖြစ်စရာလည်း ကောင်းပါရဲ့...

အဲဒီကျောင်းမှာပဲ ဆယ်နှစ်ပြည့်မှတ်ပုံတင်လုပ်ရတယ် .. သွေးစစ်ဖို့ အပ်နဲ့ လက်ထိပ်လေးဖောက်ရတာ .. ခုခေတ်လို ဆိုရင်တော့ AIDS ကို ကြောက်တာနဲ့ ဖောက်ရဲမှာ မဟုတ်ဘူး.. မှတ်ပုံတင်လုပ်ဖို့ လျှောက်လွှာထဲမှာ ကိုယ်မမှတ်မိ.. မသိတဲ့ အဘိုးအဘွားတွေအကြောင်း လည်း ကိုယ်ထင်ရာမြင်ရာတွေလျှောက်ထည့် ၊ ပြီးတော့ ဆရာမတွေကောင်းမှုနဲ့ ပိုက်ဆံများ များစားစားမကုန်ဘဲ မှတ်ပုံတင်တစ်ခု ရလိုက်တယ်...

ကျွန်တော်တို့အတန်းထဲမှာ အရပ်ရှည်ဆုံးစာရင်းဝင် ကောင်လေး နှစ်ယောက်ရှိတယ်.. တစ်ယောက်က ကျွန်တော်တို့ အတန်းရဲ့ မော်နီတာ ကောင်လေး (အိမ်ထောင်ကျသွားပြီလို့ပြောတယ် .. ဤကားစကားချပ်း) ) မိန်းကလေး နဲ့ စကားပြောရင် မျက်နှာကဘယ်ထားရမှန်း မသိ.. စာတော့ တော်ပါရဲ့ အူကြောင်ကြောင် အတော်နိုင်သူပါ.. စာတော်လို့ ဆရာမတွေရဲ့ အချစ်ခံရသလို အူကြောင်ကြောင် မထုံတက်တေးနဲ့မို့ အမြင်ကတ်လည်း ခံရတယ်..
အဲလို ကမောက်ကမနိုင်တဲ့သူမို့ မှတ်မိနေတာ တင်ပါရဲ့ ..

နောက်တစ်ယောက်က ကျွန်တော်နဲ့ မတည့်ဆုံးကောင်လေး စာရင်းမှာ ထိပ်ဆုံးကပါသူ.. ဘာကိစ္စလေးပဲဖြစ်ဖြစ် ကျွန်တော်နဲ့ အမြဲတမ်းလိုလို ထိပ်တိုက်တွေ့သူ ...အင်မတန် ရန်တွေ့ကောင်းသူဖြစ်လို့ မှတ်မိနေတာပါ.. မိန်းကလေးသူငယ်ချင်းတဲမှာလည်း ကျွန်တော်နဲ့ မတည့်တဲ့သူ နှစ်ယောက်ကို ပိုမှတ်မိနေပါတယ် .. ကိုယ်လို စွာသူချင်းမို့ လို့လားပဲ..

အဲဒီမှာ နှစ်နှစ်နေရတဲ့ကာလက တော်တော်ပျော်စရာ ကောင်းပါတယ် .. အခုထိ အမှတ်ရနေတာက အန်တီမုံရဲ့ အင်္ဂလိပ်စာ ကျူရှင်၊ မမာလာသင်တဲ့ သင်္ချာကျူရှင်၊ ဆရာ ဦးအောင်ကျော်မြင့်သင်တဲ့ ကျူရှင်မဟုတ်တဲ့ ကျူရှင် ၊ကျောင်းနဲ့ မပတ်သက်ပေမယ့် ကျောင်းကအပြန် ကျူရှင်ကအပြန် ၀င်နေကျ “တမာရိပ်” ရခိုင်မုန့်တီဆိုင်လေး ၊ စာအုပ်ငှါးနေကျ “ဟေမာန်” စာပေ ။ ဆေးဝယ်နေကျ “သန့်” ဆေးဆိုင်၊ စာအုပ် ဘောပင် ၀ယ်နေကျ “မွန်မင်းသား” စတိုးဆိုင်၊ သူငယ်ချင်းတစ်ယောက်အိမ်နားက ဆယ်သိန်းတန်ကုန်း ၊ ဆည်ဘောင်ပေါ်က လှမ်းကြည့်ရင် ဟိုး..အရှေ့ဘက်က တောင်တန်းပြာနဲ့ ပဏာရတဲ့ ဆည်ရေပြင်ပြာပြာ........ခုတော့လည်း အချိန်နာရီတွေ တိုက်စားလို့ အရင်လို အနေအထားရှိတော့မှာ ဟုတ်ပါဘူး ... လွမ်းစရာလေးတွေပေါ့လေ..

0 Comments:

Post a Comment




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews