နောက်ထပ်တစ်ခါ ပြောင်းနေရတဲ့ ကျောင်းက ရှေးဟောင်းမြို့တော် တစ်ခုနဲ့နီးတယ် .. ရှေးဟောင်းဘုရားတွေလည်း သိပ်များတယ် ကဗျာဆရာ၊ ရုပ်ရှင်မင်းသား တစ်ချို့ရဲ့ ဇာတိမြို့လို့လည်း ပြောနိုင်တယ်..

မြို့လေးကတော့ ခပ်သေးသေးပဲ .. တောင်နဲ့မြောက်ရှည်ပြီး ဟိုဟိုဒီဒီလျှောက်လိုက်တာနဲ့ မြို့အဆုံးကို ရောက်သွားရော .. အဲဒီမြို့နယ်မှာက ကျွန်တော်တို့တက်တဲ့ အထက်တန်းကျောင်းတစ်ကျောင်းပဲ ရှိတယ်.. မြို့နဲ့ခပ်လှမ်းလှမ်းရွာမှာတော့ အလယ်တန်း ကျောင်းရှိတယ်.. အဲဒီကျောင်းက ကျောင်းသားတွေ စာစီစာကုံးရေးတာ သိပ်တော်တယ်ဆိုပဲ.. ကျွန်တော်တက်ခဲ့ရတဲ့ကျောင်းတွေထဲမှာ ဒီမြို့လေးက အထက်တန်းကျောင်းဟာ အကြာဆုံးနေခဲ့ရတဲ့ကျောင်း ၊အဝေးဆုံးသွားရတဲ့ကျောင်းပါ.. (၁၀)မိုင်နီးပါး ဝေးတယ်ထင်ပါရဲ့ ကားနဲ့ သွားရတယ် ..

အဲဒီကို ရောက်ခါစက ကျွန်တော့်အဖေရဲ့ အလုပ်ကနေ ကျောင်းကား မစီစဉ်ပေးပါဘူး.. ကျောင်းသား ရှိတဲ့ဝန်ထမ်းတွေက မြို့ပေါ်နေကြတော့ ကျောင်းသားက အပြေးအလွှားရေမှ ကျွန်တော်တို့ မောင်နှမ နှစ်ယောက်တည်းပါ.. ဌါနကကျောင်းကားမပေးတော့ အဲဒီနားက ရွာတစ်ရွာကနေ မ.ထ.သ စီစဉ်ပေးတဲ့ ကျောင်းကားရှိပါတယ်.. ကျောင်းသားတစ်ယောက်ကို တစ်ကျပ်နဲ့ စီးခွင့်ပြုတယ် .. ပိုက်ဆံပေးစီးရတာဆိုတော့ အရင်တစ်နေရာမှာတုန်းက အကျဉ်းဦးစီးကျောင်းကားကို စီးရသလိုမျိုး မျက်နှာငယ်ပါဘူး ..

ဒါပေမယ့် နယ်သူစိမ်းကကျောင်းသားဆိုတော့ သူများ ဂရုပြုတာခံရပါတယ်.. ကိုယ့်အနေအထိုင်လည်း သိပ်ဂရုစိုက်ရတာပဲ .. မြို့ခံမိန်းကလေးတစ်ယောက် အနေအထိုင်မတတ်ရင် ဘာမှမပြောဘူး.. ကျွန်တော်တို့ဘက်က ကျောင်းသူတွေအနေအထိုင် မတတ်ရင် အဲဒီမြို့ကလူတွေက သိပ်ပြောကြတာ ...

ကျောင်းတက်လို့ ၃၊၄ လနေတော့ ကျောင်းသားလည်း တဖြည်းဖြည်းများလာတာနဲ့ ဌာနက ကျောင်းကားစီစဉ်ပေးပါတယ်.. မနက် ၇း၀၀ ဆို အိမ်ကထွက် ညနေ ၄း၀၀ ကျော်မှ အိမ်ကိုပြန်ရောက် .. အဲဒီအကျင့်က တက္ကသိုလ်တက်ရတော့ အံကိုက်ဖြစ်သွားရော.. သူများတွေလို ထူးပြီးမညည်းမိတော့ဘူး ကိုယ်က အိမ်နဲ့ အဝေးကြီးက ကျောင်းတွေကို တက်ခဲ့ရတော့လေ.. အကျင့်ဖြစ်သွားတော့တာ ..

ကျောင်းကို အစောဆုံးရောက်တာလည်း ကျွန်တော်တို့အုပ်စုတွေပဲ ဖြစ်နေတတ်ပါတယ်.. သူများတွေက မိုးရွာရင်ကျောင်းမလာဘူး ကျွန်တော်တို့က ကျောင်းကားနဲ့ဆိုတော့ မိုးရွာလည်း ကျောင်းကို ရောက်ရောက်သွားတတ်လို့ ကျောင်းက ဆရာတွေက ပြန်ပြန်လွှတ်တတ်ပါတယ် .. ဘာဖြစ်လို့လာတာလဲ မိုးဒီလောက်ရွာနေတာကိုလို့လည်း ပြောတတ်ပါသေးတယ်..

အဲဒီကျောင်းကိုရောက်တော့ အရင်ကျောင်းမှာလောက် ကျွန်တော် မစွာတော့ပါဘူး .. ဘာလို့လဲဆိုတော့ အရင်ကျောင်းက ကျောင်းသားတွေက ၀န်ထမ်းသားသမီးတွေများတယ်.. အပြောအဆို ယဉ်ကျေးတယ်ပေါ့လေ.. ရန်ဖြစ်ဦးတော့ တစ်ယောက်နဲ့ တစ်ယောက် မခံချင်အောင်ဆွပြီး ပြောတာဆိုတာကလွဲလို့ မဆဲတတ် မဆိုတတ်ပါဘူး.. ဒီကျောင်းကကျတော့ ကျောင်းသားတွေက ရွာကနေ လာတက်တဲ့လူတွေ များပါတယ်.. ရွာသားတွေက ရိုင်းတယ်လို့တော့ မဆိုလိုပါဘူး ယဉ်ကျေးတဲ့လူကတော့ ယဉ်ကျေးတာပါပဲ.. ဒါပေမယ့် အတန်းထဲမှာ နှုတ်တစွာစွာရှိတဲ့လူတွေကတော့ အပြောအဆို တော်တော် ကြမ်းပါတယ်.. ကျွန်တော်ကလည်း သူများကို ရိုင်းရိုင်းစိုင်းမပြောတတ် မဆဲတတ်သလို ကိုယ့်ကိုဆဲရင်လည်း စိတ်ဆိုးပါတယ်.. အဲဒီတော့ ဆဲတတ်သူတွေနဲ့ စကားမပြောဖြစ်အောင်၊ ထိပ်တိုက်မတွေ့အောင် နေရာက ကိုယ်လည်း အရင်ကလောက် မစွာတော့ပါဘူး.. ဒါတောင်မှ .. မှတ်မှတ်ရရ ကိုယ့်ကိစ္စမဟုတ်ဘဲ သူများကိစ္စကို မနေနိုင်မထိုင်နိုင် ၀င်ပြောမိလို့ အတန်းထဲက ကိုယ့်ထက် အသက်ကြီးတဲ့ မြို့ခံအတန်းဖော်နှစ်ယောက်နဲ့ စကားများရပါသေးတယ် .. ကျွန်တော်လည်း လူက ဒီကျောင်းကို မရောက်သေးဘူး.. နာမည်အရင်ရောက်နှင့်သူပါ.. အရင်ကျောင်းက ကျောင်းနှုတ်ပြီး ကျောင်းဖွင့်ဖွင့်ချင်း ဒီကျောင်းမှာ ကျောင်းအပ်ထားသူဆိုတော့ နာမည်ကကြီးနေရော.. တကယ်လည်းပြောင်းလာတဲ့အခါမှာ အတန်းထဲကလူတွေ ကျွန်တော့်ကို သတိထားမိနေပုံရပါတယ် .. ပြီးတော့ နောက်မှရောက်လာပြီး စာတွေက ရနေသူ.. အတန်းထဲမှာ စာတော်သူစာရင်း ၊ ဆရာချစ်တဲ့စာရင်းထဲပါနေတဲ့သူမို့ အမြင်ကပ်နေကြသလား မပြောတတ်ပါဘူး ... ဒါပေမယ့် နောက်ပိုင်းကျတော့ ကျွန်တော်နဲ့ စကားများခဲ့တဲ့လူတွေကပဲ ကိုယ့်အကျိုးကို လိုလားတဲ့သူတွေ ကိုယ့်ကိုချစ်လာတဲ့သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ် ..

0 Comments:

Post a Comment




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews