ကျွန်မချစ်သူ
သူက ကျွန်မချစ်သူ။ ဆံပင်ကြမ်းကြမ်းတွေက ခပ်မြန်မြန် ရှည်တတ်တယ်။ အရောင်ကလည်း ခဏခဏပြောင်းတတ်သေး။ မျက်ခုံးအစုံက ခပ်ပြေပြေကွေးပြီး ထင်းထင်းလေးတွေ။ ဘယ်မျက်ခုံးရဲ့အစ..အပေါ်နားမှာ မှဲ့ရှင်လေး တစ်လုံးရှိလေရဲ့။ မျက်ရစ်သေးသေးနဲ့ ခပ်မို့မို့၊ ခပ်ကျဉ်းကျဉ်းမျက်လုံးတွေကို စိပ်စိပ်ရှည်ရှည် မျက်တောင်တွေက ၀န်းရံထားတယ်။ အဲဒီမျက်တောင်တွေပါပဲ။ သူ့ခန္ဓာကိုယ်ပေါ်မှာ ကျွန်မ မနာလိုအဖြစ်ရဆုံး အရာတွေပါ။ သူ့အကြည့်ကလား။ ဟင့်အင်း။ မပြောချင်ပါဘူး။
ငယ်ငယ်က ကျွန်မကြည့်မရတဲ့ အတန်းဖော်ရဲ့အကြည့်နဲ့တူလို့။ သူ့ဆီမှာ ကျွန်မမကြိုက်ဆုံးအရာပေါ့။ ဒါပေမယ့်..ဒါပေမယ့်လည်း။ အဲဒီအကြည့်တွေကပဲ နှလုံးသားပေါက်အောင် ကြည့်နိုင်ပါရဲ့။
သူ့အကြောင်း ဘာတွေဆက်ပြောရမှာပါလိမ့်။ ပြောချင်တာတွေ သိပ်များနေတယ်။ ကိုယ့်ချစ်သူအကြောင်းဆိုတာ ပြောလို့မကုန်နိုင်တဲ့အကြောင်းပါ။ ပြောလို့ကုန်သွားတောင် ပြောပြီးသားတွေ
အထပ်ထပ်ပြောနေချင်တဲ့အကြောင်းဆိုလည်း ဟုတ်တယ်။ ဒီစကားကိုကြားရင် သူပြုံးပါလိမ့်မယ်။
တစ်ခုခုကိုသဘောကျရင်ဖြစ်ဖြစ်၊ တစ်ခုခုကို နာနာကျင်ကျင်နဲ့ (ဒါမှမဟုတ်) နှစ်နှစ်ခြိုက်ခြိုက်နဲ့ သဘောပေါက်သွားရင်ဖြစ်ဖြစ် (ဒါမှမဟုတ်) သိပ်စိတ်လှုပ်ရှားရင်ပဲဖြစ်ဖြစ် သူပြုံးတတ်တယ်။ ပြုံးတဲ့အခါ
နှုတ်ခမ်းစွန်းလေးနှစ်ဘက် အပေါ်တွန့်ကွေးသွားတဲ့ပုံက သိပ်ချစ်စရာကောင်းတယ်။ အဲဒီအပြုံးပါပဲ။ ကျွန်မသဘောအကျဆုံး၊ အနှစ်ခြိုက်ဆုံး သူ့ရဲ့လက်ဆောင်ပါ။ သူကလည်း ပြောဖူးပါတယ်။ လောကကို ဒီအပြုံးလေးတစ်ခုပဲ ပေးနိုင်ပါသေးတယ်တဲ့။ သူ့အပြုံးက ကျွန်မစိတ်ကို အလှုပ်ကိုင်နိုင်ဆုံး အဆွဲဆောင်နိုင်ဆုံး
ဆိုတဲ့အကြောင်း သူ့ကို ရိုးရိုးသားသား ပြောပြဖြစ်ပါတယ်။ ဒီစကားကိုကြားရင် သူ ပြုံးပါလိမ့်ဦးမယ်။ သဘောကျလို့ပြုံးတဲ့အပြုံးပေါ့။ အဲလို..နှစ်လိုစရာအပြုံးနဲ့ သူ့မျက်နှာပြည့်ပြည့်ကို လည်ပင်းညောင်းပါစေ၊
တစ်နေကုန်ပဲ မော့ကြည့်ရ ကြည့်ရ။ ကြည့်နေချင်ပါတယ်။
တစ်ခါတစ်ခါလည်း အဲဒီသူ့ကိုပဲ အမြင်ကပ်မိသေးတယ်။ သူနဲ့ တစ်နေရာရာကို အတူသွားရတဲ့အချိန်တွေမှာပေါ့။ ခပ်သွက်သွက်လှမ်းတဲ့ သူ့ခြေလှမ်းကို မီအောင်လိုက်ရတာများ.. မှောက်လဲတော့မတတ်။ ဒေါက်မြင့်စီးထားမိရင် ပိုဆိုး။ လူချင်းကွဲသွားမှာစိုးလို့ လူကြားသူကြားထဲ သူ့လက်မောင်းလိုက်ဆွဲ လျှောက်ရတယ်။ သူလမ်းလျှောက်တာ အဖေ့လိုပဲ။ သိပ်မြန်တယ်လို့ ပြောတိုင်း အမေက သဘောတကျနဲ့ပြုံးတတ်ပါတယ်။ ကျွန်မအဖေရော၊ အဘိုး(အမေ့အဖေ)ပါ လမ်းလျှောက်မြန်ကြတဲ့သူတွေကိုနော်။
အဲလို…စိတ်မြန်လက်မြန်ရှိလွန်းတဲ့ ကျွန်မချစ်သူကို အမေက ချစ်ရှာတယ်။ သူနဲ့အမေ အကြိမ်များများ မဆုံဖူးပေမယ့်.. ကျွန်မအမေရဲ့အချစ်တွေ သူ သိမ်းကြုံးယူထားပါတယ်။ သူစိတ်ချမ်းသာအောင်ထားပါ..ဆိုတဲ့ အမေ့စကားက သက်သေပါပဲ။ သမီးကားအဖျား သမီးချစ်သူက အရင်းဖြစ်နေပေါ့။ မနာလိုပါဘူးလို့ပြောရင် သူပြုံးပါဦးမယ်။ ပိုင်ပိုင်နိုင်နိုင်ရှိလွန်းတဲ့ ခပ်လွင်လွင်အသံနဲ့ အသံထွက်အောင် သူရယ်ပါဦးမယ်။ ဘ၀င်ကိုင်တဲ့အကြည့်နဲ့ ကျွန်မကို ကြည့်ပါလိမ့်ဦးမယ်။ အဲဒီသူပါပဲ။ ကျွန်မချစ်သူဆိုတာလေ။
Labels: Essay