ဗုဒ္ဓနဲ့ ကျန်းကျားပေါက်
မကောင်းမှုရှောင်
ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား။
ဗုဒ္ဓရဲ့အဆုံးအမပါ။ ဒါလေးကိုမြင်တိုင်း ပေါင်ချိန်ဇာတ်လမ်းတွဲထဲက
ကျန်းအမတ်ကြီးသား ကျန်းကျားပေါက်ကို သတိရမိပါတယ်။ သူများပစ္စည်းလုယူ၊
သူများအိမ်ထောင်ပြစ်မှား၊ မတရားတာမှန်သမျှ အကုန်လုပ်လို့ နောက်ဆုံးမှာ
ကျားခေါင်းဓါးစက်အောက် အသက်ပေးလိုက်ရတဲ့သူပါ။ သူမသေခင်
ပေါင်ချိန်နဲ့စကားပြောတဲ့အခန်းက တကယ်ကို အတွေးပွားစေပါတယ်။
ဆယ်တန်းအောင်ပြီးစအချိန်က ကြည့်ခဲ့ရပေမယ့် ခုထိမှတ်မိနေပါတယ်။
ကျန်းကျားပေါက်ဟာ ငယ်ငယ်ကတည်းက ဘယ်အရာက မကောင်းမှု-ဘယ်အရာက ကောင်းမှုလို့
သင်ကြားမခံခဲ့ရတဲ့အတွက် သူလုပ်သမျှအရာအားလုံးဟာအကောင်းလို့
ထင်နေခဲ့ပါသတဲ့။ နောင်တတွေနဲ့ ငိုပြီးပြောတဲ့စကားပါ။ ဗုဒ္ဓရဲ့စကားနဲ့
ကျန်းကျားပေါက်ရဲ့စကား ဆက်စပ်မိတော့ မကောင်းမှုကိုရှောင်ဖို့အတွက်
မကောင်းမှုဆိုတာဘာလဲသိဖို့ လိုအပ်နေသေးတယ် ဆိုတာ ဖျတ်ခနဲမြင်လိုက်မိတယ်။
သိမှပဲ ရှောင်နိုင်မှာကိုနော်။ ရှောင်ရမယ့်အရာလို့သိအောင်လုပ်ဖို့
အများကြီးလိုအပ်တယ်။ ပြီးတော့ သူတော်ကောင်းတွေသတ်မှတ်တဲ့ မကောင်းမှုနဲ့
သာမန်လူ့ဘောင်ထဲမှာသတ်မှတ်ထားတဲ့ မကောင်းမှုဆိုတာလည်း အဟပ်ကွာနေဦးမှာပါ။
မကောင်းမှုလုပ်မိတာနဲ့ပတ်သက်လို့ အပြစ်ဘယ်လိုခံစားရမလဲဆိုတာ
တရားစခန်းတစ်ခုက ဆရာတော်ကို မေးခဲ့ဖူးတယ်။ မီးဖုတ်ထားတဲ့သံတုံးရဲရဲဟာ
ပူတယ်လို့ သိထားတဲ့သူအတွက် မဖြစ်မနေကိုင်ရမယ်ဆိုရင်တောင်
သတိနဲ့ကိုင်ဖြစ်မှာမို့ ပူမှန်းမသိဘဲကိုင်တဲ့သူထက်စာရင် သိသူက
သက်သာမယ်လို့ နာယူခဲ့ဖူးပါတယ်။ ဒါပေမယ့် အပြစ်ကိုပေးဆပ်ရမှာချင်းတော့
သိပ်မကွာတဲ့အတွက် သိသိနဲ့ဖြစ်စေ၊ မသိဘဲနဲ့ဖြစ်စေ မကောင်းမှုကို
မလုပ်သင့်ဘူးလို့ မှတ်သားခဲ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ခု ဖြတ်သန်းခဲ့ရတဲ့နှစ်တွေက အတွေ့အကြုံအရ
လူတွေသတ်မှတ်ထားတဲ့ဥပဒေနဲ့ အရေးယူလို့မရတဲ့ မကောင်းမှုတွေအတွက်
သဘာဝဥပဒေဆိုတာ ရှိနေတဲ့အကြောင်း သိလာရပါတယ်။ အဲဒီဥပဒေကတော့ မကောင်းမှုကို
သေးသေးလေးပဲဖြစ်ပါစေ ကိုယ့်ရဲ့စေတနာအလျောက်
တုံ့ပြန်အကျိုးပေးတတ်တဲ့အကြောင်းလည်း ကျေကျေနပ်နပ်လက်ခံမိတဲ့အတွက်
လူဖြစ်ရတာတန်တယ်လို့ တွေးမိနေပါတယ်။
(နွေနှင်း)
--
http://NwaiHninn.blogspot.com/
Labels: Thoughts