မင်္ဂလာဆောင်ကျင်းပပုံ

အင်းလေး၏ ရှေးထုံးတမ်းအရလက်ထပ်ပုံမှာ ရှေ့ခုနစ်အိမ် နောက်ခုနစ်အိမ် လက်ဖက်တစ်ရိုးစားကာ အသိအမှတ်ပြုလက်ထပ်ကြသည်။ ကွာရှင်းမည်ဆိုကလည်း လက်ဖက်တစ်ရိုးစားကာ ကွာရှင်းကြသည်။(အခုခေတ်တော့ မသိဘူးနော)

အင်းလေးတွင် မင်္ဂလာပွဲများသည် သီတင်းကျွတ်လဆုတ် ၈ ရက် နောက်ပိုင်းနှင့် တန်ဆောင်မုန်း လကွယ်ထိသာ ဆောင်ကြပြီး တပို့တွဲလနှင့် တန်ခူး ၊ ကဆုန် ၊နယုန်(အင်္ဂလိပ်လအနီးစပ်ဆုံး -အောက်တိုဘာလလယ်မှ ၊ နိုဝင်ဘာ ၊ ဖေဖော်ဝါရီ ၊ ဧပြီ၊မေ၊ဇွန်) လတို့တွင်သာ ရှိကြပါသည်။ဝါဆိုလပြည့်မတိုင်မီ ၀ါဆိုလမင်္ဂလာဆောင်များ (မရှိသလောက်)ရှားပါသည်။

မင်္ဂလာဆောင်ကိုလည်း သတို့သားအိမ် ၊ သတို့သမီးအိမ်မခွဲခြားဘဲ အဆင်ပြေရာ နေရာအကျယ်အ၀န်းပေါ်တွင် မူတည်၍ မင်္ဂလာပွဲကျင်းပတတ်ကြသည်။ တတ်နိုင်သလို ကျွေးကြသည်။ ရွာဓလေ့ထုံးစံအတိုင်း ကိုယ့်ရွာအချင်းချင်း (သို့) တခြားရွာမှ လူကြီးစုံရာနှင့် သတို့သမီးကို တောင်းရမ်းကြရသည်။ တတ်နိုင်လျှင် တတ်နိုင်သလို ရွှေ၊ ငွေ၊လယ်ယာ၊ ခြံမြေ၊ နွား စသည်တင်တောင်းကြရသည်။ တင်တောင်းသည့်ပစ္စည်းကို သတို့သမီးက အပိုင်ရသည်။

ထိုပစ္စည်းများဖြင့် လင်မယားနှစ်ယောက် လုပ်ကိုင်စားနိုင်သော်လည်း လင်မယားကွဲလျှင် မယားက အပိုင်ရသည်။ မင်္ဂလာဆောင်စရိတ်ကိုလည်း သတို့သားက စီးပွါးရေးလုပ်ငန်းရှိပါက ကိုယ့်စရိတ်ကိုယ်ခံကြရသည်။ မိဘကတတ်နိုင်၍ ဆောင်ပေးလျှင်လည်း ကုန်ကျစရိတ်ကို မိဘများကသာ အကုန်အကျခံလေ့ရှိသည်။ သတို့သားဘက်မှ အကုန်အကျမခံနိုင်လျှင် သတို့သမီးဘက်မှ မင်္ဂလာစရိတ်ကို ညီတူညီမျှ အကုန်အကျခံတတ်ကြပါသည်။ သို့သော် သတို့သားဘက်မှသာ အကုန်အကျခံလေ့ရှိသည်။ လက်ဖွဲ့ပစ္စည်းအားလုံးကိုလည်း သတို့သား-သတို့သမီးသာပိုင်သည်။ (အချို့ဒေသများတွင် လက်ဖွဲ့ငွေကို မင်္ဂလာစရိတ်ထုတ်ပေးသော မိဘဘက်ကသိမ်း ၊ သတို့သား သတို့သမီးက လက်ဖွဲ့ပစ္စည်းကိုသာယူရသောအလေ့ရှိ၍ ဒီအကြောင်းကို ထည့်ရေးရခြင်းဖြစ်ပါသည်။ စကားချပ်) လင်မယားမသင့်မြတ်၍ ကွဲကွာခဲ့သော် တစ်ယောက်တစ်ဝက်စီ ခွဲယူကြရသည်။( သတို့သမီးကို တင်တောင်းသည့်ပစ္စည်းမပါ။)

ကန်တော့ပွဲကိုလည်း သတို့သားဘက်မှ နှစ်ပွဲပြင်ရသည်။ မင်္ဂလာဆောင်မည့်မနက် သတို့သမီးခေါ်ရမည့် မင်္ဂလာအချိန်တွင် ကန်တော့ပွဲကိုလည်း သတို့သားဘက်မှ နှစ်ပွဲပြင်ရသည်။ မင်္ဂလာဆောင်မည့်မနက် သတို့သမီးခေါ်ရမည့် မင်္ဂလာအချိန်တွင် ကန်တော့ပွဲတစ်ပွဲယူ၍ သတို့သမီးမိဘများကို ကန်တော့ပွဲဖြင့်ကန်တော့၍ သတို့သမီးကို ခေါ်ဆောင်ရပါသည်။ သတို့သမီးအိမ်မှ အထွက်တွင် ရွာဓလေ့ထုံးစံအရ ငယ်လင်ငယ်မယား စုံတွဲက ရွှေကြိုးတား၍ ခဲဖိုးတောင်းရသည်။ ကျန်သည့် အပေါင်းအသင်းများလည်း ရွှေကြိုးတား၍ရသည်။ ပိုက်ဆံချမ်းသာသည့် သတို့သား သတို့သမီးဖြစ်ပါက ရွှေကြိုးကို ၄ ၊၅ထပ်တား၍ ခဲဖိုးတောင်းသည့် ဓလေ့ရှိပါသည်။

သတို့သမီးကို သတို့သားအိမ်သို့ခေါ်လာပြီးလျှင် သတို့သားမိဘများကို ကန်တော့ကြ ရသည် ။ ပြီးလျှင် အဘိုး၊အဘွား ၊ ဦးကြီး ၊ ဒေါ်ကြီး ဆွေမျိုးရင်းချာများကို ကန်တော့ပြီးမှ မင်္ဂလာဧည့်ခံပွဲ ကျင်းပကြသည်။ မင်္ဂလာဧည့်ခံပွဲကို သတို့သားသတို့သမီးထိုင်ရန် ခင်းကျင်းထားပြီး ကန်တော့ပွဲနှစ်ပွဲရှေ့ချကာ အလယ်တွင် လက်ဖွဲ့ခံဖလား ထားရှိသည်။ လက်ဖွဲ့ကို ပစ္စည်းလက်ဖွဲ့သည်က ရှားသည်။ မိဘဆွေမျိုးများက လက်ဝတ်ရတနာများ လက်ဖွဲ့တတ်သည်။ ခြံမြေများလက်ဖွဲ့တတ်သည်မှလွဲ၍ ကျန်လူများက ပိုက်ဆံလက်ဖွဲ့ကြသည်။ လက်ဖွဲ့ငွေများသည် သတို့သားသတို့သမီး ရင်းနှီးလုပ်ကိုင် စားသောက်ရန် အရံသင့်ဖြစ်သွားကြသည်။

မင်္ဂလာဧည့်ခံပွဲကို ပိုက်ဆံတတ်နိုင်ကြသူများသည် ဘိသိက်သွန်း၍ လက်ထပ်မင်္ဂလာပြုကြသည်။ အစဉ်အလာအတိုင်း ငယ်လင်ငယ်မယားစုံတွဲကို ဒေါင်းလန်းနှင့် ထမင်းပွဲပြင်စေ၍ ရိုးရာထမင်းဟင်းများဖြစ်သော ပဲလွန်းဆေးခါး ၊ ဂျူးသုပ် ၊ ငါးချဉ်သုပ် ၊ ငရုတ်သီးတောင့်ကြော် ၊ ဆတ်သားနှပ် ၊ ငါးရံ့ခြောက်နှပ်စသည့် ဟင်းများဖြင့် မင်္ဂလာမောင်နှံကို လက်ဆုံစားစေကာ အချင်းချင်းလည်း ခွံ့ကျွေးကြရသည်။ မင်္ဂလာဧည့်ခံပွဲပြီးပါက မင်္ဂလာအိပ်ခန်းကို ထိုငယ်လင်ငယ်မယားစုံတွဲများက မင်္ဂလာအိပ်ရာ ပြင်ပေးကာ သတို့သားသတို့သမီးအား အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေဟု ဆုပေးပြီး အိပ်ခန်းအပ်နှင်းပေးကြသည်။

မင်္ဂလာဆောင်သည့် ညဦးပိုင်းရောက်သောအခါ ရွာရှိလူပျိုခေါင်း(ကာလသားခေါင်း) အပျိုခေါင်းများဦးဆောင်သော အပျိုလူပျိုများသည် ရှမ်းအိုးစည်တီးကာ တပျော်တပါးကခုန်ရောက်လာကြပြီး မင်္ဂလာစုံတွဲထံမှ ခဲဖိုးတောင်းကြသည်။ ခဲဖိုးလာတောင်းသူများကို မင်္ဂလာမောင်နှံမှ ကျွေးမွေးဧည့်ခံကြရသည်။ ခဲဖိုးဆိုသည့်အတိုင်း ကျောက်ခဲကိုလက်ကိုင်ပုဝါဖြင့်ထုပ်၍ ယွန်းအုပ်အတွင်းထည့်ယူလာပြီး မင်္ဂလာမောင်နှံရှေ့ ချထားကာ ခဲဖိုးတောင်းရသည်။ မင်္ဂလာမောင်နှံမှ ခဲဖိုးငွေကို စေတနာရှိသလောက် ယွန်းအုပ်ထဲထည့်၍ ပေးလိုက်ရသည်။ ခဲဖိုးရလျှင် ဆုတောင်းပေးကာ ခဲဖိုးတောင်းရန် အလာတုန်းကကဲ့သို့ပင် ရှမ်းအိုးစည်တီးကခုန်ပြီး ပြန်ကြလေသည်။ အင်းသားအများစုသည် အိမ်ထောင်သက် ၂ နှစ် ၃ နှစ်လောက်တွင် ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့်စီးပွါးရေးနှင့် နေနိုင်ကြသူများပါသည်။ ယခုခေတ်တွင် ခရမ်းချဉ်ခြံလုပ်သူများပြားလာ၍ လက်ဖွဲ့လျှင် မိဘများက ကျွန်းမျော အလံတစ်ရာ ၊ နှစ်ရာ စသည် လက်ဖွဲ့တတ်ကြသဖြင့် အိမ်ထောင်ကျလျှင် လုပ်ကိုင်စားစရာ အဆင်သင့်ဖြစ်နေတတ်ကြပါသည်။

0 Comments:

Post a Comment




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews