အင်းလေးရှိ ဈေးများ

အင်းလေးတွင်ရှိသော ဈေးအများစုမှာ ကုန်းပေါ်မှာရှိသည်။ ရေပေါ်ဈေးဆို၍ ဟဲယားရွာမဈေး တစ်ခုသာရှိသည်။ ရှမ်းပြည်ထုံးစံအတိုင်း ရွာတိုင်းရှိ ဈေးများမှာ မနက်ခင်းဈေး-ငါးရက်တစ်ဈေးသာ ဖြစ်သည်။ သို့သော် တစ်ရွာနှင့်တစ်ရွာ ဈေးနေ့မတူ ။ ထို့ကြောင့် ဈေးရောင်းသူများမှာ ဘယ်နေ့က ဘယ်ရွာ၏ဈေးနေ့ဆိုသည်ကို မှတ်သားပြီး ဈေးနေ့ရောက် သောရွာတွင် သွားရောက်ရောင်းချကြသည်။

ဈေးနေ့များတွင် ညောင်ရွှေမြို့ဈေးလည်း ပါသည်။ ကျွန်တော်ကြားဖူးသမျှ သန်းတောင်ဈေး ၊ ခေါင်တိုင်ဈေး ၊ နန်းပန်ဈေး ၊ အင်းတိုင်ဈေး ၊ မိုင်းသောက်ဈေး ၊ ညောင်ရွှေဈေး တို့ဖြစ်ပါသည်။ ညောင်ရွှေသည် မြို့ဖြစ်၍ နေ့တိုင်းဈေးရှိသော်လည်း ရှမ်းပြည်ထုံးစံအတိုင်း ဈေးနေ့မှသာ တောသည်တို့က လာရောက်ရောင်းချတတ်ကာ စည်ကားတတ်သည်။ အင်းလေးကိုရောက်၍ ရေပေါ်ဈေးကိုလေ့လာချင်လျှင် ဟဲယားရွာမဈေးရက်ကို စုံစမ်းထားရန်လိုပြီး ဈေးနေ့မနက်ခင်းတွင် သွားရောက်နိုင်ပါသည်။ ဟဲယားရွာမဈေးနေ့သည် တောင်ကြီးမြို့ဈေးနေ့နှင့် တူပါသည်။အင်းလေးရှိရွာများတွင် ကုန်းပေါ်ရှိရွာများကဲ့သို့ပင် ကုန်စုံဆိုင်အကြီးစားများရှိသည်။

အင်းသားတို့သည် စကားပြောလျှင်သာ အသံဝဲသည်။ သီချင်းဆိုလျှင်တော့ အသံမ၀ဲပေ။ ညဦးပိုင်းတွင် ရွာရှိ လူပျိုကာလသားတို့သည် လှေတစ်စင်းနှင့်လှည့်ကာ သူတို့စက်ကျရာအပျို့အိမ်နားတွင် လှေပေါ်မှာပင် ဆိုကြတီးကြသည်ကို ကြုံဖူးခဲ့ပါသည်။ သူတို့သီချင်းဆိုသံကမ၀ဲ။ ကာလသားတို့သည် အပျိုရှိသောအိမ်သို့ (ကုန်းပေါ်ရှိရွာများ၏ ထုံးစံကဲ့သို့ပင်) ညဦးပိုင်းတွင်သွားရောက်လည်ခွင့်ရှိသည်။

အင်းလေးတွင် အိမ်သာများကို မိမိအိမ်၏အနောက်ပိုင်းတွင် အိမ်နှင့်အတော်လှမ်းလှမ်းမှာ ထားလေ့ရှိသည်။ ရွာခံမဟုတ်သော ဧည့်သည်တစ်ယောက်အနေနှင့် ကိစ္စအရေးကြီးလျှင် မြန်မြန်ဆန်ဆန် သွားဖို့ရန်မလွယ်ကူ။ အိမ်သာလမ်းက အိမ်နှင့် အတော်ကို လှမ်းတတ်သည်။ ကုန်းပေါ်ရှိအိမ်သာများကဲ့သို့ပင် ၀ါးဖြင့်ခွေယက်ပြီး ရေအောက်မြေကြီးအထိ ချထားသည်။ ယခုအခါ တတ်နိုင်သောအိမ်အချို့တွင် မိမိပိုင် တောင်ပို့(အိမ်ဘေးကုန်းမြေ)ပေါ်၌ ရေလောင်းအိမ်သာများဆောက်လာကြပြီ ဖြစ်သည်။ အင်းလေးသို့ရောက်သူများက အိမ်သာကိစ္စကို အထူးတလည် စပ်စုတတ်ကြသည်။ ပြီးလျှင် သွားလည်သည့်အိမ်များမှ သောက်ရေကိုလည်း သောက်ရန်ရွံ့ကြသည်။ သောက်ရေကို အိမ်နားကပင် ခပ်သုံးသည်ဟု အထင်ရှိကြသည်ရော ၊ အင်းလေးရေသည် ရေသေဖြစ်သည်ဟု မှတ်သားမှုလွဲသည်ရောကြောင့် ရေသည်မသန့်ရှင်းဟု ယူဆကြသည်။ ရေသန့်ရှင်းသည် မသန့်ရှင်းသည်ကို မျက်စိဖြင့် မမြင်နိုင်၍ မငြင်းလိုပါ။ သို့သော် ကုန်းပေါ်ရှိ မြစ်ဘေးတစ်လျှောက်နေသည့် ရွာများလည်း မြစ်ရေကိုသာ သောက်ရေသုံးရေအဖြစ် အားထားကြရသည့်ရွာများ ရှိသည်။ မြစ်ရေကို အစိမ်းသောက်ရန် မရွံ့ကြသော်လည်း အင်းလေးမှ သောက်ရေကိုတော့ သောက်ရန်ရွံ့ကြသည်။ မျက်စိရှေ့မြင်ရခြင်းနှင့် မမြင်ရခြင်းပေါ်တွင် ရေ၏သန့်ရှင်းခြင်း မသန့်ရှင်းခြင်းကို တိုင်းတာကြပုံရပါသည်။

အင်းလေးတွင် ချိုးရေ ၊ သုံးရေ ၊ပန်းကန်ဆေးရေကို မိမိအိမ်ရှေ့တွင်ပင် သုံးစွဲကြသော် လည်း သောက်ရေအတွက် လှေတွင်အိုးငယ်များစွာကိုထည့်ကာ ညနေခင်းတွင် အင်းလယ်သို့သွားရောက်ကာ ခပ်ယူသုံးစွဲကြသည်။ အင်းသားအများစုက ရေစိမ်းထက် ရေနွေးကြမ်းကိုသာ အသောက်များသည်။ လက်ဖက်ခြောက်ကို မီးအေးအေးနှင့်လှော်ပြီး ရေနွေးတွင် ခပ်သောက်တတ်ကြသည်။ လက်ဖက်ခြောက်လှော်ရာတွင် အချို့က နှမ်းထည့်လှော်တတ်ကြသည်။

အင်းသားတို့ထုံးစံအရ မနက်စာကို ဈေးဝယ်သူများပြန်ချိန် ၉း၀၀ လောက်မှ မိသားစု ၀ိုင်းဖွဲ့စားသောက်ကြသည်။ နေ့လည်စာကို သွားရည်စာတစ်ခုခုစားတတ်ကြသည်။ ညနေစာကိုလည်း ၄ နာရီ ၅ နာရီလောက်တွင် စားတတ်ကြသည်။ အင်းသားတို့သည် ဒေသထွက် ဆန်များကိုသာ ချက်စားတတ်ကြသည်။ သူတို့ထမင်းမှာ ပူပူနွေးနွေးတွင် ကောက်ညင်းကဲ့သို့ စီးစီးထွေးထွေးလေးဖြစ်သည်။ စားကားစား၏ မ၀နိုင်။ အများကြီးလည်း မစားနိုင်။

အင်းလေးရှိ အိမ်ရှေ့တိုင်း၌ လှေအဆင်းအတက်လုပ်ရန် ၊ ရေချိုး ၊အ၀တ်လျှော် ၊ပန်းကန်ဆေးရန် ကွပ်ပြစ်သဘောမျိုးထားတတ်သည်။ ထိုနေရာသည် ရေတက်သည့်မိုးတွင်းအခါတွင် မြုပ်သည်။

အင်းလေးသို့သွားလည်သူများအတွက် အခက်အခဲဖြစ်တတ်သည်မှာ လှေထဲဆင်းသည့်အခါဖြစ်သည်။ လှေအဆင်း မြင်းအတက် ဟူသော စကားပုံကဲ့သို့ပင် လှေထဲမဆင်းတတ်လျှင် ရေထဲပြုတ်ကျတတ်သည် ။ လှေကြီးလျှင် ရေထဲပြုတ်ကျမှာ မကြောက်ရသော်လည်း လှေငယ်လျှင် လှေထဲဆင်းချိန်၌ သတိထားရသည်။

တစ်ခါက ကျွန်တော့်သူငယ်ချင်းများနှင့် အင်းလေးကိုသွားလည်ရာတွင် တည်းအိမ်အနီးအနား၌ နှစ်ယောက်စီးလှေငယ်ဖြင့် လျှောက်လှော်ကြည့်ဖို့ စိတ်ကူးသည်။ ကျွန်တော့်သူငယ်ချင်းက လှေထဲအဆင်း အဆင်းမတတ်၍ လှေကိုကန်လိုက်သလိုဖြစ်ပြီး ရေထဲပြုတ်ကျဖူးသည်။ ပြီးတော့ သူကပြောသေးသည်။ ရေကဆွဲချသည်တဲ့။

လှေထဲအဆင်းမတတ်သည်ကိုတော့မတွေး။ သူသည် အရင်ရက်တွေက လူ ၂၀ စီးသော မော်တော်လှေကြီးထဲသို့သာ ဆင်းဖူးသည်။ ယခု နှစ်ယောက်စီးလှေငယ်ထဲ ဆင်းရခြင်းဖြစ်သည်ဟု မစဉ်းစားမိ။ မိမိထင်ရာမြင်ရာကိုသာ ဆွဲယူတွေးတတ်သော လူ့သဘာဝပင်။

အင်းလေးသည် ရာသီဥတု မပူလွန်း မအေးလွန်းပေ။ တောင်ကြီးသည် ဆောင်းတွင်းအလွန်ချမ်းသော်လည်း အင်းလေး၌ တောင်ကြီးလောက်မချမ်းပေ။ ရေပြင်က အပူအအေးကို ထိန်းပေးပုံရသည်။ နွေရာသီတွင်လည်း မနေနိုင် မထိုင်နိုင်လောက်အောင် မပူပေ။ ညဘက်တွင် အလွန်အိပ်ကောင်းသည်။ သို့သော် မော်တော်စီးရလျှင်တော့ နေပူသည်။

ရေပြင်ချည်းဖြစ်၍ ဖုန်လည်းမရှိပေ။ ထို့ကြောင့် ကျွန်တော်တို့ တည်းသည့်အိမ်ကြမ်းပြင်မှာ နေ့စဉ်ကြမ်းတိုက်သည်ရော ၊ ဖုန်မရှိသည့်အရပ်ဖြစ်သည်ရော နှစ်ခုပေါင်း၍ ဆီမထည့်ပဲ ပြောင်ချောနေသည်။ အင်းလေးတွင် ရေတွင်မပေါ်တတ်သော ပစ္စည်း ရေထဲသို့ကျသွားလျှင်တော့ မိုးတွင်းဆိုလျှင် ရေထဲဆင်းကောက်ဖို့ မလွယ်ပေ။ နွေနှင့် ဆောင်းတွင်သာ ရေကျတတ်သည်။ ဆောင်းတွင်းတွင်လည်း ဒေသခံမဟုတ်ဘဲ ရေထဲမဆင်းနိုင် ။ ရေက အတော်အေးနေတတ်သည်။

ဟာသတစ်ခုကြားဖူးသည်။ အင်းလေးကို ရောက်ဖူးချိန်မတူသော လူသုံးယောက်က အငြင်းအခုန်ဖြစ်ကြသည်တဲ့။ နွေရာသီတွင်ရောက်ဖူးသောသူက အင်းလေးအိမ်များသည် ခြေတံရှည်ဖြစ်သည်။ မိုးတွင်းရောက်ဖူးသောသူကလည်း အင်းလေးအိမ်များက ခြေတံရှည်မဟုတ်။ အိမ်ခါးပန်းနှင့်ရေ ထိလုနီးပါးဖြစ်သည်။ ဆောင်းတွင်းရောက်ဖူးသူက အဲဒီလောက်လည်း ရေမများပါဘူးဟု ပြောသည်တဲ့။

အင်းလေးတွင် စင်ရော်များကို မြင်ဖူးချင်လျှင် ဆောင်းတွင်း နိုဝင်ဘာလောက်မှာမှ ရှိတတ်သည်။ စင်ရော်ငှက်တို့ကို ညောင်ရွှေမြို့မှ အင်းရေပြင်အထွက်မှစ၍ တွေ့ရတတ်သည်။ သူတို့ကို အစာကျွေးလျှင် ကျွေးသလို မော်တော်လှေနောက်သို့ လိုက်ကြသည်။ အင်းလယ်ထိ ကျွေးသွားလျှင် အင်းလယ်ထိ လိုက်လာတတ်သည်။ စင်ရော် အစာကျွေးရသည်ကလည်း ပျော်စရာကောင်းသည်။ စင်ရော်စာကို ညောင်ရွှေမှာ လှေထဲအဆင်းမှာပင် ၀ယ်၍ရသည်။ စင်ရော်စာဟုသာ ပြောရသော်လည်း လူစားသော ကုလားပဲခွေကြော်များသာ ဖြစ်သည်။ လူလည်းစား ၊ စင်ရော်လည်းကျွေး ။ သို့သော် လှေပေါ်မှ စင်ရော်စာကျွေးရသည်မှာ အန္တရာယ်တော့များသည်။

လွန်ခဲ့သည့်နှစ်နှစ်ခန့်က ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် တောင်ကြီးတန်ဆောင်တိုင်ပွဲသို့ သွားလည်ကြသည်။ သူငယ်ချင်းတွေထဲ ညောင်ရွှေမှသူငယ်ချင်းပါရာ တစ်ရက်မှာ အင်းလေးကို လိုက်ပို့ပေးသည်။ ဘာပြောကောင်းမလဲ။ ညောင်ရွှေအထွက်မှစ၍ စင်ရော်စာကျွေးလာသည်မှာ အင်းလယ်ခေါင်ရောက်သည်အထိ ဖြစ်သည်။ ကျွန်တော်က ရေသာ မကူးတတ်တာ ။ ရေတော့မကြောက်တတ်။ စင်ရော်တွေကို ထိုင်ရာမထ အစာလှမ်းပစ်ကျွေးတော့ ဘယ်အကောင်မှ အစာကိုမမိ။ အစာတွေက ရေထဲပြုတ်ကျကုန် သည်။ ထို့ကြောင့် လှေထဲမတ်တပ်ရပ်ကာ အစာပစ်ကျွေးသည်။ လှေပေါ်ပါသည်က လူငယ်တွေချည်း ။ တစ်ယောက်ထတော့ တော်တော်များများက မတ်တပ်ရပ်၍ စင်ရော်တွေကို အစာပစ်ကျွေး ကြသည်။ အင်းလယ်ရောက်ခါနီးမှ လှေသမားက မနည်းတားယူရသည်။ လှေဖျားတွင်ထိုင်သော သူငယ်ချင်းကောင်လေးက ဖောင်တော်ဦးဘုရားကုန်းပေါ် ရောက်သောအခါ ကျွန်တော်တို့ကို ပြောပါတော့သည်။ နင်တို့စင်ရော်အစာကျွေးတာက တော်တော်ရယ်.. လှေက ရေပေါ်ကို လက်နှစ်လုံးလောက်ပဲ ပေါ်တော့တယ်တဲ့ ။ အဲဒီအခါကျမှ ကျွန်တော်တို့လည်း လန့်သွားကြသည်။ ကံကောင်းလို့ လှေမမှောက်တာ ။ ညနေအပြန်မှာ စင်ရော်လည်း သိပ်မရှိတော့ ။ လှေသွားနေတုန်းလည်း မတ်တပ်မရပ်ရဲတော့ ။

0 Comments:

Post a Comment




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews