အင်းသားတို့၏ အသုဘချနည်းထုံးစံ

အင်းသားသေရင် ငါးဖိန်းစား ၊ ငါးဖိန်းသေရင် အင်းသားစား ဆိုသည့် စကားသည် အများသူငါ အပြောနှင့် တကယ်ထင်နေကြသည်သာ ဖြစ်သည်။ လူသေလျှင် ခဲဆွဲ၍ရေထဲချ သင်္ဂြိုဟ်လိုက်၍ ငါးများ ၊ ရေသတ္တ၀ါများ လူ့အသားစား၍ ကြီးပြင်းလာပြီး လူတွေက ငါးများကို တဖန်သတ်စားကြသည်ဟု လူအများ ယုံကြည်လက်ခံထားကြသည်။ အင်းလေးကန်တွင် နေထိုင်ကြသူများသည် ရွာတစ်ရွာ သင်္ချိုင်းတစ်ခုစီရှိကြပါသည်။ ကိုယ်ပိုင်ခြံမြေ ၊ လယ်မြေများပေါ်တွင် နေထိုင်ကြသောသူများသည်။ သင်္ချိုင်းမြေ၏ အောက်ပိုင်းတွင် နေထိုင်ကြသူများသာ သင်္ချိုင်းတွင် သဂြ င်္ိုဟ်ကြပြီး အပေါ်ပိုင်းတွင်နေကြသူများသည် ကိုယ့်ခြံမြေတွင် သင်္ဂြိုဟ်ကြပါသည်။

အပေါ်ပိုင်းအောက်ပိုင်းဆိုသည်ကို ရှင်းပြပါမည်။ ဥပမာ-ရှေ့နှင့်နောက် ရွာတန်းရှည်ဆိုပါစို့ ။ ရှေ့နှင့်နောက် အလယ်လောက်တွင် ရွာသင်္ချိုင်းရှိပါက အနောက်ဘက်မှလူများသာ သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြပြီး အရှေ့ဘက်ရှိလူများက ကိုယ့်ခြံမြေတွင် သင်္ဂြိုဟ်ကြသည်။ ကျွန်တော်ကြားဖူးသမျှ အင်းလေးတွင် ရေသင်္ချိုင်းတစ်ခုသာ ရှိသည်။ (စကားချပ်) ရေသင်္ချိုင်းဆို၍ လူသေကို ခေါင်းထဲထည့်ကာ ပစ္စလက်ခတ်ရေထဲပစ်ချလိုက်တာမျိုးမဟုတ်။ အခေါင်းကိုကျွန်းမျောမှာ အသေအချာတွဲ၍ သင်္ဂြိုဟ်ခြင်းဖြစ်သည်ဟု မှတ်သားဖူးပါသည်။

အင်းလေးဒေသတွင် လူတစ်ယောက်ကွယ်လွန်လျှင် ကွယ်လွန်သည်မှ တစ်ရက်သာ ထားခွင့်ရှိသည်။ မြို့ပေါ်မှာလို လူသေကို(၃)ရက် ထားခွင့်မရှိပါ။ အဝေးရောက်သားသမီးများ ရှိလျှင်လည်း အသုဘမီစောင့်ရိုးထုံးစံမရှိပါ။ ရက်လည်ကိုသာလျှင် (၇)ရက်ပြည့်မှ ရက်လည် ဆွမ်းသွတ်ကြ၍ ရပ်ဝေးရောက်သားသမီး၊ဆွေမျိုးများ ရောက်အောင်လာကြရပါသည်။ သင်္ဂြိုဟ်မည့်နေ့တွင် ချမ်းသာသည်ဖြစ်စေ ၊ ဆင်းရဲသည်ဖြစ်စေ သင်္ဂြိုဟ်စရိတ်ကူငွေ ထည့်ကြရသည်။ ဆင်းရဲသူများအနေနှင့် ကူငွေပေါ်မူတည်၍ ရက်လည်ဆွမ်းကပ်ကြရသည်။ သင်္ဂြိုဟ်စရိတ်ဟူ၍ ဓလေ့ထုံးစံအရခေါ်နေကြသော်လည်း တကယ်တမ်းသင်္ဂြိုဟ်စရိတ်ဆိုပြီး သီးသန့်ကုန်စရာမရှိပါ။ ရပ်ရွာမှ ၀ိုင်းဝန်းကူညီလုပ်ကိုင်ပေးကြသည်က များပါသည်။ လှူချင်သည်ကို လှူ၍ရအောင် ၀ိုင်းဝန်းကူညီကြသည်သာ။

သင်္ချိုင်းမြေအကြောင်းပြောရလျှင် ကျွန်းမျောအကြောင်းပါ ပြောရပါမည်။ အင်းလေးကို မရောက်ဖူးသူ အများစုလူတို့က အင်းလေးကန်ဆိုတာ ရေတွေချည်းသာရှိသောကန်တစ်ခုဟု ထင်ကြသည်။ အင်းလေးကန်တွင်းရှိ ရေကိုလည်း ဘယ်ကိုမှ အစီးအဆင်းမရှိသော ရေသေဟု ထင်တတ်ကြသည်။ ကယားပြည်နယ်မှ လောပီတရေအားလျှပ်စစ်စက်ရုံအတွက် ရေသည် အင်းလေးကန်မှ စီးဆင်းသွားသောရေများဟု သိသူနည်းသည်။ ရှေးယခင်က အင်းလေးကန်သည် ယခုလက်ရှိအနေအထားလောက် ကျယ်ဝန်းခြင်းမရှိပါ။ လောပီတရေအားလျှပ်စစ်စက်ရုံအတွက် မိုးပြဲရေကာတာတည်ဆောက်ပြီးမှသာ အင်းလေးကန်တွင် ရေထုများတက်လာကာ ခြံမြေ လယ်မြေတော်တော်များများ ရေနစ်ကုန်ကြပြီး ကုန်းပိုင်းသို့ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။ ယခင်က ရေစပ်နားတွင်နေထိုင် ကြသူများသည် ရေလယ်သို့ရောက်ကုန်ကြသည်။ ရွာလုံးကျွတ် ရွှေ့ပြောင်းရန် မဖြစ်နိုင်သော ရွာများသာ ရေပေါ်အိမ်ဆောက်နေကြရသည်။ ရေနစ်သွားသော ခြံမြေများအစား ကျွန်းမျောများ ထုတ်၍ ခြံစိုက်ကြရသည်။

ကျွန်းမျောဖြစ်ပေါ်လာပုံ

ရေနစ်သွားသော လယ်ကွင်းများ၊မြေဆွေးနှင့်မြက်ပင်များ ထူထပ်စွာ ပေါက်ရောက်နေကြသည်ကို ကိုယ်လိုချင်သလောက် အတိုင်းအတာနှင့် လှီးဖြတ်ထုတ်၍ ရေပေါ်မျှောလိုက်သောအခါ ကျွန်းမျောများဖြစ်လာကြသည်။ ကျွန်းမျောပေါ်သို့ လူတက်၍ရသည်။ကျွန်းမျောကို အလျားပေ ရသလောက်ယူ၍ အနံ ၄ ပေ ၊ ထု ၄ ပေ လောက် လှီးဖြတ်ထုတ်ယူကာ ရေခြံအဖြစ် လုပ်ကိုင်ကြရပါသည်။ ကျွန်းမျောကို ဖြတ်ထုတ်ရာတွင် အသုံးပြုသောလွှများမှာ နှစ်ဘက်ဆွဲလွှအပြင် တစ်ဘက်တည်းကသာ ဆွဲ၍ရသောလွှကိုလည်း သုံးရသည် ။ (စလောင်းမှလာသည့် ကိုးရီးယား-အာရိရန်လိုင်းမှာ တစ်ခါက ကြည့်လိုက်ရပါသည်။ စကားချပ်) ကျွန်းမျောကို ခွဲထုတ်လျှင်.. ၀ါးလုံးနှစ်လုံးကို လွှဖြင့်ခွဲထားပြီးသော ကျွန်းမျောထုတ်မည့်မြေထဲ ကန့်လန့်စိုက်၊ ထိုဝါးလုံးနှစ်လုံးကိုဟပြီး ၀ါးတိုတစ်ချောင်းနဲ့ကျားကန် ၊ လူက ထိုဝါးတိုပေါ်တွင် မြေတွင်စိုက်သည့် ၀ါးနှစ်လုံးအနက်မှ ၀ါးတစ်လုံးကိုကျောဖြင့်၊ အခြားဝါးတစ်လုံးကို ခြေဖြင့်ကန်ကာ တက်ထိုင်ရင်း အားနှင့်ဖိချလိုက်ပြီး ၀ါးတိုကို အောက်သို့တဖြည်းဖြည်းရောက်စေရသည်။ လှီးဖြတ်ထုတ်ပြီးသွားသော ကျွန်းမျောမြေကို ကိုယ်လိုရာသို့ ကျွန်းမျောတစ်ခုနှင့်တစ်ခု ဆက်တွဲကာ ၀ါးဖောင်များလို တရွေ့ရွေ့ရွှေ့ယူပြီး ကျွန်းမျောများထားမည့်နေရာတွင် ထိပ်နှစ်ထိပ်ကို ၀ါးလုံးဖြင့်စိုက်ကာ မရွေ့အောင် ထိန်းထားရသည်။ ပြီးလျှင် ကျွန်းမျောပေါ်မှ မြက်ပင်များကို ဓါးကောက်ဖြင့် ခုတ်ထွင်ရှင်းလင်းကာ အင်းလယ်ရှိရေထဲမှ ရွှံ့နွံများကို လှေဖြင့် ဆယ်ယူကြရသည်။ ဆယ်ယူရာ၌ အင်းလေးအခေါ် (မြေကော်ခြင်း) ခြင်းတောင်းကို ၀ါးဖြင့်ယက်ကာ သောက်ရေအိုးဖင်ပုံစံအတိုင်း ခပ်စောက်စောက်လေး နှီးကြောဖြင့်ယက်လုပ်ရသည်။

ပြီးလျှင် ရေမှုတ်ရိုးတပ်သလို ၀ါးလုံးတွင် ခြင်းကိုသွပ်နန်းကြိုးများ၊ ကြိမ်များဖြင့် ချည်နှောင်၍ ရေထဲနှစ်ကာ ခပ်ယူကြရ သည်။ လှေအပြည့်ခပ်ယူပြီးပါက ကျွန်းမျောပေါ်သို့ ရွှံ့များခပ်တင်ကြရပြန်သည်။ ပြီးလျှင် ရေထဲရှိ မှော်ပင်များဆယ်ယူကာ ရွှံ့ပေါ်ထပ်တင်ကြရသည်။ မှော်ပင်များကြားမှ ရွှံ့မြေထိ အပေါက်ဖောက်ကာ အပင်များ စိုက်ပျိုးကြရသည်။ အပင်များရှင်သန်လာလျှင် သဘာဝမြေ သြဇာ ၊ ဓါတ်မြေသြဇာ ၊ ပိုးသတ်ဆေးများကို လိုအပ်သလို တစ်လှည့်စီဖျန်းပေးရသလို ရေမှော်များကိုလည်း အပင်ကြားသို့ထပ်ထည့်ပေးရပါသည်။

ရရှိလာသော ကျွန်းမျောပေါ်တွင် အချို့ရွာများက စားသုံးသီးနှံများနှင့် ပန်းမျိုးစုံစိုက်ကြသည်။ တစ်သီးစားသာ စိုက်နိုင်ပြီး ၀ါဆို-၀ါခေါင် ရေတက်လာချိန်တွင် ရေနစ်သွားသည်။ ရေနစ်နေချိန်ရောက်လျှင် ရေနစ်ကျွန်းမျောများပေါ်တွင် နောက်ထပ်ကျွန်းမျောများ ထပ်ဆင့်ပြီး ပြန်လုပ်ရသည်။ ကျွန်းမျောများသည် ထပ်ဆင့်ခါစက ရေများစိမ့်ဝင်နေ၍ မြင့်နေသော်လည်း အပင်စိုက်ပြီးနွေကာလတွင် ခြောက်သွားကာ ထက်ဝက်ခန့် နိမ့်ကျသွားတတ်သည်။ဤကဲ့သို့ ကျသွားလိုက် ပြန်ဆင့်လိုက် ၄-၅နှစ်လောက်ကြာမှ အသားကျကာ ကုန်းမြေအဖြစ်သို့ရောက်တော့သည်။

မိမိအိမ်ဘေးတွင် ကုန်းမြေ(အင်းလေးအခေါ် တောင်ပို့ဖြစ်အောင်) အပင်စိုက်၍မရသော ကျွန်းမျောအပိုင်းအစအသေးများကို ဆင့်၍ ရေကြီးချိန်တွင် ရေမမြုပ်အောင် အမြင့်ထိဖို့ကြရ သည်။ လေးဘက်လေးတန်ပြိုမကျအောင် မြေထိန်းကာရံပြီး ရေနက်ကွင်းလယ်မြေမှ မြေကြီးများကို လှေဖြင့်သယ်ယူကာ ကုန်းမြေအဖြစ်ရယူနိုင်ကြသည်။ အိမ်ဘေးကုန်းမြေကို ရေကြီးချိန်၌ရေမနစ်အောင် လုပ်ထားသည့်အတွက် မိမိတစ်အိမ်စာ အသီးအနှံများကို တစ်နှစ်ပတ်လုံး စိုက်ပျိုးစားနိုင်ကြသည်။ သာရေးနာရေး စသည်များရှိပါကလည်း အသုံးဝင်သော ကုနးမြေတစ်ခု ဖြစ်လာသည်။ အင်းလေးတွင် ကျွန်းမျောကို ကိုယ်လိုသလောက် ထုတ်ယူနိုင်၍ စိုက်ပျိုးရေးအတွက် အရင်းအနှီးရှိသူများအတွက် မြေမရှိမှာမပူရပေ။ မြေလိုလျှင် ရေနက်ကွင်းလယ်မှ ကျွန်းမျောကို ကိုယ်လိုသလောက် ယူရုံသာပင်။ ကျွန်းမျောနှင့် ရေခြံလုပ်ကိုင်စားသောက်သူအများစုသည် ခရမ်းချဉ် ၊ အာလူး၊ ငရုတ် ၊ ကြက်သွန်နီ ၊ ပြောင်းဖူး ၊ တိုင်ထောင်ပဲ စသည်များကို ခြံလိုက်သော်လည်းကောင်း မိသားစုတစ်နိုင်သော်လည်းကောင်း စိုက်ပျိုးလုပ်ကိုင်ကြသည်။ ကုန်းပိုင်းခြံလုပ်သူများသာ ကုလားပဲ ၊ ပဲပုပ် ၊ နေကြာ၊ ပဲစင်းငုံ စသည့်ပဲမျိုးစုံတို့ကို စိုက်ပျိုးလေ့ရှိကြသည်။

အင်းလေးသို့ မရောက်ဖူးသူ၊ အင်းသားလူမျိုးအကြောင်းမသိသူများက အင်းသားလူမျိုးများသည် ရေထဲမှာနေ၍ တံငါလုပ်စားကြသူများသာဟု အထင်ရှိတတ်ကြသည်။ အင်းသား လူမျိုးဖြစ်တိုင်း ငါးမဖမ်းတတ်ကြပါ။ တံငါမျိုးရိုးရှိသူများနှင့် ၀ါသနာပါသူများသာ ငါးဖမ်းတတ်ကြပါသည် ။ အင်းသားလူမျိုးတိုင်းလည်း ရေမကူးတတ်ပါ ။ ဥပမာ - ကုန်းပေါ်နေသူတိုင်း စက်ဘီးမစီးတတ်သလိုဖြစ်သည်။ သို့သော် ခြေဖြင့်လှေလှော်သော လူမျိုးသည် အင်းသားလူမျိုးသာ ရှိသည်။ အင်းသားလူမျိုးတို့၏ လှေကို ခြေဖြင့်လှော်သောအတတ်ကို ကုန်းပေါ်မှလူများ သင်ယူတတ်မြောက်နိုင်မည် မှန်သော်လည်း ကျွမ်းကျင်စွာတတ်မြောက်ဖို့တော့ မလွယ်ကူပါ။ အင်းသားသည် မွေးကတည်းက ရေမှာကျင်လည်နေရ၍ ရေကို အကြောက်အရွံ့နည်းရာမှာ ကုန်းပေါ်ကလူတွေထက် သာပါလိမ့်မည်။ သို့သော် အင်းသား ရေနစ်သေတဲ့သူမရှိဘူးလား မေးလျှင် ရှိပါသည် ၊ ရှားပါသည်ဟု ဖြေရမည်။ အချို့က အင်းသားဆိုလျှင် ကား၊ဆိုင်ကယ်မောင်းဖို့မပြောနှင့် ။ ရေထဲနေ၍ စက်ဘီးပင် မစီးတတ်ဟု ထင်သူကလည်း ထင်ကြသည်။ အင်းလေးကန်သည် အလွန်ခေါင်သောနေရာတွင် ရှိနေသည်လည်းမဟုတ် ၊ ကုန်းမြေမရှိ သည်လည်းမဟုတ်ဆိုတာ သတိပြုသင့်သည်။ အင်းသားလူမျိုးများအနက် ရေကြည်ရာ မြက်နုရာ လုပ်ကိုင်စားကာ နေထိုင်ကြသူများတွင် ကားမောင်းကျွမ်းကျင်သူ ၊ ဆိုင်ကယ်စီးကျွမ်းကျင်သူများ ရှိသည်။ ကုန်းနှင့်ရေစပ်စပ်တွင် နေထိုင်ရသူများလည်း စက်ဘီးဆိုင်ကယ်စီးတတ်ကြသည်။ အင်းလေးကန်တွင်းမှ ညောင်ရွှေ ၊ တောင်ကြီးသို့ ကျောင်းတက်သူများ ၊ စီးပွါးရေးသွားလုပ်နေရသူတွေလည်း အများအပြားရှိသည်သာဖြစ်သည်။

0 Comments:

Post a Comment




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews