လူတိုင်းမှာ ကိုယ့်နေရာနဲ့ကိုယ်ရှိကြပါတယ်.. ဒူးနေရာဒူး တော်နေရာတော် ဆိုတဲ့စကားက အာဏာ ၊ ငွေကြေးဥစ္စာပေါ်မူတည်ပြီး သူ့နေရာ ကိုယ့်နေရာ ခွဲတဲ့စကားပေါ့လေ.. ခု ကျွန်တော်ပြောချင်တဲ့ နေရာဆိုတာ အဲဒီ ငွေကြေး၊ အာဏာတွေနဲ့ နေရာခွဲတာထက် လူကြီးနေရာ လူငယ်နေရာလို့ ခွဲခြားကြည့်ချင်တာပါ..

တစ်ခါတစ်လေမှာ လူကြီးက လူကြီးနေရာမနေဘဲ အတင်းရော ဇွတ်ရော လူငယ်တွေရဲ့နေရာကို ၀င်ယူရင် လူငယ်တွေ အနေခက်ပါတယ်.. လူငယ်တွေရဲ့ လွတ်လပ်မှုဆုံးရှုံးပါတယ်.. လူငယ်တွေရဲ့ လုပ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်ဆုံးရှုံးပါတယ်.. ကိုယ့်လမ်းကိုယ် ကိုယ့်ဘာသာလျှောက်ဖို့ ဘာတွေလုပ်ရမယ်ဆုံးဖြတ်ပြီး လုပ်ဆောင်ရဲတဲ့ သတ္တိတွေ ပေါ်မလာတတ်တော့ပါဘူး..

အဲ..ကိုယ့်အလုပ်တွေကို ကိုယ့်ဆုံးဖြတ်ချက်အတိုင်းလုပ်မယ်ဆိုတဲ့ လူငယ်တွေနဲ့ လူငယ်ရဲ့နေရာကို အတင်းဝင်ယူတတ်တဲ့လူကြီးတွေ သြဇာပေးတတ်တဲ့လူကြီးတွေနဲ့တွေ့တဲ့အခါ ပဋိပက္ခတွေဖြစ်လာတတ်တယ်..

အဲလိုအဖြစ်မျိုး ကျွန်တော်တို့ရဲ့ အိမ်မှာ ပတ်ဝန်းကျင်မှာ နေ့စဉ်လိုလို တွေ့နေရတတ်ပါတယ်.. အထူးသဖြင့် မျိုးဆက်တစ်ဆက်နဲ့ တစ်ဆက်ကြားထဲမှာ အနှစ်သုံးဆယ် လေးဆယ်လောက်ခြားသွား.. အသက်ကြီးပိုင်းရောက်သွားတဲ့ လူကြီးနဲ့ တစ်အိမ်တည်းအတူနေ လူငယ်တွေကြားမှာ ပဋိပက္ခတွေရှိတတ်ပါတယ်..

လူငယ်တွေက ခေတ်နဲ့အမီ လျှာထွက်မတတ် အပြေးလိုက်နေရတဲ့အချိန်မှာ လူကြီး (အထူးသဖြင့် ခုခေတ်လူငယ်တွေနဲ့ မျိုးဆက်တစ်ဆက်လောက်ကွာသွားတဲ့ အဘိုးအရွယ် အဘွားအရွယ်လူကြီး) တွေက အိမ်မှာ ကိစ္စအရပ်ရပ်ကနေ အငြိမ်းစားယူကြတဲ့အချိန်.. သူတို့မှာ မယ်မယ်ရရအလုပ်အကိုင်မရှိ.. ဘုရားတရားလုပ်တတ်တဲ့သူတွေက ဘုရားရှိခိုး ပုတီးစိတ်ကလွဲလို့ ကျန်တာ လက်ဆုပ်လက်ကိုင်ပြစရာမရှိတဲ့ အနေအထားပါ..
အဲဒီတော့ သူတို့တွေ ဘာဖြစ်တတ်ပါသလဲ.. အားနေတဲ့သူတွေ ထုံးစံအတိုင်း မရပ်မနားပြေးလွှား လှုပ်ရှားနေရတဲ့သူတွေကို အပြစ်မရှိ အပြစ်ရှာတတ်လာတယ်.. ခေတ်ပြောင်းနေတာကိုမသိ သူတို့ခေတ်တုန်းကထက် နှစ်ဆသုံးဆမက ဒီဘက်ခေတ်ကလူတွေ ပြေးလွှားလုပ်ကိုင်နေရတာကိုလည်း နားလည်မပေးနိုင်ဘဲ သူတို့ဖြစ်ချင်တာ လုပ်ချင်တာကိုပဲ ဇွတ်အတင်းခိုင်းတတ်ကြတယ်..

သူတို့ခိုင်းတာမလုပ်ပေးရင် ငရဲကြီးမယ်ဆိုတဲ့ ဘာသာရေးစကားနဲ့ ခြိမ်းခြောက်မယ်..အဲဒီအခါမှာ လူငယ်တွေက သူတို့ဖာသာရေဆွဲထားတဲ့ တစ်နေ့တာအစီအစဉ်တွေကို ဖြစ်သလို ပြောင်းလဲလုပ်ကိုင်လိုက်ကြရတာမျိုး ဖြစ်လာတယ်.. တစ်အိမ်တည်း အတူနေကြတာဆိုတော့လည်း အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာဘူး မဟုတ်လား.. တစ်ယောက်စိတ်ဆင်းရဲရင် အတူနေတခြားသူတွေကလည်း စိတ်ချမ်းသာမယ်မဟုတ်ဘူး.. ဒီလိုနဲ့ လူကြီးတွေက လူငယ်တွေရဲ့သည်းညည်းကို မခံရဘဲ လူကြီးတွေရဲ့ဒဏ်ကို လူငယ်တွေက သည်းခံပေးလာရတယ်..ခန္တီစ-မနိုင်၍သည်းခံခြင်းဆိုတာမျိုးပေါ့.. သူတော်စင်တွေရဲ့ ပါရမီမြောက်တဲ့သည်းခံခြင်းမျိုးနဲ့တော့ ဘယ်ဟုတ်မလဲလေ..

ဒီနေရာမှာ ကျွန်တော်တွေးမိတာက လူကြီးဟာ လူကြီးနေရာမှာ နေတတ်ရမယ်ဆိုတာပါပဲ..လူကြီးဆိုတာ ဦးဆောင်သူ..ညွှန်ကြားသူ.. ကိုယ်ဦးဆောင်နေရတဲ့အချိန်မှာ ကိုယ်က ခေါင်းဆောင်ပီပီပြင်ပြင် လုပ်နိုင်ဖို့လိုတယ်.. ခေါင်းဆောင်ကောင်းဆိုတာ စီမံခန့်ခွဲမယ်.. ငယ်သားတွေကို ကြီးကြပ်မယ်ပေါ့.. ဟိုး အောက်ခြေထိ နေရာတကာ ၀င်ပါစရာမလိုဘူး.. ကိုယ်စားလှယ်လွှဲလို့ရတာဆို ကိုယ်စားလှယ်လွှဲပေးရမယ်.. လုပ်ရမယ့်အလုပ်တွေကို သတ်မှတ်ချိန်အတွင်း ပြီးအောင်လုပ်နိုင်ရင် လူငယ်တွေက အလုပ်အားချိန်မှာ အပန်းဖြေတဲ့နည်းအမျိုးမျိုးကို တအားကြီးရုပ်ပျက်ဆင်းပျက် မဟုတ်ရင်ခွင့်ပြုထားနိုင်ရမယ်.. မကြိုက်ပေမယ့် လျှစ်လျှူရှုပေးနိုင်ရမယ်..

အလုပ်ထဲမှာ နေရာတကာဝင်မပါသင့်ဘူးဆိုပေမယ့် လူငယ်တွေရဲ့ အိပ်မက်တွေကိုတော့ သိအောင်ကြိုးစားနိုင်တဲ့အရည်အချင်းရှိရမယ်.. ဒါ လူကြီးတစ်ယောက်မှာရှိသင့်တဲ့ ကျွန်တော်တွေးမိသမျှ အရည်အချင်းတွေပါပဲ..

အဲဒီအရည်အချင်းတွေကို အသေအချာရှိအောင် ကြိုးစားထားမယ်ဆိုရင် ခေါင်းဆောင်ခွင့်ရတဲ့ လူကြီးနေရာကို အမြဲရနေမယ်.. သူ့လက်အောက်က လူတွေဟာ သူ့ကို ခေါင်းဆောင်တစ်ယောက်အဖြစ် လူကြီးအဖြစ် သူတို့စိတ်ထဲမှာ အမြဲတမ်းသတ်မှတ်ထားနိုင်ပါလိမ့်မယ်..

ဒါတွေကို ဘယ်စာအုပ်ကို ဖတ်ပြီးပြောတာလဲမေးရင် ကျွန်တော့်ပတ်ဝန်းကျင်မှာ ၊ အိမ်တွင်းမှာ မြင်နေတွေ့နေရတဲ့ စာလုံးမပါတဲ့ ဘ၀စာအုပ်ကပါလို့ ပြောရပါမယ်..ကြီးလည်းကြီး လေးလည်းလေး ဘယ်နစ်မျက်နှာရှိလဲ မသိတဲ့ ဘ၀စာအုပ်ကို ကျွန်တော့်ရဲ့ မဖြစ်ညစ်ကျယ်ဥာဏ်လေးနဲ့ မမီမကန်းဖတ်ပြီး စာလုံးတွေနဲ့ပုံဖော်ထားကြည့်တာပါ... အချက်အလက်အားလုံးဟာ ပြည့်စုံနေမယ်လို့တော့ မယူဆရဲပါဘူး.. လိုအပ်ချက်တွေ ရှိနေဦးမှာပါ...

1 Comment:

  1. hana san said...
    Nice !
    Life Book is huge and heavy. Right!
    huu..I am still learning life lessons in my daily life.
    I got a lot of lessons.
    Some lessons are expensive!

Post a Comment




 

Blog Template by Adam Every. Sponsored by Business Web Hosting Reviews